Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 15, 2012

ကောင်းသောအရာ တစ်စုံတစ်ခုမျှမလို (ဒေသနာတော်)


ဒီတစ်ပတ် တနင်္ဂနွေနေ့တော့ ဆရာကြီး ဦးဒယ်နီရယ် ရဲ့ဒေသနာတော်ကို ဝေငှပေးသွားချင်ပါတယ်။ ဆရာကြီး ရဲ့ဒီတစ်ပတ် ဒေသနာကတော့ ခါတိုင်းရက်သတ္တပတ်တွေကလို ရှည်ရှည်လျားလျား မရှိပေမယ့် တိုတိုနဲ့ထိထိမိမိ တင်ပြဝေငှသွားတာကို ခံစားဖတ်ရှုရမှာပါ။ ဒီ ဒေသနာတော်ကိုတော့ “ကောင်းသောအရာ တစ်စုံတစ်ခုမျှမလို” လို့ ခေါင်းစဉ်ပေးထားပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျွန်တော့ Blog လေးကနေ ပုံမှန် ဝေငှတင်ပြပေးနေတဲ့ ဆရာကြီးများရဲ့ဒေသနာတော်တွေကို အကြောင်းအမျိုးမျိုးနဲ့ အသင်းတော်တွေနဲ့ဝေးကွာနေရတဲ့ ပြည်ပ နဲ့ ပြည်တွင်းက ယုံကြည်သူ ညီအစ်ကို မောင်နှမများနဲ့ မယုံကြည်သူ ညီအစ်ကိုမောင်နှမများ လေ့လာဖတ်ရှုနိုင်အောင် တင်ပြပေးနေတာပါ။ ဖတ်ကြားနာသူတိုင်း စိတ်ခွန်အားပြည့်စုံလို့ ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာများကို ခံစားရပါစေ။ Amen!


(ဆာ ၃၄:၁၀) တွင် ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာဟု ဖော်ပြထားပါသည်။ ထိုနှုတ်ကပတ်တော် ဖော်ပြချက်ကို ဆင်ခြင်ပါက ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်ရမည့် အပိုင်း ရှိသလို၊ ဘုရားသခင်၏ ကတိတော်ကဏ္ဍ ရှိပါသည်။ လူဘက်က လုပ်ရမည့် အပိုင်းမှာ ထာဝရဘုရားကို ရှာကြဖို့ ဖြစ်ပါသည်။ ထိုသို့ ရှာသောသူ၏ အသက်တာ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရလေအောင် ဘုရားသခင်က မစမည် ဖြစ်ပါသည်။ တချို့သော အချိန်များတွင် ကျွန်ုပ်တို့လိုအပ်ချက်များကို ဘုရားရှင်ထံမှ ချက်ချင်းရတတ်သော်လည်း တချို့သော အချိန်များတွင် ချက်ချင်းမရဘဲ နှုတ်ကပတ်တော်စကားအတိုင်း နာခံလုပ်ဆောင်မှသာ ခံစားရသော အချိန်များလည်း ရှိပါသည်။

လက်တွေ့ဖော်စားကြည့်ပါ

နှုတ်ကပတ်တော်၌ ဖော်ပြထားသော ဘုရားရှင်၏ ကတိတော်များစွာသည် လက်တွေ့နာခံမြည်းစမ်းပြီး ဖော်စားသောသူများအတွက် ကတိတော်၏ သက်သေကို ခံစားရပါသည်။ သားဖွားခြင်းအမှုသည် အမျိုးသမီးများအတွက် ပင်ပန်းခဲယဉ်းသောအမှုဖြစ်သော်လည်း (၁တိ ၂:၁၅) တွင် ဣနြေ္ဒစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင် သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု ကတိတော်ရှိပါသည်။ ထိုကတိတော်ကို ယုံကြည်၍ ဘုရားသခင်ကို ကိုးစားပြီး အပ်နှံပါက သားဘွားခြင်း၏ ပင်ပန်း ခဲယဉ်းခြင်းအမှုမှ ကယ်တင်ခြင်း ခံစားရပြီး လွယ်ကူစွာ မွေးနိုင်သော အခွင့်ကို ဘုရားသခင်အားဖြင့် ခံစားကြရကြောင်း အချို့သော အမျိုးသမီးများ၏ အသက်တာ၌ တွေ့ရသည်။ ထို့အတူ စိုးရိမ်ပူပန်စရာ ပြည့်နှက်နေသည့် လောကကြီးထဲ၌ အသက်ရှင်ရာတွင် (ဖိ ၄:၆၊ ၇) တွင် မည်သည့်အမှုကို တွေ့ကြုံရစေကာမူ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာ ပြုမည် ဆိုပါက လူကြံစည်၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းကို စိတ်နှလုံး၌ ခံစားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုသော အသက်တာသည် ချမ်းသာကြွယ်ဝခြင်း၊ ပညာအတတ်နှင့် ပြည့်စုံခြင်းတို့ အပေါ်တွင် မူမတည်ပါ။ ထာဝရဘုရားကို ရှာသောသူ၏ အသက်တာ၌ ခံစားရသော လက်တွေ့သက်သေခံစားချက် ဖြစ်ပါသည်။

စိတ်နှလုံးအကြွင်းမဲ့ ရှာပါ

ကောင်းသောအရာ တစ်စုံတစ်ခုမျှမလိုရန် ထာဝရဘုရားကု ရှာရမည်ဖြစ်ကြောင်း အသိပေးစကားနှင့် အညီ ထိုသက်သေကို ခံစားရဖို့ရန် ထာဝရဘုရားကို မည်သို့ ရှာရမည်နည်း။ (ယေရ ၂၉:၁၃) တွင် ထာဝရဘုရားက “ငါ့ကို ရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့ ရှာလျှင် တွေ့ကြလိမ့်မည်” ဟု မိန့်တော်မူပါသည်။ ကျွန်ုပ်တို့ စိတ်နှလုံးက ဘုရားရှင်ကို တွေ့လိုသော ဆန္ဒရှိပြီး ဘုရားရှင် အတွေ့ခံပါမည့်အကြောင်း ဆုတောင်းပါက ဘုရားရှင်ကို တွေ့ခွင့်၊ ဝိညာဉ်အားဖြင့် ထိတွေ့ဆက်သွယ်ခွင့်ရမည် ဖြစ်ပါသည်။ အသက်တာ၌ ဘုရားရှင်နှင့် ပုဂ္ဂိုလ်ခြင်း ထိတွေ့ပြီးနောက်၊ နေ့စဉ်အသက်တာ၌ ဘုရားရှင်ကို ဆက်လက်ရှာဖို့ လိုပါသည်။ (မဿဲ ၆:၃၃) တွင် “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာ ရှာကြလော့။” ဟု မိန့်တော်မူပါသည်။ ကျွန်ုပ်တို့၏ အသက်တာ၌ ဘုရားသခင်ကို ဦးထိပ်ထားဖို့ရန် လိုပါသည်။ ထိုသို့ ဦးစားထားသူကို ဘုရားရှင်က နှစ်သက်ပါသည်။ နံနက်စောစောထ၍ တစ်နေ့တာ၏ ဦးဆုံးအချိန်ကို ဘုရားသခင်အား ပေးပါက မင်္ဂလာကောင်းကျိုးကို ကျွန်ုပ်တို့ ခံစားရမည်ဖြစ်သည်။ (မာ ၁:၃၅) တွင် နံနက်အချိန် မိုးမလင်းမီ ကိုယ်တော်သည် ထ၍ တောအရပ်သို့ ထွက်ကြွပြီး ဆုတောင်းကြောင်း တွေ့ရသည်။ နံနက်စောစောထ၍ ကိုယ်တော်ရှေ့သို့ တိုးဝင်ပြီး မျက်နှာတော်ကို ရှာ၍ နေ့အတွက် ကျွန်ုပ်တို့အား သွန်သင်ပါ၊ စကားပြောပါ၊ ဖွင့်ပြပါ ဟု ဆုတောင်းပါက ကိုယ်တော်သည် ကျွန်ုပ်တို့ကို သွန်သင်ဖွင့်ပြပြီး စကားပြောမည် ဖြစ်ပါသည်။ ထိုသို့ ကိုယ်တော်နှင့် စကားပြောပြီး အချိန်ယူပြီးမှ ထွက်လာသောသူ၏ မျက်နှာသည် အောင်မြင်သော မျက်နှာ ပတ်ဝန်းကျင်တစ်ခုလုံးကို မေတ္တာပို့သော မျက်နှာဖြင့် ထွက်လာမည် ဖြစ်သည်။

အမှုအရာအားဖြင့် ဦးစားပေးပါ

အသက်တာ၌ တွေ့ကြုံရသောအမှု ကိစ္စတိုင်း၌ မည်သို့ တုံ့ပြန်လုပ်ဆောင်ရမည်ကို ဘုရားအား မေးမြန်းပြီးမှ လုပ်ဆောင်ပါ။ မိမိ စိတ်သဘောအတိုင်း မလုပ်ဆောင်ဘဲ ဘုရားရှင်၏ လမ်းပြမှုကို ယူပါ။ ရှောလမုန်အား ဘုရားသခင်က သင်တောင်းလိုသော ဆုတောင်းပါဟု မိန့်တော်မူပါသည်။ ရှောလမုန်တောင်းသည့်အတိုင်းလည်း ဘုရားရှင်က ချပေးပါသည်။ ယနေ့ အချို့သောသူများ ခုနစ်ရက် အစာရှောင်ပြီး ဆုတောင်းကြသည်။ သို့သော် တောင်းသောဆု အဖြေမရကြသူများလည်း ရှိပါသည်။ အကြောင်းမှာ ဆုတောင်းချက်များသည် ဘုရားရှင်၏ နှလုံးတော်နှင့် မညီ၍ မရခြင်းဖြစ်သည်။ ရှောလမုန်မူကား မိမိအတ္တအလိုဆန္ဒအတွက် မတောင်း၊ ဘုရားသခင်၏ လူမျိုးတော်ကို မှန်ကန်စွာ တရားစီရင်နိုင်ဖို့ရန် ဥာဏ်ပညာကိုသာ တောင်းသောကြောင့် ထိုဆုသာမက အခြားမတောင်းသော ဆုများကိုလည်း ဘုရားရှင် ချပေးကြောင်း တွေ့ရသည်။ ထို့ပြင် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုဥစ္စာပစ္စည်းများထဲမှ ဦးဦးဖျားဖျား ဘုရားရှင်ကို ပေးဖို့ရန် ဘုရားရှင် အလိုတော် ရှိပါသည်။ ကျွန်ုပ်တို့ ဘုရားရှင်ထံတော်မှ လက်ခံရရှိသည့် ကောင်းချီးမင်္ဂလာ အမျိုးမျိုးတို့ကို ကျွန်ုပ်တို့ မသုံးဆောင်မီ ကိုယ်တော်အား ဦးစွာ ပေးပြီးမှသာ ကျွန်ုပ်တို့ စားသုံးပါက၊ သုံးဆောင်ပါက ကိုယ်တော်သည် ထိုအမှုကိုနှစ်သက်တော်မူသဖြင့် ကျွန်ုပ်တို့အား ထပ်၍ထပ်၍ ကောင်းချီးပေးမည်ဖြစ်သည်။ သမ္မာကျမ်းစာတွင် အစာခေါင်းပါးနေချိန်၌ မုဆိုးမနှင့် သားငယ်သည် နောက်ဆုံးအသက်မွေးလောက်သော မုန့်တစ်လုတ်ကို စားဖို့ပြင်ဆင်နေချိန်တွင် ပရောဖက်ကြီးရောက်လာပြီး ဦးစွာမုန့်လုပ်၍ မိမိအားပေးပါရန် တောင်းခံပါသည်။ မုဆိုးမနေရာ၌ ကျွန်ုပ်တို့ဖြစ်ပါက မည်သို့တုန့်ပြန်မည်နည်း။ မုဆိုးမသည် ပရောဖက်ကြီးအား ဦးစွာမုန့်လုပ်၍ ကျွေးသည့်အတွက် မိမိနှင့် သားငယ် အစာခေါင်းပါးချိန်တစ်လျှောက်လုံး အသက်မွေးလောက်သော အစာကို လုံလောက်စွာ စားရကြောင်းတွေ့ရသည်။ ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်၏ ကတိစကားများအတိုင်း လက်တွေ့ နာခံပြီး လုပ်ဆောင်ကြည့်ပါက သက်သေကို ခံစားရမည်ဖြစ်သည်။ အသက်တာ၏ ကဏ္ဍတိုင်းတွင် ဘုရားသခင်ကို ဦးစားပေးပါ။ တစ်နေ့တာ၏ အဦးဆုံးအချိန်ကို ဘုရားသခင်အားပေးခြင်းအားဖြင့် လည်းကောင်း၊ အခက်အခဲ၊ အမှုကိစ္စ တစ်ခုခုကြုံသည့်အခါ မိမိစိတ်ထင်အတိုင်း မပြုမီ ဦးစွာ ဘုရားသခင်၏လမ်းပြမှုကို တောင်းခံ၍ ကိုယ်တော်အား ဦးစားပေး တိုင်ပင်ပါ။ ထိုသို့ပြုပါက ဘုရားသခင်၏ ကတိတော်နှင့်အညီ ကောင်းသောအရာ တစ်စုံတစ်ခုမျှမလိုသည့် ပြည့်စုံသော အသက်တာကို လက်တွေ့ခံစားရမည် ဖြစ်သည်။ ကောင်းသောအရာနှင့် ပြည့်စုံသော အသက်တာဟု ဆိုရာတွင် ငွေကြေး ပြည့်စုံကြွယ်ဝမှုတစ်ခုတည်း မဟုတ်ပါ။ ကျန်းမာခြင်း၊ မိသားစုအိမ်ထောင်၌ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ သားသမီးများ လိမ္မာခြင်း၊ စိတ်ချမ်းမြေ့ခြင်း စသည့် မင်္ဂလာအဖြာဖြာသည် ထာဝရဘုရားကို ရှာသောသူ၏ အသက်တာ၌ ခံစားရမည် ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှ လိုက်ရပါသည်။

1 comments:

စံပယ်ချို said...

နေမကောင်းနေတာနဲ့အရောက်နောက်ကျနေတယ်နော်
မြန်မာနှစ်သစ်မှာ
ပျော်ရွှင်မှုအပေါင်းသီဟပေါ်သို့ကျရောက်ပါစေ
ဒီနေ့လဲ ဖတ်ခဲ့တယ်