Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, April 20, 2012

ရင်ကိုမှန်သော စာတိုလေးများ (၃)


စာတွေဖတ်မှတ်မိသမျှထဲမှာ ကျွန်တော့ရင်ကို တည့်တည့်မှန်တဲ့ စာတိုလေးများစွာ ရှိပါတယ်။ တကယ်က စာရှည်ရှည်တွေလည်း ရှိပါတယ်။ ဒါပေမယ့် Blog လိုမျိုးမှာ စာဖတ်သူတိုင်းက တိုတိုနဲ့ ထိထိမိမိ ရှိတာမျိုးကို ဖတ်ဖို့ ပိုလိုလားမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ Blog မှာ စာဖတ်ရင် ကျွန်တော် ကိုယ်တိုင်လည်း စာနည်းနည်းနဲ့ ကောင်းတာလေးတွေကို ဖတ်ချင်စိတ် ပိုများနေလို့ပါ။ မဟုတ်ရင်တော့ ပုံလေးတွေ ဝေဝေဆာဆာ ကြည့်ရတာမျိုးကို ပိုသဘောကျတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်မှတ်မိသမျှ စာတွေထဲက စာတိုလေးတွေကို အဓိက ထုတ်နှုတ်ပြီး စာဖတ်ဝါသနာတူတဲ့ သူတွေနဲ့ ဝေမျှ ခံစားချင်တာပါ။

ဒီတစ်ခါ ရင်ကိုမှန်တဲ့ စာတိုလေးက တစ်မျက်နှာ ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ ကလောင်ရှင်ကတော့ ကလျာငြိမ်းစံ တဲ့။ ဝတ္ထုလေးရဲ့ နာမည်ကိုတော့ “ပိုးထိပန်း” လို့ ပေးထားပါတယ်။ မဟေသီ မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ တစ်မျက်နှာ ဝတ္ထုတိုလေးတစ်ပုဒ်ပါ။ ကျွန်တော့ရင်ကို ထိရှခဲ့သလို၊ စာဖတ်သူတိုင်းရဲ့ ရင်ကိုလည်း ထပ်တူ ထိရှလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ (သီဟလုလင်)


ပိုးထိပန်း (ကလျာငြိမ်းစံ)

အောက်တိုဘာလရဲ့ ရာသီဥတုက နေလို့ တကယ်ကောင်းသည်။ မပူလွန်း၊ အအေးလွန်းပေမယ့်လည်း ရန်ကုန်မြို့ရဲ့ ရာသီဥတုထက်စာလျှင် ပြင်ဦးလွင်မြို့ရဲ့ ရာသီဥတုက နည်းနည်းစိမ့်ချင်နေသည်။

ကျွန်မ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စတစ်ခုနှင့် ရောက်နေခဲ့တာ ဒီနေ့ဆိုလျှင် ၃ ရက်တိတိ ရှိပြီ။ ကျွန်မနဲ့အတူပါလာသည့် မိတ်ဆွေများ အိမ်အပြန်အတွက် ပြင်ဦးလွင်မြို့ရဲ့ ဒေသထွက်ပစ္စည်းများ ဝယ်ခြမ်းနေကြသည်။

ကျွန်မတစ်ယောက်သာ မဝယ်ဘဲနေ၍ ရသည်။ ပြင်ဦးလွင်က အမျိုးများ ပေးလိုက်သည်များအား သယ်နေကျမို့ ဌာနမှ လိုက်ပါပို့ဆောင်ပေးသည့် ကားခေါင်းခန်းတွင် ထိုင်ရင်း မကြာခဏ ကျွန်မရောက်နေခဲ့ရသည့် ပြင်ဦးလွင်မြို့ရဲ့ ပတ်ဝန်းကျင်အား ကြည့်ရှုခံစားနေခိုက်…

အသက် (၄၀) ကျော် (၅၀) နီးပါးလောက်ရှိသည့် အမျိုးသမီးကြီးတစ်ဦး ၂ နှစ်သားအရွယ် သမီးငယ်လေးကို ခါးထစ်ခွင် ချီကာ ခေါင်းပေါ်တွင် ညစ်နွမ်းနေသည့် တဘက်တစ်ထည်ကို ပေါင်းထားသည်မှလွဲ၍ အမျိုးသမီးက ခပ်ဝဝ နှင့် ကျန်းကျန်းမာမာပုံပင်။

“ညီမလေးရယ်… အစ်မကြီးတို့ သားအမိ ထမင်းဆာလို့ ထမင်းဖိုးလေးပေးခဲ့ပါနော်” ဆိုသည့် စကားသံကြောင့် လှည့်ကြည့်မိတော့ ရင်ထဲ မကောင်းလိုက်သည့်မြင်ကွင်း။ ကျွန်မ ပိုက်ဆံမပေးနိုင်၍မဟုတ်၊ ဒါပေမဲ့ ပေးလည်း မပေးချင်။ မပေးဘူးဟုလည်း ခဏတွင်းမှာ မိမိဘာသာ ဆုံးဖြတ်ချက်ချလိုက်သည်။

ဘာလို့များ ကိုယ့်အားကိုယ်ကိုး၍ လုပ်ကိုင် မစားသောက်ချင်ရသလဲ။ ထမင်းတစ်နပ်အတွက်တော့ ကျွန်မတို့ နိုင်ငံမှာ တကယ် အလုပ်လုပ်ချင်သူများအတွက် မခဲယဉ်းတာ ကျိန်းသေပါသည်။ ဒီထက်ဆိုးတာက ကိုယ့်သားသမီးရဲ့ အညွှန့်ကို မိဘကိုယ်တိုင်က အခုလို ဘာကြောင့် ရက်ရက်စက်စက် ချိုးဖဲ့ပစ်ချင်ရတာလဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အနာဂတ်ရဲ့ သားကောင်းရတနာတစ်ဦး မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ လောကကြီးရဲ့ အတတ်ပညာပေါင်းများစွာ ထဲကမှ ဒီတောင်းရမ်းစားသောက်ခြင်းပညာကို မိဘဖြစ်လျက်နဲ့ ဘာကြောင့် သင်ပေးချင်ရတာလဲ။

ရင်နာလိုက်တာနော်။

တွေ့ရတဲ့မြင်ကွင်းကို မျက်စိထဲက မြန်မြန်ပျောက်ချင်၍ ကျွန်မခေါင်းကို ခပ်သွက်သွက်ယမ်းပြလိုက်သည်။ ၄ ကြိမ်တိတိ တောင်းရမ်းနေသည့် အမျိုးသမီးကြီးရဲ့ လှည့်ထွက်မှုနဲ့အတူ တစ်ချိန်လုံး အမေဖြစ်သူ တောင်းရမ်းနေသည်ကို မိခင် ခါးပေါ်မှနေ၍ အပြစ်ကင်းသည့်မျက်နှာပိုင်ရှင် ချစ်စဖွယ်သမီးလေးက လက်ညှိုးလေးကိုက်၍ ကြည့်ရင်းနဲ့ ကလေးငယ်ရဲ့ နှုတ်မှထွက်ကျလာသည့် စကားသံအချို့က မယုံနိုင်စရာ ကျွန်မ နှလုံးသားအစုံအား အချိန်တိုအတွင်းမှာ အားကုန် ဆွဲညှစ်လိုက်သလို တုန်ခါအေးစက် တောင့်တင်းသွားခဲ့ရပါသည်။

“ကပ်စီးကုတ်လိုက်တာနော် အမေ”

4 comments:

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကို ရင်ကိုမှန်စေပါတယ်ဗျာ....ဝေမျှလို့ကျေးဇူးပါ

Yin Sue said...

အေးဗျာ...ကလေးစိတ်ထဲမှာ အဲ့ဒါကိုအလုပ်လို့ကိုစွဲနေပြီထင်ပါတယ်.....စိတ်မကောင်းလိုက်တာဗျာ.......တကယ်ရင်ကိုထိတယ်....ကျေးဇူးပါ...

စံပယ်ချို said...

နှလုံးသားထဲကို တန်းဝင်သွားတယ်
မျှဝေပေးလို့ကျေးကျေး

နွေလ said...

ဟုတ်ပါရဲ့ဗျာ . . .
ဒီလိုအတွေးမျိုး မကြာခဏ တွေးဖူးတယ်
ဒါပေမယ့် မလှုတောပလည်း
စေတနာတရား ခေါင်းပါးတာ ဖြစ်မှာဆိုးလို့
လှုလိုက်တယ်ဗျာ
ပိုးထိပန်းဖြစ်ပါစေရဲ့လို့တော့
မရည်ရွယ်ပါဘူး
ရင်ကို တကယ်ထိပါတယ် အစ်ကို