Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, February 08, 2012

ကျွန်တော့ဘဝ အမှတ်တရ နေ့စွဲလေးများ (Tag)


ဒီစာလေးကို ကျွန်တော့စိတ်ကူးနဲ့ ကျွန်တော်သာဆို ရေးဖြစ်ပါ့မလားမသိ။

ဒီစာလေးကို ရေးဖြစ်သွားဖို့အတွက်တော့ ညီလေး နွေလ ကို ကျေးဇူးတင်ရပါမယ်။ ကျွန်တော် ဒီလို စာလေးတွေကို Blog အနေနဲ့ရေးနေချိန်မှာ ပထမဆုံး အတဂ်ခံရတာမို့ ဝမ်းသာစွာနဲ့ ရေးဖြစ်သွားတယ်လို့ ဆိုရပါမယ်။ ပြီးတော့ ထပ်မံ တဂ်ပေးကြပါသော ညီငယ် ချောကလက်ကျူးပစ် နဲ့ သမီးစံ။ ရေးမယ် ရေးမယ် နဲ့ တော်တော်ကြာတဲ့အထိ မရေးဖြစ်တာကတော့ ကျွန်တော် ဒီရက်တွေမှာ ကိုယ်ပိုင်အချိန် တအားနည်းသွားလောက်အောင်ကို အလုပ်များသွားတာရယ်၊ ကျွန်တော့အိမ်က ကွန်ယက် က ဘာဖြစ်နေမှန်းမသိ၊ https နဲ့စတဲ့ Site တွေ တစ်ခုမှ ဖွင့်မရတော့ Gmail ဖွင့်မရ၊ Facebook ကြည့်မရ၊ နောက်ဆုံး ကျွန်တော်ရေးချင်လှတဲ့ စာတွေရေးဖို့တောင် Blogger ဖွင့်မရဖြစ်သွားတာကြောင့်ရယ် ကျွန်တော် စာရေးတာ နောက်ကျ၊ ပျက်ကွက် ကုန်ပါတယ်။ ခုတော့လည်း ရေးဖြစ်ပါပြီ။


ကျွန်တော်က အရာရာကို ထိရှလွယ်သူမို့ ကျွန်တော့ဘဝမှာ အမှတ်တရဆိုတာတွေက များပါတယ်။ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ စိတ်ညစ်စရာ၊ စိတ်ပျော်စရာ အစုံပါပဲ။ ဘဝမှာ အတက်အကျများစွာကိုလည်း ဖြတ်သန်းခဲ့ရသူမို့ အမှတ်တရဆိုတာတွေက မနည်းပါဘူး။ လူတိုင်းလည်း ကိုယ်လို သူလိုတော့ ရှိကြမှာပါ။ တချို့အမှတ်တရတွေက ကျွန်တော့အတွက် မေ့ထားချင်တာတောင် မမေ့နိုင်ခဲ့တာတွေရှိပါတယ်။ ဒါကြောင့်လည်း အမှတ်တရလို့ ဆိုကြတာနေမှာပေါ့လေ။ ခက်တာက ကျွန်တော့ရဲ့ မှတ်ဉာဏ်။ ကျွန်တော်က ကိန်းဂဏန်းတွေကို မှတ်မိတာ အားနည်းတယ် (ဒီနေရာမှာတော့ ကျွန်တော့ချစ်သူနဲ့ ကွာတယ်။ သူက စာရင်းအင်း အရမ်းပိုင်နိုင်သလို၊ ကိန်းဂဏန်းတွေဆိုရင် အမြဲမှတ်မိနေတတ်တာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်းပဲ)။ ဆိုလိုချင်တာကတော့ ကျွန်တော့ရဲ့ ဘဝ အမှတ်တရနေ့စွဲလေးတွေအကြောင်းကို ဖတ်တဲ့အခါ နေ့စွဲလေးတချို့ကိုတော့ ချန်လှပ်နားလည်ပေးပါလို့ ကြို ပြောချင်တာပါ။

အောက်တိုဘာလ (၁၇) ရက်နေ့
ဘေဘီ သီဟ
လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့လေးကို အမှတ်တရနေ့စွဲလေးထဲမှာ ထည့်ရေးကြမယ်ထင်ပါတယ်။ တကယ်လည်း အမှတ်ရနေစရာကောင်းအောင်ကိုလည်း တစ်နှစ်တစ်ခါ ပေါ်ပေါ်လာတတ်တာကိုး။ အသက် (၁၀) နှစ်လောက်တော့ လူကြီး သိပ်ဖြစ်ချင်ခဲ့ဖူးတယ်။ ခုကျတော့လည်း ကလေး ပြန်ဖြစ်ချင်နေပြန်ရော။ ကိုယ့်မွေးနေ့ရက်နားနီးလာရင်လည်း ငယ်ငယ်ကဆို ငါ လူကြီးဖြစ်တော့မယ်ဆိုပြီး တွေးပျော်ခဲ့တယ်။ ခုချိန်မှာတော့ မွေးနေ့နီးလာတိုင်း ငါ့ရဲ့ ငယ်ရွယ်ပျိုမျစ်မှုတွေ ကုန်ဆုံးမယ်ဆိုပြီး ညစ် ပျော်ပျော်နေရပါတယ်။ ဒါပေမယ့်လည်း အောက်တိုဘာ (၁၇) ဆိုတာ နှစ်ပေါင်းများစွာတိုင်အောင် ကျွန်တော့အတွက်တော့ အမှတ်တရ ရှိနေဦးမယ့် နေ့စွဲလေးပါပဲ။

ဒီဇင်ဘာလ (၂၄) ရက်နေ့
ချစ်လှစွာသော မေမေ့ရဲ့ မွေးနေ့မို့ အမြဲ အမှတ်တရရှိနေပါတယ်။ ငယ်ငယ်ကတော့ အမှုမဲ့ အမှတ်မဲ့ပဲ။ ခုတော့ မေမေ့ မွေးနေ့ဆိုရင် မေမေ့ကို အမှတ်တရဖြစ်စေမယ့် မွေးနေ့လက်ဆောင်လေးတွေ စီစဉ်ပေးတတ်နေပါပြီ။

ဒီဇင်ဘာလ (၈) ရက်နေ့
ကျွန်တော် သိပ်ချစ်ရပါသော ကျွန်တော့ချစ်သူ ခွန်း (KST) ရဲ့ မွေးနေ့လေးပါ။ ကိန်းဂဏန်းတွေနဲ့ စာရင်းအင်းတွေကို ချစ်တတ်အောင် သင်ပေးခဲ့တာလဲ သူပါပဲ။

မေလ (၂) ရက်နေ့၊ ၂၀၀၂ ခုနှစ်
ဘဝမှာ ကျွန်တော် သိပ်ဖြစ်ချင်ခဲ့တဲ့၊ အိပ်မက်တောင် မမက်ဘူးခဲ့တဲ့ ရေဒီယိုဒီဂျေ (ရေဒီယိုအစီအစဉ် တင်ဆက်သူ) တစ်ဦးအဖြစ် City FM Studio မှာ အလုပ်စဆင်းရတဲ့နေ့ပါ။ အဲဒီတုန်းက ကျွန်တော်က ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတယ်။ ငယ်ပြီး စိတ်တက်ကြွနေချိန်၊ အရမ်းလည်း ဂုဏ်ယူမိတယ်။ မိဘလည်း စုံနေသေးပြီး အစစအရာရာ ပြည့်စုံနေတဲ့အချိန်ဖြစ်လို့ အဲဒီအချိန်က ကျွန်တော့ကိုပေးတဲ့ လစာ ကျပ်တစ်သောင်းခွဲ တည်းနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်ပေးခဲ့တာက ကျွန်တော့အတွက် ဘယ်တော့မှ မမေ့တဲ့ အမှတ်တရနေ့စွဲပါ။ အဲဒီ အလုပ်စဆင်းတဲ့ ရက်နဲ့ သိပ်မကွာဘဲ တစ်ပတ်ကျော်ကျော်လောက်မှာ ကျွန်တော့ အသံကို ရေဒီယို ကနေ စပြီး ထုတ်လွှင့်တင်ဆက်ခွင့် ရခဲ့ပါတယ်။ ကျွန်တော့အတွက် မမေ့နိုင်တဲ့ အမှတ်တရ နေ့စွဲလေးတွေပါပဲ။

ဒီဇင်ဘာလ (၃၁) ရက်နေ့၊ ၂၀၀၅ ခုနှစ်
ကျွန်တော့ဘဝမှာ ပထမဆုံးအကြိမ် မြို့တော်ခန်းမကနေ ရန်ကုန်တစ်မြို့လုံးက နားဆင်သူတွေ နှစ်သစ်ကူး အကြိုညမှာ တောင်းဆိုလာသမျှ သီချင်းတွေကို Live (တိုက်ရိုက်) စကားပြော တင်ဆက်ပေးရတဲ့ နေ့လေးပါ။ တကယ့်ကို စိတ်လှုပ်ရှားရတဲ့ ညလို့ဆိုနိုင်ပါတယ်။ သူများတွေ နှစ်သစ်ကူး ပျော်နေချိန်မှာ နားဆင်နေသူတွေအတွက် အပျော်လေးတွေ မျှဝေပေးနေရသလို တိုက်ရိုက် အမှားအယွင်းမခံဘဲ ထုတ်လွှင့်ပေးခွင့်ရခဲ့တဲ့ညလေးမို့ ကိုယ့်ရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးရပေမယ့် အရမ်းပျော်ခဲ့တဲ့ ညမို့ အမှတ်တရပါပဲ။

မတ်လ (၃၀) ရက်နေ့၊ ၂၀၀၉ ခုနှစ်
ကျွန်တော့ရဲ့ ဖေဖေ လူ့လောက ကနေ ထွက်ခွာသွားတဲ့နေ့ပါ။ မမေ့နိုင်သေးပါဘူး။ အဖေနဲ့ သိပ် မတည့်ပေမယ့် ဖေဖေဟာ နောက်ဆုံးချိန်မှာတော့ ကျွန်တော့ကို ဘယ်လောက်ချစ်ကြောင်း သိသာစေခဲ့ပါတယ်။ ဒီနေ့လေးကလည်း အမှတ်တရနေ့စွဲလေးတွေထဲမှာ ဘယ်လိုမှ ချန်ထားလို့ မရခဲ့ပါဘူး။

မေလ (၅) ရက်နေ့၊ ၂၀၁၁ ခုနှစ်
ကျွန်တော့ချစ်သူ ခွန်း (KST) ဆီက အဖြေရတဲ့နေ့။ ပေါင်းစည်းဖို့ခက်ခဲတဲ့ မျဉ်းကြောင်းလေးနှစ်ခုဟာ ဆုံမှတ်တစ်ခုမှာ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားခဲ့ကြရတဲ့ အထိမ်းအမှတ်နေ့လေးပါပဲ။ အရမ်းချစ်မြတ်နိုးရပါတယ်။

မေလ (၆) ရက်နေ့၊ ၂၀၁၁ ခုနှစ်
ချစ်သူက သူ့အတွက် သီးသီးသန့်သန့် ကဗျာလေးတစ်ပုဒ် ရေးပေးဖို့ တောင်းဆိုလာလို့ ချစ်သူအတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ကဗျာရေးဖွဲ့ဖြစ်သလို၊ သူ့နာမည်ကို ကဗျာထဲမှာ ထည့်ရေးပေးခဲ့တယ်။ တစ်ရက်တည်း အပြီးရေးပြီး ချစ်သူကို ပို့ပေးနိုင်ခဲ့တယ်။ ဒီရက်လေးကိုလည်း မှတ်မိနေတယ်။

အောက်တိုဘာလ (၁၆) ရက်နေ့၊ ၂၀၁၁ ခုနှစ်
ချစ်သူနဲ့ အကြာကြီးခွဲခွာနေရပြီးမှ ချစ်သူဆီက မထင်မှတ်ဘဲ ဖုန်းအဆက်အသွယ် ပြန်ရပြီး စကားတွေ အကြာကြီးပြောဖြစ်ခဲ့တဲ့နေ့ပါ။ အဲဒီနေ့ကတော့ ကျွန်တော်က စိန်ဂေဟာ (ပြည်လမ်း) မှာ ရုံးကိစ္စတစ်ခုနဲ့ ရောက်နေချိန်မို့ သူနဲ့ ဖုန်းမချတန်း စင်တာကြီးတစ်ခုလုံးကို ပတ်လို့ စကားပြောဖြစ်တာ သတိရဆဲပါ။

နိုဝင်ဘာလ (၃၁) ရက်နေ့၊ ၂၀၁၁ ခုနှစ်
ကမ္ဗောဒီးယားနိုင်ငံကို အလုပ်ကိစ္စနဲ့ ခရီးထွက်ဖြစ်ခဲ့တဲ့နေ့ကလည်း ကျွန်တော့အတွက် အမှတ်တရ နေ့စွဲလေးပါ။ သိပ်လှတဲ့ အာရှနိုင်ငံလေးတစ်ခုကို သွားခွင့်ကြုံခဲ့ရလို့ပါပဲ။

ဒီဇင်ဘာလ (၇) ရက်နေ့၊ ၂၀၁၁ ခုနှစ်
ချစ်သူလေးက အိမ်ကမိသားစုနဲ့ ချောင်းသာ ရောက်နေချိန်မှာ လှမ်းပြီး သူ့အတွက် မွေးနေ့ဆုတောင်းကို ဖုန်းကတ်ပိုက်ဆံမလောက်တဲ့ကြားထဲက ကြိုးစားစကားပြော ရင်ခုန်ခဲ့ရတာလည်း တကယ့်အမှတ်တရ တစ်ခုပါ။

ဇန်နဝါရီလ (၂၁) ရက်နေ့၊ ၂၀၁၂ ခုနှစ်
အကြောင်းအမျိုးမျိုးနဲ့ မနီးစပ်နိုင်ကြတဲ့ ကျွန်တော်တို့ရဲ့ ပြဿနာလေးတွေကြားကနေ ကျွန်တော့အိမ်ကို လုံးဝ အကြောင်းမကြားဘဲ ရုတ်တရက် ရောက်လာတဲ့ ကျွန်တော့ချစ်သူနဲ့ ပြန်ဆုံခွင့်ရတဲ့ နေ့လေးမို့ ကျွန်တော် အမှတ်တရ ရှိနေဆဲပါ။

တကယ်က ကျွန်တော့အမှတ်တရနေ့စွဲတွေက ဒီ့ထက်များပါသေးတယ်။ ကျွန်တော် ခု စာရေးနေချိန်မှာ ပေါ်လာသမျှ အကြောင်းအရာလေးတွေကို ကောက်ကာ ငင်ကာ ရေးလိုက်ရတာမို့ အကုန်တော့ မပါနိုင်တော့ပါဘူး။ ဘဝမှာကလည်း နောက်ထပ် အမှတ်တရဖြစ်စရာ နေ့တွေက ထပ်လာဦးမှာပဲ မဟုတ်လား။ ထပ်ကြုံဆုံလာဦးမယ့် အမှတ်တရနေ့လေးတွေကိုတော့ ကျွန်တော်မှ မဟုတ်ပါဘူး၊ ကျွန်တော့စာလေးကို ဖတ်မိကြတဲ့ စာချစ်သူတိုင်း ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့လေးတွေပဲ ပိုင်ဆိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

သီဟလုလင်




5 comments:

Thameesan said...

ဒါ့ပုံက ဘယ့်နှယ့်တစ်ခြမ်းတည်းတုန်းး)
ဂုဏ်ယူပါတယ်ကိုသီဟရေ
စီးတီးFM ကဆိုရင်
ကိုငဲငယ်တော့သိတယ်
အဆိုးတော်မို့ထင်တယ်။
ပြီးတော့ရန်ကုန်ဗူဒံမနောဓမ္မံဆိုပြီး
နှုတ်ဆက်တဲ့အစ်မနဲ့သိရင်
မိတ်ဆက်ပေးပါလားး)
(သူ့အသံလေးကချစ်ဖို့ကောင်းလို့)

ပျော်ရွှင်ချမ်းမြေ့ဖွယ်
အမှတ်တရပေါင်းများစွာ
အမြဲပိုင်ဆိုင်နိုင်ပါစေရှင်

ခင်မင်လျှက်

အောင်အောင် said...

ကိုသီဟ လာရောက်အားပေးသွားပါတယ် ပျော်ရွှင်သာယာသော ဘဝလေးတွေ ပိုင်ဆိုင်နိုင်ပါစေဗျာ...

ချောကလက်ကျူးပစ်လေး said...

အမှတ်တရ နေ့စွဲတွေအကြောင်းဖတ်သွားတယ်ကိုသီပာရေ
အမှတ်ရတွေကပျော်စရာ၊၀မ်းနည်းစရာ၊စိတ်လှုပ်ရှားစရာတွေစုံနေတာပဲ..ဗျို့

စံပယ်ချို said...

သီဟရေ
ဖတ်ခဲ့ပါပြီ သီဟမေမေကချောတယ်နော်
စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းလေးတွေပါပဲ
ချစ်သူခွန်းနဲ့ ရာသက်ပန်လက်တွဲနိုင်ပါစေ
ခင်တဲ့ မကြီးဂျက်

နွေလ said...

အစ်ကိုသီဟရေ . . .
အစ်ကို့ရဲ့အမှတ်တရနေ့တွေထဲက
ပထမဆုံးအလုပ်ရတဲ့ အမှတ်တရနေ့ကို
အားကျမိပါတယ်
ကျွန်တော်လည်း recorder တစ်ယောက်
ဖြစ်ချင်ခဲ့ဖူးတယ်