Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, September 20, 2015

သိပ်ချစ်တယ်


ကျွန်မ ချစ်သူ ဘယ်သူဆိုတာကို ကမ္ဘာသိအောင် ကြေငြာပြဖို့ ကျွန်မ ဘယ်တုန်းကမှ မရှက်မကြောက်ခဲ့ဘူးသလို၊ သိပ်ချစ်ရတဲ့ ချစ်သူရှေ့မှောက် ဒူးထောက်ခစားရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကျွန်မ ချစ်သူဟာ ကျွန်မဘဝရဲ့ အချစ်ရဆုံးသော ချစ်သူတစ်ယောက်သာမက ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

**************************************************************************

နိုဝင်ဘာလ (၁၅) ရက်နေ့ရဲ့ လားရှိုးမြို့ မနက်ခင်း နှင်းငွေ့ငွေ့ကြားမှာ ကျွန်မတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်။ မျက်လုံးကျယ်ကျယ်ထဲက မျက်ဆံညိုညိုနဲ့ ကျွန်မချစ်သူက စကားပြောရင်လည်း တိုးညင်း ငြင်သာပြီး ယဉ်ကျေးချိုသာတယ်။ ကျွန်မတို့ ပထမဆုံးစတွေ့တဲ့နေ့မှာပဲ သူက ကျွန်မကို စကိတ်စီးမလားလို့ မေးတယ်။



"ကျွန်မ စကိတ်မစီးတတ်ဘူးရှင့်"
"သူများတွေလည်း စီးနေကြတာပဲ။ ကိုယ် မင်းနဲ့အတူတူ စကိတ်စီးချင်လို့ပါ"

နန်းဟေဝန် ပန်းခြံရဲ့ စကိတ်ကွင်းထဲမှာ သူ့မျက်ဝန်းညိုတွေနဲ့ သူ့ရဲ့ယဉ်ကျေးတဲ့အသံကို ငြင်းဆန်နိုင်စွမ်း မရှိတဲ့ ကျွန်မ... သူ့ရဲ့ လက်ကို အားပြုရင်း ရင်ခုန်ပျော်ရွှင်စွာနဲ့ စကိတ်စီးဖြစ်ခဲ့တယ်။
တိုတိုပြောရရင်တော့ ကျွန်မအချစ်ကို သူ့ဆီကို လုံးလုံးပုံအပ်လိုက်ပါတယ်။

**************************************************************************

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ ကျွန်မတို့ ၁၅ နှစ်၊ ၁၆ နှစ် အရွယ်က ဖြစ်ခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ဆယ်ကျော်သက်ချစ်ပုံပြင် အစလေးက ခုတိုင် တွေးမိတိုင်း ဆွတ်ပျံကြည်နူးနေရဆဲ။ ကျွန်မတို့ ချစ်သူတွေအဖြစ်နဲ့ မန္တလေးတက္ကသိုလ် ကာလကြီးကို ဖြတ်သန်းခဲ့ကြတယ်။ ကျွန်မတို့ စေ့စပ်ကြောင်းလမ်းချိန်ကျတော့ ရန်ကုန်မြို့ကြီးမှာ အခြေချနိုင်ခဲ့ကြပြီလေ။ ခုလာမယ့် မေလ (၁၆) ရက်နေ့ဆိုရင် ကျွန်မတို့ လက်ထပ်ပြီးခဲ့တာ ၁၈ နှစ်တောင် ရှိခဲ့ပြီပေါ့။

ဒီအမျိုးသားနဲ့ ကျွန်မ လက်ဆက်ခဲ့တာ ဘယ်လိုမှ မမှားနိုင်ဘူးဆိုတာ သံသယတောင် ဖြစ်စရာ မလိုအောင်ကိုဘဲ ကျွန်မ ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ဒီပျော်ရွှင်မှုတွေဟာ ဆရာဝန်တွေဆီက ထွက်လာတဲ့ စကားတစ်ခွန်းကို ကျွန်မတို့ နှစ်ယောက် မကြားရခင် အချိန်ထိပဲလို့ ဆိုရမှာပါ။

"ဆရာ့အနေနဲ့ စိတ်မကောင်းစွာဘဲ ပြောချင်တာတော့ သမီးအနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ဘူး။"

**************************************************************************

ကျွန်မရဲ့ ဝမ်းနည်းမှု ဘယ်လောက်ကြီးမားခဲ့သလဲဆိုတာ ကျွန်မကိုယ်တိုင်ထက် ဘယ်သူမှ မသိနိုင်ဘူး ဆိုတာ အသေအချာပါပဲ။ ကလေး အရမ်းလိုချင်နေတဲ့၊ မိသားစု ဆိုတဲ့ စကားလုံးလေးကို ပုံဖော်ချင်တဲ့ ကျွန်မတို့ရဲ့ စိတ်ကူးလေးဟာ လေထဲမှာ ဖောက်ခွဲခံလိုက်ရတဲ့ ပူပေါင်းတစ်လုံးလို ကြေမွသေးသိမ်သွားပါတယ်။ အမြုံမ အဖြစ် ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့နေမှုနဲ့ ကျွန်မချစ်သူရဲ့ လိုလားမှုကို မဖြည့်ဆည်းပေးနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်မှု တို့ ပေါင်းစပ်ပြီး ခံစားနေရတဲ့ ကျွန်မက ကျွန်မချစ်သူ ကျွန်မကို ထားခဲ့ဖို့၊ ခွဲခွာသွားဖို့ နည်းမျိုးစုံ ကြိုးစားပါတယ်။ အမြုံမ တစ်ယောက်ကို သူ့ဇနီးမယားအဖြစ် သူ လက်တွဲနေစရာ ဘယ်လိုအကြောင်းမှ မရှိဘူးလို့ ကျွန်မ ခံယူထားတယ်။ သူထွက်သွားဖြစ်မှာကို ကျွန်မ ဝမ်းလည်း မနည်းမိဘူး။ ဘာလို့လည်းဆိုတော့ သူ့အပေါ်ချစ်တဲ့ ကျွန်မရဲ့အချစ်က သူ့ကို ပြည့်စုံတဲ့အခြေအနေ တစ်ခု ရှိနေစေချင်မိလို့ပဲ။

ဒါပေမဲ့...
သူက ကျွန်မ ထွက်သွားခိုင်းတိုင်း ထွက်သွားတဲ့သူတော့ မဟုတ်ခဲ့ပါဘူး။

"ကိုယ်တို့ နှစ်ယောက်လုံး ကလေး လိုချင်ကြတာပဲ။ ဒါ ကိုယ်တို့နှစ်ယောက်လုံး သိတဲ့ အမှန်တရား။ ခု ကလေး မရနိုင်ဘူးဆိုတော့ရော ဘာဖြစ်သေးလဲ။ ကိုယ်တို့ ကလေး မွေးစားကြမှာပေါ့။ ကလေး မွေးစားဖို့ ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မင်း ကိုယ့်အနားမှာ ရှိနေဖို့လောက်တော့ အရေးမကြီးသေးပါဘူး။"

လေးနက်တည်ကြည်ပြီး ပြောတဲ့ မျက်ဝန်းညိုကို ဒီတစ်ခါလည်း ကျွန်မ လွန်ဆန်ဖို့ ခွန်အားမဲ့နေပြန်ပြီ။ ကျွန်မကိုယ်တိုင်ကလည်း သူ့ကို ခွဲခွာချင်ခဲ့တာမှ မဟုတ်ဘဲ။ သူလိုချင်တဲ့ဘဝမျိုးကို မဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်မကြောင့် သူ့ဘဝ ပြည့်စုံပျော်ရွှင်မနေမှာကိုဘဲ စိတ်ပူနေခဲ့တာပါ။

"တကယ်လို့ ဒီကိစ္စက ကိုယ့်ကြောင့်ဆိုရင်လည်း မင်းကို ကို ပေးသွားမှာ မဟုတ်ဘူး။ ကိုယ်တို့နှစ်ယောက် တူတူရင်ဆိုင်ဖြတ်သန်းဖို့ကိုပဲ ကို ပိုလိုလားတာပါ။ မကြာခင် အားလုံးအဆင်ပြေသွားလိမ့်မယ်။ စောင့်ကြည့်။"

သူ့ရဲ့ တည်ကြည်တဲ့ ယောကျာ်းပီသမှုက ကျွန်မရင်ကို နွေးထွေးမှု နဲ့ လုံခြုံအေးချမ်းမှုကို ဖြစ်ပေါ်စေတယ်။

**************************************************************************

သူ့ဆီက ရတဲ့ ခွန်အားတွေ၊ စိတ်ဓါတ်မြှင့်တင်ပေးမှုတွေနဲ့ သူပြောသလိုပဲ၊ နောက် နှစ်နှစ် အကြာ ဇွန်လ (၇) ရက်နေ့မှာ အံ့အားသင့်စရာကောင်းလောက်အောင် ကျွန်မတို့ နှစ်ယောက်ရဲ့ ဘဝထဲ သားဦးလေး ရောက်လာခဲ့ပါတယ်။

ကျွန်မတို့မိသားစုရဲ့ ကံကောင်းခြင်းတွေက ဒီနေရာမှာတင် ရပ်မနေဘဲ ကျွန်မတို့ သိပ်လိုချင်လှတဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးအတွက် နောက်ထပ် ၃ နှစ်အကြာမှာလည်း သမီးငယ်လေး မျက်နှာမြင်နိုင်ခဲ့ကြပါတယ်။ သူတို့လေးတွေနဲ့ တူတူ အိပ်စက်ရတဲ့ ပြည့်စုံတဲ့ မိသားစုဘဝလေးဟာ ကျွန်မကို လက်တွေ့ကျကျ ကျေနပ်ပီတိတွေ အပြည့်ပေးနိုင်တော့တာပါပဲ။

ဆရာဝန်တွေ တော်တယ်။ ထက်မြက်တယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။ ဒါပေမဲ့ သေချာတာကတော့ သူတို့တွေဟာ နှလုံးသားက ယိုစိမ့်ထွက်ပေါ်လာတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားနဲ့ တန်ခိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ အံ့သြဖွယ်ကိစ္စရပ်တွေကိုတော့ မှန်းဆတတ်မှာ မဟုတ်ဘူးဆိုတာကို ကျွန်မ သားလေးရဲ့ သူ့အဖေဆီက အမွေရတဲ့ မျက်ဝန်းညိုညိုလေးတွေရယ်၊ ကျွန်မ သမီးငယ်လေးရဲ့ သူ့အဖေဆီက အမွေရတဲ့ ပါးချိုင့်လေးရယ်ကို ကြည့်ရင်း တွေးမိသွားပါတယ်။

ခုတော့လည်း စကိတ်တကယ်မစီးတတ်ဘဲ ကျွန်မနဲ့ စကိတ်စီးချင်လို့ စကိတ်အတူစီးဖို့ စပြီး ဖိတ်ခေါ်ခဲ့တဲ့ မျက်ဝန်းညိုပိုင်ရှင် ကျွန်မချစ်သူဟာ နှစ်ပေါင်းများစွာ ကြာသွားတဲ့တိုင် ကျွန်မရဲ့ နှစ်လုံးသားကို သူ့အချစ်တွေ စီးဆင်းနေစေခဲ့ပြီး ကျွန်မဘဝကို ပျော်စရာအတိ ဖြစ်စေခဲ့ပါတယ်။ တစ်ခါတလေ ကျွန်မ ရှက်ရှက်နဲ့ တွေးမိတတ်တယ်။ ဘာလို့များ ဒီလိုလူမျိုး နှစ်ယောက်လောက် ဘုရားသခင်က ငါ့ကို ပေးမထားပါလဲလို့လေ။


သီဟလုလင်
၂၀ စက်တင်ဘာလ ၂၀၁၅
၁၂း၀၂ မနက်

*Stephanie Ray Brown ၏ I Love You ကို မှီငြမ်းရေးသားသည်။

0 comments: