"ကျွန်တော် ဦးမြင့်အောင် နဲ့ တွေ့စရာ ဘာအကြောင်းမှ မရှိဘူး မေမေ။"
"ဟဲ့ သား၊ ဘယ်လိုပြောလိုက်တာလဲ။"
ပြောပြောဆိုဆိုနဲ့ ကျွန်တော့အခန်းတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်မိတယ်။ ဒါက ဦးမြင့်အောင် ကို ကျွန်တော် မလိုလားမှန်း သိသာအောင် ပြုလိုက်တာသက်သက်ပါ။ ကျွန်တော့ရဲ့ စိတ်လှုပ်ရှားနေမှုကိုလည်း အစိုင်အခဲအဖြစ်တည်းမထားချင်လို့ ဖောက်ထုတ်လိုက်တာလို့လည်း ပြောကောင်းပြောလို့ရပါတယ်။ ကျွန်တော့ရင်ထဲက နားကျည်းချက်တွေက တစ်စထက်တစ်စ ပိုလာဖို့ပဲ ရှိလို့ မဖြစ်ခင် ရှောင်လွှဲလိုက်တာက အားလုံးအတွက် ပိုပြီးကောင်းပါလိမ့်မယ်။
(က)
ကျွန်တော့မေမေ ဒေါ်ခင်မြင့်မိုရ် ငယ်ငယ်ကတည်းက တွယ်တာမြတ်နိုးရတဲ့ ဦးမြင့်အောင်ဟာ မေမေ့ထက် အသက် ရှစ်နှစ်လောက် ပိုကြီးပါတယ်။ ဒါကြောင့်လည်း ဆယ်ကျော်သက်အရွယ် စိတ်လှုပ်ရှားစ မိန်းကလေး တစ်ယောက်ကို ကျွမ်းကျွမ်းကျင်ကျင် အချစ်နွံနစ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ လူဆိုးကြီးပါ။ ဆယ်ကျော်သက်အရွယ်မှာပဲ မေမေ က ကျွန်တော့ကို သူမ ဝမ်းကြာတိုက်ထဲမှာ ထိန်းသိမ်းထားရပြီ။ မိဘတွေရဲ့ ဆဲဆို ရိုက်နှက်မှု၊ ပစ်တင်မှုတွေကို ခါးစည်းခံရင်း မေမေက သူ့ချစ်သူရဲ့ ရင်သွေးကို လူ့လောကထဲ ကောင်းကောင်းမွန်မွန် ရောက်အောင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ခုချိန်မှာ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်နေတာပါပဲ။ ဒါပေမဲ့ ကိုးလလွယ် ဆယ်လဖွားချိန်မှာ အဝေးထွက်သွားတဲ့သူကို မျှော်လင့်စောင့်စား စိတ်အားငယ်မှုတွေကြောင့်ထင်ပါရဲ့။ မွေးလာတဲ့ ကျွန်တော့သွေးထဲ ရင်ထဲမှာတော့ ဒီလိုလုပ်သွားတဲ့သူကို အမုန်းကြီးမုန်း၊ အနာကြီးနာ နေမိပါတယ်။ ဦးမြင့်အောင် ကို ကျွန်တော်ရဲ့ အဖေအဖြစ် လက်မခံနိုင်ခဲ့ဘူး။ ခုထိလည်း နာကျည်းစိတ်ရှိတုန်းပါ။ မေမေရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားနဲ့ ပြုပြင်ပေးလို့ တစ်ခါတစ်ခါ ဦးမြင့်အောင် ကို နားလည်မှုပေးဖို့ ယိမ်းယိုင် သွားတတ်ပေမယ့် သူ့ရဲ့ နားလည်ရခက်တဲ့ အပြုအမူတွေက ကျွန်တော့ရဲ့ အမုန်းစိတ်တွေကို ပိုပြီး ဆွပေးသလိုပဲ ဖြစ်လာစေပါတယ်။
"ဦးမြင့်အောင်"
"အော် သားကလည်း၊ ဦးမြင့်အောင်လို့ မခေါ်နဲ့လေ။ ဖေဖေ လို့ ခေါ်ပါဆို သားရယ်"
မေမေ မျက်နှာပျက်ပြီး အားနာသံနဲ့ လှမ်းပြောလိုက်တဲ့ပုံကြောင့် မေမေ့ကို သနားပေမယ့် ဦးမြင့်အောင်ကို ဖေဖေ လို့ ခေါ်ဖို့ ကျွန်တော် အဆင်သင့်မနေခဲ့ဘူး။ ဦးမြင့်အောင်လည်း ဒါကို နားလည်ပုံရပါတယ်။
"သား ခေါ်ချင်သလို ခေါ်ပါစေ၊ ခင်ရယ်။ ကိုယ် အဆင်ပြေပါတယ်။"
(ခ)
ကျွန်တော်က ဦးမြင့်အောင် ကိုသာ ဖေဖေ လို့ မခေါ်ဖြစ်ပေမယ့်၊ ကျွန်တော့ရဲ့ ပထွေး ဦးထွေး ကိုတော့ အဖေ လို့ခေါ်တာ နှုတ်ကျိုးနေခဲ့ပါပြီ။ မေမေ ဟာ ကျွန်တော့ကို မွေးပြီး နှစ်အနည်းငယ်အကြာမှာ သူမကို တစ်ဖက်သတ်တွယ်တာအနွံတာခံတဲ့ သူငယ်ချင်း ကိုထွေး နဲ့ လက်ထပ်ခဲ့ပါတယ်။ ပထွေးဆိုပေမယ့်လည်း ဦးထွေးဟာ ကျွန်တော့ကို တော်တော်လေး ဂရုစိုက်ချစ်ခင်ပါတယ်။ ဦးမြင့်အောင် ထက်တောင် ကျွန်တော့ကို ပို ဂရုစိုက်ချစ်ခင်ပါတယ်။ ဦးမြင့်အောင်နဲ့ ကျွန်တော်ကို သားအဖဆိုတဲ့ ရင်းနှီးမှု မပျက်သွားစေဖို့ မေမေ က အများကြီး ကြိုးစားပေးခဲ့သလို၊ ဦးထွေးကလည်း နားလည်မှုအပြည့်ပေးပါတယ်။ ဒါနဲ့ပဲ ဦးမြင့်အောင် အဆင်ပြေချိန်တွေမှာ ကျွန်တော့ကို လာတွေ့နိုင်ဖို့ မေမေက စီစဉ်ပေးခဲ့တယ်။ တကယ်တမ်းတော့ ဒီလိုလုပ်တာဟာ ဦးမြင့်အောင်ကို ကျွန်တော် ပိုနာကျည်းစေဖို့ပဲ ဖြစ်လာပါတယ်။ မှတ်မှတ်ရရ ကျွန်တော့ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ မေမေ့ရဲ့ သဘောတူချက်နဲ့ ဦးမြင့်အောင်ဆီ ပြိုင်ဘီးစက်ဘီးတစ်စီး လက်ဆောင်တောင်းဖြစ်တယ်။ ဦးမြင့်အောင်ကလည်း ဝယ်ပေးဖို့ သဘောတူခဲ့ပါတယ်။
မွေးနေ့လေးရောက်တော့ ကျွန်တော်ဟာ မနက်အစောကြီးနိုးနေခဲ့ပြီး ဦးမြင့်အောင် အလာကို စောင့်မျှော်နေခဲ့ပါတယ်။ ကတိဘယ်တော့မှ မတည်တတ်တဲ့လူတစ်ယောက်ကို ယုံစားမိတဲ့ ကျွန်တော်ဟာ သူ လိမ်သွားမှန်းကို ညတော်တော်နက်မှ သိလိုက်ရပါတယ်။ တခြားမိသားစုဝင်တွေ သူငယ်ချင်းတွေ ပေးတဲ့ လက်ဆောင်တွေ အပုံအပင်ကြားက ကျွန်တော်ဟာ ဦးမြင့်အောင်ရဲ့ မွေးနေ့လက်ဆောင်ကို အရမ်းမျှော်လင့်နေမိခဲ့တာပါ။ ကျွန်တော်တို့ အိမ်လေးက ကားလမ်းမကြီးဘေးမှာ ရှိနေတာမို့ မော်တော်ကား တစ်စီးစီး ဖြတ်သွားတဲ့အသံကြားတိုင်း ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ဦးမြင့်အောင် လာပြီလားလို့ မျှော်ကြည့်မိအောင်ပါပဲ။ အချိန်သာလင့်သွားတယ် ပေါ်မလာခဲ့ဘူး။ ညပိုင်းကျမှ ကျွန်တော့ အဖေ ဦးထွေး က ကျွန်တော့ကို ဂိုဒေါင်ကို လက်ဆွဲခေါ်လာပြီး သူ့ရဲ့ လက်ဆောင်ကို ကျွန်တော် အံ့အားသင့်သွားအောင် ပြခဲ့ပါတယ်။ ကျွန်တော် သိပ်လိုချင်နေတဲ့ ပြိုင်ဘီးစက်ဘီးလေးပါ။ ဒါပေမဲ့ ကျွန်တော် ဝမ်းမသာနိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်ဟာ ဦးမြင့်အောင် ကျွန်တော်ကို စိတ်ပျက်သွားစေတဲ့ ပထမဆုံးနေ့တော့ မဟုတ်ပါဘူး။ အကြိမ်ပေါင်းများစွာ ရှေ့မှာလည်း ကြုံတွေ့ခဲ့ဖူးပြီးပေမယ့် မျှော်လင့်ချက်ကြီးမိတဲ့ ကျွန်တော့ရဲ့ အမှားသက်သက်ပါပဲ။ အဲ့နေ့ကစလို့ မေမေ့ကို တစ်ခွန်းမှာမိတယ်။
"ဦးမြင့်အောင် နောက်တစ်ခါလာရင် ကျွန်တော့ကို ဘယ်တော့မှ မခေါ်ပါနဲ့။"
(ဂ)
မေမေ ဟာ ကျွန်တော့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမအပေါ် ရက်စက်ခဲ့တဲ့သူတစ်ယောက်ကို မိတ်ဆွေတွေအဖြစ် ပြန်လက်ခံနိုင်ခဲ့ပြီး၊ ဖခင်အရင်းနဲ့ မကွဲကွာစေလိုတဲ့ ဆန္ဒရှိခဲ့ပုံရပါတယ်။ မေမေရော၊ ကျွန်တော့မွေးစားအဖေရော နှစ်ယောက်စလုံး ကျွန်တော်နဲ့ ဦးမြင့်အောင် ရဲ့ ဆက်ဆံရေးကို ဂရုစိုက်ကြတယ်။ ဦးမြင့်အောင်ရဲ့ အမေ ကျွန်တော့ရဲ့ဘွားအေ ဘွားဘွားမြိုင် အိမ်ကို ကျွန်တော်ကျောင်းပိတ်တဲ့ တနင်္ဂနွေနေ့တိုင်းလိုလို ပို့ပေးထားတတ်တယ်။ အသက် ၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဖခင်ရင်းကို တွေ့မြင်လိုတဲ့ ဆန္ဒကြီးတစ်ခုနဲ့ ၃ ပတ် ဆက်တိုက် တနင်္ဂနွေနေ့တိုင်း ကိုယ့်ကို မဖောရွေတဲ့ ဘွားအေ အိမ်က သူစိမ်းတွေကြားတည်းမှာ ဦးမြင့်အောင် ကို ညနေစောင်းထိအောင် စောင့်ဆိုင်းခဲ့ရတယ်။ ဒါပေမဲ့ ဦးမြင့်အောင် က တစ်ချက်တောင် ပေါ်မလာခဲ့ဘူး။ နောက်ဆုံးအကြိမ်သွားလည်တဲ့အခေါက်မှာတော့ ကျွန်တော့ရဲ့ သည်းခံနိုင်စွမ်းမရှိတော့တဲ့အရိပ်အယောင်ကို မြင်ပြီး
"သား စိတ်မပါရင် နောက်တစ်ခါ မေမေတို့ မပို့ပေးတော့ပါဘူး သားရယ်။" လို့ နှစ်သိမ့်စကားနဲ့ ဒီကိစ္စကြီး ရပ်သွားတော့တယ်။ ဒါဟာ ကျွန်တော့ဘဝမှာ ဦးမြင့်အောင်ကို ပထမဆုံးအကြီးအကျယ် စိတ်ပျက်သွားစေတဲ့အကြောင်းပါ။
ကျွန်တော့အတွက် တကယ်တမ်းလည်း ဦးမြင့်အောင် မလိုအပ်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဖေ တစ်ယောက်လို ကောင်းတဲ့ ဦးထွေး ရှိသလို၊ မအေတူ ဖအေကွဲ ညီလေး တစ်ယောက်နဲ့ ညီမလေး တစ်ယောက်လည်း ကျွန်တော့မှာ ရှိနေပြီပဲ။ ကျွန်တော်မကျေနပ်တာတစ်ခုက ဦးမြင့်အောင် ဟာ ကျွန်တော့ကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့သမျှအပေါ် အကြောင်းပြချက် တစ်စုံတရာမပေးဘဲ အမြဲမျက်ကွယ်ပြုနေသလဲဆိုတာပါပဲ။
(ဃ)
ခုဆို ကျွန်တော်လည်း အသက်သုံးဆယ်အရွယ် အသင့်အတင့်အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေသလို၊ ကျွန်တော့ကို ပါရမီဖြည့်ပေးမယ့် ဇနီးကောင်းတစ်ယောက်ရဲ့ အသက် (၈) နှစ်အရွယ် သားလေးတစ်ယောက်ရှိနေပြီ။ ကျွန်တော်တို့အပေါ် ဖခင်တစ်ယောက် တာဝန်ကျေခဲ့တဲ့ ဦးထွေးကတော့ လွန်ခဲ့တဲ့ နှစ်ကပဲ တိမ်းပါးသွားခဲ့ပြီး ကျွန်တော့မေမေကတော့ အငယ်မလေးနဲ့အတူ နေနေလေရဲ့။
ဒီလိုအချိန်မှ ထူးထူးဆန်းဆန်း ဦးမြင့်အောင်ကြီး က ကျွန်တော်ဟာ သူ့သားပါလို့ လူတွေရှေ့မှာ မော်ကြွားတတ်တာပဲ။
"ငါ အောင်မြင်လာမှ ဒီလူကြီး ဒီအချိုးတွေ လုပ်လာတယ်" လို့ ကျွန်တော်တွေးမိတယ်။ ရယ်လည်း ရယ်ချင်မိသွားတယ်။ ခုထိတိုင်လည်း သူနဲ့ဆုံတိုင်း ကျွန်တော် စကားမပြောဘူး။ တတ်နိုင်သမျှလည်း မတွေ့အောင် ရှောင်ခဲ့တယ်။
တစ်နေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး မေမေ့အိမ်မှာ ဦးမြင့်အောင်နဲ့ ဆုံဖြစ်ကြတော့ မေမေ က ကျွန်တော်ခံစားနေရတာကို ရယ်ပွဲဖွဲ့တယ်။
"ကိုမြင့်အောင်ရယ်၊ သားက ခုထိ ရှင်ဝယ်ပေးမယ့် ပြိုင်ဘီးအကြောင်းကို ခုထိ မမေ့သေးဘူး။ မြန်မြန်ဝယ်ပေးလိုက်စမ်းပါရှင်။"
မေမေ့စကားတော့ နားထောင်တတ်တဲ့ ဦးမြင့်အောင်က နောက်ရက်မှာ ပြိုင်ဘီးစက်ဘီးလေး ဝယ်ပေးပါတယ်။ ကျွန်တော့အတွက်တော့ မဟုတ်တော့ပါဘူး။ ကျွန်တော့ သားလေးအတွက် ဖြစ်သွားပါပြီ။ သူ့ မြေးအတွက်ပေါ့။ ဒီလိုဆိုတော့လည်း ဒီအဘိုးကြီး မဆိုးပါဘူးလို့ ကျွန်တော် နားလည်မှု ပေးချင်ချင် ဖြစ်သွားတယ်။ ဒါပေမဲ့လည်း ဒါက ကျွန်တော်နဲ့ ဦးမြင့်အောင်နဲ့ ပြန်ပြီး ရင်းနှီးသွားစေမယ့် အကြောင်းရင်းတစ်ခုတော့ ဖြစ်မလာခဲ့ပါဘူး။
တစ်ည ကျွန်တော်အလုပ်က နောက်ကျပြန်လာချိန် မေမေ့ဆီက ဖုန်းဝင်လာတယ်။
"သားရေ၊ ကိုမြင့်အောင်ကြီး အတော်လေး နေမကောင်းဖြစ်နေတယ်။ သွားကြည့်လိုက်ပါဦး။"
ဒီရာသီက တုပ်ကွေးရာသီမို့ သူလည်း တုပ်ကွေးမိပြီး ဖျားနေတာ ဖြစ်မယ်ထင်တာရော၊ ကိုယ်တိုင်လည်း အလုပ်များနေတာနဲ့ ပြောပြီး နှစ်ရက်လောက်ထိ သွားမကြည့်ဖြစ်ခဲ့ပါဘူး။ နှစ်ရက်လွန်တဲ့ မနက်မှာတော့ မေမေ့ဆီက ဖုန်းဝင်လာပြန်တယ်။
"သား၊ မေမေ သေချာပြောမယ်။ မင်းအဖေကို သွားကြည့်လိုက်ပါဦး။ သူ မင်းကို မေးနေတယ်။ အရမ်းတွေ့ချင်နေတယ်။ မင်းအဖေက သာမန်နေမကောင်းဖြစ်နေတာမဟုတ်ဘူး သား။ အသည်းကင်ဆာ နဲ့ သူ့ရဲ့ နောက်ဆုံးအချိန်ဖြစ်နေပြီ။ မင်း သွားတွေ့ဖြစ်အောင်တွေ့လိုက်ပါ။"
(င)
စကားမပြောတာ နှစ်ပေါင်းမနည်းတော့တဲ့ ကျွန်တော်နဲ့ ဦးမြင့်အောင် ဘာတွေကို စပြောရမလဲဆိုတာ ကျွန်တော် သူ့ဆီသွားနေတဲ့ လမ်းတစ်လျှောက် အတော်လေး စဉ်းစားယူရတယ်။
တွေ့တော့လည်း အချိန်အတော်ကြာထိ ဆွံအငြိမ်သက်စွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရုံက လွဲပြီး ထူးထူးထွေထွေ စကား စမပြောဖြစ်ကြ။
အသည်းရောဂါကြောင့် ရေတောင် မသောက်နိုင်တော့လို့ နှုတ်ခမ်းတွေ ခြောက်သွေ့နေတဲ့ ဦးမြင့်အောင်က အရောင်တောက်ပမှုကင်းမဲ့နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့ကို လှမ်းကြည့်ရင်း ကျွန်တော့ဘဝ မှာ ကျွန်တော်အကြားချင်ဆုံး စကားတစ်ခွန်းကို တိုးတိုးလေးပြောတယ်။
"အဖေ့ကို ခွင့်လွှတ်ပါ။ အဖေ သားကို အရမ်းချစ်ပါတယ်။"
ကျွန်တော့ရဲ့ ဦးနှောက်နဲ့ ရင်ဘတ်ကြီး ပွင့်ထွက်သွားသလို လူတစ်ကိုယ်လုံး အာကာသထဲ မျောလွင့်နေတဲ့ ခံစားချက်မျိုးနဲ့ အကြိမ်ကြိမ်စိတ်ပျက်အောင်လုပ်ခဲ့တဲ့တိုင် မငိုခဲ့တဲ့ကျွန်တော်က အဖေ့ဆီက ကြားရတဲ့ ဒီစကားတစ်ခွန်းမှာ မျက်ရည်တွေ ထိန်းမရနိုင်အောင် စီးကျလာတယ်။
ကျွန်တော် အဖေ့ကို အားရပါးရဖက်ထားလိုက်ပြီး အဖေ့ နားနားကပ်လို့ အဖေပြောခဲ့တဲ့အတိုင်း သသွေမတိမ်း
"သားကို ခွင့်လွှတ်ပါ။ သား အဖေ့ကို အရမ်းချစ်ပါတယ်။" လို့ အကြိမ်အရေအတွက် မမှတ်မိနိုင်လောက်အောင် အခါခါ ပြောနေမိခဲ့တယ်။
အဖေလို့ ခေါ်သံကြားရလို့ ပြောင်းလဲသွားတဲ့ အဖေ့မျက်လုံးတွေရဲ့ ဝမ်းမြောက်ပျော်ရွှင်မှုတွေကို စကားလုံးနဲ့ မဖော်ပြပေမယ့် မျက်လုံးတွေကတဆင့် ကျွန်တော် ခံစားနေရတယ်။
နောက်ဆုံးအကြိမ် အဖေဟာ "သားကို အဖေ ချစ်ပါတယ်။" လို့ ပြောရင်း ကျွန်တော့ကို အပြီးအပိုင် ထားခဲ့ပါတော့တယ်။ ကျွန်တော် အဖေ့ကို မဆုံးရှုံးချင်သေးဘူး။ ကျွန်တော့မှာ အဖေ့ကို မေးစရာ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေ အဖေ ဖြေမသွားဘဲ ကျွန်တော် ဒီမွေးခွန်းတွေနဲ့ တစ်သက်လုံးနေသွားရမလား။ ကျွန်တော်စိတ်ထဲက ပြင်းပြင်းထန်ထန် အော်ဟစ်မိရင်း ငိုကြွေးလိုက်မိတယ်။ သေချာတာက အဖေ့ဆီမှာ ကျွန်တော့ကို မေးဖို့ မေးခွန်းတွေ အများကြီးရှိနေဦးမယ်ဆိုတာပဲ။
(စ)
ခုဆိုရင် ဖေဖေ ဆုံးတာ တစ်နှစ်ပြည့်ခဲ့ပြီ။
ကျွန်တော့ဘဝရဲ့ အကျေနပ်ဆုံးအကြောင်းတရားက ဘာလဲလို့ တစ်ယောက်ယောက်ကသာ လာမေးရင် အဖြေက အသင့်။
ဖေဖေရဲ့ အသက်မဆုံးမီ ကျွန်တော့အပေါ်ချစ်မြတ်နိုးကြောင်းနဲ့ ဖေဖေရဲ့ ခွင့်လွှတ်ခြင်းကို ကျွန်တော် ရခဲ့တာနဲ့ ကျွန်တော့အပေါ် အကြိမ်ကြိမ် စိတ်ပျက်အောင် လုပ်ခဲ့တဲ့ အဖေ တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့အပေါ် ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်နိုင်ခဲ့တာဟာ ကျွန်တော့ဘဝမှာ အကျေနပ်ဆုံးအကြောင်းပါလို့ ဖြေလိုက်မိမှာပါပဲ။
သီဟလုလင်
0 comments:
Post a Comment