Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, January 26, 2016

ရန်ကုန်မှာ အိန္ဒိယအစားအစာ ကောင်းကောင်းစားမယ်ဆိုရင်...

ဆိုင်အပြင်အဆင်လေး.. အတွင်းဘက်ကနေ အပြင်ကို ရိုက်တာဆိုတော့ နည်းနည်းမှောင်သွားတယ်။
ဒီတလော ဝိတ်လျှော့နေပါတယ်ဆိုမှ သီဟလုလင် တစ်ယောက် စားဖို့သောက်ဖို့ ကျွေးမယ့်သူတွေ တော်တော်လေး ပေါများနေတယ်။ မနေ့ညကပဲ သူငယ်ချင်း ဟိန်းဇော်ညို ရဲ့ မွေးနေ့ညစာလေး စားခဲ့ရသေးတယ်။ ဟော.. ခုကြည့် ဒီနေ့ နေ့လည်ကို ကိုယ့်ရဲ့ ဆရာမ၊ အထက်လူကြီးဟောင်း တစ်ယောက်က လိုက်ကျွေးလို့ စားဖြစ်ရပြန်ပြီ။ ခါတိုင်းလည်း အစ်မနဲ့က ဟိုစား ဒီစား သွားနေကျပါ။ ဒီတစ်ခါတော့ ထူးထူးခြားခြားလေး အိန္ဒိယအစားအစာလေး သွားစားမယ်ဆိုလို့ စိတ်ဝင်စားသွားတယ်။ နာမည်ကိုလည်း ကြိုပြောတယ်။ "The Taj" တဲ့။

အဲဒါနေ့ နေ့လည် အဲ့ဒီအစ်မကို ဝင်ခေါ်ပြီး "The Taj" ရှိတဲ့ ရန်ကုန်၊ အောင်ဆန်းကွင်း၊ City Mart ဘေး၊ ပန်းဆိုးတန်းလမ်းဘက်ခြမ်း ကို ရောက်လာခဲ့ရတယ်။ ကားရပ်ဖို့ နေရာ မလုံလောက်ပေမယ့်လည်း လူတိုင်းက ဟိုလမ်းဘေး ဒီလမ်းဘေး ထိုးရပ်နေကြတော့ လုံလောက်သလိုလိုတော့ ဖြစ်နေပါတယ်။ ဆိုင်နာမည် ဆိုင်းဘုတ်ကတော့ ကုလားစာ လေးလိုလိုပဲ ရုတ်တရက်ကြည့်ရင်။
ဆိုင်လေးထဲဝင်တော့ အတော်လေး ခေတ်မီတဲ့ပုံစံအပြင်အဆင်လေးနဲ့ ဈေးကြီးမယ့် ဟန်ပန်လေးပေါ့။ ဆိုင်ကျဉ်းပေမယ့် စားပွဲတွေကို လူများများဆံ့မယ့် အနေအထားလေး ခင်းကျင်းထားပါတယ်။ ဝန်ဆောင်မှုပေးတဲ့သူတွေကလည်း ဖောရွေကောင်းမွန်ကြတယ်။ ကျွန်တော်ကတော့ စားပွဲပေါ်မှာ အသင့်ခင်းကျင်းထားတဲ့ ပန်းကန်ခွက်ယောက်တွေထဲက ရေတကောင်းပုံ သောက်ရေခွက်လေးကို အရမ်းသဘောကျမိတယ်။ ကိုယ့်ဟာကိုယ် အိန္ဒိယမှာ ထမင်းစားနေရသလိုပဲ။

Menu ထဲကနေ စားချင်စိတ်ပေါ်နေတဲ့ အစားအသောက်တွေ ရွေးမှာဖြစ်တယ်။ သူတို့ကလည်း လူစားများတာလေးတွေ ဝိုင်းပြီး အကြံပြုပေးကြပါတယ်။ စားဖြစ်တာက -
(၁) Tandoori Chicken ကြက်ကင်
(၂) Punjabi Chole အာလူးပဲလုံးဟင်း
(၃) Mutton Dahiwalla ဆိတ်သားဒိန်ချဉ်ဟင်း
(၄) Saffron Rice ထမင်းအဝါ
(၅) Butter Naan ထောပတ်နံပြား
(၆) ပဲအနီဟင်း
ပေါင်း ၆ မျိုး မှာဖြစ်သွားတယ်။ သူက သုံးယောက်စာ အတွက်တော့ အတော်လေး ဗိုက်တင်းစေတယ်။ ထမင်းအဝါ ကတော့ တစ်ယောက်စာ ကျော်ကျော်လေးဆိုတော့ ထမင်းများများစားတတ်သူတွေက တစ်ယောက်တစ်ပွဲ မှာစားတာ ကောင်းတယ်။ သူ့မှာ တခြား ထမင်းအမျိုးအစားတွေလည်း ရှိသေးတယ်။ ဥပမာ ဒံပေါက်ထမင်းလိုမျီုးပေါ့။ ဆိတ်သားဒိန်ချဉ်ဟင်းလေးကတော့ အတော်လေး ကောင်းတယ်။ မအီဘူး။ မညှီဘူး။ လာချပေးတုန်းက ဒိန်ချဉ်ကို ဟင်းပေါ် စမ်းထားတာက တကယ့် စားချင်စရာကြီး။ ကြက်ကင်ကလည်း မွှေးမွှေးလေး။ သံပုရာသီးညှစ်စားလိုက်တော့ အိုး... ဘယ်လိုပြောရမလဲ ဆိုတာမျိုး ဖြစ်သွားတယ်။ ဒီထဲမှာ ကျွန်တော် တကယ်ကြိုက်သွားတာက အာလူးပဲလုံးဟင်း။ အစပ်အဟပ် အရမ်းတည့်တာပဲ။ ချဉ်ပြုံးပြုံးလေးနဲ့ စားလို့ မြိန်လိုက်တာ ပြောမနေပါနဲ့။
ခံတွင်းဖွင့်စာ ခေါ်ရမလားဘဲ...
ပါပလာကြော်လေးနဲ့ ကြက်သွန်ဥနီ၊ ပြီးတော့ အရွက်သုပ် အချဉ် နဲ့ ကြက်သွန်ဖြူအချဉ်
ပါပလာကြော်လေးနဲ့ ကြက်သွန်ဥနီ၊ ပြီးတော့ အရွက်သုပ် အချဉ် နဲ့ ကြက်သွန်ဖြူအချဉ်
ဒီလိုလေး ခင်းကျင်းပေးတယ်လေ။
ကြက်သွန်ဥနီ၊ ပြီးတော့ အရွက်သုပ် အချဉ် နဲ့ ကြက်သွန်ဖြူအချဉ်


စားလို့ကောင်းတဲ့ Saffron Rice ထမင်းအဝါ
ကျွန်တော် အရမ်းကြိုက်တဲ့ ချဉ်ပြုံးပြုံး Punjabi Chole အားလုံးပဲလုံးဟင်း
ထမင်းနဲ့ဆမ်းစားလို့ကောင်းတဲ့ ပဲအနီဟင်း


အရသာမွှေးမွှေးနဲ့ Tandoori Chicken ကြက်ကင်


မအီ၊ မညှီ တဲ့ ဆိတ်သားဒိန်ချဉ်ဟင်း...
ဒိန်ချဉ်လေးကို အပေါ်က ဆမ်းထားတာ သရေယိုစရာပါပဲ။

ပြောချင်ဇောကြီးသွားလို့ ကျန်ခဲ့တယ်။ စောစောက ဟင်းတွေ စောင့်နေတုန်းမှာ ပါပလာကြော် ကို ကြက်သွန်နီ၊ အချဉ် စတာတွေနဲ့ စားရတာလေး ခံတွင်းဖွင့်စာအဖြစ် စားကြသေးတယ်။ သူ့ကြက်သွန်နီလေးက မမွှန်ဘဲ အရမ်းစားလို့ကောင်းတယ်။ ပါပလာကြော်လေးနဲ့ လိုက်ဖက်လွန်းတယ်။ အိန္ဒိယအစားအစာတွေ သိပ်မကြိုက်တဲ့ ကျွန်တော်တောင် ဒီဆိုင်က လက်ရာကို သဘောအရမ်းကျသွားမိတယ်ဆိုတာ ဝန်ခံပါတယ်။ စောစောက ပြောသလို ထမင်းက အိုးလေးသေးသေးလေးထဲ တစ်ယောက်စာ ကျော်ကျော်လေး ထည့်ထားတာ ဆိုတော့ ဘယ်ဝမလဲနော်။ ကံကောင်းချင်တော့ ထောပတ်နံပြားလေး မှာထားတယ်လေ။ အဲဒါလေးနဲ့ ဟင်းတွေကို တွဲစားပစ်လိုက်တာပေါ့။ ဒါလည်း အတော်လေး လိုက်ဖက်ကောင်းမွန်နေပြန်တယ်။
ထမင်းစားခါနီလေး ဟိုပုံ ဒီပုံ ပုံထည့်ထားတဲ့ ကျွန်တော့ ရဲ့ ပန်းကန်
ချာပါတီ လို့ ပြောတာပဲ။
ဒါက Butter Naan ထောပတ်နံပြား...
စားပြီးသောက်ပြီး အချိုတည်းမယ်ဆိုတော့ ထူးခြားတဲ့ မဆလာလက်ဘက်ရည် ကို သောက်ကြတယ်။ မဆလာ လက်ဘက်ရည် ဆိုပေမယ့် ဟင်းချက် မဆလာတွေလို အနံ့မပြင်းပါဘူး။ စိတ်မပူပါနဲ့။ မွှေးရုံလေးပါ။ သောက်ကောင်းတယ်။ အစိမ့် ကြိုက်တတ်သူတွေ ပိုနှစ်သက်ကြမလားဘဲ။ ပြီးတော့ မလိုင်။ ဒီ မလိုင်ရဲ့ အရသာကိုတော့ ကျွန်တော် တော်တော်လေးကြိုက်မိတယ်။ အချိုကြိုက်တဲ့ ကျွန်တော်က ဒါကြိုက်တာတော့ မဆန်းဘူးပေါ့။

ကျွန်တော် အကြိုက်ဆုံး မလိုင် အချိုတည်းစရာ
ဘဝမှာ ပထမဦးဆုံးသောက်ဖူးပါတဲ့ မဆလာလက်ဘက်ရည်...

ဒါလေးတွေ စားလို့ မျက်လုံးလေးတွေလည်း စင်းလာရော အစာပိတ်အဖြစ် ဗူးလေးထဲကနေ စမုံစပါးနဲ့ သကြားလုံးလေးတွေ ရောရာကို ဇွန်းလေးနဲ့ ဆိုင်က ဝန်ထမ်းတွေက လက်ထဲ ထည့်ပေးတယ်။ တစ်ခါမှ မစားဘူးတော့ ကျွန်တော့မှာ ကြောင်တောင်တောင်နဲ့။ အိမ်က Love Birds ငှက်လေးတွေကို သတိရသွားတယ်။ အော် ငါလည်း သူတို့ကို ဒီလိုမျိုးလေးတွေ အစာကျွေးခဲ့တာပါလားလို့။ တော်တော်လေး တူပါတယ်။ စားရင်တော့ ကွမ်းယာစားတဲ့ ခံစားချက်မျိုးပေါ့။

ဈေးနှုန်းကတော့ သူ့ဆိုင်ရဲ့ လက်ရာ၊ သူ့ဆိုင်အပြင်အဆင်နဲ့ ဝန်ဆောင်မှုတွေ အားလုံးကို ချိန်ထိုးကြည့်ရင် အတော်လေး သက်သာတယ်လို့ ပြောရမယ့်ဆိုင်ပါ။ လျှာအရသာအပြောင်းအလဲလေးအဖြစ် အိန္ဒိယအစားအစာတွေ အဆင့်မြင့်မြင့် စားချင်ရင် ဒီဆိုင်လေးကို မြည်းစမ်းလှည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်သွားတုန်းကနဲ့ မတူတဲ့ ခံစားချက်တွေ ရှိရင်လည်း ပြောပြပါဦး။ ကြားပါရစေဗျာ။ အားလုံးပဲ ဝဝစား နိုင်ကြပါစေ။

သီဟလုလင်
၁၉ ဇန်နဝါရီလ ၂၀၁၆

0 comments: