Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, July 05, 2016

လှပတဲ့အပေါ်စီးရှုခင်းတွေကိုမြင်ရမယ့် The Penthouse

ဆိုင်အပြင်ဘက် Open Air အပြင်အဆင်

ကျွန်တော် နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တုန်းက ဌာနတစ်ခုလုံးအနေနဲ့ Team Lunch တွေ လစဉ် သွားကြတယ်။ ဌာနတစ်ခုလုံးဆိုလို့ ဆယ်ဂဏန်းမတွေးနဲ့ဦး။ အားလုံးပေါင်းမှ (၅) ယောက်တည်း။ အဲဒီတော့ နေ့လည်စာသွားစားရင် ရှယ်စားကြတယ်ပေါ့နော်။

ဒီတစ်ခါတော့ သိပ်မရင်းနှီးသေးတဲ့ စားသောက်ဆိုင်အသစ်လေးကို သွားဖို့ ဖြစ်လာတယ်။ မြေနီကုန်း၊ ပန်းခြံလမ်းနား၊ My Hotel ရဲ့ ဘေးက Business Tower ကြီးတစ်ခုရဲ့ အပေါ်ဆုံး ခေါင်မိုးထပ်မှာဖွင့်ထားတဲ့ ဆိုင်လှလှလေးတစ်ခု။ The Penthouse ဆိုတဲ့ ဆိုင်သစ်လေးကို သွားကြတယ်။ သူ့ရဲ့ အပြင်အဆင်က နိုင်ငံခြားသားတွေကို ပိုပြီး ဆွဲဆောင်ထားပုံရတယ်။ ရိုးရှင်းပေမယ့် လှပသပ်ရပ်တယ်။ အပြင်ဘက်မှာ ထိုင်လို့ရသလို၊ အတွင်းဘက်မှာလည်း အဲကွန်းလေးနဲ့ ထိုင်နိုင်တယ်။ ဘားကောင်တာကိုတော့ အတွင်းဘက်မှာ အဓိက စီစဉ်ပေးထားပြီး ပွဲတွေဘာတွေရှိရင် အဆင်ပြေအောင်ထင်ပါရဲ့ အပြင်မှာလည်း ဘားကောင်တာ အသေးလေးတွေ ကြိုစီစဉ်ထားတာတွေ့တယ်။ ကျွန်တော်တို့က နေ့လည်စာ စားတာဆိုတော့ အပြင် Open Air ရာသီဥတုနဲ့က မတည့်ဘူးလေ။ ဒီတော့ အတွင်းပိုင်း ဆိုင်အပြင်အဆင်လေးတွေကိုပဲ ခံစားရင်း စားကြရတယ်။ ညနေပိုင်းဆိုရင်တော့ တော်လှန်ရေးပန်းခြံရဲ့ အလှကို မြင်ရတယ်။




ဆိုင်ကို ဓါတ်လှေကားအထွက်မှာ မြင်ရပုံ


ဆိုင်ကို ဓါတ်လှေကားအထွက်မှာ မြင်ရပုံ

ဆိုင်အတွင်းပိုင်းအပြင်အဆင်

ဆိုင်အတွင်းပိုင်းအပြင်အဆင်

စားပွဲမှာထိုင်တာနဲ့ Menu ပြမယ်။ Menu ထဲကနေ စိတ်ကြိုက်ရွေးချယ် မှာစားနိုင်ပေမယ့် ကျွန်တော်က ပိုပြီး သက်သာအောင် (သက်သာအောင်ဆိုတာက ဘာစားရမလဲ ရွေးရတာရော၊ ငွေရောပေါ့)၊ သူတို့ရဲ့ နေ့စဉ် စီစဉ်ပေးတဲ့ Business Lunch Set ဆိုတာကို ပြခိုင်းလိုက်တယ်။ ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ ကျောက်သင်ပုန်းပေါ်ရေးထားတဲ့ ကျောက်သင်ပုန်းမီနူးကြီးကို ဝန်ထမ်း ၂ ယောက်လောက်က မ ပြီး လာပြပေးကြပါတယ်။ ပြန်တောင် အားနာရတယ်။ Set Menu က တစ် Set ကို အခွန်နဲ့ဝန်ဆောင်ခ မပါဘဲ ကျပ် ၁၄,၀၀၀ ဆိုတော့ မဆိုးဘူးလေ။ ရွေးချယ်စရာ နှစ်မျိုးစီ ကို သူ့အစီအစဉ်အလိုက်ပေးထားတယ်။ ဒါလေးလည်း သဘောကျမိတယ်။ သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို စရွေး သောက်ဖြစ်တယ်။ သူတို့ အစီအစဉ်အတိုင်း လာချပေးမယ့် ဟင်းပွဲလေးတွေကို စောင့်ရင်း တစ်မျိုး ပြီးမှ တစ်မျိုးကို အေးအေးလူလူ စားကြတယ်။ နောက်ဆုံးအပိတ်ကိုတော့ ကော်ဖီ နဲ့ ပိတ်တယ်ပေါ့။ ဒါတွေ အားလုံးအပါကို ကျပ် ၁၄,၀၀၀ ကတော့ တန်သွားပြီထင်ပါတယ်။

ကျောက်သင်ပုန်းမီနူး

ကျွန်တော်က Smoked Salmon ကို ရွေးလိုက်ပြီး ကိုယ့်ဟာကိုယ် ကျေနပ်နေတယ်။ သူ့ Salmon အရသာ ကောင်းလို့လေ။ သဘောကျတယ်။ နောက်တစ်မျိုးကိုတော့ Grilled Cod Fillet ရွေးလိုက်တယ်။ ဒါတော့ ကျွန်တော့ ပါးစပ်နဲ့ မကိုက်ဘူး။ ငါးကြီးဆီထုတ်တဲ့ ပင်လယ်ငါးတစ်မျိုးကို ကင်ထားတာဆိုပေမယ့် အသားက မာဆတ်ဆတ်နဲ့ ဖယောင်းတိုင်ကို ဝါးနေရတဲ့ အရသာနဲ့ ခံစားမှုကိုပဲ ကျွန်တော်ခံစားရတယ်။ တချို့က Beef Burger မှာကြတော့ သူတို့ဟာလေး မြည်းကြည့်ရတယ်။ Beef Burger တော့ အတော်လေး ခံတွင်းတွေ့မိသားလား။ Club Sandwich မှာတဲ့သူလည်း ရှိတယ်။ သူတို့ဆီက Club Sandwich လည်း အရသာ ပြည့်စုံတယ်ထင်မိပါတယ်။

သရက်သီးဖျော်ရည်

Smoked Salmon and Boiled Potatoes

Club Sandwich

Beef Burger

Beef Burger

Beef Burger

Grilled Cod Fillet

Latte Coffee ကို ချောကလက်နဲ့ တည်ခင်းပေးတယ်

Iced Coffee ကိုလည်း ချောကလက်နဲ့ တွဲပေးတယ်

ဆိုင်ကနေ လှမ်းမြင်ရတဲ့ တော်လှန်ရေးပန်းခြံ အပေါ်စီးမြင်ကွင်း

နေရာအနေအထား၊ အစားအသောက်အရသာကတော့ အမှတ်ကောင်းကောင်းပေးချင်စရာဖြစ်ပေမယ့်၊ အဲ ဈေးနှုန်း တစ်ခုကတော့ အမှတ်လျှော့ချင်စရာပါ။ Set Menu မဟုတ်ဘဲ Menu စာအုပ်ထဲက မှာစားရင် ဟင်းပွဲတွေရဲ့ ဈေးဟာ ၂ သောင်းကျော်တွေ အများအပြားရှိနေပြန်တယ်။ Menu ထဲက ရွေးပြီး မစားဖြစ်သေးတော့ ဈေးနှုန်းမြင့်သလို စားလို့ရော ကောင်းရဲ့လားတော့ ကျွန်တော် မသိသေးပါဘူး။ နောက်ကြုံရင် ရွေးစားကြည့်လိုက်ပါဦးမယ်။ ဖြစ်နိုင်ရင်တော့ ဆောင်းတွင်းညခင်းလေးကို The Penthouse မှာ Cocktail လေးသောက်၊ Dinner လေးစားရင်း ဇိမ်ခံကြည့်ချင်မိပါသေးတယ်ဗျာ။

သီဟလုလင်
၅ ဇူလိုင်လ ၂၀၁၆
(Foodaholic Myanmar page အတွက် ရေးသားခဲ့သည်။)

0 comments: