Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, September 28, 2015

သူတို့ပြောတဲ့ ရေပြာအိုင်ဆီ


စပြီး စီစဉ်တုန်းကတော့ လွိုင်ကော်ကို သာသာယာယာ Tour Agent နဲ့ သွားမလို့ပါဘဲ။ သို့သော်လည်း သူတို့ဘက်က အကြောင်းတစ်ခုနဲ့ ခရီးစဉ်ကို သွားမယ့်နေ့ညနေ (၄) နာရီခွဲလောက်မှ ဖျက်တယ်ဆိုပြီး အကြောင်းကြားတော့ ဟပ်ကော့ကြီးနဲ့ အားချင်း ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ရတယ်။ မျှော်လင့်တာက ကယားပြည်နယ်ကို မရောက်တာကြာတာရော၊ အရင်တုန်းက မသိရ မလည်ရတဲ့ နေရာတွေကို အရောက်သွားချင်တာရော ရှိပေမယ့်လည်း အဆင်မပြေဖြစ်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါနဲ့ ချောင်းသား ငွေဆောင် သွားမယ်လို့ တွေးမိပြီး ကား စုံစမ်းတော့ ညကားတွေ မရှိတော့ဘူး။ မနက်ကားတွေကလည်း လိုင်းကားတွေပဲဆိုတော့ တစ်ရွာတက် တစ်ရွာဆင်းနဲ့ ဘတ်စ်ကားကြီးလို သွားရမယ်။ ပစ္စည်းတွေလည်း တင်ဦးမယ်ဆိုတော့ အဆင်မပြေပြန်ဘူး။ တခြားသွားဖို့ကလည်း အားလုံးနောက်ကျနေပြီ။ နောက်ဆုံးတော့ ကိုယ့်အတွက် အဆင်ပြေမယ့် မန္တလေး ကိုပဲ ရွေးလိုက်တော့တယ်။ မနက်ကားလေးနဲ့ ညနေရောက်ပေါ့။



ခုလို သောကြာနေ့ခံပြီး ရုံးပိတ်ရက်သုံးရက်ရဖို့ဆိုတာ လွယ်တာမှတ်လို့။ အိဒ်နေ့ ပိတ်ရက်က ဒီနှစ်အတွက် သောကြာဖြစ်နေတာ ရုံးဝန်ထမ်း ကျွန်တော့အတွက်တော့ တကယ့် ရွှေ ပါပဲ။ ဒါကြောင့်လည်း လုံးဝ အလွတ်မပေးဘဲ ခရီးထွက်ပေါ့ ဆိုင်းပြင်းရတာပေါ့။ ခုတော့ မန္တလေး ခရီးစဉ် အဆင်ပြေလို့ Boss Express ကားနဲ့ မနက် ၉ နာရီ ရန်ကုန်ကနေ စထွက်တယ်။ ကျွန်တော်က သူများနဲ့ ပြောင်းပြန်၊ သူများတွေက ညပိုင်း ခရီးသွားရတာ သဘောကျကြတယ်။ အိပ်လိုက်သွားပြီး မနက်ကျရင် လုပ်စရာရှိတာ လုပ်လို့ရလို့တဲ့။ ကျွန်တော်ကတော့ နေ့ပိုင်းခရီးသွားရင် ခရီးသွားရတဲ့ အရသာ အပြည့်အဝ ရတယ်လို့ ထင်ပြီး ဘေးဘီက တောတောင်ရှုခင်းလှလှလေးတွေ ငေးမော စိတ်ကူးယဉ်ရင်း သွားရတာ ပိုနှစ်ခြိုက်မိလို့ပါ။ ခုလည်း နေ့ပိုင်း ခရီးသွားရတာမို့ တခြားခရီးသည်တွေလို ကားမှာ ဝန်ဆောင်မှုပေးထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုတောင် မကြည့်နိုင်ဘူး။ ရှုခင်းတွေကို ငေးကြည့်ပြီး လိုက်လာခဲ့တယ်။ တစ်ခါတလေ လမ်းဘေးမှာ တွေ့လိုက်ရတဲ့ ရွာတွေ၊ လူတွေကို ကြည့်ပြီး သူတို့အကြောင်း မှန်းဆရတာလည်း အရသာ တစ်မျိုးပေါ့။ နည်းနည်းပျင်းလာရင်တော့ ပါလာတဲ့ ဝတ္ထုတိုစာအုပ်လေးတွေ ဖတ်လိုက်နဲ့ ဘယ်လို ဘယ်လို အချိန်ကုန်သွားမှန်း မသိဘဲ မန္တလေးမြို့ကြီးကို ညနေ ၄ နာရီခွဲ လောက်မှာ ရောက်သွားတယ်။ ဟိုတယ် ကလည်း ကြိုချိတ်ထားပြီးသားမို့ တန်းသွားရုံပဲ။ အဲဒီညလေးကို ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းအနားယူရင်း နောက်နေ့ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို ကြိုတင် စဉ်းစားထားပြီး အိပ်ပျော်သွားတော့တယ်။

မနက်ရောက်တော့ မန္တလေးက ညီလေးလို ခင်ရတဲ့ မိတ်ဆွေ တစ်ယောက်က ကျွန်တော် သွားချင်တဲ့ ဒီးဒုတ်ရေပြာအိုင်ကို လိုက်ပို့ပေးမယ်ဆိုလို့ အရမ်းပျော်လိုက်ရတာ။ ဒီးဒုတ်ရေပြာအိုင်ကို လွန်ခဲ့တဲ့ လက ကျွန်တော် ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက သွားရတဲ့အချိန်အရမ်းနည်းတာကြောင့် ခဏလေးနေရင်း အပေါ်ဆုံးရေအိုင်ထိလည်း မတက်နိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ အပေါ်ဆုံးအထိ တက်မယ်လို့ စိတ်ကူးထားမိတယ်။

အော် ... ဒီးဒုတ်ရေပြာအိုင်ဆိုတာ တောင်ပေါ်က ကျလာတဲ့ တောင်ကျချောင်းရေကနေ အဆင့်ဆင့် ကန်လေးတွေ ဖြစ်နေပြီး ထုံးဓါတ်ပါဝင်နေလို့ ရေက ပြာသလိုလို၊ စိမ်းသလိုလို ဖြစ်နေတဲ့ နေရာကို ပြောတာပါ။ ဒီနေရာမှာ လူပေါင်းစုံ အကြောင်းပေါင်းစုံနဲ့ လာကြတယ်။ ဒါပေမယ့် သေချာတာက အားလုံးစိတ်ထဲမှာ ပျော်ချင်လို့ အပန်းပြေချင်လို့ ဆိုတဲ့ စိတ်လေးတော့ တူညီစွာ ရှိနေကြတာပါပဲ။


ဒီးဒုတ်ရေပြာအိုင်ရှိရာတောင်ခြေကို သွားဖို့ မန္တလေးမြို့ထဲ ဟိုတယ်ကနေ ၁၀ နာရီလောက် ထွက်လာတယ်။ မန္တလေး - လားရှိုးလမ်းအတိုင်း ထုံးဘိုရွာ၊ အုန်းချောရွာ တွေကို ဖြတ်ပြီးတာနဲ့ ချိုချိုဌေး ဓါတ်ဆီဆိုင်နားမှာ လမ်းသွယ်လေးထဲကို အဓိကလမ်းမကြီးကနေ ခွဲဝင်ရတယ်။ မန္တလေးမြို့က ထွက်တာနဲ့ မြင်ရတဲ့ တောင်တွေက တစ်နှစ်ထက်တစ်နှစ် ဟောတစ်လုံး ဟောတစ်လုံးနဲ့ ပျောက်ကုန်ပြီ။ တောင်တွေဖြိုပြီး ကျောက်တွေထုတ်ကြတာ များလာတော့ အရင်နှစ်က မြင်ခဲ့ရတဲ့ တောင်က ဒီနှစ်ကျတော့ မြင်ကွင်းထဲ မရှိတော့ဘူးရယ်။ စိတ်ထဲမှာ အမျိုးအမည်မသိတာလေး ခံစားနေရင်း လမ်းခွဲလေးကို ရောက်လာတယ်။ အဲဒီကနေ ရဲရွာဘက်ကို ကားနဲ့ အတော်ကြာအောင် ဆက်သွားရသေးတယ်။ ဒါပေမယ့် လမ်းခရီးတစ်လျှောက်လုံးက စိမ်းစိုလတ်ဆတ်နေတဲ့ တောတောင်တွေ နဲ့ စိုက်ခင်းတွေကို တွေ့ရတော့ လူက လန်းဆန်းသွားတာတော့ အမှန်ဘဲ။ ရှမ်းပြည်ဘက်မှာ မြင်ရတဲ့ မြင်ကွင်းတွေကို မန္တလေးမြို့နား နီးနီးနားနား မြင်လိုက်ရတယ်လို့ ခံစားရတယ်။ လမ်းကလည်း ဆည်ကို ဆက်သွယ်ဖောက်ထားတဲ့လမ်းမို့ ကွန်ကရစ်နဲ့ တစ်လျှောက်လုံး ကောင်းကောင်း ခင်းပေးထားပါတယ်။ ဘေးဘက်မှာ မြင်နေရတဲ့ မြစ်ငယ်မြစ်ကို ကြည့်ရတာလည်း စိတ်ချမ်းသာစရာ။ စိုက်ပျိုးရေးခြံလေးတွေမှာ ငှက်ပျောတွေ စိုက်ထားတာလည်း တွေ့ရတယ်။ တိုက်တာခိုင်ခိုင်ခံ့ခံ့ လှလှပပ ဆောက်ထားတဲ့ ရွာလေးတွေလည်း တစ်ရွာစ နှစ်ရွာစ တွေ့ရတယ်။ လမ်းခရီးတစ်လျှောက်လုံးကတော့ ကြည်နူးစရာကြီးပါပဲ။ ရခိုင်ဘက်က သယ်ယူနေတဲ့ ရေနံပိုက်လိုင်းတွေ မြှုပ်ထားတဲ့နေရာကိုလည်း ဖြတ်မောင်းရပါတယ်။ တောင်ကျရေတွေကြောင့် ရေကျော်တတ်တဲ့ ရေကျော်နေရာလေး နှစ်ခု သုံးခုလောက်ကိုလည်း ဖြတ်မောင်းနှင်ရပါသေးတယ်။

ကြာချိန် တစ်နာရီဝန်းကျင်လောက်မှာတော့ ရိုးရိုးလက်ရေးနဲ့ရေးသားထားတဲ့ ဒီးဒုတ်ရေပြာအိုင်သို့ ဆိုတဲ့ အကြိုထောက် ဆိုင်းဘုတ်ငယ်နဲ့ လမ်းညွှန်မြားကို တွေ့ရပြီး အဲဒီထဲကို ကွန်ကရစ်လမ်းမကြီးကနေ ကွေ့ဝင်လိုက်ရပါတယ်။ မိတ်ဆွေ ညီလေးရဲ့ အဆိုအရတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဆိုရင် ဒီနေရာကို လူအရောက်အပေါက်နည်းသေးတဲ့အပြင် တောင်ကျရေကလည်း များလို့ ဒီအဝင်နေရာက ချောင်းလေးမှာ ရေတွေ အမြဲပြည့်နေတတ်တယ်။ တစ်ခါတလေဆိုရင် ကွန်ကရစ်လမ်းကိုတောင် ကျော်ပြီး ရေတွေ စီးနေတတ်တယ်တဲ့။ တောင်ပေါ်ထိတောင် တက်စရာမလိုဘဲ ဒီတောင်ခြေလေးမှာတင် ရေကစားလို့ရတယ်လို့ ဆိုပါတယ်။ အခု ကျွန်တော်မြင်ရတာတော့ မြောင်းသာသာလေး စီးနေတဲ့ ရေပါပဲ။ အဲဒီမြောင်းသာသာ စီးနေတဲ့ ရေနည်းနည်းလေးကိုမှ ထဘီရေရှားနဲ့ အားပါးတရ ခေါင်းလျှော်ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦးကိုလည်း မြင်မိပါတယ်။ သူကတော့ မြောင်းသာသာရေစီးနေတာကို ပြုပြင်ပိတ်ဆို့ထားတဲ့ ဘောင်လေးပေါ်ကနေ ရေခပ်ချိုးနေတာပါ။

မိတ်ဆွေ ညီလေး ပြောသလို အရင်ကလောက် ရေမစီးတော့ ရေမရှိတော့တဲ့ အဓိက အကြောင်းရင်းတွေထဲမှာ လူတွေရဲ့ သဘာဝတရားအပေါ် အစိုးရချင်စိတ်တွေ အားကြီးလွန်းနေတာလည်း ပါပါတယ်။ သဘာဝအတိုင်း စီးဆင်းသွားလာနေတဲ့ ရေကို ပိတ်ဆို့တားဆီးလိုက်တာဟာ သဘာဝကို အတင်းပြုပြင်ဖို့ ကြိုးစားသလို ဖြစ်ပြီး သူ့သဘာဝအလျောက်ဖြစ်ပျက်ပြောင်းလဲနေရမှာတွေဟာ မျှော်လင့်ထားသလိုမဖြစ်တော့ဘဲ အများကြီး ပြောင်းလဲသွားစေနိုင်တယ်လို့ ကျွန်တော်တော့ ထင်မိတယ်။


ဒီနေရာကို လာတဲ့လူတွေ များလာတဲ့အလျောက် စီးပွားလုပ်စားချင်သူတွေလည်း များလာတာတော့ မဆန်းပါဘူး။ ကွမ်းယာဆိုင်ကအစ ထမင်းဆိုင်၊ အရက်ဆိုင်အဆုံး ဆိုင်မျိုးစုံ ဒီနေရာကို ရောက်လာကြပါတယ်။ အမှတ်တရ ပစ္စည်းဆိုင်လေးတွေလည်း ရှိရဲ့။ ရေကူးဖို့ အဝတ်ပိုမပါရင်လည်း ချက်ချင်းဝယ်ဝတ်နိုင်အောင် ရောင်းပေးတဲ့ဆိုင်တွေရော၊ ဖိနပ်အကောင်းစားဝတ်လာမိလို့ တောင်တက်ဖို့ ခက်နေသူတွေ ချက်ချင်းဝယ်ဝတ်နိုင်မယ့် ဖိနပ်ရောင်းဆိုင်တွေရော၊ တောင်ပေါ်တက်ရင်း မောရင်သောက်ဖို့ ရေသန့်နဲ့ အအေးစုံ ရောင်းတဲ့ဆိုင်တွေအပြင် အဆာပြေစားဖို့ ဟိုဟိုဒီဒီ အစားစုံရောင်းတဲ့ဆိုင်လေးတွေပါ ရှိနေပါတယ်။ ကားနဲ့ ဆိုင်ကယ်တွေရပ်ဖို့ သတ်မှတ်ထားတဲ့နေရာလေးတွေရှိပါတယ်။ အဲဒီနေရာလေးတွေမှာ ရပ်ထားပြီး တောင်ခြေကနေ လမ်းလျှောက်တက်ရတယ်။ ပထမတစ်ခေါက်ရောက်ဖူးထားတာမို့ တောင်တက်ဖို့ အဆင်ပြေတဲ့ ဖိနပ်စီးခဲ့သလို လိုတာလေးတွေလည်း ကျောပိုးအိတ်ထဲထည့်ခဲ့တယ်။ တကယ်က အဲလောက် Seriously လုပ်နေစရာတော့ မလိုပါဘူး။ သူ့တောင်တက်လမ်းက ပြေပြေကလေးပါ။ စတင်ခါစမှာတော့ ကွန်ကရစ်လှေကားထစ်လေးတွေနဲ့ သက်တောင့်သက်သာ တက်လို့ရတယ်။ နောက်တော့ ရိုးရိုးမြေလမ်းကလေးဖြစ်သွားပြီး ကျောက်တုံးကျောက်ခဲတွေကို လှေကားထစ်လိုမျိုး မချောအောင် သတိထားရင်း နင်းတက်ရပါတယ်။


လမ်းတစ်ဖက်မှာ ခြောက်ကြီးဖြစ်ပြီး တစ်ဖက်ကတော့ တောင်နံရံပါ။ တောင်နံရံဆိုပေမယ့် လမ်းနဲ့ ကပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ဖက်က ခြောက်ကြီးကတော့ လမ်းနဲ့ ကပ်တဲ့နေရာတွေ ကပ်နေတာမို့ သတိနဲ့တော့ သွားရပါတယ်။ ခြေချောင်ပြီး လဲပြို ပြုတ်ကျသွားနိုင်လို့ပါ။ မောပြီး ခေါင်းမူးလို့လည်း မတော်တဆ ပြုတ်ကျသွားနိုင်ပါတယ်။ စတက်ပြီး ၅ မိနစ်လောက်အတွင်းမှာ ရေအိုင်နဲ့ ရေတံခွန်ငယ်လေးတွေရှိနေတဲ့ အဆင့်တွေကို စတွေ့ရပါမယ်။ ကိုယ်သွားနိုင်သလောက်လေးပဲ တက်ပြီး နှစ်သက်ရာအဆင့်က ရေအိုင်နဲ့ ရေတံခွန်တွေမှာ ရေဆော့ကစား နားနေ အပန်းဖြေနိုင်ပါတယ်။ ၃ ဆင့် ရေတံခွန်၊ ၅ ဆင့် ရေတံခွန်၊ ၈ ဆင့် ရေတံခွန် စသဖြင့် သူတို့ လမ်းလွှဲလေးတွေ အဆင့်ဆင့် စီစဉ်ပေးထားပါတယ်။ အဆင့်တိုင်းမှာ ရေအိုင်နဲ့ ရေတံခွန်ကိုရောက်ဖို့ ခြောက်ထဲကို ပြန်ဆင်းကြရပါတယ်။ အဆင့်တိုင်းမှာ စားသောက်ဆိုင်လေးတွေ ဖွင့်ထားကြပြီးသားမို့ ကဲသာကဲ လို့ ပြောရလောက်အောင်၊ အချိုရည်၊ အရက်သေစာ၊ ဘီယာ နဲ့ အစားအစာ လိုတာ ရစေနိုင်ပါတယ်။ ဒါကြောင့်လည်း မူးမူးနဲ့ ကခုန်နေကြတဲ့သူတွေ များပါတယ်။

ကျွန်တော်ကတော့ ဒီတစ်ခါ အပေါ်ဆုံးအဆင့်ထိ သွားမယ်လို့ ရည်မှန်းထားလို့ အရမ်းမောနေပေမယ့် ရအောင် ကြိုးစားတက်ဖြစ်ခဲ့တယ်။ ကိုယ်မောနေတာကို မေ့သွားအောင် ဘေးဘီက တောတောင်ရှုခင်းတွေကို ဓါတ်ပုံရိုက်လိုက်၊ ကိုယ့်ဟာကိုယ် Selfie ဆွဲလိုက်နဲ့ သွားရပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ၈ ဆင့် ရေတံခွန်ကို ရောက်ပေမယ့် ရေက ထင်သလို ပြာလဲ့မနေဘူး။ ရေလည်း မရှိသလိုမို့ ဒီတစ်ခါ ရေပြာလဲ့နေမယ်လို့ ထင်တဲ့ အပေါ်ဆုံးအထိ သွားချင်မိတာပါ။ အပေါ်ဆုံး ၁၀ ဆင့်ကို ရောက်တော့ မျှော်လင့်ထားသလို ရေပြာလေးတွေကို တွေ့ရတယ်။ လှလည်း တော်တော်လှပါတယ်။ စိတ်ထဲ မကျေနပ်တာက ထင်တာထက် ရေလာကစားနေတဲ့ လူတွေ အရမ်းများနေတာပဲ။ အဆင့် တစ်ခုတိုင်းမှာ ရေအိုင်နဲ့ ရေတံခွန်စီရောက်ဖို့ ခြောက်ထဲကို ပြန်ဆင်းရတယ်လို့ ဆိုခဲ့တဲ့အတိုင်း ဒီမှာလဲ တောင်နံရံတွေကို ကပ်ပြီး ဆောက်ထားတဲ့ ကွန်ကရစ်လှေကားတွေကို မချော်အောင် ထိန်းရင်း အောက်ဆင်းရပါတယ်။ အပေါ်စီးကနေ ဓါတ်ပုံတွေ ရိုက်လို့ ကောင်းလို့ အားရပါးရ ရိုက်ပြီး အောက်ဘက်ကို ဆင်းတော့ မြန်မာစကားကို ခပ်ဝဲဝဲပြောကြတဲ့ လူငယ်တစ်သိုက်ကတော့ အတော်လေး ကောင်းနေရှာတာကို ဦးဆုံးတွေ့ရပါတယ်။ ပြေးလွှားခုန်ပေါက်ရင်း ရေကန်နားမှာ ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားတဲ့ စားသောက်ဆိုင်အသေးလေးအနား ဘောကွင်းလာငှားနေတာကို တွေ့ရပြန်တယ်။ ဘောကွင်းတစ်ခုကို ၃၀၀ ကျပ်နဲ့ ငှားစားကြပါတယ်။


ကျွန်တော်တို့လည်း မောမောနဲ့ အဲဒီဆိုင်လေးမှာ ထိုင်ရင်း အောက်ဘက် မနီးမဝေးက ရေကစားသူတွေကို အမောဖြေအအေးသောက် ကြည့်နေလိုက်တယ်။ သူ့အုပ်စုနဲ့သူ စရင်းနောက်ရင်း ရေချိုး ပျော်ရွှင်နေကြတာက ကြည်နူးဖို့တော့ ကောင်းပါတယ်။ သမီးရည်းစားလေးတွေကလည်း ရေထဲမှာ လုံးလားထွေးလားနဲ့။ စားသောက်ဆိုင်ကလည်း ဂီတသံစဉ်လေးတွေနဲ့ အပြတ် ပံ့ပိုးပေးကြရှာပါတယ်။ ဘာတဲ့ "မာသား ဖာသား ဂျန်တဲယ်မန်း"။ ကွေးနေအောင်ကနေတဲ့ စောစောက လူငယ်အုပ်စုရဲ့ လက်ထဲမှာ ဝီစကီပုလင်းနဲ့ အမြည်းတွေနဲ့။ ကောင်လေးတွေနဲ့ ကောင်မလေးတွေကလည်း ထွေးလားလုံးလားနေရင်း ရေတွေနဲ့ ပက်လို့ ကျီဆယ်နေကြတယ်။ တစ်ဖက် တောင်နံရံကနေ ရေပါးပါးလေးဆင်းလာတာက ရေတံခွန်အငယ်စားလေးလို။ လူတချို့ ရေတံခွန်အောက်နားဝင်ရပ်ပြီး ရေပန်းမှာ ရေချိုးသလို ခံယူနေကြတယ်။ ရေအိုင်က တချို့နေရာတွေမှာ နက်ပေမယ့် တချို့နေရာတွေမှာတော့ ခါးလောက်ပဲ ရှိတာမို့ အောက်မှာ အနည်ထိုင်နေတဲ့ ထုံးအနှစ်တွေက လူတွေလမ်းလျှောက်လိုက်တာနဲ့ နောက်ကျိစွာ အပေါ်ကို တက်လာပြီး ရေက မပြာတော့။ ရေနက်လို့ လူမသွားတဲ့ နေရာလေးတွေမှာတော့ ကွက်ကွက်ကလေး ပြာနေတာ တွေ့ရပါတယ်။


ယောက်ျားလေးတွေကတော့ ပုဆိုးလေးတစ်ထည်၊ သဘက်လေးတစ်ထည်ရှိရင် အဝတ်လဲလို့ရပြီဆိုတော့ ဒီအတိုင်း ရေအိုင်ဘေးမှာ ကောက်လဲကြပေမယ့် မိန်းကလေးတွေကတော့ အဝတ်လဲခန်းထဲ ဝင်လဲကြပါတယ်။ အဝတ်လဲခန်းဆိုတာကလည်း ထရံလေးနဲ့ ဖြစ်သလိုဆောက်ထားတဲ့ အခန်းငယ်လေးပါ။ အိမ်သာကိုလည်း တောင်နံရံလေးတစ်နေရာမှာ ထရံလေးနဲ့ပဲ ဆောက်ထားပါသေးတယ်။

အရင်ကတော့ ဒီရေအိုင်က ဒီလောက်မကြီးဘူးလို့ သိရပါတယ်။ နောက်တော့ လူများများရေကစားနိုင်အောင် ထင်ပါရဲ့ သဲအိတ်တွေစီပြီး ပိတ်ချလိုက်တာ ခုလို ရေအိုင်ကျယ်ကျယ်ဖြစ်သွားတယ်။ တစ်ဖက်မှာလည်း သဲအိတ်တွေကနေ အောက်ဘက်ရေစီးတာတော့ နည်းသွားရှာပါတယ်။ ထုံးရေဖြစ်လို့ အဝတ်ဖြူဆိုရင် ညစ်သွားစေပြီး အဝတ်မည်းဆိုရင် ဖြူသွားစေတယ်ပြောလို့ ကျွန်တော့အဝတ်လေးတွေကို နှမြောပြီး ရေထဲ မဆင်းဖြစ်တော့ပါဘူး။ ဒီအတိုင်းလေးပဲ သူများအပျော်ကို ကိုယ့်အပျော်အဖြစ် ပြောင်းလဲခံစားရင်း သဘာဝရဲ့ ဆန်းကြယ်မှုတွေနဲ့ လူတွေရဲ့ စိတ်သဘောလေးတွေကို ထိုင်ကြည့်ဖြစ်နေခဲ့တယ်။


ခဏနေတော့ နိုင်ငံခြားသား ၂ ဦးနဲ့ နိုင်ငံခြားသူ ၁ ဦးတို့ ရောက်လာပြီး လေ့လာကြတယ်။ ရေကန်နားသွားကြည့်တယ်။ စားသောက်ဆိုင်ပြန်လာထိုင်တယ်။ သူတို့တွေက ဆိုင်က ဖွင့်ထားတဲ့ သီချင်းကို သဘောကျဟန် မတူဘူး။ နိုင်ငံခြား အက သီချင်းတွေအစား တစ်ခုခုကို တောင်းဆိုလိုက်တာ ဖြတ်ခနဲတွေ့လိုက်ရတယ်။ ခဏကြာတော့ ဘိုဖြူ ရဲ့ သီချင်းတစ်ပုဒ် ပြောင်းဖွင့်တယ်။ တစ်ပုဒ်မဆုံးသေးခင်မှာဘဲ နောက်တစ်ပုဒ်ကို ပြောင်းဖွင့်ပြန်တယ်။ ဒီတစ်ခါတော့ ရှမ်းအိုးစည်သံလေးတွေပါတဲ့သီချင်း။ နောက်တော့ မြန်မာသီချင်း နှစ်ပုဒ် သုံးပုဒ်လောက် ဆက်ဖွင့်တယ်။ စောစောက ကခုန်ချင်နေတဲ့ လူငယ်အုပ်စုက မနေနိုင်တော့ဘူး။ ထအော်ပါတယ်။ ဒီဂျေ ဖွင့်ပေးပါတဲ့။ ဆိုင်ရှင်က ဘာပြောတယ်မသိ၊ ခဏ ငြိမ်သွားပြန်တယ်။ သိပ်မကြာပါဘူး စောစောက နိုင်ငံခြားအကသီချင်းတွေ ပြန်ဖွင့်ပေးရှာပါတယ်။ လူငယ်အုပ်စုထဲက တစ်ယောက်က အော်ရင်း ပြေးလာတယ်။ "ဖော်ရိန်းနာတွေ ပြန်သွားပြီတဲ့ဟေ့" တဲ့။ ဘာရယ်မဟုတ် ကျွန်တော် ပြုံးလိုက်မိသွားတယ်။


အဲဒီရေပြာအိုင်အဆင့်ဆင့်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေက လျှပ်စစ်မီးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ဆောင်ကြရပါတယ်။ မီးစက်အားကိုးနဲ့ ရေခဲသေတ္တာ၊ ချက်ပြုတ်တာနဲ့ တီဗီ၊ သီချင်းဖွင့်တာတွေ လုပ်ကြရတာပါ။ ဒါကြောင့် အစားအသောက်တွေရဲ့ ဈေးက နည်းနည်းကြီးသလို၊ အစားကောင်း စားချင်လို့လည်း မရနိုင်ပါဘူး။ ရောင်းတာပဲ စားရပါတယ်။ မစားနိုင်ရင်တော့ ကိုယ့်ဟာကိုယ် အစားအစာတွေ သယ်လာရုံပါ။ ခက်တာက လူချည်းတက်တာတောင် မောနေတာ၊ အစားအသောက်တွေကို သယ်ပိုးလာရမယ်ဆိုရင်တော့ အတော်လေးခက်မယ်လို့ ကျွန်တော်တွေးမိပါတယ်။


ကိုယ်တိုင်စိတ်တိုင်းကျ အပန်းပြေပြီဆိုမှ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ အဲဒီကျမှပဲ နောက်ထပ် ၁၂ ဆင့် ရေတံခွန်သို့ဆိုတဲ့ လမ်းကြောင်းတစ်ခု ထပ်ရှိမှန်း တွေ့လိုက်ရပါတယ်။ တော်ပါပြီ။ ခုတောင် ဒူးချောင်နေတာ ထပ်မတက်ချင်တော့ပါဘူး။ နောက်များကြုံရင်ပေါ့ဆိုပြီး ပြန်ဆင်းခဲ့ပါတယ်။ အလာတုန်းက မိနစ် ၂၀ လောက် အချိန်ယူတက်ခဲ့ရပေမယ့် အပြန်တော့ မြန်မယ်ထင်ခဲ့တာ တကယ်တမ်းကျတော့ အပြန်ခရီးမှာလည်း ကျောက်တုံးတွေပေါ် နင်းလျှောက်ဆင်းရတာမို့ ခြေမချော်သွားအောင် တော်တော်လေး ဂရုစိုက် ဆင်းရပါတယ်။ ဒါတောင် မိုးမရွာလို့။ မဟုတ်ရင် အတော်လေး ချော်နိုင်တယ်။ ကျွန်တော်တို့ ပြန်ဆင်းတော့ နေ့လည် ၁ နာရီခွဲလောက်သာ ရှိသေးတော့ လာနေတုန်းလူတွေကလည်း အများကြီးပါ။ ပုံမှန်ဆိုရင်တော့ မနက် ၉ နာရီ ၁၀ နာရီလောက်မှာ လူတွေ စတက်ကြပြီး ညနေ ၄ နာရီလောက်မှာ ပြန်ဆင်းကြပါတယ်။


ဒီ ဒီးဒုတ်ရေပြာအိုင်ခရီးလေးက မြို့ပြမှာ ရုံးနဲ့အိမ်ကို ပြေးလွှားရင်း အားကစားလုပ်ဖို့ မေ့နေတဲ့ ကျွန်တော့ကို သတိအများကြီး ပေးလိုက်ပါတယ်။ ခဏလေးတက်ရုံနဲ့ မောဟိုက်နေတဲ့ ကျွန်တော်၊ ဘယ်လောက် အားကစားလုပ်ဖို့ လိုအပ်နေတယ်ဆိုတာ သတိပေးလိုက်သလို၊ ချွေးတွေ တလဟော ထွက်သွားလို့ အတော်လေး ပေါ့ပေါ့ပါးပါး နေလို့ကောင်းသွားတာလည်း ကျွန်တော့်ကိုယ်တိုင် အသိပါ။ ရေတွေထင်သလောက် ပြာမနေပေမယ့်လည်း ရေပြာတယ်ဆိုတာ အသိအမှတ်ပြုရလောက်တဲ့ အနေအထားတစ်ခုမှာ လူတွေရဲ့ သဘာဝကို လွန်ဆန်ဖြည့်ဆည်းမှုတွေကြားက သဘာဝယောင်ယောင် ဟန်ကို့ထားရတဲ့ ဒီးဒုတ်က ဘာပဲဖြစ်ဖြစ် မန္တလေးနဲ့ အနီးတစ်ဝိုက်က လူငယ်လူကြီးတွေရဲ့ အပန်းဖြေစခန်းတစ်ခုအဖြစ်တော့ နှစ်အနည်းငယ်အကြာထိ ရှိနေဦးမယ်လို့ ကျွန်တော်ထင်မိပါတော့တယ်။


သီဟလုလင်
၂၈ စက်တင်ဘာလ ၂၀၁၅
၁၁း၁၉ ည

1 comments:

ko 9 said...

ပြီးခဲ့တဲ့ ဇူလှိုင် လထဲ မှာေ၇ာက်ခဲ့တော့လဲေ၇ကမပြာတော့ဘူး :) မိုးတွင်းမို့ေ၇နောက် လို့ မပြာ တာလို့ ထင်ခဲ့မိတာလေ :)