ကျွန်းက ဂူကို အလည်သွားတဲ့အချိန်ကစပြီး သင်္ဘောကို အဲဒီနေရာမှာပဲ ကျောက်ချရပ်နားထားတာ နောက်တစ်နေ့ မနက်အထိပါပဲ။ သင်္ဘောပေါ်က ဗီယက်နမ်ညစာက ထမင်းလေးလည်း ပါတော့ ပိုပြီး စားမြိန်သွားတယ်။ နေ့လည်စာကို မဝတဝ စားလိုက်ရတာမို့ ခု ညစာကို တဖြဲနှဖြဲ စားကြပါလေရော။ ညစာ စားပြီးတော့ သင်္ဘောပေါ်မှာ အောင်ပွဲခံအထိမ်းအမှတ် ဆက်သောက်ကြမယ်လုပ်ကြပါတယ်။ ဒီနေရာမှာ ချန်ထားခဲ့တာလေး ထည့်ပြောရမယ်။ ကျွန်တော်တို့ Halong Bay ကို မလာခင်ကတည်းက ဟိုတယ်က ကြိုသတိပေးတယ်။ ဟိုမှာ အရက်တွေ ဘီယာတွေ ဝယ်သောက်ရင် ဈေးအရမ်းကြီးတယ်။ သောက်မယ်ဆိုရင် မြို့ထဲကနေ ကြိုဝယ်သွားဆိုပြီး သတင်းပေးထားလို့ ကျွန်တော်တို့က အရက်အပြင်းလည်း မကြိုက်တတ်တာကြောင့် မာလီဘူး တစ်ပုလင်းပဲ ဝယ်သွားလိုက်တယ်။ သင်္ဘောပေါ်ကျမှ အချိုရည်ဝယ်မယ်ပေါ့။ သင်္ဘောဆိပ်မရောက်ခင် ကားပေါ်မှာကတည်းက Guide က သတိပေးတယ်။ သင်္ဘောပေါ်ကို ဘယ်အရက်ပုလင်းမှ ယူသွားခွင့်မပြုဘူးတဲ့။ ကျွန်တော်တို့ကလည်း ဝယ်ပြီးသားပုလင်းကို နှမြောတော့ ဖွက်ယူသွားတယ်။ ခု သောက်ဖို့ကျတော့ အခန်းထဲမှာလည်း မသောက်ချင်၊ အပေါ်မှာပဲ ကြယ်လေးတွေကြည့်ရင်း စကားပြောသောက်မယ်ဆိုတော့ ခက်ပြီပေါ့။ ဉာဏ်နီဉာဏ်နက်တွေ ထုတ်လိုက်တော့ စောစောက သောက်ထားတဲ့ ဗော့ကာပုလင်းကို သတိရသွားတယ်။ အဲဒီထဲကို မာလီဘူးတွေ ပြောင်းထည့်၊ ပိုတာကို ရေသန့်ဗူးထဲထည့်ပြီး အပေါ်ကို ယူသွားရတယ်။ ရေခဲနဲ့ အချိုရည်ကို ထပ်မှာပြီး Cheating လုပ်သောက်ခဲ့ရတာကလည်း အမှတ်တရပါပဲ။ ပြီးတော့ အလွဲလေးတွေနဲ့ Proposal အကြောင်း ပြောရင်း ရီမောကြနဲ့ အဲ့ဒီညကတော့ ကြယ်တွေက ထင်တာထက် ပိုလက်နေသလိုပါပဲ။
ညဘက်အိပ်ရာဝင်တာ နောက်ကျလို့ မနက်အစောကြီး မထနိုင်တော့တာကြောင့် မနက် ၆ နာရီမှာလုပ်တဲ့ ထိုက်ကျိ သင်တန်း နဲ့ ကနူးလှေလှော်တဲ့ အစီအစဉ်တွေမှာ မပါဝင်လိုက်နိုင်ဘူး။ မနက် ၇ နာရီခွဲမှာ ကျွေးတဲ့ မနက်စာအချိန်အမီ ပြင်ဆင်လို့ သွားစားကြရတယ်။ ဒီနေ့တော့ ပတ်ဝန်းကျင်တစ်ခုလုံးက မြူတွေနဲ့ ဖုံးလွှမ်းနေပြီး ဘာမှကို မမြင်ရတော့ပါဘူး။ မနေ့ကလို ကျွန်းတောင်တွေက စိမ်းလန်းမနေဘဲ မြူတွေကြောင့် မှိုင်းမှိုင်းပျပျ ဖြစ်နေကြတယ်။ မနေ့ကတော့ သင်္ဘောဦးပိုင်းက စားပွဲမှာထိုင်ရင် ပူတယ်။ ဒီနေ့တော့ အေးနေပြန်ရော။ မနက်စာ ကော်ဖီပူလေးနဲ့ ဒီရာသီဥတုနဲ့က ကျွန်တော်တို့အဖွဲ့ကို ပြန်ပြီးလန်းဆန်းသွားစေတယ်။ သင်္ဘောကလည်း ပြန်လှည့်ထွက်နေပါပြီ။
မနက်စာ စားပြီးချိန်လောက်မှာ ခဏတဖြုတ်နားချိန်လေးရပြီး စက်လှေကြီးပေါ် ပြန်တက်ခိုင်းပါတယ်။ ဒီတစ်ခါကတော့ ရေလယ်မှာဆောက်ထားတဲ့ Pearl Farm ပုလဲမွေးမြူရေးလုပ်ငန်းကို သွားကြည့်ကြရမှာပါ။ ဧည့်သည်တွေကို အတော်လေး ဆွဲဆောင်တတ်တယ်လို့ပဲ ကျွန်တော်ကတော့ တွေးမိပါတယ်။ ရေလယ်မှာ ပလတ်စတစ်ရေပုံးအကြီးစားမျိုးကြီးတွေနဲ့ ကျွန်းအတုလုပ်ထားပြီး ပုလဲထုတ်လုပ်ရေးလုပ်ငန်း၊ ပုလဲလက်ဝတ်ရတနာအရောင်းဆိုင်၊ စားသောက်ဆိုင်၊ အလုပ်သမားတန်းလျား စတာတွေကို ကြီးကြီးမားမားဖန်တီးဆောက်လုပ်ထားပါတယ်။ ဒီ Pearl Farm ကို စရောက်ပြီဆိုတာနဲ့ အရင်ဆုံးလိုက်ပြတာက ပုလဲပြတိုက်ပါ။ ပုလဲတစ်လုံးရဖို့ ဘယ်လိုအဆင့်ဆင့်လုပ်ဆောင်ရတယ်ဆိုတာတွေနဲ့ ပုလဲမွေးမြူဖို့ ဘယ်လိုပစ္စည်းကိရိယာတွေလိုအပ်သလိုဆိုတာတွေကို ပြတိုက်အသွင် ဖန်တီးပြသထားတာ ဖြစ်ပါတယ်။
အဲဒီပြတိုက်ငယ်လေးမှာ Guide က ဘယ်ပစ္စည်းက ဘယ်မုတ်ကောင်အရွယ်အစားအတွက်သုံးတယ်၊ ပုလဲအရောင် ဘယ်နှမျိုး ရှိသလဲ စတာတွေကို ရှင်းပြပေးပါလိမ့်မယ်။ ပြီးတာနဲ့ နောက်ဘက်ကနေ ထွက်လို့ တကယ့် ပုလဲမွေးမြူထားတဲ့ အကွက်တွေကို ရောက်သွားပါမယ်။ မွေးထားတဲ့ မုတ်ကောင်တွေကို ခြင်းတွေ၊ ဇကာတွေကြားကနေ ဆွဲထုတ်ပြသပေးပြီး ဘယ်အကောင်ကတော့ ဘယ်နှစ်နှစ်ရှိနေပြီဆိုတာကို ရှင်းပြပေးပါတယ်။ အဲဒီကနေ ပုလဲထုတ်လုပ်တဲ့ဘက်ကို ဆက်သွားပြီး မုတ်ကောင်တွေကို သန့်စင်ထုခွဲပုံတွေကို ပြပါတယ်။ အနံ့ ညှီစို့စို့လေး ရပါလိမ့်မယ်။ အဲဒီနေရာကို ကျော်တာနဲ့ အတွင်းထဲမှာ ဆက်တင်အကျအနပြင်ဆင်ထားပြီး သရုပ်ပြကောင်လေး နှစ်ယောက် သက်ဆိုင်ရာ စားပွဲတွေမှာ မုတ်ကောင်ကို ခွဲလို့ ပုလဲဖြစ်အောင် ကော်စေ့လိုမျိုး အစေ့လေးတွေ ထည့်သွင်းပေးတဲ့ပုံကို လက်တွေ့ ပြသပေးပါတယ်။ အဲဒီလို မုတ်ကောင်ထဲ အစေ့ထည့်လို့ ပုလဲဖြစ်အောင် ဖန်တီးပုံကို ပြသပြီးရင် တစ်ဆက်တည်း အပြင်ဘက်မှာ ရှိနေတဲ့ ပုလဲထုတ်ယူပုံ သရုပ်ပြမှုကို ဆက်ပြီး လေ့လာကြရပါတယ်။ Guide တွေက သူတို့ပြင်ဆင်ပေးထားတဲ့ ငါးကန်လို မှန်ကန်ကြီးထဲကနေ ကြိုက်တဲ့မုတ်ကောင်တစ်ကောင်ကို ရွေးဖို့ ဧည့်သည့်တစ်ယောက်ယောက်ကို ပြောမယ်။ ဧည့်သည်က ရွေးပေးတဲ့ မုတ်ကောင်ကို ဆယ်ယူပြီး လက်တွေ့ ခွဲခြမ်းလို့ အထဲက ပုလဲကို ထုတ်ယူပြတယ်။ အမျိုးအစားကောင်း၊ မကောင်းကို ရှင်းပြပေးတယ်။ ဒီအစီအစဉ်လေးပြီးတော့မှ ထုံးစံအတိုင်း ဈေးရောင်းပါတယ်။ ဆိုင်ကြီးထဲမှာ ပုလဲအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ လက်ဝတ်ရတနာမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကျွန်တော့အထင်ကတော့ မြန်မာပြည်ထက် ဈေးကြီးတယ်။ ပုလဲအရောင်းဆိုင်ကနေ ထွက်လို့ အပေါ်ပြန်တက်ရင် စားသောက်ဆိုင်တစ်ခု ရှိပါတယ်။ အဲဒီကနေ တစ်ဘက်ကို ကျော်မှ စောစောဆင်းလာတဲ့ စက်လှေကပ်ထားတဲ့နေရာကို ရောက်တာပါ။
Pearl Farm ကနေ စက်လှေနဲ့ သင်္ဘောဆီကို ပြန်လာပြီး ခဏ နားကြပါတယ်။ သိပ်မကြာပါဘူး Guide က စားသောက်ခန်းထဲ လူပြန်စုခိုင်းပြီး Cooking Class စ ပါတယ်။ ချက်ပြုတ်သင်တန်းသာဆိုတယ် တကယ်တော့ အသင့်လုပ်ပြီးသားနီးပါးကိုယ်မှ ကိုယ်က နှမ်းဖြူးရတာမျိုးပါ။ ဗီယက်နမ်အစားအစာထဲက ကော်ပြန့်လိပ်လို ဟာမျိုးကို ကိုယ့်ဟာကိုယ်လိပ်ပြီး စားကြရတာ။ ဆန်နဲ့လုပ်ထားတဲ့ ကော်ပြန့်အဖတ်ပါးပါးလေးတွေပေးတယ်။ အဲဒီပေါ်မှာ သူတို့ပါးပါးလှီးပေးထားတဲ့ မုန်လာဥနီ၊ ကြက်ဥကြော်၊ မုန့်ဟင်းခါးဖတ် (မုန့်ဖတ်)၊ ပူစီနံ စတဲ့ အရွက်တွေထည့်ပြီး ကော်ပြန့်လိပ်လို လိပ်စားကြရတာပါ။ ဒီအစီအစဉ်လေးပြီးတာနဲ့ ချက်ချင်း နေ့လည်စာအတွက် ပြင်ဆင်လို့ နေရာယူကြရပါတယ်။ နေ့လည်စာ မစားခင်ကတည်းက အခန်းတွေကနေ Check out ထွက်ပေးကြရပါပြီ။ အထုတ်တွေကိုတော့ အောက်ထပ်က Reception ရှေ့မှာ ပုံထားပေးတယ်။ သူတို့တွေက နောက်ထွက်မယ့် ခရီးစဉ်အတွက် အခန်းသန့်ရှင်းရေးတွေ စလုပ်နေကြပြီပေါ့။
နေ့လည်စာကိုလည်း ဗီယက်နမ်အစားအစာတွေပဲ ကျွေးပါတယ်။ ခို ခေါက်ဆွဲကို ကြိုက်သလောက် စားနိုင်ဖို့ ပြင်ဆင်ချက်ပြုတ်ပေးပါတယ်။ ဒီတစ်မျိုးကလွဲရင် ကျန်တာက ဟင်းအနေနဲ့ မရှိတော့ပါဘူး။ ကြက်ဥကြော်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် တို့လို အလွယ် စားလို့ရတဲ့ ဟာမျိုးတွေနဲ့ ထမင်းကြော် လိုမျိုးတွေ ဖြစ်သွားပါတယ်။ မနေ့က နေ့လည်နဲ့ ညပိုင်းကျွေးတာတွေက ပိုစားကောင်းပါတယ်။ နေ့လည်စာပြီးတော့ ကိုယ်ပိုင်နားချိန်ဖြစ်သွားပေမယ့် အခန်းထဲနေဖို့ မဖြစ်နိုင်တော့လို့ အပေါ်ထပ်က နေပူစာလှုံတဲ့ထိုင်ခုံတွေနဲ့ စားသောက်ခန်းက စားပွဲတွေမှာပဲ နားနေကြရတယ်။ မြူတွေကတော့ နည်းနည်းပါးလာပါတယ်။ ပတ်ဝန်းကျင်ကို မြင်ရစ ပြုလာပါပြီ။ ပုံမှန်အားဖြင့် တစ်ညအိပ် နှစ်ရက်ခရီးကိုပဲ ဧည့်သည်တွေသွားကြတာများပေမယ့် တချို့က နှစ်ညအိပ် သုံးရက်ခရီးကို သွားကြပါတယ်။ အဲဒီအခါမှာတော့ ဒုတိယနေ့ ညနေပိုင်းနဲ့ နောက်တစ်ရက်မနက်ပိုင်းအတွက် သွားလည်မယ့် အစီအစဉ်သစ်တွေ ရှိပါတယ်။ ဥပမာ ကျွန်းတစ်ခုပေါ်က ငါး ပုစွန်မွေးမြူရေးလုပ်ငန်းကို သွားကြည့်တာမျိုးလိုတွေ ပါဝင်ပါတယ်။ သင်္ဘောဝန်ထမ်းတွေကလည်း ကျသင့်ငွေတွေ တွက်ချက်ရင်း အလုပ်ရှုပ်နေပါတယ်။ တစ်ချိန်လုံး စားခဲ့သောက်ခဲ့တာတွေကို ဒီအတိုင်းပဲ မှတ်ထားပေးပြီး သင်္ဘောကမ်းကပ်ခါနီးမှ စာရင်းရှင်းတာဆိုတော့ တချို့လည်း ဝေဝေဝါးဝါးနဲ့ စကားများတဲ့ နိုင်ငံခြားသားတွေလည်း တွေ့ရပါတယ်။ နေ့လည် ၁၁ နာရီ ဝန်းကျင်လောက်မှာ သင်္ဘောဆိပ်ကို ပြန်ရောက်လာပြီးတော့ စက်လှေတဆင့်စီးပြီး ကမ်းပေါ်တက်ရပါတယ်။ အဲဒီမှာ ဟနွိုင်းပြန်မယ့် ကားကို တစ်ခါ စောင့်ကြရပါတယ်။ သိပ်အကြာကြီးတော့ စောင့်စရာမလိုလိုက်ပါဘူး။ ကိုယ်တွေအဖွဲ့ ပြန်မယ့်ကားရောက်လာပါတယ်။ ကားပေါ်တက်ပြီး ဟနွိုင်းပြန်မယ့် ၃ နာရီခရီးအတွက် စိတ်မောကြရပြန်ပါတယ်။
Halong ကနေ ပြန်တဲ့ခရီးစဉ်တလျှောက် လယ်ကွင်း၊ စပါးခင်းတွေ အများကြီးတွေ့ရပါတယ်။ သိပ်သာယာတာပဲလို့ မှတ်ချက်ချမိတယ်။ ပြီးတော့ ဟနွိုင်းဒေသဘက်က ထုံးစံအတိုင်း အိမ်ပြားချပ်ချပ်လေးတွေ ရှေ့ဘက်မျက်နှာစာကျဉ်းပြီး နောက်ကို အလျားရှည်တဲ့ အိမ်ပုံစံဖွဲ့စည်းမှုတွေ။ သူတို့က မျက်နှာစာမြေအကျယ်က ဈေးကြီးလို့ ရှေ့မျက်နှာစာကျဉ်းကျဉ်းနဲ့ နောက်ကို ရှည်ရှည်ဆောက်ကြတယ်လို့ သိရပါတယ်။ အထပ်အမြင့်ကလည်း အများဆုံး ၃ ထပ်လောက်ပါပဲ။ အဲဒီလိုနဲ့ တစ်နာရီခွဲလောက် ကားမောင်းပြီးတော့ ခဏနားတဲ့ဆီကို ရောက်ပါတယ်။ ဒီတစ်ခါလည်း အသွားတုန်းကလိုပဲ ကားကြီးတွေအများကြီး လာနားကြတဲ့နေရာတစ်ခုပါပဲ။ ပန်းချီ၊ ပန်းပုတွေလည်း ရှိသလို၊ အဝတ်အထည်၊ ဖိနပ်၊ လက်ဝတ်ရတနာ၊ အစားအစာ အစုံအလင်ရတဲ့ Shopping Center ကြီးတစ်ခုပါ ပါဝင်တဲ့နေရာတစ်ခုကို ခေါ်လာပါတယ်။ အတွင်းထဲမှာကို အစုံအလင်ရှိနေတဲ့အပြင် အပြင်ဘက်ခြမ်းမှာလည်း အလွယ်ဝယ်စားနိုင်တဲ့ ကြက်အူချောင်၊ ဝက်အူချောင်းကင်တွေ၊ သစ်သီးတွေ ရောင်းတဲ့နေရာ ရှိပါတယ်။ အဲဒီမှာတော့ နာရီဝက်လောက်အထိ အချိန်ပေးပြီးနေခိုင်းပါတယ်။ အဲဒီကနေမှ ဟနွိုင်းမြို့ထဲကို နောက်ထပ် တစ်နာရီခွဲလောက် ကားစီးရပြီး အေးချမ်းရိုးရှင်းတဲ့အသွင်အပြင်နဲ့ ဆိုင်ကယ်ပေါတဲ့ ဟနွိုင်းမြို့ကလေးကို ညနေ ၄ နာရီလောက်မှာ ပြန်ရောက်လာခဲ့ပါတယ်။
ဟနွိုင်းကိုရောက်တုန်းက တည်းခဲ့တဲ့ Symphony Hotel မှာပဲ ပြန်တည်းကြပါတယ်။ ဒီညကိုတော့ ဟနွိုင်းမြို့ရဲ့ ညဈေးလေးပဲ ပြန်လမ်းလျှောက်လို့ ပေါက်စီလေးဝယ်စားရင်း အိပ်ရေးဝအောင် စောစောအိပ်ပစ်လိုက်တယ်။ မနက်ဖြန်မနက်ဆိုရင် ဟိုချီမင်းကို ပြန်သွားရတော့မှာလေ။ ဟိုချီမင်းမှာလည်း ဘယ်လိုလည်စရာတွေရှိမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ပဲ အဲဒီနေ့က စောစောအိပ်ပျော်သွားခဲ့တယ်။
သီဟလုလင်
၁၃ မေလ ၂၀၁၆
0 comments:
Post a Comment