Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, June 29, 2016

လှည်းကူးဘက်က ထူးခြားအသားဟင်းတွေရောင်းတဲ့ဆိုင်

ကိုကြီးကျော်ရဲ့ ပွင့်ဦးသစ္စာ ထန်းရည်ဆိုင် ရဲ့ မျက်နှာစာ

ဒီနေ့ ကျွန်တော်တော့ အလုပ်ကိစ္စနဲ့ လှည်းကူး ဘက်ရောက်လာတယ်။ ဒီဘက်ရောက်တော့ "ထူးထူးခြားခြားအကောင်သားလေးတွေနဲ့ ထန်းရည် ရောင်းတဲ့နေရာကိုသိတယ်။ နေ့လည်စာစားမလား" ဆိုလို့ စီစဉ်ပေးသူတွေနောက် လိုက်လာခဲ့လို့ ဒီစားသောက်ဆိုင်လေးကို ရောက်ဖြစ်ခဲ့တာပါ။


"ကိုကြီးကျော်ရဲ့ ပွင့်ဦးသစ္စာ" ထန်းရည်ဆိုင် က လှည်းကူး၊ ဖောင်ကြီး လမ်းဆုံကနေ ဖောင်ကြီးဘက်ကို သွားရတယ်။ အဲဒီမှာ စခန်းကြီးရွာ၊ စခန်းကြီးလမ်းပေါ်မှာပဲ လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ မြင်သာထင်သာ တည်ရှိပါတယ်။ လမ်းပေါ်မှာလည်း ဆိုင်းဘုတ်အသေးတစ်ခုကို တိုင်နဲ့ချိတ်လို့ မြင်သာအောင် လုပ်ထားပေးသေးတယ်။

လမ်းဘက်အခြမ်းကနေ ကားသွားရင်း မြင်သာအောင်

ဆိုင်ရှေ့မှာ ကားရပ်စရာနေရာ တော်တော်များများလေး ရှိပါတယ်။ အရိပ်ကောင်းကောင်းအပင်ကြီးတွေလည်းရှိတော့ အေးအေးချမ်းချမ်းပဲ။ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ထိပ်ဆုံးမှာ ဟင်းအိုးတွေကို တန်းစီပြီးတွေ့ရလိမ့်မယ်။ လူသိပ်မများလို့ ဆိုင်က ဝန်ထမ်းလေးတွေက ဖောဖောရွေရွေနဲ့ သိချင်တာတွေကို မမောတမ်းရှင်းပြပေးနိုင်ပါတယ်။ မြို့ထဲမှာ မရနိုင်တဲ့ အသားဟင်းအတော်များများကို ရနိုင်တာက ဒီဆိုင်ရဲ့ ထူးခြားချက်ပါ။ ကျွန်တော်ကတော့ အဲလို အသားဟင်းထူးထူးဆန်းဆန်းတွေ မစားရဲလို့ သိပ်မစားဖြစ်ခဲ့ပါဘူး။ ကိုယ်စားတတ်တာလေးထဲကပဲ ရွေးမှာဖြစ်တယ်။

ငါးရှဥ့်ဟင်း

ရေဘဲကြော်၊ ခါငှက်ကြော်

ကြောင်သားဟင်း

ချေသားဟင်း အစပ်ချက်

မြွေသားဟင်း





ဖားသား ကင်းပွန်ရွက်ကြော်

ဖြူသားဟင်း

ဆိုင်မှာ ရနိုင်တာက ငါးမြွေထိုးကြော်၊ ဆတ်သားဖုတ်၊ ဖားကြော်၊ ဖားနဲ့ ကင်းပွန်ချဉ်ရွက်ကြော်၊ ငှက်ကြော်အမျိုးမျိုး (ဗျိုင်း၊ ရေဘဲ၊ ခါ၊ ချိုး) ကြွက်ကြော်၊ ကြောင်သားဟင်း၊ ငါးရှဥ့်ဟင်း၊ ဖြူဟင်း၊ ချေဟင်း၊ မြွေဟင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို ရှားပါးအသားဟင်းတွေ မြည်းစမ်းလိုသူတွေအတွက်ကတော့ ရန်ကုန်နဲ့လည်း သိပ်မဝေးလို့ သွားစားကြည့်နိုင်ကြောင်း ညွှန်းဆိုပေးချင်တယ်။

ခြံဝန်းလေးထဲက ဓနိမိုး စားပွဲလေးတွေနဲ့ ထိုင်ချင်စရာ

ကိုကြီးကျော် လို့ပဲ အများခေါ်ကြတဲ့ ထန်းရည်ဆိုင်က ထန်းရည်

ငါးမြွေထိုးကြော်

ချေသားဟင်း

မြည်းလို့ကောင်းတဲ့ ဆတ်သားဖုတ် သံပုရာညှစ်

ဖားသားကြော်

ကြွက်ကြော်

ဗျိုင်းကြော်၊ ချိုးကြော်



ထန်းရည်လည်း ကောင်းပါတယ်။ ဓနိမိုး တဲလေးတွေနဲ့ ခြံဝင်းထဲမှာ ခင်းကျင်းထားတာကလည်း စိတ်ကူးယဉ်ချင်စရာပါ။ အခြား ဘီယာလို ယမာကာနဲ့ သံဗူးတွေလည်း ရပါသေးတယ်။ ဒီဆိုင်မှာ ဒီအစားအစာတွေ ကိုယ်မစားရဲလို့ ပုံမှန်အသားဟင်း စားချင်ရင်တော့ ကြက်သားကာလသားချက်၊ ကြက်ကြော်တို့ကို ချက်ချင်းစီမံပေးနိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥကြော်လိုမျိုးလည်း ရပါတယ်။ ဒီဆိုင်လေးက ထန်းရည်သောက်ရင်း ထူးခြားတဲ့အသားတွေ မြည်းစားဖို့ ကောင်းမွန်အဆင်ပြေတဲ့နေရာလေးမှာရှိပါကြောင်းနဲ့ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်မှုရှိပါကြောင်း ထူးခြားအသားဟင်းကြိုက်သူတွေကို သတင်းပေးလိုက်ချင်ပါတယ်။

သီဟလုလင်
၂၁ ဇွန်လ ၂၀၁၆
(Foodaholic Myanmar အတွက် ရေးသားခဲ့သည်။)

0 comments: