တလောက ကျွန်တော် မန္တလေးဘက် အလည်ရောက်တုန်း မုံရွာကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။ ကျွန်တော် မလိုက်လည်းဖြစ်တဲ့ ဒီခရီးကို အားကြိုးမာန်တက် လိုက်သွားမိတဲ့ အဓိက အကြောင်းကတော့ အညာဒေသတွေရဲ့ အစားအသောက်လေးတွေ တွေ့လိုတွေ့ငြား လိုက်ကြည့်လိုက်စားချင်မိတာကြောင့်ပါပဲ။ မန္တလေးကနေ မနက်ပိုင်းထွက်လာခဲ့တာ ညောင်ပင်ဝန်းရွာကိုရောက်တော့ နေ့လည် ထမင်းစားချိန်ဖြစ်နေပြီ။ ညောင်ပင်ဝိုင်းမှာက ခုလို မုံရွာဘက်ထွက်လာတဲ့ကားတွေ တစ်ထောက်နားလေ့ရှိကြတယ်။ အမှတ်တရ လက်ဆောင်၊ ဒေသထွက်အစားအစာလေးတွေ ဝယ်တဲ့နေရာဆိုလည်း မမှားဘူးပေါ့။ ဒီညောင်ပင်ဝန်းက နောက်တစ်ခု နာမည်ကြီးတဲ့အကြောင်းရှိသေးတယ်။ အဲဒါက မြန်မာထမင်းပုံစားအနေနဲ့ စားလို့ကောင်းသလို၊ အကြော်မျိုးစုံ ဝယ်စားလို့ရနိုင်တာပါပဲ။
ကျွန်တော်တို့က ရှမ်းထမင်းပုံစားနဲ့က ရင်းနှီးနေတာကြာပြီ၊ မြန်မာထမင်းပုံစားကတော့ တွေ့ရခဲတယ်ပေါ့။ အမှန်ပြောရရင် ကျွန်တော်က အဲဒီရက်တွေက ထမင်းစားရင် အနှစ်တွေနဲ့ မစားချင်တာကြောင့် ထမင်းစားဖို့ ကားနားတဲ့အချိန် "ရွှေအင်းဝ" ဆိုင်ထဲဝင်ပြီး သူတို့ဆိုင်ထဲက စားပွဲတွေပေါ် အသင့်ခင်းကျင်းထားတဲ့ အကြော်မျိုးစုံစီ မျက်စိကရောက်သွားတယ်။ အကြော်မျိုးစုံဆိုလို့ ရန်ကုန်မှာရောင်းသလို ဗယာကြော်၊ ဘူးသီးကြော်၊ အားလူးကြော် တွေလို့မထင်နဲ့ဦးနော်။ သူတို့ အကြော်စုံက ထမင်းနဲ့ တွဲစားလို့အဆင်ပြေတဲ့ ငုံးကြော်၊ စာကလေးကြော်၊ ကြက်ကြော် စတဲ့ ဟင်းအဖြစ် စားလို့မြိန်တဲ့ အကြော်မျိုးစုံပါ။
ဒီတော့ ကျွန်တော်လည်း လိုက်လိုက်ဖက်ဖက်ဖြစ်အောင်ဆိုပြီး ထမင်းဆီဆမ်းကို ကြက်ဥမကျက်တကျက်ကြော်လေးနဲ့ မှာလိုက်တယ်။ သူတို့က ထမင်းဆီဆမ်းထဲကို မြေပဲကြော်လေးတွေပါ ဖြူးပေးသေးတော့ ပိုလို့ စားကောင်းနေသေးတယ်။ အစပ်လို့မှာရင် ငရုတ်သီးကြော်လေး ဖြူးပေးပါတယ်။ ဟင်းသက်သက် မမှာတော့ဘဲ၊ ကိုယ့်ရှေ့မှာ ရှိနေတဲ့ထဲက အကြော်တွေကို စိတ်ကြိုက်ရွေးစားလိုက်တယ်။ သူက ပန်းကန်သတ်သတ်စီနဲ့ အကြော်မျိုးစုံကို ထည့်ပေးထားပေမယ့် ကိုယ်က တစ်ချောင်းစားရင် တစ်ချောင်းစာ၊ တစ်ခုစားရင် တစ်ခုစာပဲ ပေးရတာပါ။ ဒီတော့ ကိုယ်မကြိုက်တဲ့ အကြော်ဆိုရင်လည်း တစ်ချောင်း တစ်ခု လောက်နဲ့ တော်လိုက်လို့ရတယ်။ နှမြောနေစရာမလိုဘူးပေါ့။ ကျွန်တော်က ငုံးတို့ စာကလေးတို့တော့ မစားရဲဘူး။ ကြက်ကြော်ကိုလည်း အတုံးကြီးတွေ (ရင်ပုံ၊ ပေါင်) ချပေးထားပြီး ကိုယ်က နွှင်ပေးဖို့ တောင်းဆိုရင် ဆိုင်က ကလေးမလေးတွေက နွှင်ပြီး ပြန်ပေးပါတယ်။ တစ်တုံး၊ နှစ်တုံး ကြိုက်သလောက်နွှင်ခိုင်းလို့ရတယ်။
ဒီအကြော်တွေထဲမှာ ကျွန်တော် အရသာတွေ့မိတာက နို့ခဲကြော်၊ ဆိတ်သားလုံးကြော်နဲ့ အသည်းအမြစ်ကြော် တွေပဲ။ ဆိတ်သားလုံးတွေကိုတော့ လေးလုံးတွဲပြီး တုတ်ထိုးထားတယ်။ ပုဇွန်ကြော်၊ ငါးသေးကြော်လေးတွေလည်း စားကောင်းတယ်။ သူတို့ကိုလည်း ၄ ကောင်တွဲ ၅ ကောင်တွဲလေးတွေ တုတ်ထိုးကြော်ရောင်းသလို၊ ဂျုံနဲ့ကပ်ကြော်ပြီးလည်း ရောင်းသေးတယ်။ အဲ့ကျမှ စ စားဖူးပြီး လျှာလည်သွားတာက တွင်းပိုးကြော်ပါပဲ။ တော်တော်လေး စားကောင်းတယ်။ တွင်းပိုးကြော်ကို ပုဇွန်ခွက်ကြော်ပုံစံလေး အဝိုင်းကြော်ထားတယ်။
အဲဒီနေ့ကတော့ ဗိုက်သိပ်မဆာပေမယ့် စားကောင်းလို့ အတော်လေး စားဝင်သွားတယ်။ အဲလောက်ကောင်းမယ်လို့ မမျှော်မှန်းခဲ့မိတာတော့ အမှန်ပါ။ ဒါနဲ့ ရှင်းမယ်လုပ်ပြီး ဈေးမေးတော့ အတော်လေး သက်သာနေပြန်တာ သိလိုက်ရတော့ ပိုပြီး အမှတ်ပေးမိသွားတယ်။
ငါးကြော် - ၅၀၀ ကျပ်၊ ကြက်ကြော် - ၁၅၀၀ ကျပ်၊ ငုံးကြော် - ၁၀၀၀ ကျပ်၊ ဆိတ်လုံးကြော် - ၂၀၀ ကျပ်၊ တွင်းပိုးကြော် - ၂၀၀ ကျပ်၊ ပုဇွန်ကြော် - ၂၀၀ ကျပ်၊ နို့ခဲကြော် - ၂၀၀ ကျပ်၊ စာကလေးကြော် - ၂၀၀ ကျပ်၊ ကြက်မြစ်ကြက်သည်းကြော် - ၄၀၀ ကျပ်၊ ကြက်အူချောင်း - ၂၀၀ ကျပ်၊ ထမင်းဆီဆမ်း (ကြက်ဥကြော်) - ၈၀၀ ကျပ် ပါတဲ့ဗျာ။
အကြံပြုချင်တာလေး တစ်ခုတော့ရှိတယ်။ လက်ဆေးဖို့ နေရာသန့်သန့်လေး စီစဉ်ပေးထားရင် ပိုကောင်းမယ်။ ကျွန်တော် လက်သွားဆေးဖို့ သွားတဲ့အချိန် လက်ဆေးစရာနေရာအနေအထားက သိပ်အဆင်မပြေလှဘူး။ ဒါလေးတစ်ခုပါပဲ။
အဲ့ဒီဘက်ကို အလည်ရောက်ခဲ့မယ်ဆိုရင်တော့ အရသာကောင်းပြီး ဈေးချိုတဲ့ ညောင်ပင်ဝန်းက ထမင်းဆိုင်လေးတွေဆီ စားကြည့်လှည့်ပါဦး သူငယ်ချင်းတို့ရေ။
သီဟလုလင်
၈ ဇွန်လ ၂၀၁၆
(Foodaholic Myanmar page အတွက် ရေးသားခဲ့သည်။)
0 comments:
Post a Comment