ခရီးသွားစာလေးတွေနဲ့ အဆက်ပြတ်နေတာ ကြာတော့ သွေးပူလေး ပြန်လုပ်တဲ့အနေနဲ့ ဒီစာလေး ရေးဖြစ်တာ။
ဒီတစ်ခေါက် ရှမ်းပြည်တောင်ပိုင်း က အလှဆုံးနေရာတွေ အကုန်ရောက်ခဲ့တယ်လို့ ဆိုရလောက်အောင် တော်တော်သွားဖြစ်ခဲ့တယ်ဗျာ။ အားလုံးကို တစ်ခါတည်း ရေးတာထက် တစ်နေရာချင်း၊ အစီအစဉ်တစ်ခုချင်းကို ပြည့်ပြည့်စုံစုံနဲ့ ဖြည်းဖြည်းချင်းပဲ ရေးတာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။
ရှမ်းပြည်တောင်ပိုင်းကို ရောက်ဖြစ်တိုင်း အမြဲလိုလို ရောက်သွားတတ်တဲ့နေရာတစ်ခုက "ဘဝသံသရာ" တံတား ကိုပဲ။ သာစည် နဲ့ ရွှေညောင် ကြား မိုင်တိုင် (၃၇၉/၇-၈) မှာ ရှိတဲ့ ရထားအတွက် သုံးတဲ့ တံတားပါ။ တံတားအရှည်က ပေ (၂၀၀) ရှိပြီး အမြင့်က (၆၂) ပေ ရှိတယ်လို့ သိရပါတယ်။
အထူးခြားဆုံးအချက်တစ်ခု ဒီ "ဘဝသံသရာ" အမည်တွင်တဲ့ တံတားက လာမယ့် ၂၀၁၇ ခုနှစ်ဆိုရင် နှစ်ပေါင်း (၉၀) တိတိ ပြည့်ပြီ ဆိုတာပါပဲ။ တံတားဘိုးဘိုးလို့ ခေါ်ရမှာပေါ့နော်။ ဒီတံတားကို လွန်ခဲ့တဲ့ ၁၉၂၇ ခုနှစ်က တည်ဆောက်ခဲ့တာဆိုတော့ ခုထိ အချိန်ကြာကြာ ခံနိုင်ရည်အားကောင်းနေတာကလည်း စိတ်ဝင်စားစရာပါ။ သူက အပေါ်မှာ ရထားလမ်းတစ်ခု၊ အောက်မှာ ရထားလမ်းတစ်ခု ဖြတ်ထားတဲ့ ပုံစံလေး တည်ဆောက်ထားတယ်။ ဒီတံတားပေါ်ကနေ ပတ်ဝန်းကျင်ကိုကြည့်ရင် ရှမ်းပြည်ရဲ့ ကောင်းကင်ပြာကြီးနဲ့ စိမ်းမြနေတဲ့ တောင်တန်းလေးတွေကို လွတ်လပ်လဟာ မြင်တွေ့နိုင်လို့ ရှုခင်းသာ နေရာတစ်ခုလိုဖြစ်နေတယ်။
ကလော ကနေ တောင်ကြီးကို ရထားနဲ့ သွားရင် ရှုခင်းတွေက အရမ်းလှတယ်ဆိုတာ သွားဖူးတဲ့လူတိုင်း ပြောနေကြပေမယ့် ရထားနဲ့ သွားတဲ့လူက နည်းပါးပါသေးတယ်။ သွားတဲ့သူ အများစုကလည်း နိုင်ငံခြားသားတွေပါ။ ကျန်တာကတော့ ဒေသခံတွေပေါ့။ ဒီတံတားရှိတဲ့ သာစည် နဲ့ ရွှေညောင် ဘူတာတွေ ကြားမှာကို ရထားကူးတံတားပေါင်း (၄၁၇) စင်း ရှိပေမယ့် ဘာကြောင့် ဒီတံတားကိုမှ လူတွေ ရွေးလာကြလဲ။ ဘာလို့ "ဘဝသံသရာ" လို့ နာမည်တွင်သလဲ ဆိုတာကို ဟိုးငယ်ငယ်ကလေးတည်းက ကျွန်တော် သိပ်စိတ်ဝင်စားခဲ့တယ်။
နောက်ပိုင်း လွယ်လွယ် သိရတာက ဒါရိုက်တာ ဘဘ ဦးသုခ ရဲ့ "ဘဝသံသရာ" ရုပ်ရှင်ထဲမှာ ပါဝင်လို့ ဒီနာမည်ရတာတဲ့။ ဒီ့ထက်ပိုပြီး လေးနက်မှန်းကို ခုနောက်ပိုင်းမှ ကျွန်တော်လည်း သတိပြုမိသွားတာပါ။ ရွှေညောင်ကနေ လာမယ်ဆိုရင် တောင်ပေါ်လမ်းတွေကိုဖြတ်ပြီး အောက်တံတားကနေမှ အပေါ်ဘက်ဟဲဟိုးကို တက်တဲ့အတက် ခရုပတ်ပုံစံလေး ရထားတက်ရတယ်။ ရထားက တက်လိုက်ဆင်းလိုက် နဲ့ အကွေ့အကောက်လည်းများတော့ ဒါကို တရားသဘောနဲ့ လူ့ဘဝ ဆိုပြီး အနုပညာရှုထောင့်ကနေ ခိုင်းနှိုင်းလို့ ရုပ်ရှင်ထဲ ထည့်ရိုက်လိုက်တော့ ရုပ်ရှင်ကို နည်းပညာမြင့်ဖျော်ဖြေရေးအဖြစ် အထူးအားပေးကြည့်ရှုခဲ့ရတဲ့ အဲ့ဒီခေတ်အခါက ပရိတ်သတ်တွေက "ဘဝသံသရာ" တံတားလို့ ကင်ပွန်းတပ်လိုက်တယ်ပေါ့။
အရင်ကတော့ အောက်ထိဆင်းပြီး တံတားပေါ်မှာ ဓါတ်ပုံတွေဘာတွေရိုက်လို့ မရဘူးဆိုတာ မှတ်မိနေတယ်။ ၂၀၀၀ ပြည့်နှစ်အကျော် ကျွန်တော် ဆယ်တန်းပြီးစ ကာလတွေတုန်းကဆို ကားလမ်းဘေးကနေပဲ လှမ်းပြီး ဓါတ်ပုံရိုက်ခဲ့ရတာ။ ခုတော့ လှေကားထစ်လေးတွေနဲ့ အောက်ထိဆင်းပြီး ကိုယ်အနုပညာအမြင်ရှိရင် ရှိသလို ဓါတ်ပုံကောင်းတွေ ရိုက်ဖို့အဆင်ပြေနေပြီ။ လှိမ့်ကျနိုင်လို့ နည်းနည်းတော့ သတိထားရတာပေါ့နော်။ မတော် ကိုယ်က တံတားအလယ်မှာ ဟန်ပေးကောင်းနေတုန်း ရထားလာရင်တော့ ပြေးလိုက်ရမယ့်ဖြစ်ခြင်း။ အပြေးမတော်လို့ ခြေထောက်ညှပ်နေရင်တော့ အခက်။ တွေးကြည့်တာပါ။ တစ်ခါမှတော့ ရထားနဲ့ မဆုံဖြစ်သေးဘူး။ တံတားအလယ်ထိလည်း တစ်ခါမှ သွားမနေဘူးသေးပါဘူး။
သိပ်ပြီး ထူးခြားတာ မရှိပေမယ့် သက်တမ်းက နှစ်ပေါင်း (၉၀)၊ ရထားလမ်း နှစ်ခု ကို အပေါ်အောက် ဖြတ်သန်းထားတဲ့ နေရာတစ်ခု၊ ပြီးတော့ လှပတဲ့ ပတ်ဝန်းကျင် ရှုခင်းကောင်းတွေ ရှိတဲ့နေရာတစ်ခုအဖြစ်တော့ ခရီးသွားသူတွေကို စွဲဆောင်နေတုန်းပဲလို့ ကျွန်တော်မြင်မိပါတယ်။
သီဟလုလင်
1 comments:
မကြီးတို့ငယ်ငယ်ကအဝေးပြေးကားတွေမရှိသေးတော့ ရထားနဲ့ရန်ကုန်ကိုသွားတိုင်း အဲဒီတံတားကိုရောက်ရင်
ခေါင်းပြူပြီးကြည့်တတ်လို့ လူကြီးတွေကဆူတတ်တယ် အမှတ်တရတွေထဲကတခုပေါ့.....
Post a Comment