ဒီရက်ပိုင်း ကျွန်တော့အိမ်က Connection က တော်တော်လေး အဆင်မပြေဘူးဗျ။ တရားဒေသနာတွေကို တင်ဖို့လုပ်တာ နောက်ကျသွားတာရော၊ Connection အဆင်မပြေတာရောနဲ့ တိုးပြီး ပြီးခဲ့တဲ့ အပတ်က ဒေသနာတော်ဝေမျှခွင့် မရခဲ့ဘူး။ ခု တစ်ပတ်တော် ခရီးသွားရမယ့် အစီအစဉ်တွေကြားက ဆရာကြီး ဦးဇော်မင်း ရဲ့ ဒေသနာတော်ကို ဝေမျှခွင့် ရခဲ့ပါပြီ။ ဆရာကြီး ဦးဇော်မင်း က ဒီဒေသနာတော်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဝေငှခဲ့တာပါ။ "ဘုန်းတော်အတွက် အသက်ရှင်ပါ" လို့ ခေါင်းစီးတပ်ပြီး ပြန်လည် ဝေမျှလိုက်ရပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!
ဘုန်းတော်အတွက် အသက်ရှင်ပါ (ဆရာကြီး ဦးဇော်မင်း)
ဘုရားသခင်သည် လူနှင့် မိဿဟယဖွဲ့လိုသော ဘုရားဖြစ်သည်။ ဘုရားသခင်သည် လူကို တန်ဖိုးထားသည်။ လူတစ်ဦးသည် မိမိဘယ်ကစ၍ ဘယ်ကိုရောက်မည်ဟု သိသောသူနှင့် မသိသောသူ များစွာ ကွာခြားပါသည်။ (ကမ္ဘာ၊ ၁း၁-၂) တွင် ဘုရားသခင်သည် လူကို ဖန်ဆင်းကြောင်း တွေ့ရသည်။ ထိုသို့ ဖန်ဆင်းပြီးနောက် ဘုရားသခင်သည် လူကို ကောင်းကြီးပေးပါသည်။
"အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုဃ်းကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကိုလည်းကောင်း၊ အုပ်စိုးကြလော့ ဟု မိန့်တော်မူ၍ သူတို့ကို ကောင်းကြီး ပေးတော်မူ၏။" (ကမ္ဘာ၊ ၁း၂၈)
ကောင်းကြီး မင်္ဂလာသည် ငွေတစ်ခုသာ မဟုတ်ပါ။ ကောင်းကြီးမင်္ဂလာသည် ပြည့်စုံခြင်း ဖြစ်သည်။ ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ အိမ်ထောင်သာယာခြင်း၊ မိသားစု ငြိမ်သက်ခြင်း၊ အောင်မြင်ခြင်း တို့သည် ကောင်းကြီး မင်္ဂလာ ဖြစ်ပါသည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းတော်မူပြီးလျှင် ညနေတိုင်း လာ၍ လူနှင့် မိဿဟယဖွဲ့တော်မူသည်ကို တွေ့ရသည်။ လူသည် ဘုရားသခင်၏ စကားကို နားမထောင်၊ အပြစ်ပြုမိချိန်၌ လူသည် ကျရှုံးသွားသော်လည်း၊ လူနှင့် မိဿဟယဖွဲ့လိုသောအမှုကို ဆက်၍ အကောင်အထည်ဖော်ပါသည်။ အာဗြဟံအားဖြင့် လူမျိုးကြီးဖြစ်စေမည်ဟု ကတိထားပါသည်။ ကတိတော်နှင့် အညီ လူမျိုးကြီး ဖြစ်လာပြီးနောက် ဣသရေလလူတို့သည် ကျွန်ဘဝသို့ ရောက်ရှိ သွားပါသည်။ ထိုအခါ မောရှေကို ရွေးကောက်ပြီး ဣသရေလလူတို့ကို ကျွန်အဖြစ်မှ ကယ်နှုတ်တော် မူခဲ့ပါသည်။ ထိုအချိန်၌ ဘုရားသခင်သည် အာဗြဟံ၊ မောရှေတို့နှင့် တစ်ဦးချင်းသာ ဆက်သွယ် စကားပြော ပါသည်။ လူမျိုးတော် အနေနှင့် စကားမပြောပါ။ လူတို့ကြား၌လည်း မိဿဟယဖွဲ့၍ အတူ မနေသေးပါ။
ဘုရားသခင် ကိန်းဝပ်တော်မူရာဖို့
"ငါ့သားသည် ငါ့အား ဝတ်ပြုသောအခွင့် ရှိစေခြင်းငှာ၊ လွတ်လော့။ မလွတ်ဘူးဟု ငြင်းလျှင် သင်၏ သားဦးကိုပင် ကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှေအား မှာထားတော်မူ၏။" (ထွ၊ ၄း၂၃)
ဘုရားသခင်သည် မိမိလူမျိုးတော်နှင့်အတူ နေလိုသည်။ မိမိလူမျိုးက မိမိအားဝတ်ပြုစေလိုသည်။ ဣသရေလလူတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကြောင့် ကျွန်အဖြစ်မှ လွတ်လာပြီးနောက် (ထွ၊ ၂၅) ရောက်လာသည့်အခါ တဲတော်ဆောက်ဖို့ရန် ဘုရားသခင်က စ၍ မိန့်တော်မူသည်ကို တွေ့ရသည်။ လူသည် အပြစ်ရှိသောသူဖြစ်သော်လည်း၊ ဘုရားသခင်သည် လူမျိုးတော်ကို ရွေးကောက်၍ လူနှင့် မိဿဟယ ဖွဲ့နိုင်ဖို့ရန် ပြင်ဆင်၍ စီမံတော်မူသည်ကို တွေ့ရသည်။
"ငါသည် သင်တို့တွင် ကိန်းဝပ်ရာဖို့၊ သန့်ရှင်းရာဌာနကို လုပ်ကြစေ။ ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။" (ထွ၊ ၂၅း၈-၉)
ဘုရားသခင်သည် မောရှေအား တဲတော်ကို ဆောက်ဖို့ရန် မိန့်တော်မူသည့်အခါ မည်သို့သော ပုံသဏ္ဍာန်၊ အတိုင်းအတာဖြင့် ဆောက်ရမည်ဟု တိတိကျကျ ဖော်ပြမိန့်တော်မူပါသည်။ လူ့အမြင်အရ ကြည့်ပါက တဲတော်သည် ခန့်ငြားမှု မရှိဟု မြင်နိုင်ပါသည်။ တဲတော်သည် တစ်နေရာမှ တစ်နေရာသို့ ဖျက်သိမ်း သယ်ဆောင်သွားနိုင်ပါသည်။ သို့သော် တဲတော်၌ ဘုရားသခင် ကိန်းဝပ်တော်မူပါသည်။ ဘုရားသခင်သည် မိုးတိမ်အားဖြင့် ဖြစ်စေ၊ ညအခါ၌ မီးတိုင်အားဖြင့် ဖြစ်စေ၊ တဲတော်အပေါ်၌ တည်စေ၍ ဣသရေလလူတို့အား လမ်းပြပါသည်။ ယနေ့လူတို့က တဲတော်ကို ဆောက်ဖို့ထက်၊ ဗိမ္မာန်တော်ကို ဆောက်ဖို့ ပို၍ှဆန္ဒရှိကြသည်။ လူ့အမြင်၌ တဲတော်ထက် ဗိမ္မာန်တော်က ပို၍ အမြင်တင့်တယ်သယောင်၊ ထယ်ဝါသယောင် မြင်ရသော်လည်း ဘုရားသခင်၏ အလိုတော်က တဲတော်ဆောက်ဖို့ ဖြစ်ပါသည်။
ဒါဝိဒ်သည် ဗိမ္မာန်တော်ကို ဆောက်ဖို့ ဆန္ဒရှိသော်လည်း ဆောက်ခွင့်မရ။ သားရှောလမုန်၌သာ ဘုရားသခင်က ဆောက်ခွင့်ပေးပါသည်။ ဓမ္မဟောင်းကာလက ဣသရေလလူတို့ကြားတွင် ဘုရားသခင်သည် ကိန်းဝပ်ပြီး နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၊ ညအချိန်၌ မီးတိုင်အားဖြင့် ထင်ရှားလျက် လမ်းပြနေသကဲ့သို့ ယနေ့ ကျွန်ုပ်တို့ အသင်းတော်အပေါ်၌ မိုဃ်းတိမ်တိုင် ရှိနေမည်ဆိုပါက မည်မျှ ဂုဏ်ယူစရာ ရှိမည်ဟု ခံစားပါသလဲ။ ထိုအချိန်က လူမျိုးများစွာ ရှိနေသော်လည်း ဣသရေလလူတို့က အစွမ်းနှင့် လူအားနှင့် တိုက်ကြခြင်းမဟုတ်၊ သူတို့၌ ဘုရားသခင် အတူပါရှိ၍ ဘုရားသခင်က သူတို့ဖက်က စစ်တိုက်တော်မူကြောင်းကို သခင်က အလိုတော်ရှိပါသည်။ ထိုသို့သိ၍ ကျွန်ုပ်တို့အသက်တာအားဖြင့် ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ ဘာလိုသနည်း။ ဘုရားသခင် မိန့်တော်မူသောစကားနှင့်အညီ၊ မလွဲမတိမ်းပြုမူလုပ်ဆောင်ဖို့လိုပါသည်။ ဣသရေလလူတို့သည် မာနကြီးသောသူများ ဖြစ်သည်။ မိမိတို့က ဘုရားသခင် ရွေးကောက်ထားသောလူမျိုး ဖြစ်သည်ဟု ဂုဏ်ယူကြသည်။ ပညာရေး၌ ဖြစ်စေ၊ စီးပွားရေး၌ ဖြစ်စေ၊ ဘုရားက ကောင်းကြီးပေးထားသည်။ ဂျူးလူမျိုးများသည် ဘုရားသခင်၏ လူမျိုးတော်ဟု မိမိတို့ ကိုယ် မိမိတို့ သိသည်အတိုင်း ဂုဏ်ယူကြသလို၊ အလုပ်ကို သစ္စာနှင့် လုပ်ကြသည်။ ပြောလျှင်လည်း မိမိတို့ ပြောသည့်အတိုင်း လုပ်ကြသည်ဟု ဆိုပါသည်။ ယနေ့ ကျွန်ုပ်တို့ မိမိအသက်တာ ဘုရားသခင်နှင့် ဆိုင်သည်ဟု ဆိုလျှက်၊ မှတ်ယူ၍ ဂုဏ်ပြုကြပါသလား။ ဣသရေလလူတို့သည် ဗိမ္မာန်တော်သို့ ဝင်သည့်အခါ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း၊ သန့်ရှင်းခြင်းအမှုကို ပြုပြီးမှ ဝင်ရသည်။ ဘုရားသခင်သည် ကတိတည်တော်မူသော အရှင် ဖြစ်ပါသည်။ ဣသရေလလူတို့အပေါ်၌ အပြစ်လွတ်မည်ဟု မိန့်တော်မူလျှင် မိန့်တော်မူသည့်အတိုင်း အပြစ်လွတ်ပါသည်။ ကောင်းကြီးပေးမည်ဟု ဆိုထားလျှင်လည်း ကတိတော်နှင့် အညီ ကောင်းကြီးပေးပါသည်။ အပြစ်ပြုသည့်အခါ၌လည်း အပြစ်အလျှောက် ဆုံးမဒဏ်ခတ်တော် မူသော အရှင် ဖြစ်ပါသည်။
စစ်မှန်သော နောင်တ နှင့် တိုးဝင်ပါ
တဲတော်၏ ကောင်းမြတ်ခြင်းက လူ့အမြင်၌ အထင်ကြီးစရာ မဟုတ်သော်လည်း ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်း ရှိပါသည်။ ယနေ့လူရှေ့၌ အထင်ကြီးစရာ ဖြစ်ဖို့ထက်၊ ဘုရားရှိဖို့၊ ကျွန်ုပ်တို့ အသက်တာအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားဖို့က သာ၍ အရေးကြီးပါသည်။ ဣသရေလ လူတို့ အသက်တာသည် ပညတ်တရား၏ အောက်၌ သွားလာနေရသော အသက်တာ ဖြစ်သည်။ သို့သော် ထို ပညတ်တော်အတိုင်း နာခံ လိုက်လျှောက်သောအခါ ကတိတော်နှင့်အညီ ကောင်းကြီး ခံစားရခြင်း၊ ဘုရားသခင်၏ ဘုန်းထင်ရှားခြင်း သက်သေ ခံစားရပါသည်။ ထို့အတူ၊ ယနေ့ ကျွန်ုပ်တို့ အသက်တာ၌လည်း ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသည်အတိုင်း ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းနှင့် သွားလာပါက နှုတ်ကပတ်တော်နှင့် အညီ ကောင်းကြီး ခံစားလျက် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားသော အသက်တာ၌ အသက်ရှင်နိုင်ကြမည် ဖြစ်သည်။ ထိုသို့အလို့ငှာ ဘုရားသခင်သည် လောကထဲမှ ကျွန်ုပ်တို့အား ရွေးနုတ်တော်မူလျှက် ကျွန်ုပ်တို့နှင့်အတူ မိဿဟယဖွဲ့လျက် သွားလာတော်မူခြင်း ဖြစ် ပါသည်။
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်လက်ခံသည့်အခါ ကိုယ်တော်သည် ကျွန်ုပ်တို့ အသက်တာ၌ အတူ ပါရှိပါသည်။ တချို့သော ယုံကြည်သူများသည် မိမိတို့ အသက်တာ၌ ဘုရားသခင် အတူပါရှိနေသည်ဟု မသိ၊ အလေး ဂရုမထားသည့်အတွက် ဖြစ်ချင်တိုင်း ဖြစ်နေသည်ဟု တွေ့ရပါသည်။ လူကွယ်ရာ၌ မဟုတ်တာ လုပ်နေကြပြီး ဓမ္မဟောင်းကာလက ဗိမ္မာန်တော်သို့ လာသည့်အခါ မလေးမစားမပြုရ၊ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း တသွေမတိမ်း နာခံလျက် ပြုပြီးမှ လာ၍ရသည်။ တစ်ခုခု ချိုးဖောက်ပြီးလာပါက ဘုရားသခင်၏ ဆုံးမဒဏ်ခတ်ခြင်း ခံရပါသည်။ နာခံခြင်းနှင့် ပြုသောအခါ ဘုရားသခင်၏ ဘုန်း ထင်ရှားပါသည်။ ဓမ္မသစ်ကာလကို ရောက်သည့်အခါတွင်မူ ဗိမ္မာန်တော်၌ ယဇ်ပူဇော်မည့် အကောင်များကို အရောင်းအဝယ်လုပ်ရာ၌ မတရားစီးပွားရှာနေကြ၍ ခရစ်တော်က ငါ့အိမ်တော်ကို ဆုတောင်းရာအိမ် ဟု ခေါ်ကြလတ္တံဟု ကျမ်းစာလာသော်လည်း သင်တို့သည် ဓားပြတွင်း ဖြစ်စေကြပြီဟု ဆိုကာ အရောင်းအဝယ် ပြုနေသောသူတို့ကို မောင်းထုတ်လျက် အရောင်းအဝယ်လုပ်သော ခုံများ၊ ပစ္စည်းများကိုလည်း တွန်းလှဲ၍ ဖယ်ရှား ပစ်တော်မူပါသည်။ သို့ပြီးမှ အနာရောဂါ ခံစားသောသူ အမျိုးမျိုး ရောက်လာသည့်အခါ အနာရောဂါ ရှိသမျှကို ငြိမ်းစေပါသည်။ (မဿဲ၊ ၂၁း၁၂-၁၄) ကျွန်ုပ် တို့ နှုတ်ကပတ်တော်ကို ဆင်ခြင်ပါက ဧဒင်ဥယျာဉ်ကို တွေ့ရသည်။ ထို့နောက် တဲတော်၊ ဗိမ္မာန်တော် တွေ့ရသည်။ (မာ ၁) ရောက်လာသည့်အခါတွင် နိုင်ငံတော်ဟူသော ဖော်ပြမှုနှင့် သတိပေး စကားကို တွေ့ရသည်။
"အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီး။ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့။ ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။" (မာ၊ ၁း၁၅)
ဤနေရာ၌နိုင်ငံတော်ဟူသည် လောကအမြင်၌ တွေ့ရသော နိုင်ငံတော်မဟုတ်၊ လူသားတိုင်း ဝင်နိုင်သော အခွင့်ရှိသည့်နေရာအရပ်ဖြစ်ပါသည်။ လူမျိုးတော်သာမဟုတ်၊ လူသားတိုင်း နိုင်ငံတော်သို့ ဝင်နိုင်ဖို့ရန် သခင်ယေရှုသည် ကားတိုင်၌ အသေခံလျက် လူသားတိုင်း၏ အပြစ်ကြွေး ရှိသမျှကို ဆပ်ပေးပြီးမှ ကိုယ်တော်ကို ယုံကြည်လက်ခံသောသူတိုင်းသည် နိုင်ငံတော်သို့ ဝင်ခွင့်ရလျက်၊ ဘာသာရေးဓလေ့ထုံးစံ နောက်ကို လိုက်၍ ပြုလာကြသဖြင့် ဘုရားသခင် ရှေ့တော်၌ နှစ်သက်ဖွယ် မဖြစ်တော့ပါ။ ယနေ့ ဝတ်ပြုကိုးကွယ်ခြင်း၌ နှလုံးသားမပါဘဲ ထုံးစံအတိုင်း ပြုမူလာကြသဖြင့် ထို့သို့ ထုံးစံနှင့်ပြုခြင်းကို ဘုရားသခင်က မနှစ်သက်ပါ။
ယနေ့ယုံကြည်သူ အချို့ ပွဲတော်စားခါနီးတွင် အပြစ်ဝန်ချတောင်းပန်ပြီး ပွဲတော်စားကြသည်။ ထိုအရာက ပွဲတော်စားဖို့ရဖို့ လမ်းကြောင်းထွင်နေခြင်း ဖြစ်သည်။ နောင်တရပြီး အပြစ်ဝန်ချတောင်းပန်ခြင်း မဟုတ်ပါ။ ဘုရားသခင် အလိုတော်ရှိသည်မှာ နောင်တပါလျက် ဝန်ချတောင်းပန်ဖို့ ဖြစ်ပါသည်။ ယနေ့ ယုံကြည်သူအချို့က နှုတ်ကပတ်တော်ကို သိသည်။ သို့သော်လုပ်ချင်ရာလုပ်ပြီး နေချင်သလိုနေသည်။ ပြီးလျှင် ဘုရားသခင်ရှေ့တော်သို့လာ၍ ဝန်ချတောင်းပန်သည်။ ပြီးလျှင် လုပ်ချင်တာ ပြန်လုပ်ကြသည်။ ယနေ့ ကျွန်ုပ်တို့က လူရှေ့ သင်းအုပ်ဆရာရှေ့၌ ဝန်ချတောင်းပန်ခြင်းသည် စစ်မှန်သော နောင်တ နှလုံးသား နှင့် ဝန်ချတောင်းပန်ခြင်း ဖြစ်ဖို့ လိုပါသည်။ ထိုသို့ နောင်တ နှလုံးသားနှင့် ဝန်ချတောင်းပန်သည့်အခါ ဘုရားသခင်သည် သူ၏ အပြစ်ကို ခွင့်လွှတ်လိုက်သည် ဖြစ်၍ ထိုအပြစ်သည် သားသမီးတို့၌ ပေါ်မလာတော့ပါ။ ယနေ့အချို့သော မိဘတို့ ပြုသောအပြစ်သည် သားသမီးတို့၌ ပြန်၍ ပေါ်လာတတ်သည်ကို တွေ့ရသည်။ မိဘတို့က မိမိတို့ အမှားအတွက် စစ်မှန်သော နောင်တနှင့် ဝန်ချတောင်းပန်ခြင်း မဟုတ်ဘဲ ပွဲတင့်ရုံ၊ လူရှေ့၌ အပြစ်တင်စရာ မဖြစ်ရုံသာ ပြုခဲ့၍ ဘုရားသခင်သည် ထိုအပြစ်ကို သားသမီးတို့၌ ပေါ်လာစေပြီး သတိပေးသည်ကို တွေ့ ရသည်။ ထိုသို့ ပြုကြသောသူများက မသိ၍ ပြုကြခြင်းမဟုတ်။ နှုတ်ကပတ်တော် သွန်သင်ခြင်းကို ခံရပါလျက် သိသိကြီးနှင့် မှားကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုသို့သော အမှုများအတွက် စစ်မှန်သော နောင်တ နှလုံးသားနှင့် ဘုရားသခင် ရှေ့တော်၌ ဝန်ချတောင်းပန်ဖို့ လိုပါသည်။ သို့ပြုပါက ကျွန်ုပ်တို့ အပြစ်များကို ဘုရားသခင်က ခွင့်လွှတ်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းနှင့် မိဿဟယ ဖွဲ့ဖို့ရန် အလိုတော် ရှိပါသည်။ သို့သော် ကျွန်ုပ်တို့၌ သန့်ရှင်းသော အသက်တာ ရှိဖို့ လိုပါသည်။
ဘုရားသခင် ဘိသိက်ပေးခြင်း ခံရသောသူများ
"သင်တို့သည် ဘုရားသခင်၏ ဗိမ္မာန်တော် ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို မသိကြသလော။" (၁ကော၊ ၃း၁၆)
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်သော ဗိမ္မာန်တော် ဖြစ်ပါသည်။ အချို့သော သူများက ခန္ဓာကိုယ်ကို တန်ဖို့မထားပါ။ ခန္ဓာကိုယ်က တစ်နေ့သောအခါ ပျက်စီးပြီး မြေကြီးထဲ ပြန်သွားရမည်။ အရေးမကြီးဟု ထင်ထားကြပါသည်။ မိမိခန္ဓာကိုယ်နှင့် ရင်း၍ သူတစ်ပါး အသက်တာပြောင်းလဲစေမည်ဆိုသည့် ဘာသာရေး သိမ်းသွင်းမှုသည်လည်း နှုတ်ကပတ်တော်နှင့် မညီပါ။ ထိုသို့ပြုသည်ကို မှားသည်ဟုလည်း မသိကြပါ။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ပျက်စီးပြီး တစ်နေ့မြေကြီးထဲ သွားရမည်ဆိုသော်လည်း ညစ်ညူးသော အသက်တာ၌ အသက်ရှင်ဖို့ရန် မဟုတ်ပါ။
"အကြင်သူသည် ဘုရားသခင်၏ ဗိမ္မာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော် မူလိမ့်မည်။ ဘုရားသခင်၏ ဗိမ္မာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း ထိုဗိမ္မာန်တော် ဖြစ်ကြ၏။" (၁ကော၊ ၃း၁၇)
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်တော်မူသည့် ဗိမ္မာန်တော် ဖြစ်သည်။ ထိုဗိမ္မာန်တော်ကို မထိန်းသိမ်းဘဲ နေချင်သလို နေ၊ အသက်ရှင်ချင်သလို အသက်ရှင်ပြီး ဖျက်ဆီးသကဲ့သို့ ပြုမူနေပါက ထိုသူကို ဘုရားသခင်၊ ဖျက်ဆီးတော်မူလိမ့်မည် ဟု နှုတ်ကပတ်တော်၌ သတိပေးထားပါသည်။
ယနေ့ လူငယ်များ မိမိကိုယ်မိမိ တန်ဖိုးထားဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် အဖိုးနှင့် ရွေးဝယ်တော်မူခြင်း ခံရသောသူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ မပိုင်ကြပါ။ ယနေ့မိဘများ မိမိတို့ သားသမီးများကို သွန်သင်ပေးကြပါ။
"သင်တို့နှင့် ငါတို့ကို ခရစ်တော်၌ တည်စေ၍ ဘိသိက်ပေးသောသူကား ဘုရားသခင် ပေတည်း။" (၂ကော၊ ၁း၂၁)
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေ၍ ဘိသိက်ပေးထားပါသည်။ ဓမ္မဟောင်းကာလက ဘိသိက်ကို လိုချင်ကြသည်။ လူတစ်ဦးအပေါ်၌ ဘုရားသခင်၏ ဘိသိက်တော်ခံရသည့်အခါ ဝိညာဉ်တော်ကို ရ၍ ပရောဖက်ပြုကြသည်။ ဘုရားဘုန်းတော် ထင်ရှားပါသည်။ ဓမ္မဟောင်းကလာက ဝိညာဉ်တော်သည် လူတစ်ဦးထံ၌ အစဉ်မနေပါ။ ဝင်လိုက် ထွက်လိုက် ရှိတတ်သည်။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ဝိညာဉ်တော်ကို ကျွန်ုပ်ထံမှ မရုတ်သိမ်းပါနှင့်ဟု တောင်းပန်ပါသည်။
ယနေ့ ယုံကြည်သူများ၌ ဝိညာဉ်တော်က အစဉ်အတူပါရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဘိသိက် ပေးထားခြင်းမှာ ဤလောကကြီးထဲ၌ ထူးခြားသောသက်သေကို ထူပြီး ဘုရားသခင်၏ ဘုန်းကို ဆောင်ကြဖို့ ဖြစ်ပါသည်။ ဘုရားသခင်၏ ဘိသိက်ကို ရသောသူသည် ထူးခြားသာသူ ဖြစ်သည်။ လောကကြီးက သူ့လမ်းနှင့် သူသွားနေသည်။ လောကသားများကလည်း လောကီ ပုံစံ တပ်မက်ခြင်းအမျိုးမျီုးနှင့် အသက်ရှင်နေကြသည်။ ကျွန်ုပ်တိ့ ယုံကြည်သူများက ထိုသို့ အသက်ရှင်ကြဖို့ မဟုတ်ပါ။ ယုံကြည်သူများက ဘုရားသခင်နှင့်အတူ အသက်ရှင်ဖို့၊ နှုတ်ကပတ်တော်သြဝါဒအတိုင်း အသက်ရှင်ကြဖို့ လိုပါသည်။ ယနေ့လူငယ်များ ဆေးလိပ်သောက်နေကြသည်။ ကွမ်းစားနေကြသည်။ ထိုအသက်ရှင်မှုသည် ဘုရားသခင် အလိုတော်မရှိပါ။ ဘုရားသခင်သည် သင်တို့ကို အသွေးနှင့် ရွေးဝယ်တော်မူ၍ ဘိသိက်ပေးထားခြင်းသည် ဘုရားသခင် ဘုန်းတော် ထင်ရှားရန် အသက်ရှင်ဖို့ ဖြစ်ပါသည်။ မတရားစီးပွားရှာနေကြသောယုံကြည်သူများ၊ ထိုအသက်တာကို စွန့်၍ မှန်သော စီးပွားနှင့် အသက်မွေးပါ။ ဘုရားသခင် ကောင်းကြီးပေးမည်ဖြစ်သည်။ မတရားသောစီးပွားကို ဘုရားသခင် စက်ဆုပ်ရွံ့ရှာတော်မူသည်။ မတရားသောမေထုန်၌ အသက်ရှင်နေသောသူများ ထိုအကျင့်ဆိုးကို စွန့်၍ နောင်တနှင့် ဘုရားသခင်ထံတော်သို့ ပြန်လာပါ။ သန့်ရှင်းခြင်းအသက်တာကို ဘုရားသခင်၌ ပြန်၍ တည်ဆောက်ပါ။ ဘုရားသခင်၏ ဘုန်းတော်အတွက် ပြန်၍ အသက်ရှင်ပါ။ ဘုရားသခင်သည် သင့်အသက်တာကို ကောင်းကြီးပေး၍ ချီးမြှောက်ခြင်းနှင့်အတူ ဘုန်းထင်ရှားစေ မည် ဖြစ်ကြောင်း အသိပေး လိုက်ရပါသည်။
0 comments:
Post a Comment