Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, August 26, 2012

ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ (ဒေသနာတော်)


အပတ်စဉ် ဒေသနာတော်များကို ပြန်လည်ဝေငှခွင့် ရလို့ ရှေးဦးစွာ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ ပြည်တွင်း ပြည်ပ မှာ ရှိနေကြတဲ့ ယုံကြည်သူ ညီအစ်ကိုမောင်နှမများ အသင်းတော် နဲ့ ဝေးကွာနေချိန်မှာ ဝိညာဉ်ခွန်အားပေးနိုင်ဖို့ ရိုးရိုးလေးပဲ တွေးဆပြီး တင်ပြပေးနေတာပါ။ ဒီတစ်ပတ်မှာ ဆရာ ဦးအုတ်မာ ဝေငှထားတဲ့ "ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ" ဒေသနာတော်ကို ပြန်လည် မျှဝေပေးလိုက် ပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ ခင်ဗျာ။ Amen!


ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ (ဆရာ ဦးအုတ်မာ)

လောကကြီးထဲ၌ သတင်းကောင်းနှင့် သတ်ငးဆိုး နှစ်မျိုးရှိရာ လူတိုင်းက သတင်းကောင်းကိုသာ ကြားလိုကြမည် ဖြစ်သည်။ မျှော်လင့်ခြင်းကင်းမဲ့နေသည့် ခေတ်ကာလထဲ၌ မျှော်လင့်စရာရှိခြင်းသည် သတင်းကောင်း ဖြစ်သည်။ မိမိတို့ လိုအပ်မှုနှင့် တိုက်ဆိုင်ပါက သတင်းကောင်း ဖြစ်နိုင်ပါသည်။ လူတစ်ဦးနှင့် တစ်ဦး လိုအပ်မှုကတော့ မတူကြပါ။ သို့သော် အားလုံးအတွက် သတင်းကောင်းက သူ့နေရာနှင့်သူ ရှိပြီး ဖြစ်သည်။ သတင်းကောင်းကို ကြားတတ်ဖို့နှင့် ခံယူပြီး၊ တုန့်ပြန်တတ်ဖို့သာ လိုပါသည်။ သတင်းကောင်းကြားသည့်အခါ ဝမ်းသာစရာအကြောင်း ရှိသော်လည်း တုန့်ပြန်ပြီး လုပ်ဆောင်သူသာ အကျိုး ရှိသွားမည် ဖြစ်သည်။ သတင်းကောင်းကိုသာ ကြားချင်သောသူများရှိကြသလို သတင်းဆိုးကိုသာ ကြားချင်သော သူများလည်း ရှိနိုင်သည်။ သတင်းဆိုးကိုသာ ကြားချင်သူက မည်မျှကောင်းသော သတင်းကို ကြားရပါစေ ဒါလေးပဲလားဟု ဆိုတတ်သည်။ အချို့ကတော့ ကြားရတဲ့သတင်းက မိမိအတွက် ဘာမျှ ထူးခြားမှု မရှိသည့်တိုင် မိမိနဲ့သက်ဆိုင်သောသူ တစ်ဦးဦး၌ ကောင်းသတင်း ဖြစ်စေမည်ဆိုပါက ပြေး၍ ကြားပြောတတ်ပါသည်။ တစ်ဖက်လူက လက်မခံသည့်တိုင်အောင် ထိုသို့ ဝေမျှပေးလိုက်ရတာကို ကျေနပ် သူများ ရှိသည်။


လက်တွေ့ အကျိုးခံစားရဖို့

ရေဒီယိုလေလှိုင်းအစီအစဉ်အားဖြင့် ဧဝံဂေလိတရားစကားကို ကြားရပြီး ခရစ်တော်ကို ယုံကြည်သွားပြီး မည်သို့ ဆက်လုပ်ရမှန်း မသိဖြစ်နေချိန်မှာ ထိုနေရာသို့ ဧဝံဂေလိဆရာ ရောက်ရှိသွားပြီး နှုတ်ကပတ်တော် ကြားရသည့်အခါ အဆက် ဖြစ်သွားပြီး မိဿဟယ အတွင်းသို့ ရောက်ရှိလာသူများ ရှိကြသည်။ အကျိုး ဖြစ်ရဖို့မှာ သတင်းကောင်း ကြားရသူက တုန့်ပြန်မှုပြုဖို့ လိုပါသည်။ ထို့အတူ သတင်းကောင်း ကြားပြောမည့်သူလည်း ရှိဖို့ လိုအပ်ပါသည်။

ဆုတောင်းခြင်းသည် ယုံကြည်သူတို့အသက်တာ၌ အရေးကြီးသလို ဆုတောင်းခြင်းအားဖြင့် အကျိုးထူး ကိုလည်း ခံစားဖို့ လိုပါသည်။ ယနေ့ အခြားသူများအတွက် ဆုတောင်းပေးခြင်းအားဖြင့် ထိုသူများ အကျိုး ရသွားသလို၊ ဆုတောင်းခြင်း၏ အကြောင်းကို ကိုယ်တိုင်ကြားပြီး လက်တွေ့ဆုတောင်းခြင်းအားဖြင့် အကျိုး ခံစားသွားကြသူလည်း များစွာ ရှိပါသည်။ ယုံကြည်သူများက အားလုံး အတူတကွ ဆုတောင်းနိုင်ဖို့ရန် နေ့ရက်တစ်ခုကို သတ်မှတ်၍ မိမိတို့ ရှိသည့်နေရာ၌ စုဝေးကာ ဘုရားသခင့် ထံတော်၌ ဆုတောင်းပဌာနပြုခြင်း အမှုကို ပြုကြသည်။ ဆုတောင်းခြင်း၏ အဓိက အချက်တစ်ခုမှာ ပြောင်းလဲသွားဖို့ ရန် ဖြစ်သည်။ အခြေအနေ တစ်ခုမှ အခြားအခြေအနေ တစ်ခုသို့ ပြောင်းလဲသွားဖို့ရန် ဖြစ်သလို၊ အသက်တာများ ပြောင်းလဲလာဖို့ ဆုတောင်းကြပါသည်။ တေပေပြီး ဆိုးသွမ်းနေသောသူ တစ်ဦးအတွက် ဆုတောင်းပေးခြင်းအားဖြင့် ထိုသူ အသက်တာ ပြောင်းလဲသွားနိုင်သလို၊ ရောဂါဝေဒနာ ခံစားနေရသူ တစ်ယောက်အတွက် ဆုတောင်းပေးပြီး ကျန်းမာသွားပါက ထိုအရာသည် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ ထိုသို့သော ပြောင်းလဲသွားခြင်းကို သမ္မာကျမ်းစာ၌ များစွာ ဖော်ပြထားသည်ကို တွေ့ရသည်။ ဘုရားသခင် သည် ကတိတည်သောဘုရား ဖြစ်သည်။ ကျွန်ုပ်တို့ ဆုတောင်းပေးသည့်အခါ ကတိတော်နှင့်အညီ အကျိုးကို ခံစားစေသောဘုရား ဖြစ်ပါသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ဆုတောင်းပဌနာပြုပြီး အကျိုးကို မြင်ရပြီးမှ ဝမ်းမမြောက်သောသူများလည်း ရှိတတ်ခြင်းပင် ဖြစ်သည်။ ဆုတောင်းခြင်းအမှုအပေါ် ဘုရားသခင် အလုပ်လုပ်နေတော်မူသည်။ ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင် အလုပ်လုပ်နေသည်ကို သိမှတ်ကြပါ။ ထိုသို့ သောသက်သေကို ကိုယ်တွေ့ခံစားကြရသောသူများ လောကကြီးထဲ၌ များစွာ ရှိကြ ပါသည်။


ဆုတောင်းပြီး မျှော်လင့်ပါ

ဆုတောင်းခြင်းအပေါ် ဘုရားသခင်သည် အဖြေပေးတော်မူပါသည်။ ဆုတောင်းပြီး ဘုရားသခင်၏ မစမှုကို မျှော်လင့်နေသူသည် အရိပ်ကလေးကို တွေ့ရလျှင်ပင် ဝမ်းမြောက်ပါသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဆုတောင်းသော်လည်း ဘုရားသခင်၏ အံ့သြဘွယ်အမှုကို မမျှော်လင့်၊ ဝတ်ကျေ တန်းကျေ ဆုတောင်းသောသူတို့က အံ့သြဘွယ်မစမှု ခံရသည့်အခါ မယုံနိုင်ကြ။ လောကီရုပ်သဘာဝ စိတ်က လွှမ်းမိုးနေကြသဖြင့် ရံဖန်ရံခါ လာရောက် ဆုတောင်းသောသူတို့ စိတ်ကျေနပ်အောင် ဆုတောင်းပေးသော်လည်း ရမည်ဟု မထင်ကြ၊ ရလာလျှင်လည်း လက်ခံဖို့ ခက်ခဲ ကြသည်။

ဆုတောင်းပြီး ရမည်ဟု ယုံကြည်ပြီး မမျှော်လင့်ပါက အဖြေရလျှင်ပင် မပျော်နိုင်ပါ။ အချို့သော ခရစ်ယာန်များသည် မိမိတို့ပြဿနာ၊ အခက်အခဲများအတွက် ဆုတောင်းနေကြပါသည်။ သို့သော် ဘုရားသခင် မစမည်ဟု မယုံကြ၊ အခြေအနေဆိုးလွန်းပါက သာ၍ ယုံကြည်ဖို့ ခက်ကြသည်။ ထိုသို့သော အခြေအနေ၌ ဘုရားသခင် အဖြေပေးပါက ဟုတ်မှ ဟုတ်ရဲ့လားဟု ဆိုတတ်ကြသည်။ ထိုသူများသည် မိမိတို့ စိတ်ခံစားမှု၊ ဆင်ခြင်တုံတရားအပေါ်၌ အခြေပြု၍ အသက်ရှင်နေကြသောသူများ ဖြစ်ကြသည်။


ဝမ်းမြောက်ခြင်း မဆုံးရှုံးပါစေနှင့်

ယနေ့ အများသောခရစ်ယာန်များက ဆုတောင်းရမည်ကို သိကြသည်။ ဆုလည်း တောင်းနေကြသည်။ သို့သော် ဘုရားသခင် ယနေ့ မစမည်။ ယနေ့အဖြေပေးမည်ဟု မယုံကြပါ။ ထို့ကြောင့် အဖြေရဖို့ မမျှော်လင့် ကြပါ။ ထိုသို့သော ခရစ်ယာန်များက ဆုတောင်းနေကြသော်လည်း ဝမ်းမြောက်ခြင်း ရှုံးနေသောသူများ ဖြစ်ကြပါသည်။

ယနေ့အချို့သော အခက်အခဲဖြစ်နေသူများက ဆုတောင်းပေးပါနော်ဟု ဆိုကြသည်။ အခြားသူများကလည်း ဆုတောင်းပေးမည်ဟု ကတိပေးကြသည်။ အမှန်တကယ်လည်း ဆုတောင်းပေးကောင်းပေးပါမည်။ သို့ပေမယ့် အမှန်တကယ် အဖြေရမည်ဟုတော့ မယုံကြည်ကြ။ ထို့ကြောင့်လည်း အဖြေကို မမျှော်လင့်ကြ။ ဆုတောင်းခြင်းအမှုကို အလုပ်တစ်ခုအနေနှင့်၊ တာဝန်တစ်ခုအနေနှင့် သဘောထားကြသည်။ ထိုသူများက ဝမ်းမြောက်ခြင်း ရှုံးနေသောသူများ ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့အသက်တာ၌ ဝမ်းမြောက်ခြင်း မရှုံးကြပါစေနှင့်။

ယနေ့ကမ္ဘာပေါ်တွင် ငွေပုံပေါ်ထိုင်ပြီး မပြုံးနိုင်ကြသူများ များစွာရှိပါသည်။ ဘုရားသခင်၏ ကောင်းမြတ်ခြင်း သက်သေကို ခံစားနေသူများက ပြုံးနေနိုင်ကြပါသည်။ သခင်ဘုရားက သင်တို့သည် ငါ၏သက်သေဖြစ်မည် ဟု မိန့်တော်မူပါသည် ဆုတောင်းပြီးပါက ယုံကြည်ပါ။ ယုံကြည်သူက မျှော်လင့်ပါသည်။ မျှော်လင့်နေသူကို ဘုရားသခင်က အဖြေပေးပါသည်။ လက္ခဏာ တစ်ခုခုရလျှင်ပင် ဝမ်းမြောက်ပါသည်။ မည်သည့်အခြေအနေ ၌ ရှိနေပါစေ၊ စိတ်ဓါတ်မကျပါနှင့်။ အရေအတွက်အားဖြင့် ဘယ်နှစ်ယောက်ဆုတောင်းနေသည် ဆိုခြင်းက အရေးအကြီးပါ။ ဘယ်နှစ်ယောက်ယုံကြည်ခြင်းနှင့် ဘုရားသခင် အဖြေပေးဖို့ မျှော်လင့်နေပါသနည်း။ ဘုရားသခင်က မြေကြီးပေါ်၌ နှစ်ဦးတို့သည် သဘောခြင်းတူပြီး ဆုတောင်းလျှင် တောင်းသမျှသောဆုကို ငါပေးမည်ဟု ဘုရားသခင် ကတိတော် ရှိပါသည်။

ထိုသို့အားဖြင့် ဘုန်းတော် ထင်ရှားခြင်းရှိဖို့ရန် ဘုရားသခင် အလိုတော် ရှိပါသည် ဖြစ်၍ ကျွန်ုပ်တို့သည် ဆုတောင်းနေသောသူများသာ မဖြစ်ကြဘဲ။ မိမိ တောင်းသောဆုကို ရမည်ဟု ယုံကြည်ခြင်းနှင့် မျှော်လင့်နေသောသူများ ဖြစ်ကြရန် မေတ္တာနှင့် အသိပေး ဝေငှလိုက်ရပါသည်။

0 comments: