Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, August 05, 2012

ထာဝရကာလ အာမခံချက်ရဖို့ (ဒေသနာတော်)


အပတ်စဉ်တိုင်း ဘုရားရှင်ရဲ့ ဒေသနာတော်များကို ကိုယ်တော် မဟောပြောတတ်သည့်တိုင် ဆရာကြီးများရဲ့ သွန်သင်ချက် ဒေသနာတော်များ ထပ်ဆင့် ဝေငှနိုင်ခဲ့လို့ ကြည်နူးမိပါတယ်။ ကျွန်တော် ဝေငှနေတဲ့ ဒေသနာတော်တွေအတွက် ရည်ရွယ်ချက်သန့်သန့်လေးပဲ ထားရှိပါတယ်။ မိမိတို့ အသင်းတော်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ ပြည်တွင်းပြည်ပက ယုံကြည်သူ ဘာသာဝင်များ ခွန်အားယူနိုင်ဖို့နဲ့ အခြားလေ့လာလိုသူများ လေ့လာနိုင်ဖို့အတွက်ပါ။ ဘယ်သူ့ကို ဘယ်ဘာသာကိုမှ စော်ကားပုတ်ခတ်လိုခြင်းလည်း မရှိပါဘူး။

ပြီးခဲ့တဲ့ အပတ်တုန်းက နေ့စဉ် facebook စာမျက်နှာကနေ ရေးတင်နေတတ်တဲ့ ကျမ်းပိုဒ်လေးတွေရဲ့အောက်မှာ ယုံကြည်သူများနဲ့ စိတ်ဝင်စားသူများက ခွန်အားရလျှင်ရသလို စာလေးတွေ ရေးသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ပတ်တည်းမှာတင် လူပုဂ္ဂိုလ်နှစ်ဦး (တစ်ဦးကတော့ သာသနာအရေခြုံထားတဲ့သူလို့ ထင်ပါတယ်။ သူ့ရဲ့ Profile Photo မှာ တင်ထားတဲ့ပုံကိုတော့ အားနာပါရဲ့။) ကျွန်တော်တင်တဲ့ ကျမ်းပိုဒ်တွေ အောက်မှာ ဝင်ဆဲသွားကြပါတယ်။ ဘာသာရေးအဓိကရုဏ်းဖြစ်စေချင်လို့ လုပ်တာဆိုရင်တော့လည်း မပြောတတ်ပါဘူး။ အဲလို ရေးသွားတာဟာ တကယ်တော့ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ ဘယ်လိုမျိုးပါလို့ ဖော်ပြနေသလိုပါပဲ။ ကျွန်တော်တင်တဲ့ ကျမ်းပိုဒ်လေးတွေမှာ သူများဘာသာကို စော်ကားပြောဆိုထားတာမျိုးလည်း တစ်စုံတရာ မပါဝင်ခဲ့လေတော့ သက်သက်ကြီး လာအပြောခံခဲ့ရတာမှန်း ရှေ့က Comment ရေးကြတဲ့သူတိုင်း သိကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ့်အလုပ်၊ ကိုယ့်အဓိဌာန် ကိုယ်ဆက်လုပ်ပါဦးမယ်။ ကျွန်တော့လုပ်တာမျိုး ကိုယ့်ခံယူချက်နဲ့ ကိုယ့်ဘာသာအတွက် ကိုယ်လုပ်နိုင်တယ်ထင်လည်း လုပ်ပေါ့။ ဒီလိုပဲ အတုယူ လိုက်လုပ်နိုင်ပါတယ်။ သူများ လုပ်တဲ့အလုပ်အပေါ် ဘာသာမတူလို့ ဆိုပြီး စော်ကားပုတ်ခတ်ဖို့ ဆဲရေးတိုင်းထွာဖို့ မလိုအပ်ဘူးထင်ပါတယ်။ ဒါကလည်း ကျွန်တော့ရဲ့ ယုံကြည်ခြင်းအပေါ် စုံစမ်းစစ်ဆေးခံရခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်က သူများထက် စိတ်တို စိတ်ဆိုးလွယ်ပြီး တုံ့ပြန်မှုမြန်တတ်လို့ ဘုရားသခင်က စစ်ကြောတာလို့ပဲ ခံယူပါတယ်။ ကျွန်တော် ဒီတစ်ကြိမ်တော့ ကျေးဇူးတော်ကြောင့် အောင်နိုင်ခဲ့ပါပြီလေ။

ခုတစ်ပတ်မှာတော့ ကျွန်တော်က ဆရာကြီး ဦးတင်မောင်ညို ဝေငှခဲ့တဲ့ "ထာဝရကာလ အာမခံချက် ရဖို့" ဆိုတဲ့ ဒေသနာတော်ကို ဖတ်ကြားနာသူတိုင်း ခွန်အားအသစ် ရရှိနိုင်စေဖို့ ဝေငှ ပေးသွားချင်ပါတယ်။ ဖတ်ကြားနာသူအယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!



ထာဝရကာလ အာမခံချက် ရဖို့ (ဆရာကြီး ဦးတင်မောင်ညို)

သေခြင်းတရားသည် မည်သူတစ်ဦးတစ်ယောက်မျှ မလွန်ဆန်နိုင်သော လောက ဓမ္မတာတရား ဖြစ်သည်။ ငိုခြင်းဖြင့် အစပြု၍ လောကအတွင်းသို့ ဝင်ရောက်လာကြသော လူသားတိုင်း တစ်နေ့ တချိန်ချိန်တွင် သေခြင်းတရားနှင့် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပေသည်။ သေခြင်းတရားသည် လူသားများအတွက် အမင်္ဂလာဟု ထင်ရသော်လည်း သေခြင်းတရားနှင့် ပတ်သက်၍ အဖြေတွေ့ပြီး စိတ်ချမှု ရှိသောသူများအတွက်မူကား မင်္ဂလာတစ်ပါး ဖြစ်ပေသည်။ သခင်ယေရှုက ကျွန်ုပ်တို့ စိုးရိမ်ပူပန်ခြင်း မရှိဖို့ အားပေးသလို နေစရာ အခန်းများကို ကိုယ်တော်တိုင် ပြင်ဆင်ထားကြောင်း အသိပေး ဖော်ပြထားပါသည်။ ထိုအာမခံချက် သိရှိခံစားထားပြီးသောသူများ အတွက်မူ သေခြင်းတရားသည် ဝမ်းနည်းစရာ မဟုတ်ပါ။ သင်္ခါရဘဝမှ ထာဝရကာလသို့ ကူးပြောင်းသော တံခါးဝ ဖြစ်၍ ဝမ်းမြောက်စရာ ဖြစ်ပေသည်။


တမလွန်အရေး စိတ်အေးရဖို့ရန်

သခင်ခရစ်တော်ကို အသက်တာထဲ၌ ရရှိထားသောသူ၏ အသက်တာသည် မျက်နှာအသွင်သဏ္ဍာန် ၌ ပေါ်လွင် သိသာပါသည်။ ဤလောကသည် သူ့အတွက် တဒင်္ဂသာရှင်ရမည့် နေရာဖြစ်ကြောင်း သိသဖြင့် သေခြင်းအတွက်လည်း ကြိုတင်ပြင်ဆင်မှုပြုပြီးသူ ဖြစ်သည်။ အနာဂတ်၌ မိမိသွားရမည့်နေရာကို ကြိုတင်သိထားသူ ဖြစ်သဖြင့် စိုးရိမ်ပူပန်ခြင်း စိုးစိမျှ မရှိပါ။ သေခြင်းတရား၏ နောက်သွားရမည့် နေရာကို မသိ၊ ကြုံတွေ့ရမည့် အခြေအနေကို မသိကြသောသူများမူကား နေ့စဉ် အသက်ရှင်နေရချိန်၌ပင် စိတ်ငြိမ်သက်မှု မရှိ၊ တမလွန်ရေးအတွက် ရင်လေးပြီး ပူပင်သောက စိတ်ဖြင့် ပြည့်နှက်နေသူ ဖြစ်သည်။ မိတ်ဆွေ သင်သည် သေခြင်းတစ်ဖက်၌ ခံစားရမည့် အာမခံချက်နှင့် ပတ်သက်၍ ပြင်ဆင်မှု ပြုပြီးပြီလား။ လူသားအပါအဝင် လောကဓါတ်နှင့် လောကအရာများကို ဖန်ဆင်းတော်မူသည် သာမက၊ ယခုဘဝနှင့် နောင်ဘဝ အာမခံချက်ကို ပေးသောအရှင်နှင့် ဆက်သွယ်မှု ရရှိပြီလား။ ထိုအရှင်သည် သင်၏ အနီးအပါး၌ ရှိတော်မူသည်သာမက သေခြင်းနှင့် ပတ်သက်၍ အာမခံချက်နှင့်အတူ ငြိမ်သက်မှုအဖြေကို ပေးဖို့ရန် စောင့်မျှော်လျက် ရှိပါသည်။ ဘုရားရှင်ကို နှလုံးသား အာရုံမှ တမ်းတသူတိုင်း ကိုယ်တော်က အတွေ့ခံနိုင်ပါသည်။ အချို့သောသူများသည် စပါးစေ့လေးတစ်စေ့ကို ကြည့်၍ ဆင်ခြင်ခြင်း အားဖြင့် ဖန်ဆင်းရှင် ဘုရားရှိကြောင်း သိရှိပြီး ကိုယ်တော်နှင့် တွေ့သွားကြပါသည်။ လူသားတိုင်းသည် တစ်ဦးနှင့် တစ်ဦး ခြားနားခြင်းမရှိ သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်သည်။ သို့သော် ခြားနားသည်မှာ အချို့သောသူများက သေခြင်းတရား အတွက် ကြိုတင်ပြင်ဆင်ကြသော်လည်း၊ အချို့က ပြင်ဆင်မှု မရှိကြပါ သခင် ခရစ်တော်ကို သင့်အသက်တာ၌ ရရှိမထားသေးပါက တမလွန်အရေး စိတ်မအေးယုံမျှမက ဤလောက အသက်ရှင်နေစဉ် အချိန်၌ပင် စာတန်၏ ထိုးနှက်မှု၊ ဖိစိးမှု၊ ဒုက္ခအမျိုးမျိုး ကို ခံစားကြရမည်ဖြစ်သည်။ သခင် ခရစ်တော်ကို အသက်တာ၌ ရရှိထားပြီး နေ့စဉ် ဖြောင့်မတ်ခြင်း တရားလမ်း၌ နာခံအသက်ရှင်သူများ၏ အသက်တာ၌မူ စားဖို့၊ ဝတ်ဖို့၊ နေဖို့ ယခုဘဝနှင့် ဆိုင်သော လိုအပ်ချက်များ ဖူလုံသည်သာမက တမလွန်အတွက်လည်း စိတ်ပူစရာ မလိုပါ။ သခင်ခရစ်တော်က ဘဝနှစ်ခုလုံး အတွက် တာဝန်ယူပြီး ဖြစ်သည်။


လူ၌ရှိသော အသက်နှစ်ချောင်း

လူသားတိုင်း၌ အသက်နှစ်ချောင်း ရှိပါသည်။ ပထမအသက်မှာ ရုပ်သက်ဖြစ်ပြီး တဒင်္ဂသာ တည်ပါသည်။ ဘုရားသခင် ဖန်ဆင်းစက လူသည် အပြစ်ကင်းစင်ပြီး ဘုရားရှင် နှင့် သဏ္ဍာန်တူသော်လည်း စကားတော်ကို နားမထောင်သဖြင့် အပြစ်ဝင်လာသည့်အချိန်မှစ၍ သင်္ခါရနှင့် တွဲဖက်ပြီး အိုခြင်း၊ နာခြင်း၊ သေခြင်း၌ လမ်းဆုံး ရကြသည်။ လောကအသက်ရှင်နေချိန်၌ပင် ဒုက္ခ၊ ပြဿနာ၊ ရောဂါ စသည့် ဖိစီးမှု အမျိုးမျိုးကို ခံစားရပြီး ယိုယွင်းခြင်းအမျိုးမျီုးဖြင့် သင်္ခါရသက်သေကို ခံစားကြရသည်။ မည်မျှ ပြုပြင်တည်ဆောက်စေကာ မူ အဆုံး၌ ပျက်စီးရမည်သာ ဖြစ်သည်။ 

ဒုတိယအသက်မှာ နာမ်သက်ဖြစ်သည်။ ပထမရုပ်သက်ပျက်စီး၍ မြေကြီးသို့ စွန့်ပစ်ရစေကာမူ ထိုနာမ်သက်က ရှိနေမည် ဖြစ်သည်။ ဒုတိယအသက်သည် ထာဝရဖြစ်ပါသည်။ ခရစ်တော်ကို အသက်တာ၌ ရရှိထားသူသည် ရုပ်သက်ကျေပျက်သွားပါစေ၊ ဝမ်းနည်းကြေကွဲစရာ မလိုပါ။ ထာဝရကဏ္ဍကို ခရီးဆက်ရမည့် နာမ်သက်က ရှိနေပြီး ဖြစ်သည်။ မိတ်ဆွေ သင်သည် ခရစ်တော် အားဖြင့် ဒုတိယအသက်ကို ရရှိ ပိုင်ဆိုင်ထားပြီလား။ သို့တည်းမဟုတ် သင်္ခါရရုပ်သက် ဖြင့်သာ ခရီးဆက်နေသေးသူ ဖြစ်ပါသလား။ သို့ဖြစ်ပါက သေခြင်းသည် သင့်အတွက် ကြောက်ရွံ့ထိတ်လန့်စရာ ဖြစ်ပေမည်။ ထိုအဖြစ်ဆိုးမှ လွတ်ဖို့ရန် သင့်အသက်တာကို ယခုပင် ပြင်ဆင်သင့်ပါသည်။ နက်ဖြန်နေ့ကို အကြောင်းပြု၍ စောင့်ဆိုင်း မနေသင့်ပါ။ ယနေ့ပင် သင်နှင့် ကျွန်ုပ်၏ နောက်ဆုံးနေ့ ဖြစ်သွားနိုင်ပါသည်။ ယခုပင် ကျွန်ုပ်တို့၏ နောက်ဆုံးအချိန် ဖြစ်သွားနိုင်ပါသည်။ ပတ်ဝန်းကျင်၌ ယခုမြင် ယခုပျောက်သွားကြသော လူများစွာကို ကျွန်ုပ်တို့  တွေ့နေကြရသည်။ (၁ယော၊ ၅း၁၁-၁၂) တွင် သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကို မရဟု အသိပေး ဖော်ပြထား ပါသည်။ ထိုစကားသည် သင်နှင့် ကျွန်ုပ်အတွက် သတိပေးစကား ဖြစ်သည်။ သင့်အသက်တာထဲ၌ ခရစ်တော်ကို မရရှိသေးပါက ယခုပင် ထိုအရှင်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ထာဝရကာလနှင့် ဆိုင်သည့် ဒုတိယအသက်ကို ပိုင်ဆိုင်ရရှိဖို့ရန် ပြင်ဆင်သင့်ပါသည်။


ပြင်ဆင်ထားသည့် ကယ်တင်ခြင်း

ကျွန်ုပ်တို့ အယောက်တိုင်း ခံစားဖို့ရန် ကယ်တင်ခြင်းကဏ္ဍကို သုံးပိုင်း ဘုရားရှင်က ပြင်ဆင်ထားပါသည်။ ဦးစွာ အပြစ်အခ သေခြင်းမှ ကယ်တင်ခြင်း ဖြစ်သည်။ ယေရှုခရစ် ကားတိုင်ပေါ်၌ အဖိုးအခပေး၍ ထို ကယ်တင်ခြင်းအတွက် ပြီးပြည့်စုံသောအမှုကို ပြုခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ဖက်မှ မည်သည့်အမှုကိုမျှ ပြုစရာမလို၊ အဖိုးအခမဲ့ ခံစားဖို့ရန် ကျေးဇူးတော်အားဖြင့် ပြုတော်မူသော ဆုမင်္ဂလာ ဖြစ်သည်။ ဒုတိယကယ်တင်ခြင်းမှာ အပြစ်မျက်နှာပြင်၊ အပြစ်ရှိသောနေရာမှ ကယ်တင်သော ကယ်တင်ခြင်း ဖြစ်ပါသည်။ ထိုကယ်တင်ခြင်းသည် ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်၍ ခရစ်တော်၏ ကိုယ်ထည်ဟူသော မျက်မြင်မရသည့် အသင်းတော်ထဲ၌ ပါဝင်သော ယုံကြည်သူ အယောက်တိုင်းကို ခရစ်တော် ကြွလာသည့်အခါ ဤလောကမြေကြီးမှ ကယ်တင်ခြင်း ဖြစ်သည်။ ထိုကယ်တင်ခြင်းသည် အနာဂတ်၌ ခံစားရမည့် ကယ်တင်ခြင်း ဖြစ်သည်။ တတိယကယ်တင်ခြင်းမှာ အပြစ် တန်ခိုးမှ ကယ်တင်ခြင်း ဖြစ်သည်။ ထိုကယ်တင်ခြင်းသည် ဤလောက၌ အသက်ရှင်နေ စဉ် လောကီသွေးဆောင်မှုအမျိုးမျိုး၊ သွေးသားတပ်မက်မှု၏ လှည့်စားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း အမျိုးမျိုး တို့ကြောင့် ဘုရားသခင့် အလိုတော်အတိုင်း အသက်မရှင်နိုင်၊ အပြစ်တန်ဖိုး၏ ဖိစီးမှုအောက်၌ ဆုံးရှုံးနေသော အသက်တာမှ ကယ်တင်ခြင်း ဖြစ်သည်။ (ဖိ၊ ၂း၁၂-၁၄) ထို ကယ်တင်ခြင်း ကျေးဇူးကို ခံစားနိုင်ဖို့ရန် ကျွန်ုပ်တို့ ကိုယ်တိုင်က ဘုရားရှင် မနှစ်သက်သည့် အကျင့်ဆိုးများကို ရွံ့မုန်းပြီး လွတ်မြောက် လိုသည့်ဆန္ဒရှိဖို့ လိုအပ်ပါသည်။ ထိုသို့ ဆန္ဒရှိလာပြီး ကိုယ်တော်ကို ကိုးစားပါက ထိုဖိစီးမှု အကျင့်ဆိုးများမှ လွတ်ဖို့ရန် ကျွန်ုပ်တို့အထဲမှနေ၍ ကိုယ်တော်က ခွန်အားပေးမစမည် ဖြစ်ပါသည်။ ကိုယ်တော်အားဖြင့် ထိုအပြစ်တန်ခိုး၏ ဖိစီးမှုအောက်မှ လွတ်၍ အောင်မြင်သော အသက်တာ၌ ကျွန်ုပ်တို့ အသက်ရှင်နိုင် ကြပါသည်။ သခင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားဖို့ရန် ဘုရားသခင် ပြင်ဆင်ပေးထားသည့် ယခုဘဝ၊ နောင်ဘဝ နှင့်ဆိုင်သည့် အာမခံချက်နှင့်အတူ အပြစ်တန်ခိုး၏ ဖိစီးမှုအောက်မှ လွတ်၍ အောင်မြင်သော အသက်တာ၌ အသက်ရှင်နိုင်ဖို့ရန် သခင် ခရစ်တော်ကို ယုံကြည်လက်ခံ၍ ကိုးစားနာခံခြင်းအားဖြင့် ကျွန်ုပ်တို့ အသက်တာများကို ပြင်ဆင်နိုင်ဖို့ရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

0 comments: