Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, July 29, 2012

အောင်မြင်ခြင်း ကောင်းကြီး မင်္ဂလာ (ဒေသနာတော်)


စာဖတ်သူများအားလုံးပဲ မင်္ဂလာရှိတဲ့နေ့ရက်လေး ဖြစ်ပါစေခင်ဗျာ။ ဒီတစ်ပတ် တနင်္ဂနွေမှာလည်း ခါတိုင်းလို အသင်းတော်နဲ့ အကြောင်းအမျိုးမျိုးကြောာင့် ဝေးနေရတဲ့ ယုံကြည်သူတိုင်း ခွန်အားယူနိုင်ဖို့ရာ ဝိညာဉ်ရေး အားပေးမယ့် ဒေသနာတော်တွေကို ဝေမျှတင်ပြပေးချင်ပါသေးတယ်။ ဆရာတော်ကြီးများ ဟောကြားခဲ့တဲ့ ဒီတရားဒေသနာတော်တွေကို ကျွန်တော့ Blog ပေါ်ကနေ တစ်ဆင့် ပြန်လည်ဝေမျှခွင့် ပေးတော်မူတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်းနဲ့ ဒီနေ့တော့ ဆရာကြီး ဦးကပ်ခန့်ခုပ် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့က ဝေငှဟောကြားခဲ့တဲ့ "အောင်မြင်ခြင်း ကောင်းကြီးမင်္ဂလာ" ဒေသနာတော်ကို စာရှု့သူခရစ်ယာန်ဘာသာဝင်များအတွက် ထပ်ဆင့် ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြားနာသူအယောက်စီ တိုင်း အား ဘုရားသခင် ကောင်းကြီးပေးပါစေခင်ဗျာ။ Amen!


အောင်မြင်ခြင်း ကောင်းကြီးမင်္ဂလာ (ဆရာကြီး ဦးကပ်ခန့်ခုပ်)

"ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက် ရှိသတည်း။ ထို့ကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။" (၁ကော၊ ၁၀း၁၁-၁၂)

ကျွန်ုပ်တို့သည် ကမ္ဘာ့သမိုင်းကြောင်းကို လေ့လာကြည့်ပါက ဖန်ဆင်းရှင်ဘုရား၊ အသက်ရှင်သောဘုရားကို ပထမဦးဆုံး သိကြသောသူများမှ ဣသရေလလူမျိုးများ ဖြစ်ကြပါသည်။ ယခုခေတ်အခေါ် အစ္စရေး လူမျိုးများ ဖြစ်ကြသည်။ သူတို့သည် အာဗြဟံမှ အစပြုလာကြသောသူများ ဖြစ်ကြပါသည်။ အာဗြဟံ အချိန်က ထာဝရဘုရားကို "ရာဝေ" ဟူသော အမည်နာမဖြင့် ခေါ်ခဲ့ကြသည်။ ထိုမှတဆင့် မောရှေခေတ် အစပိုင်း ဖန်ဆင်းရှင်ဘုရားကို "ယေဟောဝါ" ဟု ခေါ်ခဲ့ကြပြန်ပါသည်။ မောရှေခေတ် နောက်ပိုင်း တရားသူကြီးခေတ် ရောက်လာသောအခါ "အီလိုဟင်" ဟု အများက ခေါ်လာကြသည်ကို တွေ့ရပါသည်။ ထာဝရဘုရား၏ အမည်နာမကို "အီလိုဟင်" ဟု ခေါ်ဆိုခြင်းမှာ ခမည်းတော် ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းတော် ဝိညာဉ်တော် ဘုရားဟူ၍ သုံးပါးတစ်ဆူဘုရားကို ရည်ညွှန်းခေါ်ဆိုခြင်း ဖြစ်သည်ဟု ကျမ်းတတ်ပညာရှင်များက အနက်ဖွင့်ထားပါသည်။


ဘုရားသခင်အတူပါရှိ၍ လမ်းပြခြင်း

ထို့ကြောင့် ထာဝရဘုရားကို အဦးဆုံးသိရှိ ယုံကြည်လာရသော ဣသရေလလူတို့၏ အဖြစ်အပျက်ကို ယနေ့ အဓိက (၂) ချက်ကို ဆင်ခြင်ဖို့ ဖြစ်ပါသည်။ ဣသရေလလူမျိုးတို့သည် ကျွန်ခံရာမှ လွတ်မြောက်လာပြီးမှ အဲဂုတ္တုရှင်ဘုရင်သည် ထိုသို့ လွှတ်မိသည့်အတွက် နောင်တစိတ်ဖြစ်ပြီး သူတို့နောက်သို့ လိုက်ဖို့ရန် ပြင်ဆင်ပါသည်။ ထိုအချိန်၌ ဘုရားသခင်သည် မိမိ၏ လူမျိုးတော်တို့အား နေ့၊ ညဥ့် ခရီးပြုနိုင်ဖို့ရန် ကူညီပေးသည်ကို တွေ့ရသည်။
"သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား လမ်းပြဘို့ မိုးတိမ်တိုင်အားဖြင့် လည်းကောင်း၊ ညဥ့်၌ကား အလင်းပေးဖို့ မီးတိုင်အားဖြင့် လည်းကောင်း၊ သူတို့ရှေ့က ကြွတော်မူ၏။ နေ့အချိန်၌ မိုးတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော် မမူ။" (ထွက် ၁၃း၂၁-၂၂)
ဤအဖြစ်အပျက်သဘောကို ကြည့်ပါက ဘုရားသခင်သည် မိမိလူမျိုးတော်ကို မည်မျှ ဂရုစိုက်သည်ကို သိနိုင်ပါသည်။ နေ့အချိန်၌ နေမပူစေရန် မိုးတိမ်တိုက်အားဖြင့် အရိပ်ပေး၍ ညအချိန်၌လည်း ခရီးပြုနိုင်ရန် မီးတိုင်အားဖြင့် အလင်းနှင့် အနွေးဓါတ်ကို ပေးပါသည်။

တစ်နေ့ မိမိလူမျိုးတော်ကို ဖမ်းဆီးပြန်ခေါ်သွားမည့် အဲဂုတ္တုစစ်တပ်သည် ဣသရေလလူမျိုးတို့ အနားသို့ ရောက်လာလျှင် အဲဂုတ္တုလူတို့ဘက်၌ မိုးတိမ်မည်းကြီးဖြစ်၍ ဣသရေလလူတို့ဘက်၌ကား အလင်းကို ပေးလျက်နေသဖြင့် အဲဂုတ္တုစစ်တပ်သည် ဣသရေလလူတို့အနီးသို့ လုံးဝမချဉ်းကပ်နိုင်တော့ပါ။ ဘုရားသခင်သည် ထိုသို့သောအားဖြင့် မိမိလူတို့ကို ကွယ်ကာသည်ကို တွေ့ရသည်။ ထို့ကြောင့် ဆာလံဆရာကြီးက "ထာဝရဘုရားသည် ငါ၏ခိုလှုံရာ" ဟုဆိုထားပါသည်။ ဘုရားသခင်သည် မိမိလူတို့ကို ထိုသို့ကာကွယ်ပါလျက် သူ့လူမျိုးဖြစ်သူတို့က ရန်သူ့အခြေအနေကိုကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်သဖြင့် သူတို့ခေါင်းဆောင် မောရှေကို အပြစ်တင်ကြသည်။ အဲဂုတ္တုပြည်၌ သချုင်္ိင်းမရှိသောကြောင့် ဤတော၌ ငါတို့ကို သေစေခြင်းငှာ ဆောင်ခဲ့သလောဟု ဆိုကြပါသည်။ ဣသရေလလူတို့သည် အဘယ်ကြောင့် ကြောက်ရွံ့စိတ်ဖြင့် ခေါင်းဆောင်အပေါ် အပြစ်တင်ကြသနည်း။ သူတို့နှင့်အတူ ဘုရားသခင် ပါရှိသည်ကို သတိလစ်မိကြ၍ဖြစ်သည်။

ထိုအခါ မောရှေသည် ထာဝရဘုရားကို အော်ဟစ်သဖြင့် ထာဝရဘုရားသည် မောရှေအား ပင်လယ်ပေါ်မှာ လက်ကို ဆန့်၍ ပင်လယ်ရေကို ခွဲစေပါသည်။ ထာဝရဘုရား၏ အမိန့်တော်အတိုင်း မောရှေသည် ပင်လယ်ပေါ်မှာ လက်ဆန့်သည့်အခါ ပင်လယ်ရေသည် နှစ်ခြမ်းကွဲ၍ ကုန်းပေါ်လာပြီး ဣသရေလ လူတို့သည် ထိုမြေလမ်းပေါ်၌ လျှောက်သွား၍ ပင်လယ်တစ်ဖက်သို့ ကူးသွားကြပါသည်။ ဣသရေလ လူများအားလုံး ပင်လယ်တစ်ဖက်သို့ ရောက်သွားပြီးနောက် အဲဂုတ္တုတပ်သားတို့သည် ထိုပင်လယ်လမ်းအတိုင်း လိုက်လာသည့်အခါ ဘုရားသခင်သည် ပင်လယ်ရေကို ပြန်၍ ဆွဲစေ့သဖြင့် ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့အပေါ်၌ မြစ်ရေလွှမ်းမိုးသဖြင့် တစ်စုံတစ်ယောက်မျှ မကျန် အသက်ဆုံးရှုံသွားကြရသည်။ (ထွက်၊ ၁၄း၂၈) ဤသို့ ဖြစ်စဉ်၌ ဣသရေလလူတို့သည် ခေါင်းဆောင်ကို အပြစ်တင်ကြပြီး ဘုရားသခင်ကို ပြစ်မှားမိကြသော်လည်း ဘုရားသခင်သည် မိမိလူတို့ကို အစဉ်သဖြင့် ခွင့်လွှတ်၍ ဤသို့သော ဂရုဏာတော်ကို ပြတော်မူကြောင်း သိရပါသည်။ ဣသရေလလူတို့သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းသက်သက်ကြောင့် ပင်လယ်နီ ကို ဖြတ်ကျော်လာပြီး ခရီးဆက်လာခဲ့ကြပါသည်။ (ယောရှု ၃) သို့ ရောက်လာသည့်အခါ ယောဒန်မြစ်ကမ်း ၏ ဘေးသို့ ရောက်လာပါသည်။ ဘုရားသခင်၏ ကတိတော်နှင့်အညီ ဝင်စားရမည့် ခါနန်ပြည်နှင့် ပတ်သက်၍ စူးစမ်းမှုပြုကြပြီး ကောင်းသတင်းကိုလည်း ကြားကြပြီးပြီ။ ဣသရေလလူတို့သည် ထိုကတိတော်နှင့် ဆိုင်သောပြည်ကို ဝင်စားနိုင်ဖို့ရန် မကြာမီ၊ ယော်ဒန်မြစ်ကို ကူးကြရမည် ဖြစ်သည်။ သို့သော် ရေကူးကျွမ်းရုံဖြင့် ကူးသွား၍ မရနိုင်။ အကြောင်းမှာ ကလေးနှင့် မိန်းကလေးများလည်း ပါလာသည် ဖြစ်၍ အားလုံးက ရေကူးတတ်ကြသည်မဟုတ်။ ယခု ဖြတ်ကူးရမည့် ယော်ဒန်မြစ်ကို ပင်လယ်နီ လို ကူးဖြတ်လည်းမရပါ။ မည်ကဲ့သို့ ကူးဖြတ်သွားရမည်နည်း။ ယုံကြည်ခြင်းဖြင့် ဘုရားသခင်က ကူးခိုင်း ပါသည်။ ယုံကြည်ခြင်းဟူသည်လည်း နာခံခြင်းနှင့် တွဲဖက်နေပါသည်။
"မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ် ခြေဘဝါးတို့သည် ယော်ဒန်မြစ်ရေကို နင်းသာ ခဏခြင်းတွင် မြစ်ညာရေသည် ဖြတ်၍ ပုံပုံကြွနေလိမ့်မည်။" ဟု ဆိုလေ၏။ (ယောရှု၊ ၃း၁၃)

ဣသရေလလူတို့သည် ဘုရားသခင်၏ အမိန့်တော်အတိုင်းပြု၍ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာ သွားလျက် ယော်ဒန်မြစ်ထဲသို့ ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကို နင်းသောအခါ စီးဆင်းနေသောရေသည် အကုန်အစင် ပြတ်၍ လူများတို့သည် ကုန်းမြေပေါ် လျှောက်ရကြ၏။ လူများတို့သည် တစ်ဖက်ကမ်းရှိ ယေရိခေါမြို့သို့ မြေပေါ်မှာ လျှောက်လျက် အားလုံး ကူးမြောက်သွားကြပါသည်။ ဣသရေလလူတို့သည် ဟိုတစ်ချိန်က ပင်လယ်နီကို ဖြတ်ကူးစဉ် နောက်၌ အဲဂုတ္တုစစ်တပ်၊ ရှေ့၌ ပင်လယ်နီ ကာဆီးနေပြီး ကြားညှပ်ခံနေကြသည်။ ထိုသို့ သေဖို့သာရှိသောခြေအနေ၌ ကျေးဇူးတော်အားဖြင့် ဘုရားသခင်က အဣသရေလလူတို့ကို သေဘေးမှ ကယ်တင်ခဲ့ပါသည်။ ထိုအချိန်၌ ဘုရားသခင် ကျေးဇူးပြုပေးသည့် အပေါ် လွတ်လာရကြပါသည်။ ယုံကြည်ခြင်းဖြင့် လုပ်ဆော်မှု မပါပါ။ ယခု ယော်ဒန်မြစ်ကို ကူးသည့်အခါတွင် ယဇ်ပုရောဟိတ်တို့သည် ယုံကြည်ခြင်းဖြင့် မြစ်ရေကို နင်းရပါသည်။ မြစ်ရေထဲကို နင်းရပုံမှာ စိတ်နှလုံးသား အတွင်းက ယုံကြည်ခြင်းရှိ၍ ခြေထောက်က လုပ်ဆောင်နင်းလိုက်ရပါသည်။


ကျေးဇူးတော်အားဖြင့် ပြင်ဆင်ပေးသောအရာ

အထက်ကျမ်းစာဖော်ပြချက်က "ထိုအကြောင်းအရာ ရှိသမျှသည် ကပ်ကာလအဆုံး၌ ဖြစ်သော ကျွန်ုပ်တို့ကို ဆုံးမစရာဖို့ဖြစ်သည်။" ဟု ဆိုထားပါသည်။ မည်သည့်အရာကို ဆုံးမသွန်သင်နေခြင်း ဖြစ်ပါသနည်း။ ဣသရေလ လူတို့သည် ပင်လယ်နီကို ဖြတ်စဉ်က ရှေ့၌ ပင်လယ်နီ၊ နောက်၌ အဲဂုတ္တုစစ်တပ်က လိုက်ပါလာပါသည်။ အခြေအနေက သေဖို့သာရှိသည်။ ယနေ့တွင်လည်း ကျွန်ုပ်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ရှေ့တော်၌ ကာယကံ၊ ဝစီကံ၊ မနောကံ အားဖြင့် မှားယွင်းနေကြသည် ဖြစ်၍ ကံ၊ ကံ၏ အကျိုး အပယ်ငရဲမှ မလွတ်နိုင်ကြသည်ကို ရည်ညွှန်းဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ အချိန်ပေး၍ လပေါင်းများစွာ တရားအားထုတ်ကြပြီးမှ ပြန်လာသည့်အခါ အိမ်၌ စိတ်မတွေ့စရာများ ကြုံရသည်နှင့် စိတ်မထိန်းနိုင်ဘဲ မှားတတ်ကြပြန်ပါသည်။ လူသားမှန်လျှင် ကံသုံးပါးကို လုံအောင် ထိန်းဖို့ မလွယ်ပါ။ ကာယကံ၊ ဝစီကံကို ထိန်းနိုင်သည်ဆိုလျှင်ပင် မနော က မည်သူမျှ မထိန်းနိုင်ကြပါ။ သို့ဖြစ်၍ ကောင်းသောအမှုကို ပြုသည်က အနည်းအကျဉ်းမျှသာ မကောင်းမှုက ရေတွက်မရနိုင်ပါ။ ထို့ကြောင့် သတိပေးစကားက "ကုသိုလ် တစ်ပဲ၊ ငရဲ တစ်ပိဿ" ဆိုသော စကားက နှလုံးသွင်း ဆင်ခြင်စရာ ဖြစ်ပေသည်။ ပြုသမျှကောင်းမှုကုသိုလ်က တမလွန်၌ ငရဲက လွတ်ဖို့ရန်အတွက် မပြည့်မီပါ။ ကျွန်ုပ်တို့ ခံထိုက်သည့်အရာက သေခြင်းတစ်ဖက် အပါယ်ငရဲ ခံရမည့်အရာက လွတ်လမ်းမရှိပေ။

ဣသရေလလူများ ပင်လယ်နီကို ကျော်ဖို့ လူ့အနေနှင့် မဖြစ်နိုင်၊ မကျော်နိုင်ပြန်လျှင်လည်း နောက်၌ အဲဂုတ္တုစစ်တပ်က လိုက်လာပြန်သည်။ သေချာနေသည်က သေဖို့ပင်ဖြစ်သည်။ ထိုအခြေအနေမျိုးနှင့် တူနေသော ကျွန်ုပ်တို့၏ ဘဝကို သားတော်အားဖြင့် ဘုရားသခင်က ကျေးဇူးပြုလိုက်ပါသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးတို့ကို ကျေးဇူးတော်အားဖြင့် လွတ်မြောက်စေသကဲ့သို့ အပြစ်ကြောင့် အပါယ်ငရဲသို့သွားရမည့် ကျွန်ုပ်တို့အား အပါယ်ငရဲမှ လွတ်မြောက်စေဖို့ရန် သားတော် ယေရှု အားဖြင့် ကျေးဇူးပြုပါသည်။ ကယ်တင်တော်မူပြီး ဖြစ်သည်။ ကျွန်ုပ်တို့ဘက်က မည်သည့်အဖိုးအခမျှ မပေးရပါ။ ကျွန်ုပ်တို့ဘက်က ထိုအရာကို ဝန်ခံဖို့၊ ယုံကြည်လက်ခံဖိုရန်သာ လိုပါသည်။ သားတော်သည် ကျွန်ုပ်တို့ အပြစ်အတွက် ကားတိုင်၌ အသေခံလျက် အပြစ်ကြွေးဆပ်ပေးတော်မူပြီ ဖြစ်သည်။ ကျွန်ုပ်တို့ ခံထိုက်သောပြစ်ဒါဏ်ကို ကိုယ်တော်က ခံပေးတော်မူခဲ့ပြီးဖြစ်သည်။ ဤအရာသည် ကျေးဇူးတော်ဖြစ်သည်။ ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့ ယနေ့ခံယူဖို့ဖြစ်သည်။ ဘုရားသခင်၏ အခမဲ့ ပြင်ဆင်ပေးမှုကို လက်ခံပြီးပါက သေခြင်းအတွက် ကြောက်စရာမလိုတော့ပါ။ သေခြင်းတရားကို အစိုးရသော စာတန်၏ လက်မှ လွတ်ခွင့်ရပြီးဖြစ်သည်။ ထိုအာမခံချက်ကို ခံစားပြီးသောသူသည် အသက်တာ၌ တမလွန်အတွက် စိတ်ပူစရာမလိုတော့ပါ။ ဝမ်းမြောက်ခြင်းကို ခံစားရပြီဖြစ်သည်။ ကျွန်ုပ်တို့အသက်တာတွင် ထို အာမခံချက် ခံစားပြီးကြောင်းသေချာဖို့ မိမိတို့အသက်တာကို ကိုယ်တိုင်စစ်ဆေး ဆင်ခြင်ဖို့ ယနေ့ကျမ်းစာက သွန်သင် ဖော်ပြပေးနေပါသည်။


ယုံကြည်ခြင်း၏ လက္ခဏာဖြစ်သည့် နာခံခြင်း

ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင် ပြုသော ကျေးဇူးတော်ကို ခံယူပြီးနောက် နေ့စဉ် ယုံကြည်ခြင်းဖြင့် အသက်ရှင် လျှောက်လှမ်းသူဖြစ်ဖို့ လိုအပ်ပါသည်။ အဖိုးအခ မပေးဘဲ အသက်တာအောင်မြင်ခြင်း မရနိုင်ချေ။ ဣသရေလလူမျိုးများက ပင်လယ်နီကို ကျေးဇူးတော်အားဖြင့် ကျော်ဖြတ်ခဲ့ကြသော်လည်း ကတိတော်နှင့် ဆိုင်သော ခါနန်ပြည်သို့ ဝင်ရန်အတွက်မူ ယုံကြည်ခြင်းလိုပါသည်။ ကျွန်ုပ်တို့သည် နေ့စဉ် အသက်တာ၌ ခါနန်ပြည်ဝင်စားခြင်း တည်းဟူသော အောင်မြင်ခြင်းကို ခံစားလိုပါက ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြဖို့ ဖြစ်ပါသည်။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းဟူသည် အဘယ်နည်း။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းသည် ယုံကြည်ခြင်း၏ သက်သေဖြစ်သော နာခံခြင်းက လိုက်လာရပါသည်။ လုပ်ဆောင်ခြင်းက ပါလာပါသည်။ ယုံကြည်ခြင်းသည် စိတ်နှလုံးထဲက ဖြစ်နေသော်လည်း မြင်နိုင်သော လက္ခဏာအဖြစ် လှုပ်ရှားမှုက ပါလာပါသည်။ မေတ္တာသည် စိတ်အတွင်းက ခံစားသောအရာ ဖြစ်ပြီး မေတ္တာရှိကြောင်းကို သက်သေအဖြစ် အပြုအမူတုံ့ပြန်လုပ်ဆောင်မှုအားဖြင့် ထင်ရှားလာစမြဲဖြစ်သည်။ အမှန်တကယ် မေတ္တာရှိပါက မနေနိုင်ပါ။

ယနေ့ ယုံကြည်သည်ဟု ဆိုကြသောသူများ၌လည်း မြင်သာ၊ ထင်သာ လက္ခဏာရှိပါသည်။ ယနေ့ ဗတ္တိဇံ မင်္ဂလာကို ခံယူကြသည်။ ခရစ်တော်ကို မိမိ၏အပြစ်မှ ရွေးနုတ်ကယ်တင်သော အရှင်ဖြစ်သည်ဟု နှလုံးထဲမှ ယုံကြည်သဖြင့် မနေနိုင်တော့ပါ။ လူရှေ့၌ မိမိယုံကြည်ခြင်းကို သက်သေပြုဖို့ ဗတ္တိဇံခံခြင်း ဖြစ်ပါသည်။ ထိုနည်းတူ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဆယ်ဘို့တစ်ဘို့ ပေးပါ။ ထိုသို့ပေးပါက ကောင်းကင် ပြတင်း တံခါးဖွင့်၍ ကောင်းကြီး မင်္ဂလာကို အကုန်အစင် သွန်းလောင်းပေးမည်။ မသွန်းလောင်းမည်ကို စုံစမ်းကြလော့ဟု မိန့်တော်မူပါသည်။ ထိုစကားမှာ စိန်ခေါ်စကား ဖြစ်ပါသည်။ ထိုစကားတော်၊ ကတိတော်ကို ယုံကြည်သူအတွက် လက္ခဏာသက်သေရှိပါသည်။ ထိုလက္ခဏာသက်သေက ဆယ်ဘို့တစ်ဘို့ ပေးခြင်းဖြစ်ပါသည်။ ဆယ်ဘို့တစ်ဘို့ပေး၍ ကောင်းကြီးအသီးအပွင့်ကို ခံစားရပါမည်။ ဘုရားသခင်ထံတော်မှ အဆသုံးဆယ်။ အဆခြောက်ဆယ်၊ အဆတစ်ရာ ပြန်၍ ခံစားရမည် ဖြစ်ပါသည်။ ယခုပြောနေသော ယုံကြည်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် အပါယ်ငရဲ မသွားရမည့် ယုံကြည်ခြင်းမဟုတ်ပါ။ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ရသည့် ယုံကြည်ခြင်း မဟုတ်ပါ။ ခရစ်ယာန်အသက်တာ၌ အောင်မြင်ခြင်းကို ခံစားဖို့၊ ကောင်းကြီးမင်္ဂလာခံစားဖို့ရန် ဘုရားသခင်၏ စကားကို ကြားသည့်အခါ ထိုစကားတော်အတိုင်း ပြုရဲသော၊ ရပ်တည်ရဲသော ယုံကြည်ခြင်းကို ဖော်ပြပြောဆိုနေခြင်း သာ ဖြစ်သည်။ ယုံကြည်သူတို့၏ အသက်တာ၌ ဘုရားသခင်၏ ဘုန်းတော် တန်ခိုးတော်ကို မြင်ရဖို့ရန် ထိုသို့သော ယုံကြည်ခြင်းရှိဖို့ရန် လိုအပ်သည်။ 
"ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု ဘုရားသခင်သည် မိန့်တော်မူ၏။" (လု၊ ၁၈း၈)
ဤနေရာ၌ သခင်ယေရှုခရစ်သည် ယုံကြည်ခြင်းအားဖြင့် ငရဲမှ လွတ်၍ ကယ်တင်ရသည့် ယုံကြည်ခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်ပြီးနောက် အသက်တာ၌ အသီးများစွာ တွေ့ရသော၊ အသီးများစွာ သီးနေသော ယုံကြည်ခြင်းအားဖြင့် ရသော အသီးကို ပြောဆိုနေခြင်း ဖြစ်ပါသည်။

တစ်နည်းအားဖြင့်၊ အသီးသီးစေသော ယုံကြည်ခြင်းကို ဆိုလိုပါသည်။ ဒံယေလ အသက်တာ၌ ဘုရားသခင်ကို ယုံကြည်သည့် ယုံကြည်ခြင်းသက်သေကို တွေ့ရသည်။ ခြင်္သေ့တွင်းထဲသို့ ပစ်ချခံရသည့်တိုင် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခဲ့သည်။ ဒံယေလတို့ သူငယ်ချင်းသုံးယောက်သည် နေဗုခဒ်နေဇာမင်းကြီး တည်သော ရွှေရုပ်တုကို ဦးမချ မပျက်ဝပ်ကြသဖြင့် မီးလောင်လျှက်ရှိသော မီးဖိုထဲသို့ ပစ်ချခံရလျှင် ယုံကြည်ခြင်းအားဖြင့် လွတ်မြောက်ရကြောင်းကို တွေ့ရပါသည်။ သခင်ယေရှုက မြေကြီးပေါ်သို့ ပြန်၍ တဖန်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု ဆိုခြင်းမှာ သက်သေထင်ရှားသော ယုံကြည်ခြင်းအသီးအပွင့်များကို ဆိုလိုပါသည်။

ကျွန်ုပ်တို့သည် ယနေ့မြေကြီးပေါ်၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်နေကြပါသလား။ ဘုရားသခင်သည် ကတိတော်အတိုင်း ဝင်စားရမည့် ခါနန်ပြည်အနီးသို့ ဣသရေလ လူတို့ငို ခေါ်ဆောင်လာခဲ့ပြီးပါပြီ။ သူတို့သည် ယုံကြည်ခြင်းဖြင့် ယောဒန်မြစ်ကို မနင်းပါက ခါနန်ပြည်ကို မဝင်စားနိုင်ပါ။ ယုံကြည်ခြင်းဖြင့် အမိန့်တော်အတိုင်း မြစ်ထဲသို့ ခြေချနင်းခြင်းဖြင့် ကတိတော်ထားသော ပြည်သို့ ဝင်စားခွင့် သူတို့ ရခဲ့ကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယနေ့ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း အမှန်ရရှိပြီးဖို့လိုသည်။ သိပ်အရေးကြီးသည့်အချက်ပါ။ မိမိယုံကြည်ခြင်းသက်သေဖြစ်သည့် ဘုရားသခင့် စကားပေါ်ရပ်တည်ရဲခြင်း၊ ရပ်တည်နေခြင်း အသက်တာ ရှိကြပါရဲ့လား။ ယနေ့ ဘုရားသခင့်စကားပေါ် အမှန်ယုံကြည်ခြင်းရှိ၍ လက်တွေ့နာခံခြင်း၊ ပြုမူလုပ်ဆောင်ကြခြင်းများရှိသော အသက်တာအားဖြင့် အောင်မြင်ခြင်းကောင်းကြီးမင်္ဂလာများကို ခံစားကြရသောသူများ ဖြစ်ဖို့ရန် မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

0 comments: