Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, July 08, 2012

သိလျက်နှင့် ဝန်မခံခြင်း၏ ဆိုးကျိုး (ဒေသနာတော်)


အပတ်စဉ် ပုံမှန်ဝေမျှပေးလာခဲ့တဲ့အတိုင်း ဒီတစ်ပတ်မှာလည်း ဆရာကြီးတွေရဲ့ ဒေသနာတော်တွေကို ယုံကြည်သူ ဓမ္မမိတ်ဆွေများအတွက် ဆက်လို့ ဝေမျှပေးသွားချင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာကြီး ဦးပေါလ်ခေကျိုင်း ရဲ့ "သိလျက်နှင့် ဝန်မခံခြင်း၏ ဆိုးကျိုး" ဒေသနာတော်ကို ဝေမျှပေးသွားဦးမှာမို့ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


ချစ်သောဓမ္မမိတ်ဆွေ...
ကျွန်ုပ်တို့ အမိမြန်မာပြည်၏ ခရစ်ယာန်သာသနာသည် လာမည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ အနှစ် နှစ်ရာ ပြည့်တော့မည် ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာဝင် အသင်းသူ အသင်းသားတို့သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသင့်သလောက် သိခဲ့ကြလေပြီ။ ကယ်တင်ခြင်း အကြောင်း ပြောမလား၊ ခရစ်ယာန်အသက်ရှင်ခြင်းအကြောင်း ပြောမလား၊ ခေတ်ကာလအပိုင်းအခြား အကြောင်း သင်မလား၊ ပြောတတ်ဟောတတ်ကြလေပြီ။ သို့သော် လိုအပ်နေသည်မှာ အသိသာရှိပြီး၊ လက်တွေ့ပိုင်းမှာ နာခံခြင်းနှင့် လိုက်လျှောက်ခြင်း မရှိခြင်းပေတည်း။

သို့ဖြစ်၍ တစ်ချိန်က ဟေရှာယဟောဖူးသော အနာဂတ်စကားဟူမူကား "သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။" (မဿဲ ၁၃း၁၄)
ဤစကားအတိုင်း ကျွန်ုပ်တို့ ယုံကြည်သူများ အသက်တာမှာ ပြည့်စုံနေရော့သလား၊ စဉ်းစားစရာ ဖြစ်ပါသည်။

ချစ်သောဓမ္မမိတ်ဆွေများ တကယ်မသိ၍၊ မနာခံခြင်းသည် သည်းခံစရာ၊ ခွင့်လွှတ်စရာရှိပါ၏။ သို့သော် သိလျက်နှင့် မြင်လျက်နှင့် မိမိမျက်စိကို ပိတ်သောသူဖြစ်လျှင်မူကား၊ အန္တရာယ်ကြီးလှပေ၏။

ယခုနှစ်တွင် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်ဘက်ကို ရက်ပေါင်း (၇၀) ရက်တိတိ ဧဝံဂေလိခရီး သွားခဲ့ပါသည်။ ထိုလမ်းခရီးစဉ်တစ်လျှောက် ခရစ်ယာန်ဘာသာဝင်များကို ဤအကြောင်း ဟောပြော ခဲ့ပါသည်။ သို့သော် တချို့မှာမူ သမ္မာကျမ်းစာ သင်ကြားပေးခြင်းကို နားလည် သဘောပေါက်ပါလျက်နှင့် လက်မခံဘဲ ရှိနေကြသူများ အမြောက်အများ ရှိကြောင်း တွေ့ရပါသည်။ တချို့မှာ ကယ်တင်ခြင်းသို့ ရောက်ပြီးမှ ဆယ်ဘို့တစ်ဘို့ ပေးစရာမလို၊ အပြစ်ဝန်ချတောင်းပန်ရန်မလို၊ အမြဲဆုတောင်းနေစရာမလို၊ မလို-မလို ဝါဒကို ဆွဲကိုင်ပြီး သိသိကြီးနှင့် ထင်ရာစိုင်းနေသူများလည်း ရှိလေသည်။

တချို့မှာမူ ကယ်တင်ခြင်းဆိုသည်မှာ ယခုဘဝကတည်းက ရ မရ မသိနိုင်။ သေမှ သိမည်ဟု ပြောနေကြသည်။ ကယ်တင်ခြင်းကို သဘောပေါက်အောင် သင်ကြားသော်လည်း လက်မခံဘဲ၊ မိမိ အကျင့်သီလနှင့် ကောင်းမှုကိုသာ မှီခိုအားကိုးနေသူများလည်း ရှိသည်။ ထို့ကြောင့် ထိုလူစားများထဲမှာ ကျွန်ုပ်တို့ ပါမသွားမိအောင် သတိပေးလိုပါသည်။

တစ်ချိန်က ပရောဖက် ယေရမိလက်ထက်၌ စိတ်ခိုင်မာသော ဘုရင်တစ်ပါး ရှိလေသည်။ ထိုသူသည် ယေရှိ မင်းကြီး၏သား ဇေဒကိမင်း ဖြစ်လေသည်။ တရံရောအခါ ဇေဒကိမင်းကြီးသည် ယဇ်ပုရောဟိတ်တို့ကို ယေရမိထံသို့ စေလွှတ်၍ ငါတို့အဘို့ ထာဝရဘုရားသခင်အား ဆုတောင်းပါလော့ ဟု မှာလိုက်၏။ ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက်သေး။

ထိုအခါ ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်၍ သင်တို့ကို စစ်ကူခြင်းငှာ လာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည် သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။ ခါလဒဲလူတို့သည် လာပြန်၍ ဤမြို့ကို တိုက်ယူပြီးလျှင် မီးရှို့ကြ လိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ် မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။ ထိုမျှမက သင်တို့ကို စစ်တိုက်သော ခါလဒဲစစ်သူရဲအပေါင်းတို့ကို သင်တို့သည် လုပ်ကြံသဖြင့် သူတို့တွင် ဒါဏ်ချက်ထိသောသူ သက်သက်ကျန်ကြွင်းသော်လည်း သူတို့သည် အသီးအသီး မိမိတို့ထဲ၌ ထ၍ ဤမြို့ကို မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ စာရေးတော်ယောနသန်၏ အိမ်၌ လှောင်ထားကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။ (ယေရမိ ၃၇း၃-၃၅)။

တဖန် ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ဗိမာန်တော်၏ အတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင်၊ သင်၌ တစ်စုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟု ဆိုသော်၊ ယေရမိက အကျွန်ုပ် လျှောက်လျှင် အကျွန်ုပ်ကို မသတ်ဘဲ အမှန်နေမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင် အကျွန်ုပ်စကားကို နားထောင်တော်မူမည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။ ဇေဒကိမင်းကြီးကလည်း ငါတု့အသက်ရှင်သော သတ္တဝါဖြစ်စေခြင်းငှာ၊ ဖန်ဆင်းသော ထာဝရဘုရားအသက်ရှင်တောမမူသည် အတိုင်း သင့်ကို ငါမသတ်။ သင့်အသတ်ကို ရှာသော ထိုသူတို့လက်သို့ သင့်ကို ငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။

ယေရမိကလည်း ဣသရေလအမျိုး၏ ကောင်းကင်ဗိုလ်ခြေထာဝရဘုရား မိန့်တော်မူသည်ကား ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် မှူးမတ်တို့ထံ ထွက်သွားလျှင် အသက်ချမ်းသာရကြလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင် ဤမြို့ကို ခါလဒဲလူတို့လက်သို့အပ်၍ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း သူတို့လက်နှင့် မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။ (ယေရမိ ၃၈း၁၄-၁၈)။

ချစ်သောဓမ္မမိတ်ဆွေ...
ဇေဒကိမင်းကြီးသည် ထာဝရဘုရား အမိန့်တော်စကားကို ကောင်းစွာ သဘောပေါက်နားလည်သော်လည်း နာခံခြင်း မရှိ။ မိမိစိတ်ကြိုက်အတိုင်း အသက်ရှင်သောကြောင့် နောက်ဆုံးတွင် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရလေသည်။ ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒဿမလတွင် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြသည်။ ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကို မြင်လျှင် ညအခါ ပြေး၍ ဥယျဉ်တော်လမ်းကို လိုက်လျက် မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးလျှင် လွင်ပြင်သို့ သွားကြ၏။ ခါလဒဲစစ်သူရဲတို့သည် လိုက်လျက် ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကို မှီ၍ ဖမ်းဆီးပြီးမှ နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြေ စီရင်၍ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။ ဇေဒကိမျက်စိကိုလည်းဖောက်ပြီးမှ သူ့ကို ကြေးဝါကြိုးဖြင့် ချည်နှောင်လေ၏။ ခါလဒဲလူတို့သည်လည်း နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍ မြို့ရိုးကို ဖြိုဖျက်ကြ၏။

ချစ်သောဓမ္မမိတ်ဆွေ...
ဤနေရာ၌ ယုဒရှင်ဘုရင်ဇေဒကိသည် ဖြစ်လာမည့်အခြေအနေကို မသိ၍မဟုတ်။ ယေရမိထံမှ တိကျသော ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရရှိပြီး ဖြစ်ပါသည်။ သို့သော် ဇေဒကိမင်းသည် လွတ်ခြင်းအခွင့် ရှိသည်ဟု ဝန်ခံလျက်ပင် ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ ကျွန်ဖြစ်၏။ အဘယ်သို့နည်းဟူမူကား၊ လူကိုနိုင်သော အရာသည် လူ၏သခင်ဖြစ်၏။ (၂ပေ ၂း၁၉)။ တမန်တော်ပေါလုက ဂလာတိအသင်းတော်ကို ဤသို့ ရေးလိုက်၏။ "ညီအစ်ကိုတို့ သင်တို့သည် လွတ်ခြင်းအခွင့်ကို ရသောသူ ဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့် ကို ပေး၍ ထိုလွတ်ခြင်းကို မသုံးကြနှင့်။" (ဂလာတိ ၅း၁၃)။

ချစ်သောဓမ္မမိတ်ဆွေ...
ဇေဒကိသည် ထိုကဲ့သို့သော် ဆင်းရဲဒုက္ခမှ လွတ်ရာလမ်းကို ရပြီးသောသူ ဖြစ်ပါ၏။ သို့သော်လည်း သူသည် ဘုရားစကားကို နားထောင်မည့်အစား မိမိစည်းစိမ်နှင့် မိမိရာထူးများကို တပ်မက်သောကြောင့် နောက်ဆုံးတွင် ပျက်ဆီးခဲ့ရလေသည်။

ထိုနည်းတူစွာ ယုံကြည်သူ၏ ခန္ဓာကိုယ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်သည်ဟု သိပြီး ဝန်ခံလျက်ပင် အရက်၊ ဆေးလိပ်၊ ကွမ်းယာများ မှီဝဲလျက် ရှိသော ယုံကြည်သူများး၊ ဘုရားသားများသည် သမ္မာအာဇီဝဖြင့်သာ အသက်မွေးရမည်ဟု သိလျက်ပင် အရက်ရောင်း၊ ထီထိုး၊ လောင်းကစားပြုနေသော ယုံကြည်သူများ၊ တစ်လင်တစ်မယားစနစ်သာလျှင် ဘုရားသခင် နှစ်သက်သည်ဟု သိလျက်နှင့် မယားငယ် ထားနေသူများ၊ လက်ထပ်မင်္ဂလာဆောင်ခြင်းပြုပြီးမှ အတူနေခြင်းသာလျှင် ဘုရားကြိုက်နှစ်သက်သည်ဟု သိလျက်ပင် မျက်စိမှိတ်ပြီး၊ ဇာတိတပ်မက်ခြင်း၊ ကိလေသာ လွန်ကျူးခြင်းအားဖြင့် အပြစ်သွေးဆောင်ခြင်း ခံသောသူတို့၏ နောက်ဆုံးရလာဒ်သည် ဇေဒကိကဲ့သို့ ဆိုးကျိုးသာရမည် ဖြစ်ကြောင်း ခရစ်တော်၏ မေတ္တာ၌ အသိပေးဝေငှလိုက်ရပါသည်။

0 comments: