Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, July 15, 2012

ဆီပြည့်သောမီးခွက် (ဒေသနာတော်)


ကျေးဇူးတော်ကြောင့် အပတ်စဉ် ဝေမျှခွင့်ရနေတဲ့ ဆရာကြီးများရဲ့ ဒေသနာများကို ယုံကြည်သော စာဖတ်သူများ ကျေနပ်ဖို့ မျှော်လင့်ပါတယ်။ ဒီတစ်ပတ်မှာလည်း ထပ်မံဝေမျှခွင့်ပေးတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းမိသလို၊ ဒီတစ်ပတ်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အသင်းတော် နဲ့ ဝေးကွာနေကြရတဲ့ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများ ဝိညာဉ်ခွန်အား တိုးလို့ရရှိဖို့ ဆုတောင်းပေး ပါတယ်။ ဒီ တနင်္ဂနွေနေ့မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့က ကြားနာခဲ့ရတဲ့ ဆရာကြီး ဦးတင်မောင်ထွန်း ရဲ့ "ဆီပြည့်သောမီးခွက်" ဒေသနာကို ထပ်ဆင့်လို့ ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!


လောကကြီးထဲ၌ ပြိုင်ပွဲအသီးသီး ရှိကြသည်။ လူတို့က ထိုပြိုင်ပွဲများအတွက် ပြင်ဆင်မှု အမျိုးမျိုး ပြုကြပါသည်။ အချိန်နှင့် လူအင်အား များစွာ စိုက်ထုတ်ကြရသည်။ သို့သော် ထိုပြိုင်ပွဲများ၌ ပြိုင်ပွဲ ဝင်ကြသူတိုင်း ဆုရကြသည် မဟုတ်ပါ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ကြသော်လည်း ဆုရဖို့ အာမခံချက် မရှိပါ။ ဘုရားသခင် ပြင်ဆင်ထားသော ကယ်တင်ခြင်းမှာမူ ပြိုင်ဖို့ မလိုပါ။ တစ်ဦးချင်းက ယုံကြည်ကြဖို့သာ လိုပါသည်။ ဘုရားသခင်သည် လူကိုချစ်၍ တန်ဖိုးထားတော်မူသဖြင့် ဤမျှလွယ်ကူစွာ ခံစားနိုင်ဖို့ရန် ပြင်ဆင်ပေးထားပါသည်။ သို့ဖြစ်၍ လူတစ်ဦးသည် ကယ်တင်ခြင်းမခံစားရပါက ဘုရားသခင်၏ အပြစ်မဟုတ်ပါ။ ကယ်တင်ခြင်း ခံစားဖို့ရန် လူသည် မည်သည့်အမှုကိုမျှ ပြုစရာ မလို၊ ပြု၍လည်း မရပါ။ သို့သော် မိမိသည် အပြစ်သားဖြစ်ကြောင်း သိဖို့လိုပါသည်။ သမ္မာကျမ်းစာက (ရော၊ ၃း၂၃) တွင် လူသည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော်တွင် အသရေပျက်နေကြောင်း၊ လူတစ်ဦးနှင့် တစ်ဦး ခြားနားမှုမရှိကြောင်း ဖော်ပြထားပါသည်။ ထို့နောက် အပြစ်သားတစ်ဦး၏ ခံစားရမည့် ဆိုးကျိုး ရလဒ် ရှိကြောင်း သိဖို့ ဖြစ်သည်။ ဘာသာတရားတိုင်းက အပြစ်ရှိသောသူတစ်ဦး၏ ဆိုးကျိုးရလဒ်က အပါယ်လား ရမည်ဖြစ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ သို့သော် ထိုသို့ အပါယ်လားဖို့ရန် ဘုရားသခင်က အလိုတော် မရှိပါ။ ထို့ကြောင့် ကယ်တင်ခြင်းလမ်းကို ပြင်ဆင်ပေးထားပြီး ခံစားလိုသောသူတိုင်း လာနိုင်ဖို့ရန်လည်း လမ်းဖွင့်ပြင်ဆင်ထားပါသည်။


မီးခွက်ပါလျက် ဆီမရှိကြ

ဘုရားသခင်သည် လူကို ဖန်ဆင်းသည့်အခါ မိမိနှင့် သဏ္ဍာန်တူဖန်ဆင်းတော်မူကြောင်း သိရသည်။ ထို့ကြောင့် လူ့အထဲ၌ ဘုရားကို သိသောအာရုံရှိပါသည်။ ထိုမျှမက ဘုရားရှင်သည် ကောင်းကင်ဘုံ၌ စံပါယ်တော်မူကြောင်းကိုလည်း သိတော်မူသလို အပါယ်ရှိနေကြောင်းကိုလည်း သိပါသည်။ ထိုသို့ သိနေပါလျက် တမလွန်အရေး မစဉ်းစားဘဲ လျစ်လျူရှုမိပါက ဆိုးကျိုးခံစားရမည် ဖြစ်သည်။
"ငါတို့သည် အပြစ်၌ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့အား အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ (ရောမ၊ ၅း၈)
ကျွန်ုပ်တို့သည် အပြစ်သားဘဝ၌ ရှိနေစဉ် ထိုအခြေမှ ကယ်နှုတ်ဖို့ရန် ခရစ်တော်သည် ကားတိုင်၌ အသေခံခဲ့ပါသည်။ ထိုသို့ အသေခံခဲ့ကြောင်းကို ပုံကားချပ်များအားဖြင့် လူတိုင်း သိကြပါသည်။ ဤသည်ကား သစ္စာကဏ္ဍမဟုတ်၊ မေတ္တာ၏ သက်သေဖြစ်ပါသည်။ ထိုသို့ အသေခံပြီးမှ သုံးရက်မြောက်သောနေ့တွင် သေခြင်းကို အောင်မြင်၍ ရှင်ပြန်ထမြောက်တော်မူလျက် သက်သေကို ထင်ရှားစွာ ပြခဲ့ပါသည်။
"အကြောင်းမူကား၊ ငါတို့သခင် ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့အတွက်ကြောင်း ဆင်းရဲခြင်းကို ခံတော်မူ၏။" (၂ကော၊ ၈း၉)
ကျွန်ုပ်တို့ စည်းစိမ်ချမ်းသာခံစားနိုင်ဖို့ရန် ကိုယ်တော်သည် ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်၍ ၃၃ နှစ် လောက၌ ဆင်းရဲ ခံခဲ့ပါသည်။ ဤမျှလောက် မေတ္တာနှင့် သက်သေထူခဲ့သော်လည်း မယုံကြည်၊ များစွာသောသူများက ခေါင်းမာနေကြဆဲ ဖြစ်ပါသည်။ (ကမ္ဘာ၊ ၄) တွင် ကာဣန ယဇ်ပူဇော်ရာ၌ မှားနေ၍ ဘုရားသခင်က သတိပေးပါသည်။ သို့သော် ဘုရားသခင်၏ မေတ္တာနှင့် သတိပေးမှုကို လက်မခံ ခေါင်းမာစွာ တုန့်ပြန်ပါသည်။ နောက်ဆုံး ညီကို မနာလိုစိတ်နှင့် သတ်မိသည်ကို ဘုရားသခင်က မေးလျှင် မသိဟု လိမ်ပြောခဲ့ပါသည်။ ထိုအခါ ဘုရားသခင်က သင့်ညီ၏ အသွေးသည် မြေထဲက အော်ဟစ်လျက်ရှိသည် ဟု မိန့်တော်မူပါသည်။ ကာဣနသည် ထိုအပြစ်ကြောင့် ဒဏ်ခံရသည့်အခါ ကြီးလှပါလားဟု ညည်းတွားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ လူသားများကို ချစ်၍ မည်မျှ သည်းခံသည်ကို တွေ့နိုင်ပါသည်။
"ကောင်းကင်နိုင်ငံတော်သည်ကား မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ၊ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီး တစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတွင် ငါးယောက်သည် ပညာ သတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်ကိုသာ ယူ၍ ဆီကို မယူကြ၊ ပညာသတိရှိသောသူတို့မူကား မီးခွက်နှင့်တကွ ဘူး၌ပါရှိသော ဆီကိုလည်း ယူကြ၏။" (မဿဲ၊ ၂၅း၁-၄)
လောကီနိုင်ငံ၌ ဒုက္ခများလှပေသည်။ ငွေကြေးကြွယ်ဝချမ်းသာသူတို့၌ပင် ဒုက္ခရှိသည်။ မိမိတို့ စည်းစိမ် အခြားသူများ ယူမည်စိုး၍ သော့ခတ်ထားရသည်။ ညဘက်၌ ငြိမ်ဝပ်စွာ အိပ်ပျော်ဖို့ပင် ခက်လှသည်။ ကောင်းကင်နိုင်ငံတော်သည်လည်း ကျွန်ုပ်တို့အတွက် အကောင်းဆုံးနေရာ အရပ်ဖြစ်သည်။ သတို့သမီးဆယ်ဦးတို့သည် သတို့သားကို ကြိုဖို့ရန် မီးခွက်ကို ကိုင်၍ အတူစောင့်ကြသည်။ ဤတွင် ငါးယောက်ကသာ ပညာရှိပြီး ကျန်ငါးယောက်က ပညာမဲ့ကြသည်ဟု ဖော်ပြထားပါသည်။ အဘယ်သို့ ပညာမဲ့ပါသနည်း။ ထိုငါးယောက်က မီးခွက်ကိုသာ ယူပြီး အထဲ၌ ဆီမယူလာကြပါ။ ယနေ့လည်း ခွက်သာ ပါလာပြီး ဆီမရှိသော ခရစ်ယာန်များစွာ ရှိကြပါသည်။ ထိုသူများမှာ မိဘခရစ်ယာန်ဖြစ်၍ ခရစ်ယာန် ဖြစ်လာကြသော မိရိုးဖလာ ခရစ်ယာန်များ ဖြစ်ကြသည်။ နှစ်ခြင်းမင်္ဂလာ ခံယူထားကြသည်။ ကျမ်းစာလည်း များစွာ တတ်ကြသည်။ ငယ်စဉ်ကလည်း ကျမ်းစာ ရွက်ဆို ပြိုင်ပွဲများ၌ အမြဲဆုရသည်။ နှုတ်တိုက်အာဂုံဆောင်နိုင်၍ ဖြစ်သည်။ ထိုသူက မီးခွက်သာ ရှိသေးသောသူ ဖြစ်သည်။ သမ္မာကျမ်းစာ က လူသည် ဒုတိယမွေးခြင်းကို ခံရမည်ဟု သတိပေးထားပါသည်။ "ယေရှုကလည်း ရေနှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ။" (ယော၊ ၃း၅) ဟု သတိပေးထားပါသည်။ ခရစ်ယာန်များ ဝိညာဉ်တော်၌ မွေးခြင်း ခံကြဖို့ အရေးကြီးပါသည်။ မီးခွက်သာ ရှိပါက အချိန်တန်သည့်အခါ မီးထွန်း၍ ရသော်လည်း အတွင်း၌ ဆီမရှိ၍ မီးသေသွားမည် ဖြစ်ပါသည်။ ထို သတို့သမီးတို့က မီးခွက်ကိုသာ ယူပြီး ဆီမယူကြပါ။ ဘုရားသခင်က မပေး၍ မဟုတ်၊ သူတို့က မယူခြင်း ဖြစ်သည်ကို တွေ့ရသည်။ ဆီမပါသော အရေအတွက်က မည်မျှနည်း။ တစ်ဝက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယနေ့ ခရစ်ယာန်များ၏ အရေအတွက် ထက်ဝက်ကျန်ခဲ့မည် ဆိုပါက ဘုရားသခင် မည်မျှ ဝမ်းနည်းမည်နည်း။ အကြိမ်ကြိမ် သတိပေးနေပါလျက် မေတ္တာနှင့် သည်းခံပြီး စောင့်နေပါလျက်နှင့် ခေါင်းမာနေသောကြောင့် သတိပေးစကားကို လျစ်လျူ ရှုမိပါက ကျန်ခဲ့သောသူများ၏ အပြစ်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ချစ်၍ တစ်ပါးတည်းသော သားတော်ကို စွန့်၍ ကားတိုင်၌ အသေခံစေပြီးမှ ပြစ်ကြွေးရှိသမျှကို ဆပ်ပေးပြီး ရွေးခဲ့ခြင်းသည် လူသားတိုင်း မငြင်းနိုင်သော မေတ္တာသက်သေ ဖြစ်သည်။ ကျွန်ုပ်တို့က ကောင်းကင်ရောက်သည့်အခါ အမျိုးများထဲမှ တစ်ဝက်က ကျန်ခဲ့မည်ဆိုပါက မည်မျှ ဝမ်းနည်းကြေကွဲစရာ ကောင်းမည်နည်း။ ခရစ်တော်ကို မရသေးသောသူများအတွက် ဝမ်းနည်းခြင်းနှင့် ဝန်တာစိတ်ရှိကြပါရဲ့လား။ အသက်တာများကို ဆင်ခြင်ဖို့ ဖြစ်ပါသည်။


ကိုယ်တိုင်ခံစားပြီးမှ သက်သေခံဖို့

ယနေ့အချို့သောသူများ ခရစ်တော်ကို ရသွားပြီးနောက် မနေနိုင်ပါ။ မိသားစုဝင်ဖြစ်သော သူများထဲမှ မပြောင်းလဲသေး၍ စိတ်ပူသည်။ နည်းလမ်းအမျိုးမျိုးနှင့် ခရစ်တော်ကို ရဖို့ရန် ပြောပြသည်။ မေတ္တာပြသည်။ ထိုမေတ္တာကိုမြင်သောသူများက မနေနိုင်ပါ။ ပြောင်းလဲလာကြပါသည်။ ကိုယ်နှင့်စပ်ဆိုင်သောသူများကို ကိုယ်နှင့်အမျှချစ်ဖို့ရန် ဘုရားသခင် အလိုတော် ရှိပါသည်။ ထိုသူများသည် ကိုယ်နှင့်စပ်ဆိုင်သောသူများကို ကိုယ်နှင့်အမျှချစ်ကြသူများဟု ဆိုနိုင်ပါသည်။ အချို့သောသူများက မိမိတို့ချစ်သောသူ ထာဝရမီးငရဲ မသွားရဖို့ရန် အထိုးအကြိတ်ခံရသော်လည်း စိတ်မပျက်ဘဲ ကယ်တင်ခြင်းအကြောင်း ပြောကြသူများလည်း ရှိကြပါသည်။ မည်မျှဆိုးသောသူ ဖြစ်ပါစေ၊ ထိုသို့သော မေတ္တာနှလုံးသား၏ သက်သေကို မြင်လျှင် မပြောင်းလဲဘဲ မနေပါ။ ဘုရားသခင်သည်လည်း ထိုသို့ မေတ္တာနှင့် အဖိုးအခပေးသောသူတို့၏ အားထုတ်မှုကို ဥပေက္ခာမပြုပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ကို မရသေးသောသူ၊ ဒုတိယမွေးခြင်းကို မရသေးသောသူများအတွက် ဝမ်းနည်းတတ်ကြဖို့ လိုပါသည်။ ယနေ့မီးခွက်သာ ရှိပြီး ဆီမရှိသော ခရစ်ယာန်များစွာ ရှိနေကြသည်။ သူတို့သည် မီးထွန်းညှိသော်လည်း ခဏသာ လင်းပြီး ဆီမရှိ၍ မီးသေ သွားကြသည်။ ထိုနည်းတူ ခဏခရစ်ယာန်များစွာ ရှိပါသည်။ အဆင်ပြေနေသည့်အချိန်၌ ဘုရားကျောင်းတက်၊ ဆုတောင်း၊ မိဿဟယလာကြသော်လည်း အခက်အခဲကြုံသည်နှင့် ဗေဒင်ဆရာဆီ သွား၊ နတ်မေး နှင့် ဖော်ပြန်သွားကြသည်။ ထိုသူများသည် ဆီမရှိသူများ၊ ဒုတိယမွေးခြင်း မရသေးသောသူများ ဖြစ်ကြသည်။
"သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။" (ယော၊ ၃း၁၈)
နှုတ်ကပတ်တော်က သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရတော့ကြောင်း အပါယ်ငရဲ ကျစရာမလိုတော့ကြောင်း အသိပေးပါသည်။ လောက၌ အသက်ရှင်နေစဉ် သေပြီးနောက် အပြစ်စီရင်ခြင်း မခံရတော့ကြောင်း၊ မည်သို့ သိမည်နည်း။ ဘုရားသခင်က သက်သေကို ပေးပါသည်။ ထိုသက်သေကို ယနေ့ ဂရုစိုက်ကြဖို့ လိုပါသည်။ ကျွန်ုပ်တို့ လောကအသက် မည်မျှကျန်သည်ကို မသိပါ။ လောကအသက်သည် အာမခံချက် မရှိပါ။ ယနေ့ လူငယ်များစွာ ရုတ်တရက်သေဆုံးနေကြရပါသည်။
"ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူသည် မိမိအထဲ၌ ထိုသက်သေကို ရ၏။" (၁ယော၊ ၅း၁၀) ယုံကြည်သူမှန်လျှင် အထဲ၌ သက်သေရှိပါသည်။ နှုတ်ကပတ်တော်က သက်သေပေးပါသည်။ ထိုသက်သေ ကို မည်သို့ သိနိုင်မည်နည်း။ အခက်အခဲကြုံရသည့်အခါ အတွင်း၌ ဆီရှိသောသူက ဗေဒင်ဆရာဆီမပြေး၊ နတ်ဝင်သည်ဆီ မသွား၊ လူကို အားမကိုးပါ။ ဘုရားသခင်ရှိသည်။ ဘုရားသခင် တတ်နိုင်သည်ဟု ယုံကြည်ပြီး ဘုရားသခင်ကိုသာ အမှီပြုကိုးစားပါသည်။ အခက်အခဲပြဿနာမည်မျှ ကြီးပါစေ ကိုယ်တော်ကိုသာ အမှီပြုပါသည်။ ခရစ်ယာန်အဓိပတိကြီး ဖြစ်ပြီးမှ သင်းအုပ်ဆရာကြီးဖြစ်ပြီးမှ ဆီမရှိသောသူများ ဖြစ်နိုင်ပါသည်။ သူက နှုတ်ကပတ်တော်ကို ပြော၍ အခြားသူများက အကျိုးခံစားသော်လည်း သူက မခံစားရ၊ ခရစ်တော်၏ ကောင်းမြတ်ခြင်းကို ပြောနေပြီးမှ ကိုယ်တိုင်ခရစ်တော်ကို မယုံ၊ ကိုယ်တိုင်မကိုးစား၊ သက်သေလည်း မရှိသူ ဖြစ်သည်။ ယနေ့ခရစ်ယာန် အများ ထိုအတိုင်းဖြစ်နေကြသည်။ ခရစ်တော်၏ ကောင်းမြတ်ခြင်းအကြောင်း ပြောနေသော်လည်း ကိုယ်တိုင် မမြည်းစမ်း၊ လက်တွေ့သက်သေမရှိပါ။


ဝိညာဉ်တော်သက်သေရဖို့

ခရစ်တော်ကို ယုံကြည်သောသူ၌ သက်သေရှိပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ထိုသက်သေရှိပါသလား။ စစ်ဆေးကြည့်ပါ။ သက်သေရှိကြောင်း မည်သို့ သိနိုင်မည်နည်း။
"ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သား ဖြစ်ကြ၏။" (ရော၊ ၈း၁၄)
ဘုရားသခင်၏ သားသမီးများ၌ ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်း သက်သေ ရှိပါသည်။ မုသားမပါ လင်္ကာမချောဟုဆို၍ အဆင်ပြေချောမွေ့ဖို့ အနည်းငယ်မျှ မုသားစကားပြောမိသည့်အခါ စိတ်နှလုံးအတွင်းထဲက မကြည်မလင်၊ မအီမသာ ဖြစ်ကြပါလား။ ထိုသို့ ဖြစ်ကြပါက ခရစ်တော်ကို ယုံကြည် လက်ခံ၍ ဝိညာဉ်တော်ရခြင်း၏ သက်သေ ဖြစ်ပါသည်။ မုသားစကားပြောနေပါလျက်၊ မဟုတ်တာ လုပ်နေပါလျက်နှင့် နှလုံးသားက ဘာမျှ မခံစား၊ စိတ်မကောင်းလည်းမဖြစ်ပါက ဝိညာဉ်တော် မရှိခြင်း၏ သက်သေ ဖြစ်ပါသည်။ သို့ဖြစ်၍ ဝိညာဉ်တော်၏ သက်သေကို ရလိုပါက ခရစ်တော်ကို နှလုံးသားထဲ၌ ယုံကြည်လက်ခံလိုက်ပါ။
"ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။" (ရော၊ ၈း၁၆)
ခရစ်တော်ကို ယုံကြည်လက်ခံလိုက်သည်နှင့် ဝိညာဉ်တော်က ကျွန်ုပ်တို့၏ ဝိညာဉ်၌ သက်သေပေးပါသည်။ ခရစ်တော်ကို ယုံကြည်လက်ခံခြင်းမရှိမီက အရက်သောက်မူးရူးနေသော်လည်း ဘာမျှ မခံစားပါ။ ထိုသက်သေက ဝိညာဉ်တော်မရှိခြင်း၏ သက်သေ ဖြစ်သည်။ သို့သော် ခရစ်တော်ကို ယုံကြည်လက်ခံပြီးနောက် နှလုံးသားထဲ၌ ဝိညာဉ်တော်ရှိလာသည့်အခါတွင်မူ အရက်အနည်းငယ် သောက် မိလျှင်ပင် စိတ်မကောင်း ဝမ်းနည်းပြီး ခွင့်လွှတ်ဖို့ တောင်းပန်တတ်ပါသည်။ မိမိအမှားအတွက် ဝန်ချတောင်းပန်ပြီးပါကလည်း ဘုရားသခင် ခွင့်လွှတ်ကြောင်းကို သိပြီး စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းကို ခံစားရပါသည်။ ထိုခံစားမှု သဘာဝရှိပြီဆိုလျှင် ဝမ်းမြောက်ပါ။ ထိုသဘာဝသည် ဘုရားသားဖြစ်ခြင်း၊ ဝိညာဉ်တော်တည်းဟူသော ဆီရှိခြင်း၏ သက်သေဖြစ်ပါသည်။ ကြွယ်ဝသောအသက်တာ၊ ကောင်းကြီး ခံစားရသောအသက်တာသို့ မရောက်သေးသော်လည်း ဘုရားသားသမီး ဖြစ်ရခြင်း၏ သဘာဝသစ် သက်သေသည် မည်မျှဝမ်းမြောက်စရာ ဖြစ်ပါသနည်း။ ကြွယ်ဝသောအသက်တာက ဖြောင့်မတ်စွာ အသက်ရှင်သည့်အခါ ခံစားလာရမည်ဖြစ်သည်။
"ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကို ပြုစေ၊ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကို ရှာ၍ မှီအောင်လိုက်စေ၊ အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့၏ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။" (၁ပေ၊ ၃း၁၁-၁၂)
ဆုတောင်း၍ အဖြေရတိုင်း ကယ်တင်ခြင်းရသည်ဟု မပြောနိုင်ပါ။ အချို့သောသူများ ဆုတောင်း၍ အဖြေရခြင်းသည် ဘုရားသခင်က သက်သေပေးခြင်း ဖြစ်သည်။ ဘုရားသခင် ကောင်းမြတ်ကြောင်းကို အမြည်းသဘောမျိုး ခံစားရခြင်းဖြစ်သည်။ သက်သေကိုရပြီးမှ ကိုယ်တော်ကို ယုံကြည်သည့်အခါ ဘုရားသခင်၏ သားဖြစ်လာပါသည်။ ပြီးမှ ဖြောင့်မတ်စွာ အသက်ရှင်ကြဖို့ ဖြစ်ပါသည်။ ဖြောင့်မတ်စွာ အသက်ရှင်ခြင်းသည် ဘုရားသားသမီးတို့၏ ဘုရားသခင် မြင်တွေ့လိုသော အသက်ရှင်မှု ဖြစ်ပါသည်။ သတို့သမီး ဆယ်ယောက်၌ ငါးယောက်က ဆီမရှိကြောင်း သတိပေးချက်ကို ဆင်ခြင်ပါက အပြင်လက္ခဏာအားဖြင့် သတို့သမီး ဖြစ်ပြီး မီးခွက်ရှိယုံဖြင့် မပြီးကြောင်း သတိပြုပါ။ ယနေ့ ခရစ်ယာန်များ နှစ်ခြင်းလည်း ခံပြီးပြီး ပွဲတော်လည်း စားနေကြသည်။ သက်သေလည်း ခံနေကြပါလျက် နှင့် အတွင်း၌ ဝိညာဉ်တော်၏ သတိပေးခြင်း၊ ပဲ့ပြင်ခံရခြင်း သက်သေမရှိပါက သတိပြုပါ။ ထိုအခြေအနေက ဆီမရှိခြင်း၏ သက်သေဖြစ်ပါသည်။ ဖြောင့်မတ်စွာ အသက်မရှင်၍ ကောင်းကြီး မရလျှင်နေပါစေ၊ အကျင့်သီလ မကောင်း၍ ဆုမရလျှင် နေပါစေ၊ သားတော်ကို ယုံကြည်ခြင်းအားဖြင့် ကောင်းကင်ဝင်ခွင့် ရမည့်အရေးသည် အခမဲ့ဖြစ်ပါသည်။ အကျင့်တရား မလိုပါ။ ထိုအခမဲ့ပေးနေသော အခွင့်အရေးကို အရမယူဘဲ မီးခွက်ကို ကိုင်၍ လျှောက်သွားနေသောသူ မဖြစ်ဖို့ သတိပြုကြပါ။

ချစ်သောမိတ်ဆွေ သင့်နှလုံးသားထဲ၌ ဝိညာဉ်တော်တည်းဟူသော ဆီရှိပြီလား။ မသေချာသေးပါက ယခုပင် သင်၏ နှလုံးသားကိုပြင်ဆင်လျက် ခရစ်တော်သည် မိမိအပြစ်အတွက် ကားတိုင်၌ အသေခံ၍ အပြစ်ကြွေး ဆပ်ပေးပြီးမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်လျက် နှလုံးသား၌ လက်ခံ၍ နေရာပေးပါ။ (ရော၊ ၈း၉) တွင် "ခရစ်တော်၏ ဝိညာဉ်ကို မရသောသူ သည်ကား ခရစ်တော်နှင့် မဆိုင်။" ဟု သတိပေးထားပါသည်။ ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောသူတိုင်းသည် နှလုံးသားအတွင်း၌ ဝိညာဉ်တော်ကို လက်ခံရရှိပါသည်။ ထိုသူသည် မီးခွက်ရှိယုံသာမက ဆီကိုပါ ရရှိထားသော သူဖြစ်၍ ထိုသို့သောသူသာလျှင် ဖြောင့်မတ်ခြင်းတရားလမ်း၌ အသက်ရှင်နိုင်မည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။

1 comments:

အလင်းသစ် said...

တလေးတစားကို ဖတ်ရှုမှတ်သားသွားပါတယ်ဗျာ....