Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, August 09, 2012

The Idol Of Celebrity (ဟဲလေး)



Fancy စာချစ်သူများအတွက် ထူးခြားတဲ့ကဏ္ဍလေးအဖြစ် “The Idol of Celebrity” ကဏ္ဍလေးကို ပုံမှန် တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးဟာ အောင်မြင်ကျော်ကြားသူတို့ ရင်ထဲမှာ လေးစားနှစ်သက် ချစ်ခင်ရတဲ့သူတွေ အကြောင်းကို တင်ပြပေးသွားမှာပါ။ ဒီတစ်ပတ်တော့ ဂီတလောကမှာ လှုပ်ရှားမှု နည်းပါးနေသယောင်ရှိတဲ့ လူငယ်တေးသံရှင် တစ်ဦးဖြစ်သူ ဟဲလေး နဲ့ သူ့ရင်ထဲက နှစ်သက်ချစ်ခင်ရတဲ့ အနုပညာရှင် အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။

မေး-      ကိုဟဲလေး ရဲ့ အနုပညာလှုပ်ရှားမှုတွေက နည်းနည်းလေး ကျဲနေတော့ အစ်ကို့ရဲ့ လက်တလော လှုပ်ရှားမှုတွေကနေ စပြီး ပြောပြပေးပါဦး။
ဖြေ-      လတ်တလောကတော့ Daddy ဟဲလေးပေါ့နော်။ ကြားတည်းမှာ အခွေကိစ္စအတွက် သီချင်းတွေရေးနေတာနဲ့ ခဏလေး၊ နည်းနည်းလေး အဆက်အသွယ်ပြတ်နေတယ်။ ရှေ့ကို နည်းနည်းလေး ခြေတစ်လှမ်းတိုးဖို့အတွက် နောက်ကို သုံးလှမ်းလောက်ဆုတ်မှ အားရတာ။ ပိုပြီးတော့ အားရှိအောင်လို့ ခဏလေး နောက်ဆုတ်နေတာ။ (ရယ်လျက်) ပြီးတော့ ဒယ်ဒီဟဲလေး ဆိုတဲ့ တစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်နေလို့ပါ။

မေး-      အစ်ကို အကြိုက်ဆုံး နိုင်ငံတကာအဆိုတော်က ဘယ်သူများဖြစ်မလဲ။
ဖြေ-      Taylor Swift ပါ။

မေး-      ယောက်ျားလေး တော်တော်များများက ယောက်ျားလေး အဆိုတော်တွေကိုပဲ အားကျကြ၊ ကြိုက်ကြတာများတယ်။ အစ်ကိုက Taylor Swift ကို ဘာဖြစ်လို့ ကြိုက်တာလဲ သိချင်ပါတယ်။
ဖြေ-      လှလို့။

မေး-      အစ်ကိုက Taylor Swift ကို ကြိုက်ရတဲ့အကြောင်းထဲမှာ သူ့ရဲ့ ဂီတကို သက်ဝင်ခံစားရလို့ဆိုတဲ့ အချက်ရော ပါသလား။
ဖြေ-      ပါ ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက Country နော်။ Country ကိုပဲ Modernize လုပ်ပြီး ဖန်တီးထားတဲ့ သူ့ Music လေးကို သဘောကျလို့ပါ။ ပြီးတော့ အစ်ကိုက နည်းနည်းလေး အသက် ထိပ်စီးလေး နည်းနည်း Change သွားလို့လားမသိဘူး။ အဲဒါကြောင့် အဲဒီလို သီချင်းမျိုးကို ပိုကြိုက်နေပါတယ်။ အေးအေးလူလူပေါ့နော်။ Rhythm ကဲကဲလေးတွေရယ်။ နောက်ပြီးတော့ Banjo လေးတွေပါမယ်။ Violin လေးတွေ။ အဲလိုသီချင်းလေးတွေကို ပိုကြိုက်နေတယ်။

မေး-      Country Music ကို ကြိုက်လာတယ်ဆိုတော့ နောက်ပိုင်းထွက်မယ့် အစ်ကို့ရဲ့ တေးစုတွေထဲမှာရော Country Music တွေကို ကြားရတော့မှာလား။
ဖြေ-      Pop ပေါ့နော်။ အဓိကကတော့ Pop နဲ့ နွယ်တဲ့ Country လေးတွေ ပါပါမယ်။ ဒီအခွေထဲမှာဆို Rhythm ကဲကဲ သီချင်းလေးတွေ ပါ ပါတယ်။

မေး-      Pop Country Music က ဘယ်လိုပုံစံမျိုးလေးတွေနဲ့ ဘယ် Target ကို သွားတယ်ဆိုတာလည်း အစ်ကို က ရှင်းပြပေးပါဦး။
ဖြေ-      အစ်ကို့အနေကတော့ အစ်ကိုက ဆူဆူညံ့ညံ့ ဟောဟောဒိုင်းဒိုင်းလေးတွေလည်း တစ်ခါတလေ ဆိုချင်တယ်။ ဒါပေမယ့် သုံးပုံ နှစ်ပုံလောက်က Soft, အဲလိုမျိုး Rhythm လေးများများလေးနဲ့ အဲလို အေးအေးလူလူပေါ့နော်။ ခံစားမှုအပိုင်း အေးအေးလူလူ နားထောင်လို့ရမယ့် သီချင်းမျိုးကို အစ်ကို ပိုပြီးတော့ Feeling လာပါတယ်။

မေး-      အစ်ကိုက စောစောက အသက်ထိပ်စီးပြောင်းသွားလို့ Taylor Swift ကို ကြိုက်တာလို့ ပြောခဲ့တယ်။ ဒါပေမယ့် Taylor Swift ကိုယ်တိုင်ကျတော့ အသက် ၂၀ စွန်းစွန်းပဲ ရှိသေးတော့၊ သူကျတော့ ထိပ်စီးမပြောင်းဘဲ Country သီချင်းတွေ ဆိုနေသလဲဆိုတာ အစ်ကို့အမြင်လေးလည်း ပြောပြပေးပါဦး။
ဖြေ-      သူကတော့ သူ့ရဲ့ Crazy ပေါ့နော်။ ငယ်ငယ်ကတည်းက သူရူးသွပ်ခဲ့တဲ့ Music ဖြစ်နိုင်တယ်။ ဖြစ်ကောင်း ဖြစ်မယ်ပေါ့နော်။ အများကြီးပါ။ ခုချိန်မှာ Electro ကို ဆိုနေကြတယ်။ အမျိုးစုံ အမျိုးစုံပဲနော်။ တစ်ယောက်နဲ့ တစ်ယောက် Perform ဘယ်လောက်လုပ်မလဲ။ အခုဆို အစ်ကိုဆို အဲလို Perform လုပ်တာကို သဘောကျတယ်။ ဒါပေမယ့် အဲလို Performance တွေကြားထဲမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ Taylor Swift တို့ Adele တို့လို ရိုးရိုးရှင်းရှင်းလေးနဲ့ သီချင်းကို သီချင်းလို ဆိုပြသွားတဲ့ အဲဒါမျိုးတွေကို အစ်ကို သဘော အရမ်းကျနေပါတယ်။ သူတို့ကတော့ သူတို့ ငယ်ရွယ်စဉ်ကတည်းက၊ သူတို့သွေးထဲမှာ Country ဆိုတာ ပါလာခဲ့လို့ပေါ့နော်။ အဲဒါကြောင့်လည်း Country ကိုဆိုဖြစ်တာနေမှာ။ အစ်ကိုကကျတော့ အသက်အရွယ် အပိုင်းအခြားအရ ဒီ Listening ပိုင်းအရပေါ့နော်။ အေးအေးလူလူလေးတွေကို ပိုပြီးနားထောင်ချင်လာတယ်။

မေး-      Taylor Swift ရဲ့ သီချင်းတွေထဲက အစ်ကို အကြိုက်ဆုံး သီချင်းတွေကရော။
ဖြေ-      သူ့သီချင်းတွေထဲကတော့ ကြိုက်ပါတယ်။ တော်တော်များများကြိုက်တယ်။ သီချင်းနာမည်နဲ့တင်မဟုတ်ဘူး။ သူ့ရဲ့ Album အလိုက်ကို ကြိုက်တာ။ အဲလို Album အလိုက်ကို ကြိုက်တာဆိုတော့ သီချင်းနာမည်နဲ့ကို ပြော မထွက်ဘူး။

မေး-      Taylor Swift က ကိုယ်နှစ်သက်တဲ့ အဆိုတော်ဖြစ်တော့ သူ့အကြောင်းတွေကို လေ့လာဖူးလား။
ဖြေ-      လေ့လာဖူးတယ်။ အစ်ကို မနှစ်က အမေရိကားကို ဖျော်ဖြေပွဲ သွားတဲ့အချိန်မှာ သူ့ရဲ့ ပွဲကို ကြည့်မယ်ပေါ့။ ငါ ရအောင်ကြည့်မယ်ပေါ့။ ဒါပေမယ့် ဘယ်လိုဖြစ်ချင်လဲဆိုတော့ သူ့ရဲ့ Schedule ကိုကြည့်တော့ သူ့ရဲ့ Schedule မှာ တစ်ပတ်ကိုတောင် တော်တော်များများကို တွေ့ရတယ်။ တစ်ပတ်ကိုပဲ စတိတ်ရှိုးတွေ သုံးပွဲ၊ တစ်ခါတလေ လေးပွဲ… အော် တော်တော်အလုပ်များပါလားပေါ့။ တစ်နှစ်လုံးကို သူ့ရဲ့ ပွဲတွေက ပြည့်နေတာ။ ဟိုရောက်တဲ့ အချိန်မှာ ကိုက နယ်တစ်ခုကို ရောက်သွားတော့ သူက လာဖျော်ဖြေတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့အခါကျတော့ every weekend မှာ သူတို့က ပွဲလုပ်ကြတဲ့အခါကျတော့… ဥပမာ Saturday, Sunday မှာ အစ်ကိုရောက်တဲ့ မြို့နဲ့ တိုက်နေတယ်။ တိုက်နေတဲ့အချိန်မှာ အစ်ကိုတို့ပွဲချိန်နဲ့ကလည်း တိုက်နေတော့ အစ်ကိုတို့ကလည်း ဆိုနေရတယ်။ အစ်ကိုတို့ကတော့ ပွဲသေးသေးလေးပါ။ သူတို့နဲ့စာရင် လက်သန်းလေးလောက်ပဲ ရှိတယ်။ အဲလိုမျိုး ဆိုနေရတဲ့အချိန်မှာ အရမ်းကိုသွားချင်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်ရဲ့တာဝန်နဲ့ လာရတာကိုး။ အခွင့်အရေးတွေက နှစ်ခါ၊ အစ်ကိုရောက်တဲ့အချိန်မှာ နှစ်ခါ ဘော်စတွန်မှာ တစ်ခါ၊ နောက်ထပ် တစ်မြို့မှာ တစ်ခါပေါ့နော်။ ကြုံပါတယ်။ ဒါပေမယ့် ကပ်ကပ်လွဲပြီးတော့ ကြည့်ခွင့်မရခဲ့ဘူး။ အရမ်းကိုတော့ နှမြောပါတယ်။

မေး-      ငယ်ငယ်တုန်းက ကြိုက်တဲ့အဆိုတော်နဲ့ ခုကြိုက်တဲ့အဆိုတော် ကွဲသွားလား။
ဖြေ-      ငယ်ငယ်တုန်းကတော့ ဟိုလိုလို ဒီလိုလို။ ဒါပေမယ့် အမှန်တကယ်က အစ်ကိုက သီချင်းအားလုံးကို နားထောင်တယ်။ အခုနောက်ဆုံး ညီလေးရာ ဝှစ်ကာလီဖာ တို့၊ Cody တို့၊ Train တို့ဘာတို့ အကုန်လုံး နားထောင်ပါတယ်။ ကြိုက်လည်းကြိုက်တယ်။ ဒါပေမယ့် ကိုက ကိုယ့်ရဲ့ Personally အကြိုက်ပေါ့နော်။ ယောက်ျားလေးဆိုတော့ မိန်းကလေးအလှကိုကြိုက်တယ်။ အဲဒီအတွက်ကြောင့် Taylor Swift ကို ကြိုက်တယ်။

မေး-      ခုဆို နိုင်ငံတကာမှာ အဆိုတော်တွေက ငယ်ငယ်လေးနဲ့ ကွယ်လွန်သွားကြတာတွေ များလာတယ်။ အဲဒီအပေါ်မှာရော အစ်ကို ဘယ်လိုမြင်လဲ။
ဖြေ-      သူတို့တွေကတော့ ခံစားမှုတွေ တအားလွန်နေလို့ လို့ ထင်ပါတယ်။ ဥပမာ Depression သော်လည်းကောင်း၊ စိတ်ခံစားမှု တစ်ခုခုပေါ့။ ဝမ်းသာလွန်းလို့လည်းဖြစ်မယ်။ ဝမ်းနည်းလွန်းလို့လည်းဖြစ်မယ်။ ဂေါက်ပြီးတော့၊ သူတို့က Drugs တွေနဲ့ ရောထွေးပြီး စိတ်တွေကလေ။ အဲဒါ အရမ်းနှမြောဖို့ကောင်းပါတယ်။ တန်ဖိုးရှိတဲ့လူတွေ အစောကြီး မကြွေလွင့်စေချင်ဘူးပေါ့နော်။ ဘာလို့လည်းဆိုတော့ သူတို့ဆီမှာ Creation တွေ အများကြီး ကျန်သေးတယ်။ အသက်ကြီးသွားလို့ အသက်အရွယ်အပိုင်းအခြားအရ ကွယ်လွန်သွားတာက ဖြေသာလို့ ရပါတယ်။ သူတို့အများကြီးလုပ်နိုင်တဲ့ Creation တွေကြားမှာ ကွယ်လွန်သွားတော့ သူတို့ ပရိတ်သတ်တွေ အတွက်ရော၊ ကာယကံရှင်အတွက်ရော မကောင်းဘူးပေါ့နော်။

မေး-      အစ်ကို့အနေနဲ့ Taylor Swift ကိုများသာ အပြင်မှာ တွေ့ရမယ်ဆိုရင် ဘာများပြောချင်လဲ။
ဖြေ-      Taylor Swift ကို ပြောချင်ပါတယ်။ အရပ်ကြီးကို အဲလောက်မရှည်နဲ့လို့။ တကယ်ပါ။ မကဗျာဘွဲ့မှူးတို့ဆို Taylor Swift ကို အပြင်မှာ တကယ်တွေ့ဖူးခဲ့တာလေ။ သူတို့အမေရိကားရောက်တုန်းက တွေ့ခဲ့တာဆိုတော့ ကိုယ်လည်း အရမ်းတွေ့ချင်တယ်လေ။

မေး-      ခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
ဖြေ-      ကျေးဇူးတင်ပါတယ်။

တေးသံရှင် ဟဲလေး က ထူးထူးခြားခြားလေး မိန်းကလေးတေးသံရှင်တစ်ဦးကို နှစ်သက်နေကြောင်း ပြောပြခဲ့သလို သူ နှစ်သက်သူလေးကလည်း လူငယ်တွေကြားမှာ လတ်တလော အောင်မြင်ထင်ရှားလူကြိုက်များနေသူလေးပါ။ ဟဲလေး တစ်ယောက် နှစ်သက်ရတဲ့အကြောင်းရင်းတွေအပြင် Taylor Swift ဆိုတဲ့ အဲဒီကောင်မလေးမှာ အခြား နှစ်သက်ချစ်ခင်စရာလေးတွေကလည်း အပြည့်ပါပဲ။ ချိုလွင်တဲ့သူ့အသံ နဲ့ သူ့ဟန်ကို ဘယ်ပုရိသကမှ မမိန်းမောဘဲ မနေနိုင်အောင်ပါ။ Sexy ပုံစံတွေ ရေကူးဝတ်စုံသာသာလေးတွေ ဝတ်ဆင်ပြီး အပြိုင်အဆိုင် သီဆိုတီးမှုတ်နေတဲ့ အချိန်အခါမှာ ရိုးရှင်းတဲ့ ပုံစံလေးနဲ့ တစ်မျိုးတစ်ဘာသာလေး ထိုးဖောက်လာသလို၊ လူငယ်တိုင်းဆိုချင်လေ့ သိပ်မရှိတဲ့ Country ဂီတကို မက်မောခုံမင်သူလေးမို့လည်း Taylor Swift မှာ ထူးခြားမှုလေးတွေ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။


Taylor Swift ရဲ့ အကြောင်း တစေ့တစောင်း

လူကြီးတွေပဲ နှစ်သက်လေ့ရှိတဲ့ Country ဂီတကို မက်မက်မောမော သီဆိုနေသူလေး Taylor Swift ရဲ့ အသက်ဟာ ခုမှ (၂၂) နှစ် သာသာလေးသာ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပေမယ့် ၁၃ ဂဏန်းနဲ့ အကျိုးပေးတဲ့ အမေရိကန်သူလေးတစ်ဦးလို့ ဆိုချင်ပါတယ်။ ဂီတလောကကို ၂၀၀၆ ခုနှစ်ကမှ စတင် ဝင်ရောက်လာခဲ့ပေမယ့် အချိန်တိုလေးအတွင်းမှာပဲ အောင်မြင်တဲ့ တေးရေး၊ တေးဆို နဲ့ သရုပ်ဆောင် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ သူရေးဖွဲ့တဲ့ သီချင်းကောင်းများစွာမှာ သူ့ရဲ့ အချစ်ရေး ကံခေမှုတွေ တစေ့တစောင်းပါဝင်နေတတ်လို့ အချစ်အတွက် ကံမကောင်းရသူလေးအပေါ် ကြင်နာချင်စိတ်တွေ နားဆင်သူတိုင်းမှာ ပေါ်လာတတ်ပါတယ်။ ကမ္ဘာကျော် တေးသံရှင်နဲ့ သရုပ်ဆောင်တချို့နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပေမယ့် အကြောင်းအမျိုးမျိုးနဲ့ နောက်ဆုံးမှာ လမ်းခွဲဇာတ်လမ်းတွေ ဖြစ်တည်ခဲ့ရပြီး သူမအတွက်တော့ ကမ္ဘာကျော် သီချင်းကောင်းပေါင်းများစွာ ထွက်ရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ခုလို ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်လာရဖို့ဆိုတာကလည်း မိဘ ရဲ့ အထောက်အပံ့ဟာ အရေးပါတယ်လို့ ဆိုချင်ပါတယ်။ မိဘတွေရဲ့ အားပေးလေ့ကျင့်ပေးမှုကို ခပ်ငယ်ငယ်အရွယ်ကတည်းက ရရှိခဲ့တာမို့လို့ Taylor Swift ဟာ အသက် (၉) နှစ်အရွယ်ကတည်းက လူရှေ့မှာ ဖျော်ဖြေတင်ဆက်မှုတွေ လုပ်ဆောင်နေခဲ့ပါပြီ။ အနုပညာရှင်တိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ New York မြို့က Broadway ကို မကြာခဏ ခရီးသွားပြီး အဆိုနဲ့ သရုပ်ဆောင်ပညာတွေကို လေ့လာဆည်းပူးခဲ့တာမို့ သူမရဲ့ အိပ်မက်တွေဟာ မကြာခင်မှာပဲ ထင်ထင်ရှားရှား လက်တွေ့အကောင်အထည် ပေါ်သွားတယ်လို့ ဆိုရမှာပါ။

ကိုယ့်ရဲ့အချစ်ရေးအလွဲအချော်လေးတွေကို ခံစားဖွဲ့သီတတ်သူလေးဟာ ခုလို သီချင်းကောင်းများစွာ ရေးဖွဲ့နိုင်တယ်ဆိုတာ တကယ်တော့ မဆန်းပါဘူး။ Taylor Swift ဟာ ကိုးတန်း အရွယ်လောက်မှာကတည်းက သုံးမျက်နှာ ကဗျာရှည်ကြီးဖြစ်တဲ့ Monster In My Closet နဲ့ နိုင်ငံလုံးဆိုင်ရာ ကဗျာပြိုင်ပွဲမှာ ဆုရရှိခဲ့သူပါ။ တေးသံရှင် LeAnn Rimes ကို နှစ်သက်လွန်းလို့ သူမဟာ အဆိုပြိုင်ပွဲအတော်များများမှာ LeAnn Rimes ရဲ့ သီချင်းတွေသီဆိုရင်းနဲ့ ဆုရရှိခဲ့ဖူးပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ Taylor Swift ကို အောင်မြင်မှုတွေ အများကြီးပေးမယ့် “Taylor Swift” ဆိုတဲ့ တေးအယ်လ်ဘမ်ကို ကမ္ဘာသိအောင် ဖြန့်ချိနိုင်ခဲ့ပါတယ်။ တေးအယ်လ်ဘမ်သစ်အတွက် နှစ်နှစ်ကြာ အချိန်ယူပြီး အကောင်းဆုံး စီစဉ်လေ့ရှိတာမို့လည်း Taylor ရဲ့ တေးအယ်လ်ဘမ်တိုင်းဟာ အောင်မြင်မှုရတာဖြစ်နိုင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဒုတိယတေးအယ်လ်ဘမ် “Fearless” နဲ့ တတိယတေးအယ်လ်ဘမ် “Speak Now” ကို ၂၀၁၀ ခုနှစ်တွေမှာ ထွက်ရှိခဲ့တာမို့ ခု ၂၀၁၂ မှာလည်း နောက်ထပ် တေးအယ်လ်ဘမ်သစ်ကို နားဆင်ရမယ်လို့ မျှော်လင့်ရပါတယ်။ Country ဂီတရဲ့ ဘုရင်မ တစ်ပါးလို့ တင်စားရလောက်အောင် Taylor Swift ဟာ ခုဆိုရင် American Music Award (၁၀) ဆု၊ Grammy Award (၆) ဆု၊ Country Music Association Award (၇) ဆု၊ Academy of Country Music Award (၆) ဆု၊ BMI Award (၁၃) ဆုအပါအဝင် ဆုပေါင်း ၁၀၉ ဆုကို ပိုင်ဆိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ 

သရုပ်ဆောင်ပညာကိုလည်း ငယ်စဉ်ကတည်းက သင်ကြားလေ့လာခဲ့တာမို့ CSI ဇာတ်လမ်းတွဲတချို့မှာ ပါဝင်သရုပ်ဆောင် ခဲ့တဲ့အပြင် Hannah Montana: The Movie, Valentine’s Day, The Lorax စတဲ့ ဇာတ်ကားတွေမှာလည်း အခန်းအချို့ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

အခုဆိုရင် အသက် (၂၂) နှစ်သာရှိသေးတဲ့ ကမ္ဘာကျော်တေးသံရှင်မလေးဟာ Tennessee မှာ အိမ်ကြီးရခိုင်နဲ့ နေထိုင်လျက်ရှိပြီး California က Beverly Hills မှာလည်း အိမ်တစ်လုံးကို ပိုင်ဆိုင်ထားပါသေးတယ်။ နှစ်စဉ်လည်း ကန်ဒေါ်လာ မီလျံ ၆၀ နီးပါး ဝင်ငွေရှိသူလေး တစ်ဦးဖြစ်နေပါပြီ။

အချစ်ရေးမှာ ကံခေတယ်ဆိုတဲ့ Taylor Swift ဟာ လူသိထင်ရှား ချစ်သူအဖြစ် သူမလိုပဲ Country အဆိုတော် တစ်ဦးဖြစ်တဲ့ John Mayer နဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ တစ်နှစ်ကျော်ကြာ တွဲဖြစ်ခဲ့ကြသလို၊ နှစ်ဦးတွဲပြီး အောင်မြင်တဲ့သီချင်း “Half Of My Heart” ကို သီဆိုတင်ဆက်နိုင်ခဲ့ကြပါသေးတယ်။ ဒါ့အပြင် အခြားသော လူငယ်သရုပ်ဆောင်အချို့နဲ့လည်း ချစ်ကြိုးသွယ်ခဲ့သေးတယ်လို့ သိရပါတယ်။


Taylor Swift ရဲ့ အောင်မြင်ကျော်ကြား သီချင်းများ

စဉ်
သီချင်းအမည်
ပါဝင်သော တေးစု
၁။
Love Story
Fearless
၂။
You Belong With Me
Fearless
၃။
Our Song
Taylor Swift
၎။
Mean
Speak Now
၅။
Back To December
Speak Now

အသက်ငယ်ရွယ်ပေမယ့် လူကြီးကြိုက်ဂီတကို လူငယ်လူကြီးမရွေး နားဆင်ခံစားနိုင်အောင် ဖန်တီးတင်ဆက်နိုင်ခဲ့တာမို့ အောင်မြင်သူတစ်ဦး အဖြစ် စင်ပေါ်ရောက်လာတဲ့ Taylor Swift ကို တေးသံရှင် ဟဲလေး က နှစ်သက်သဘောကျသလို ဒီကလူငယ်အများအပြားလည်း နှစ်သက်နေကြပါတယ်။ ဒါ့အပြင် လုံလုံခြုံခြုံဝတ်စားဆင်ယင်ပြီး သီဆိုဖျော်ဖြေ တတ်သူလေးမို့လို့လည်း ဒီက လူကြီးတွေကလည်း နှစ်သက်သဘောကျကြပါတယ်။ Taylor Swift ကရော သူ့ရဲ့ ဂီတနဲ့ သူ့ရဲ့ ပင်ကိုယ်ဟန်ပန်ကို ဘယ်လောက်အတိုင်းအတာအထိ ဆက်ပြီး ထိန်းသိမ်းထားနိုင်ဦးမလဲ။ သူ့ရဲ့ အောင်မြင်မှုကိုရော ဘယ်လိုဆက်ပြီး ထိန်းသိမ်းသွားဦးမလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်ကြရအောင်ပါ။ Taylor Swift ကို တေးသံရှင် ဟဲလေး တစ်ယောက် နှစ်သက်သလို စာချစ်သူတွေလည်း နှစ်သက်လို့ သူနဲ့ ပိုပြီး ရင်းနှီးချင်ရင်တော့ www.taylorswift.com မှာ သူရဲ့ လတ်တလောလှုပ်ရှားမှုတွေနဲ့ သီချင်းလေးတွေကို ခံစားနိုင်ကြမှာပါ။ facebook ကနေမှ သိကျွမ်းချင်သူတွေကတော့ www.facebook.com/TaylorSwift ကို Like လုပ်နိုင်ပါတယ်။ twitter မှာ follow လုပ်လိုသူတွေကတော့ www.twitter.com/taylorswift13 ကိုရှာဖွေနိုင်ပါတယ်လို့ သတင်းလေးပေးလိုက်ရပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်ရဲ့ အချစ်တော်အနုပညာရှင်အကြောင်း ဖတ်ရှုရမလဲဆိုတာ စောင့်မျှော်ပေးပါဦး။ သာယာချမ်းမြေ့ကြပါစေ။

သီဟလုလင်

*မှတ်ချက်*
ယခု အင်တာဗျူးဆောင်းပါးသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် Fancy Journal Vol.1, No.3 တွင် ပါဝင်ခဲ့သော စာမူဖြစ်ပြီး ကျွန်တော့ Blog တွင် ပြန်လည်သိမ်းဆည်းဖော်ပြခြင်း ဖြစ်ပါသည်။

2 comments:

လွင်ပြင်လှိုင်းငယ် said...

အင်တာဗျူးလေးအားပေးသွားပါတယ်။
စကားမစပ် ကြိတ်ကြံနေတာလေးရှိတယ်ဆိုတာ
ဘာလဲဟင် တိုးတိုးလေးပြောပြပါ့လား ။

နွေလ said...

ဟဲလေးက အသက်ကြီးသွားလို့
သီချင်းအေးအေးလေးတွေ ကြိုက်လာတာပါတဲ့
ကျွန်တော်ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ဆူဆူညံညံတွေ သိပ်မကြိုက်လှဘူး
အေးလေကြိုက်လေပဲ
တေလာကတော့ ကျွန်တော့ဖေးဘရိတ်ပါပဲ
The hunger game လေးလည်း ကောင်းတယ်
ဃivil wars နဲ့ ဆိုထားတာ
ငြိမ့်ငြိမ့်လေးနဲ့ . . .