ခရီးထွက်ရတာကို ဝါသနာထုံတဲ့ ကျွန်တော်က အားလပ်ရက်ရှည် ရှိတိုင်း ရုံးအလုပ်တွေကို ခဏမေ့ထားလို့ ခရီးထွက်ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ပိတ်ရက်ရှည်လေး ရတော့ ခရီးထွက်ဖို့ ထုံးစံအတိုင်း စီစဉ်ဖြစ်တော့ မိုးတွင်းကလည်း ဖြစ်နေတဲ့အတွက် သွားရ လာရ လည်ရ ပတ်ရ အဆင်ပြေမယ့် အညာဘက်ကို ခရီးထွက်ဖို့ စဉ်းစားလိုက်မိသွားတယ်။ ဒါနဲ့ပဲ ပုဂံ - ပုပ္ပါး ခရီးစဉ်လေး ဖြစ်လာရတယ်ပေါ့။
ပုံဂံကိုတော့ ဒီ ၂၀၁၅ ခုနှစ် နှစ်စ ပိုင်းလောက်က ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့ပါတယ်။ အဲဒီတုန်းကတော့ တစ်ညအိပ်ခရီးလောက်ကို အသော့နှင်ခဲ့ရလို့ ပုပ္ပါးကို ဝင်ချိန် မရခဲ့ပါဘူး။ မရောက်ဘူးခင်တုန်းကတော့ ပုပ္ပါးနဲ့ ပုဂံက အရမ်းနီးနီးကပ်ကပ်လို့ ထင်ခဲ့ဖူးတော့ ပုဂံရောက်ရင် ပုပ္ပါးလည်း သေချာပေါက် ရောက်မယ်လို့ ထင်ခဲ့မိတာ။ တကယ်တမ်းတော့ ပုဂံကနေ တစ်နာရီလောက် ကားစီးသွားရသေးတာကိုး။
ပုပ္ပါးနဲ့ ပတ်သက်လို့ နတ်သီချင်းတွေကနေ တဆင့် နည်းနည်းရင်းနှီးခဲ့သလို သင်ခဲ့ရတဲ့ သမိုင်းဘာသာရပ်ကနေ ဆက်စပ်လို့လည်း နည်းနည်းရင်းနှီးနေတယ်လို့ ဆိုရမလားဘဲ။ ပုဂံကနေ ပုပ္ပါးကို ထွက်လာတော့ နာမည်ကျော် ဗျတ္တပန်းဆက်လမ်းကနေ သွားဖြစ်တော့ လမ်းခရီး သာယာပုံက ခရီးသွားသူကို စိတ်ကြည်နူးစေတာ အမှန်ပဲ။ ပုဂံ နဲ့ ရာသီဥတု ကွာပြီး အေးမြမြ အထိအတွေ့လေးကို ပုပ္ပါးမှာ ခံစားရတယ်။ ဒါကြောင့်လည်း လူတွေက အညာမြေရဲ့ အိုအေစစ်လို့ တင်စားခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ တောင်တက်လမ်းလေးတွေကတဆင့် ပုပ္ပါးကို ကျွန်တော်တို့ ကားလေး က ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေတာပေါ့။
ပုပ္ပါးတောင်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နဲ့ ၁၀ မိုင်အကွာလောက်မှာ ရှိတာပါ။ တောင်ခြေကနေ တောင်မကြီးထိပ်အထိကို ပေပေါင်း ၄၅၈၁ ပေ မြင့်ပါတယ်။ သက်တမ်းက ၂၄၅၈ နှစ်တောင် ရှိပြီဖြစ်တဲ့ မီးငြိမ်းတောင်ကြီးတစ်ခုလို့ ဆိုပါတယ်။ ကျွန်တော်သွားတဲ့အချိန်ကပဲ စံကားဝါ မပွင့်တဲ့အချိန်မို့လားတော့ မသိ စံကားဝါပန်းအနံ့တွေတော့ မရခဲ့ပါဘူး။ စံကားဝါအကြောင်းလည်း သေချာမသိတော့ သူက ရာသီချိန်ခါနဲ့မှ ပွင့်တာ ဟုတ် မဟုတ်လည်း အမှန်အတိုင်းပြောရရင် မသိပါဘူး။ ဒါပေမယ့် ပုပ္ပါးကတော့ စံကားဝါမြေ လို့ တင်စားကြတာကိုတော့ ကောင်းကောင်း သိနေပါတယ်။
ပထမ စီစဉ်တာကတော့ ပုပ္ပါး Resort မှာနေဖို့ပဲ။ တကယ်တမ်း ပုပ္ပါးတောင်ဘက် ရောက်သွားတော့ ဧည့်သည်နည်းပါးချိန်ဖြစ်နေလို့ထင်တယ်၊ လူရှင်းနေတာနဲ့၊ ပုဂံမှာပဲ ပြန်နေဖို့ ဆုံးဖြတ်လိုက်တယ်။ အမှန်ပြောရရင် ပုပ္ပါးရဲ့ နတ်သမိုင်းတွေကြောင့် ခပ်ရွံရွံ ဖြစ်နေတာလည်း ပါတယ်ပေါ့။ ကြောက်တတ်တာကိုး။ ပုပ္ပါးတောင်မှာ ပန်းပေါတဲ့တောင်လို့ အရင်က သမုတ်ခဲ့ကြတဲ့အတိုင်း တကယ်လည်း ပန်းပေါင်းစုံလင်စွာ ပွင့်တယ်လို့ သိရပါတယ်။ စံကားဝါပန်း၊ စံပယ်ပန်း၊ ဇလပ်ပန်း၊ ခတ္တာပန်း၊ ထပ်တစ်ရာပန်း၊ ရင်းမာပန်း၊ ဒေါနပန်း၊ သော်ကပန်း၊ ဂမုန်းပန်း၊ ကြက်ရုံးပန်း၊ ဇီဇဝါပန်း၊ ခွာညိုပန်း၊ သရဖီပန်း၊ နှင်းဆီပန်း၊ ကံ့ကော်ပန်း၊ စွယ်တော်ပန်း၊ ခဝဲပန်း၊ ပေါက်လဲပန်း၊ အင်ကြင်းပန်း၊ မြတ်လေးပန်း၊ စံကားစိမ်းပန်းနဲ့ ဇွန်ပန်းတွေ ပေါက်တယ်လို့ ပြောကြပါတယ်။ တောင်ထွတ်ပေါင်း ၈၄၀၀၀ ဝန်းရံတည်ရှိပြီးတော့ တောင်အရပ်ကကြည့်ရင် စပါးပုံကြီး၊ မြောက်အရပ်ကကြည့်ရင် လက်ရက်ကန်းပုံ၊ အရှေ့အရပ်က ကြည့်ရင် နွားလပို့ပုံ၊ အနောက်အရပ်က ကြည့်ရင် ဆင်ဝပ်တွားနေပုံ စတဲ့ အသွင်အမျိုးမျိုး မြင်တွေ့ရတဲ့ တောင်ကြီးဖြစ်ပါတယ်။
ကျွန်တော်တို့ ရောက်သွားချိန်မှာ မနက် ၉ နာရီဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ ရာသီဥတုက ပုဂံနဲ့ ကွဲပြားစွာ အေးစိမ့်နေပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် မြူတွေက တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေလို့ တောင်အပြည့် ဓါတ်ပုံရိုက်နိုင်အောင် အတော် စောင့်ယူလိုက်ရတယ်။ မိုးစက်မိုးမွှားလေးတွေကလည်း တောင်ကို လာလည်ပတ်သူတွေကို ကြိုဆိုနေသလိုလို။ အယူရှိတယ်လို့ ကြားဖူးတာက ခုလို မိုးတွင်းမှာ တောင်ခိုးတောင်ငွေ့တွေ တောင်ထိပ်ကို အုပ်ဆိုင်းနေပြီဆိုရင် မြစ်ကမ်းတစ်လျှောက် မိုးရွာတယ်လို့ သိရပြီး တောင်လယ် တောင်ခါးပန်းမှာ တောင်ခိုးတွေဝေနေရင်တော့ တောင်နဲ့ မနီးမဝေးမှာ မိုးရွာတော့မယ်လို့ ယူဆကြပါတယ်။ အဲဒီနေ့ကတော့ မိုးတွေရွာလို့ မိုးကာလေးတွေ ဝယ်ခြုံပြီး သွားခဲ့ရတာကလည်း ပျော်စရာ အတွေ့အကြုံသစ်ပါပဲ။
ပုပ္ပါးတောင်နဲ့ ခွဲမရတာကတော့ လူတွေနဲ့ ယဉ်ပါးနေတဲ့ မျောက်တွေပါပဲ။ အသည်းတော့ ယားစရာပါ။ ကျွန်တော်ကတော့ မျောက်ကို ကြောက်လို့ အစာတောင် မကျွေးရဲပါဘူး။ သူတို့တွေ ကိုယ့်အနား ခုန်ပေါက်နေရင်၊ ပြေးလွှားနေရင်ကို အလိုလို အသည်းယားပြီး ကြောက်လာပါတယ်။ ဓါတ်ပုံလေးတစ်ပုံတော့ အတင်းကာရော ကြိုးစားရိုက်လိုက်ပါသေးတယ်။ ရောက်ခဲတာကိုး။ မျောက်ကို ကြောက်ရတဲ့အထဲ မျောက်စာဝယ်ဖို့ တတွတ်တွတ် လိုက်ရောင်းနေတဲ့ ဈေးသည်မလေးကို သနားလည်းသနား စိတ်လည်းပျက်မိပါတယ်။
လူတွေရဲ့ ယုံကြည်မှုအမျိုးမျိုး၊ မျှော်လင့်ချက်အမျိုးမျိုးနဲ့ ပုပ္ပါးတောင်ဆီကို ချဉ်းနင်းလာနေကြတဲ့ ဘုရားဖူးဧည့်သည်တွေကလည်း တစ်ဖွဲဖွဲ ရောက်လာပါတယ်။ အဲဒီနေ့ကတော့ ရာသီဥတုအခြေအနေအကြောင့် မိုးရေတွေ စိုစွတ်နေလို့ တောင်ထိပ်အထိ ပေးမတက်ပါဘူး။ ဒါကြောင့် ကျွန်တော်လည်း တောင်တက်ခွင့် စပိတ်တဲ့ နေရာကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ အပေါ်ကနေကြည့်ရင် မြင်ရမယ့် မြင်ကွင်းလှလှလေးတွေကို မှတ်တမ်းမတင်နိုင်တာကိုတော့ စိတ်မကောင်းဘူးပေါ့။
ပြန်ဆင်းတဲ့ခရီးမှာတော့ ဈေးတန်းလေးတွေဘက်ကနေ ဆင်းပြန်ခဲ့ပါတယ်။ ဈေးတန်းလေးမှာ ထုံးစံအတိုင်း နတ်နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံ၊ ဒေသထွက်ပစ္စည်းမျိုးစုံတွေကို ရောင်းနေကြတာပါ။ ခရီးထွက်တာများလာတော့ အရင်လို လက်ဆောင်လေးတွေ ဝယ်တတ်တဲ့အကျင့်လည်း နည်းပါးလာတယ်။ ဒါနဲ့ပဲ သိပ်မကြည့်ဖြစ်တော့ပဲ ပုဂံဘက်ကို ပြန်သွားဖို့ စီးလာတဲ့ ကားဆီကိုပဲ အပြေးလေး သွားဖြစ်တော့တယ်။ ပုပ္ပါးရဲ့ ရာသီဥတုကတော့ အပြေးလေးတောင်တက် တောင်ဆင်းလုပ်ပေမယ့် ချွေးတောင် မစို့လိုက်ဘဲ အဲဒီနေ့ကတော့ အတော်လေး နေလို့ကောင်းနေလေရဲ့။
သီဟလုလင်
၆ အောက်တိုဘာလ ၂၀၁၅
၁၀း၄၇ ည
2 comments:
"အပြေးလေးတောင်တက်တောင်ဆင်း..."... ပုပ္ပါးတောင်ကို ပြေးတက်တယ်ဆိုတာ မယုံချင်စရာ.. :)
တကယ်ဆို... ဒါတောင် မိုးရွာနေလို့ ချော်မှာစိုးတာနဲ့ အရှိန်လျှော့ထားရတယ်။ :D
Post a Comment