Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, September 20, 2015

သိပ်ချစ်တယ်


ကျွန်မ ချစ်သူ ဘယ်သူဆိုတာကို ကမ္ဘာသိအောင် ကြေငြာပြဖို့ ကျွန်မ ဘယ်တုန်းကမှ မရှက်မကြောက်ခဲ့ဘူးသလို၊ သိပ်ချစ်ရတဲ့ ချစ်သူရှေ့မှောက် ဒူးထောက်ခစားရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကျွန်မ ချစ်သူဟာ ကျွန်မဘဝရဲ့ အချစ်ရဆုံးသော ချစ်သူတစ်ယောက်သာမက ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

**************************************************************************

နိုဝင်ဘာလ (၁၅) ရက်နေ့ရဲ့ လားရှိုးမြို့ မနက်ခင်း နှင်းငွေ့ငွေ့ကြားမှာ ကျွန်မတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်။ မျက်လုံးကျယ်ကျယ်ထဲက မျက်ဆံညိုညိုနဲ့ ကျွန်မချစ်သူက စကားပြောရင်လည်း တိုးညင်း ငြင်သာပြီး ယဉ်ကျေးချိုသာတယ်။ ကျွန်မတို့ ပထမဆုံးစတွေ့တဲ့နေ့မှာပဲ သူက ကျွန်မကို စကိတ်စီးမလားလို့ မေးတယ်။

Friday, May 29, 2015

ရပ်တန့်လို့မရနိုင်


ကော်ဖီတစ်ခွက် စက်စက်အေးသွားလည်း...
ခါးသက်သက်ကြိုက်တဲ့သူအတွက်
အမြဲတစေ နှစ်သက်စရာပဲ။
သံယောဇဉ်တစ်သက် တစ်ချက်တစ်ချက်အေးသွားလည်း....
ချစ်မက်မက်ခံစားတတ်သူအတွက်
အမြဲတစေ နွေးထွေးနေမှာပဲပေါ့။
သီချင်းလေးထဲကလို...
ဒီအလွမ်းတွေ အချစ်တွေ ကုန်ဆုံးရပ်တန့်မသွားဘူးကွယ်။

- သီဟလုလင် -
၁၈ မေ ၂၀၁၅

Sunday, March 09, 2014

လမ်းခွဲဖြစ်ဖို့ အကြောင်းများ


ချစ်သူတွေ မထင်မှတ်ဘဲ လမ်းခွဲဖြစ်သွားကြတာတွေ များပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် တကယ်ကို ဘာမဟုတ်တဲ့ ကိစ္စရပ်လေးတွေပါ။ အသေးအဖွဲလေးတွေကို ဂရုမပြုမိလို့ ခုတော့ လမ်းခွဲဖို့အထိ ဖြစ်သွားရပြီ။ ဒါဆို ဒီလို အဖြစ်အပျက်လေးတွေကို ရှောင်လွှဲနိုင်ခဲ့ရင် ချစ်သူတွေကနေ မုန်းသူတွေ ဖြစ်သွားစရာ မရှိတော့ဘူးပေါ့။

ဘာတွေကို ရှောင်လွှဲနိုင်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁) ချစ်သူဟောင်းတွေနဲ့ အဆက်အဆံ ကင်းကင်း ရှိပါစေ။
ချစ်သူရည်းစားဟောင်းအချို့က လက်ရှိတွဲဖက်နေတာ မဟုတ်ပေမယ့် သူငယ်ချင်းအနေအထားမျိုး ရှိနေတတ်ပါတယ်။ ခုလို ပွင့်လင်းလွတ်လပ်တဲ့ခေတ်၊ အမြင်ကျယ်တဲ့ခေတ်မှာ ဒီကိစ္စမျိုးက အလိုလို နားလည်လက်ခံရမှာမျိုး ဖြစ်ပေမယ့်လည်း ချစ်သူဆိုတာက ရင်ထဲမှာ ဝန်တိုစိတ်လေး ရှိကို ရှိနေတုန်းပဲ။ ဒါကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်ဖို့ မလွယ်ကူပါဘူး။ အရမ်းနားလည်ပါတယ်ဆိုတောင် သူ့စိတ်ထဲမှာ ထိတ်ခနဲ ကျင်ခနဲ ဖြစ်သွားတတ်ပါသေးတယ်။ ဒါကို နားလည်ပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ ချစ်သူဟောင်း (သို့မဟုတ်) ရည်းစားဟောင်းနဲ့ အဆက်အဆံ ကင်းကင်း ဖြစ်သင့်ပါတယ်။ Facebook တို့ Gtalk တို့လိုမျိုးမှာတောင် စကားအပြောအဆို နည်းနိုင်ရင် အကောင်းဆုံးပါပဲ။ လက်ရှိချစ်သူအကြောင်း ပြောပြနေတာမျိုး၊ အရင်က ချစ်သူကို ခုလက်ရှိချစ်သူနဲ့ နှိုင်းယှဉ်ပြနေတာမျိုးလည်း ရှောင်သင့်တာပေါ့။ တစ်ဖက်သားရဲ့ ယုံကြည်မှုကို နည်းပါးသွားစေတယ်လေ။

(၂) ချစ်သူကို အပြစ်တင်ခြင်း ကင်းပါစေ။
တစ်ခါတလေ ကိုယ်က ချစ်သူချင်းမို့ ပက်ပက်စက်စက်တွေ ပြောမိသွားတတ်တယ်။ အသေးအဖွဲ အပြစ်တင်စကားလေးကအစ များလာရင် လူကို နာကြည်းစိတ်ဝင်သွားစေတတ်တယ်။ ဒါလေးတွေ ရှောင်နိုင်ရင် ကောင်းတာပေါ့။ ချစ်သူဆိုတာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အရင်းနှီးဆုံး တစိမ်းပါ။ ကိုယ်တောင် သူများက ကိုယ်လုပ်သမျှ အပြစ်ချည်းပြောနေရင် ဘယ်လိုခံစားရမလဲ။ သူလည်း ဒီလိုပဲပေါ့။ ချစ်တဲ့စိတ်ကြောင့် အတိုင်းအတာတစ်ခုထိ သည်းခံနိုင်ပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အရမ်းအကြာကြီးတော့ ဟုတ်မယ်မထင်။

(၃) ချစ်သူအတွက် အချိန်လေးတွေ ချန်ထားနိုင်ပါစေ။
အချိန်မပေးနိုင်ဘူးဆိုရင် အချစ်ဆိုတာ အေးခဲသွားလိမ့်မယ်။ သွေးအေးသွားရင် ပြန်နွှေးရတာဟာ အရင် ချစ်သူမဖြစ်ခင်က ကြိုးစားရတဲ့ အခြေအနေထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ခေတ်က အလုပ်မှာ နွံနစ်ရမယ့် သဘော ရှိကိုရှိနေတော့ အလုပ်အတွက် အချိန်တွေ အများကြီး ပေးနေရတဲ့တိုင် ရတဲ့အချိန်လေးအတွင်းမှာ ချစ်သူကို ကြင်နာစွာ ဂရုပြုခြင်းကလည်း ချစ်သူသက်တမ်းကို ပိုရှည်လို့ အချစ်တိုးစေတာပေါ့။ သူငယ်ချင်းတွေကို အချိန်ပေးတတ်သလို၊ ချစ်သူကိုလည်း အချိန်ပိုဖို့ လိုသေးတယ်ဆိုတာ မမေ့ပါနဲ့။

(၄) အလိုက်သိတတ်ပါစေ။
ချစ်သူအလိုက်သိတတ်တာ အရမ်းကောင်းပါတယ်။ အလိုက်သိတတ်တာ ဘယ်နေရာမဆို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အလုပ်မှာ၊ ကျောင်းမှာ၊ အချစ်ရေး အိမ်ထောင်ရေးမှာ အလိုက်သိတတ်တာကြောင့် ပိုပြီး ကောင်းမွန်သွားစေပါတယ်။ ချစ်သူချင်း မုန့်ထွက်စားလို့ ဒီတစ်ခါကိုယ်ရှင်း၊ နောက်တစ်ခါမင်းရှင်း ဆိုတာမျိုး စဉ်းစားမနေပါနဲ့။ ပွင့်ပွင့်လင်းလင်းလည်း ရှိပါစေပေါ့။ ကိုယ်မှာ ရှင်းဖို့ ငွေ မလုံလောက်ရင်တောင် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကလည်း ကောင်းပါတယ်။

(၅) အထိမ်းအမှတ်နေ့လေးတွေလည်း သတိရတတ်ပါစေ။
စတွေ့တဲ့နေ့၊ ချစ်သူဖြစ်တဲ့နေ့၊ သူ့မွေးနေ့ စသဖြင့် အထိမ်းအမှတ်နေ့လေးတွေကို မှတ်ထားတတ်ရင်လည်း အချစ်တိုးစေပြန်တယ်။ မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ မမှတ်မိတတ်ရင်လည်း ကိုယ့်ဖုန်းထဲ၊ ကွန်ပြူတာထဲက ပြက္ခဒိန်ထဲမှာ မှတ်သားထားပြီး Alert လုပ်ခိုင်းထားလို့ရနေပြီပဲ။ ဒါလေးတွေက ချစ်ခြင်းကို မြဲမြံခိုင်ခံ့စေတဲ့အကြောင်းတွေမို့ လွယ်ပေမယ့် မလုပ်ဖြစ်တာမျိုး မဖြစ်သင့်ဘူးလေ။

ကဲ... ဒီအချက်တွေကိုသာ လိုက်နာလုပ်ဆောင်နိုင်ရင် မထင်မှတ်တဲ့ အသေးအဖွဲလေးတွေကြောင့် လမ်းခွဲရတဲ့အထိ ဖြစ်သွားစရာမရှိတော့ဘူးပေါ့။ အတိုင်းအတာ တစ်ခုအထိ ချစ်သူတွေကို အကူအညီ ပေးနိုင်မယ့် အချက်တွေဖြစ်ပါတယ်။ ချစ်သူတိုင်း ချစ်သက်တမ်းရှည်ရှည် ချစ်နိုင်ကြပါစေ။


သီဟလုလင်
၉ မတ်လ ၂၀၁၄

Saturday, February 15, 2014

ချစ်သူမဲ့ညများ


ညတွေက ကျယ်လောင်လွန်းတယ်...
နေစရာ မတွေ့သေးဘူး။

ကြယ်တွေက လင်းလွန်းနေတယ်...အိပ်ဖို့ ကြိုးစားလည်း မရနိုင်ဘူး။

လေညင်းလေးတွေက စပ်ဖျင်းဖျင်းနဲ့...ဒါတော့ တစိတ်လွန်ပြီထင်တယ်။

နေစရာနေရာလေး တစ်ခုလောက်ငါ့ကိုပေးပါ။

ရင်ခွင်မှာ ဟိုအရင်လို မှီတွယ်ရင်းပေါ့။ချစ်သူ မရှိရင်...အရာရာဟာ ခြောက်ခြားစရာချည်းပဲမို့ပါကွာ။

သီဟလုလင်
၁၂ ဇန်နဝါရီ ၂၀၁၄

တစ်ခါက အိပ်မက်

အိပ်မက်ဆိုတာ လူတိုင်း မက်ဖူးကြပါတယ်။
ဒါပေမယ့် အဲဒီ အိပ်မက်ဆိုတာ အိပ်နေစဉ်ခဏပဲ မျောလွင့်ရခြင်းမျိုးပါ။
နိုးထလာချိန်မှာတော့ လက်တွေ့ဘဝကို ရင်ဆိုင်ရုန်းကန်ကြရတော့တာပဲ။
ဘာပဲဖြစ်ဖြစ် အိပ်စက်နေချိန်ခဏမှာ ခံစားမှုရသအဖုံဖုံပေးတဲ့ အိပ်မက်တွေကတော့ လူ့လောကမှာ အသက်ရှင်နေသမျှ ကြုံဆုံနေကြရဦးမှာပါပဲ။

အဆိုတော် နောနော်နဲ့ ရေဒီယိုအင်တာဗျူးတစ်ခု
တစ်ချိန်တုန်းကပေါ့...
ကျွန်တော့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားတက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ ကျေနပ်ဝမ်းမြောက်ရခြင်း၊ ဂုဏ်ယူရခြင်း စတဲ့ ခံစားမှုမျိုးစုံ ပေးစွမ်းခဲ့တဲ့ အိပ်မက်တစ်ခုကို တော်တော်လေး ကြာအောင် မက်ခဲ့ဖူးလေရဲ့။

အဲဒီအိပ်မက်လေးက... ရေဒီယိုဒီဂျေ လို့ခေါ်ကြတဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ခွင့်ရခြင်းပါ။
ကျွန်တော်ဟာ ရန်ကုန်မြို့မှာ တစ်ချိန်က အထင်ကရ ဖြစ်ခဲ့ဖူးတဲ့ မြို့တော်အသံလွှင့်ဌာန (သို့မဟုတ်) City FM ရဲ့ လေလှိုင်းပေါ်က ချိုလွင်တဲ့အသံပိုင်ရှင် တစ်ဦးဖြစ်ခဲ့ဖူးတယ်ဆိုတာ ခုဆို တော်တော်ပြန်ပြီး စဉ်းစားပြန်ဖော် ရတဲ့ အိပ်မက်ဟောင်းတစ်ခု ဖြစ်လို့နေပါပြီ။ City FM သာမက ရွှေ FM ရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ရတာလည်း ဂုဏ်ယူစရာ တစ်ခုပါပဲ။


ကျွန်တော့အိပ်မက်လေး ရဲ့ အစက...
             City FM ကို ကျွန်တော် စသိတာ City FM စလွှင့်ကတည်းကပါ။ အဲဒီတုန်းကလည်း အသည်းအသန် ရေဒီယိုဖမ်းစက်တွေ ပြေးဝယ်ခဲ့တာကို မှတ်မိသေးတယ်။ အဲဒီချိန်တုန်းက ခုချိန်လို FM စက်လှလှလေးတွေ၊ MP3 Player တွေ အတွေ့ရနည်းသေးသလို၊ ဖုန်းတောင်မှ Handset လှလှနဲ့ Function စုံစုံမရှိသေးတာမို့ ကျွန်တော့မှာ လူကြီးတွေ နားထောင်တဲ့ ဟိုးတုန်းက ရေဒီယို စက် အသေးလေး ရှာဝယ်ခဲ့ရတာ မှတ်မိသေးတယ်။ ဒီ Radio DJ အလုပ်ကိုတော့ ၂၀၀၂ ခုနှစ်မှာ စလုပ်ခဲ့ပါတယ်။ ပေါ်ပြူလာ ဂျာနယ်ကနေ City FM Studio က Announcer လျှောက်ဖို့ခေါ်တဲ့ ကြော်ငြာတွေ့ပြီး လုပ်ဖြစ်ခဲ့တာပါ။ အမှန်က အဲဒီအချိန်ကတော့ ကိုယ့်ဟာကိုယ် ယုံကြည်မှု မရှိခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်က အတူလျှောက်ကြရအောင်လို့ ခေါ်လို့ အဖော်ရပြီဆိုပြီး လုပ်ဖြစ်ခဲ့တာ မှတ်မှတ်ယယ အင်တာဗျူး ၄ ခါ တောင်ဝင်ခဲ့ရတယ်။ ကျွန်တော် ရေဒီယိုအစီအစဉ်တင်ဆက်သူ လုပ်ခဲ့တာ စုစုပေါင်း ၈ နှစ်လောက် ရှိခဲ့ပါတယ်။

Saturday, March 09, 2013

ကျွန်တော့ရင်ဘတ်က အချစ် "ပိုး"


တစ်နေ့ထက် တစ်နေ့ တိုးလို့ ကိုက်ခဲ
ဆေးသောက်မပျောက်တဲ့ ငါ့ရင်ဘတ်ထဲ...
တဆစ်ဆစ်နဲ့ ငြိလို့တွယ်လည်း...
ငါလေ ပျော်ရွှင် မျှော်လင့်ခဲ့တယ်
ဒီမောင့် ရင်သည်း အချစ် ပိုး ရယ်...

မမြင်ရ မနေနိုင် မော်ဖူးရတဲ့ မျက်နှာလေးရယ်
မဖတ်ရ မနေနိုင်တဲ့ သူရေးတဲ့ စာတိုတွေရယ်
အချိန်တိုင်းမှာ ဒီ ပိုး က တိုးလို့တွယ်တယ်
တယ်လည်းခက်တဲ့ သံယောဇဉ်ငယ်

ရင်ဘတ်ထဲက အချစ် ပိုး
သတ်ပစ်ဖို့လည်း ခက်ပြီမို့...
ဒီမောင်တော့ ရူးရမယ်
အလွမ်း ပိုး တော့ မဖြစ်လိုက်ပါနဲ့ကွယ်...


သီဟလုလင်
၇ မတ် ၂၀၁၃

Saturday, March 02, 2013

နားဆင်ချင်စရာ


ပုံမှန်လိုလိုတောင် ဖြစ်နေပြီ ကျွန်တော် ဒီ Music Review လေးကို ကျွန်တော့ Blog ပေါ်မှာ တင်ဖြစ်နေတာ။ အဓိကကတော့ စာရွက်တွေပေါ်မှာ ရှိနေတဲ့ ကျွန်တော့ စာလေးတွေကို လေလှိုင်းထက်မှာလည်း တင်ထားချင်လို့ပါ။

ဒီကနေ့လည်း နိုင်ငံတကာ တေးအယ်လ်ဘမ်လေး နှစ်ခု အကြောင်း တင်ပြချင်ပါသေးတယ်။ ဒီကဏ္ဍကို The Chic အပါအဝင် မဂ္ဂဇင်းတွေမှာ ရေးသားနိုင်ဖို့အတွက် ကျွန်တော့ကို အမြဲတစေ ပံ့ပိုးကူညီတဲ့ CDII (S N' W) တေးထုတ်လုပ်ရေးကို ကျေးဇူးအထူးတင်ပါတယ်။

Unorthodox Jukebox (BRUNO MARS)

ဂီတအမျိုးအစား - Pop, R&B, Soul, Rock, Reggae
လူကြိုက်များသည့် သီချင်းများ - When I Was Your Man, Locked Out Of Heaven

မြန်မာတေးပရိတ်သတ်တွေ သဘောကျကြတဲ့ တေးသံရှင်တစ်ဦး Bruno Mars ကတော့ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဖြန့်ချိလိုက်ပါပြီ။ ပထမဆုံးတေးအယ်လ်ဘမ် Doo-Wops & Hooligans ကို ၂၀၁၀ ခုနှစ်က ဖြန့်ချိခဲ့တာမို့ အချိန် နှစ်နှစ်လောက်ယူပြီး ပြင်ဆင်ခဲ့တဲ့ တေးအယ်လ်ဘမ်လို့ ဆိုနိုင်ပါတယ်။ ဒီတေးအယ်လ်ဘမ်လေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး၊ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ Locked Out Of Heaven သီချင်းကြောင့် တေးပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြင့်ဆုံးရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပါဝင်တဲ့ သီချင်းပုဒ်ရေ နည်းပါးတာကတော့ အားမရချင်စရာပါပဲ။ သီချင်းစုစုပေါင်း (၁၀) ပုဒ်တည်း ပါဝင်ထားပါတယ်။ သီချင်းအမျိုးအစားကတော့ အမျိုးသား၊ အမျိုးသမီး မရွေး၊ အသက်အရွယ်မရွေး ခံစားလို့ကောင်းမယ့် ပုံစံလေးတွေမို့လည်း အောင်မြင်တာလို့ ဆိုနိုင်မှာပါ။ ဒီတေးအယ်လ်ဘမ်လေးဟာလည်း ဂီတထိပ်တန်းစာရင်းအတော်များများမှာ နံပါတ် တစ် နဲ့ နှစ် နေရာတွေမှာ အများစု ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ UK Albums Chart, Swiss Albums Chart, Australian Albums Chart တွေမှာ နံပါတ် တစ် နေရာ နဲ့ US Billboard 200, South Korean Albums Chart, Hungarian Albums Chart, Canadian Albums Chart တွေမှာ နံပါတ် နှစ် နေရာ တွေ အသီးသီး ရရှိထားတာမို့ မြည်းစမ်းနားထောင်ချင်စရာ တေးအယ်လ်ဘမ်ကြီးပဲဖြစ်ပါတယ်။ မကြာခင်များနောက်ထပ် Deluxe Version အယ်လ်ဘမ်ထွက်လာဦးမလားလို့တော့ ထင်ရပေမယ့် လက်ရှိ ဒီအနေအထားနဲ့လည်း တော်တော်လေး အားရစရာ တေးသီချင်းတွေ ပါဝင်နေပါတယ်။ ပထမဆုံး ကြားကြရမယ့် Young Girls ဟာလည်း အောင်မြင်စ ပြုနေပြီး ခုလက်ရှိ နာမည်ကြီးနေတဲ့ Locked Out Of Heaven ကို ဒုတိယသီချင်းအဖြစ် ခံစားရမှာပါ။ နောက်ထပ် နာမည်ကြီးနေတဲ့ When I Was Your Man ဆိုတဲ့ အချစ်သီချင်းလေးကို တေးအယ်လ်ဘမ်ရဲ့ တစ်ဝက်လောက်မှာ နားဆင်ရမှာဖြစ်ပြီး အချစ်သီချင်းကောင်းများစွာ ပါဝင်တာမို့ မြည်းစမ်းကြည့်နိုင်ပါတယ်။


Unapologetic (RIHANNA)

ဂီတအမျိုးအစား - Pop, EDM, Dubstep
လူကြိုက်များသည့် သီချင်းများ - Diamonds, Stay, Pour It Up

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ကစတင်ဖြန့်ချိခဲ့ပြီး ဒီကို ရက်ပိုင်းအတွင်းကမှ ရောက်ရှိလာခဲ့တဲ့ ကမ္ဘာကျော် R&B တေးသံရှင်မလေး Rihanna ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကို ၂၀၁၂ ခုနှစ် ဇွန်လကနေ နိုဝင်ဘာလအတွင်း အသံသွင်းယူခဲ့တာဖြစ်ပြီး၊ခေါင်းစီးလေးကအစ ဆွဲဆောင်မှုရှိအောင် ပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ် မထွက်ခင်ကတည်းက အောင်မြင်နေနှင့်ပြီးဖြစ်တဲ့ Diamonds သီချင်းကြောင့်လည်း ဒီတေးအယ်လ်ဘမ်ကို ပရိတ်သတ်တွေ ပိုမို ဝယ်ယူဖို့ အကြောင်းဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ဒီတေးအယ်လ်ဘမ်ထဲမှာ သူမရဲ့ ချစ်သူဟောင်း Chris Brown ကို ပါဝင်ကူညီသီဆိုစေခဲ့တာပါပဲ။ Chris Brown နဲ့ Nobody’s Business သီချင်းကို သီဆိုထားသလို၊ Eminem နဲ့လည်း Numb, David Guetta နဲ့ Right Now, Mikky Ekko နဲ့ Stay, Future နဲ့ Loveeeee Song သီချင်းတွေကို အသီးသီး တွဲဖက်သီဆိုထားပါတယ်။ သီချင်းစုစုပေါင်း (၁၄) ပုဒ် ပါဝင်ထားပြီး အဲဒီ သီချင်းတွေထဲက Diamonds ကတော့ လက်ရှိ ဦးဆောင် အောင်မြင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဆိုကဝေမ တစ်ဦးဖြစ်သလို အောင်မြင်မှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တဲ့ Rihanna က ဒီအယ်လ်ဘမ်လေး ထုတ်ဝေလိုက်ချိန်မှာလည်း US Billboard 200, US Top R&B/Hip-Hop Albums, UK R&B Albums Chart, UK Album Chart, Swiss Albums Chart, Norwegian Albums Chart, Irish Albums Chart, Canadian Albums Chart, Australian Urban Albums Charts စတဲ့ ဂီတစာရင်းတွေမှာ နံပါတ် တစ် ရရှိနေတဲ့ အယ်လ်ဘမ်ဖြစ်လို့လည်း အထူးပြောစရာတောင် မလိုပါဘူး။ သီချင်းကောင်းလေးများစွာ ပါဝင်ထားသလို စုံတွဲသီချင်းတွေလည်း ထူးခြားကောင်းမွန်နေတာမို့လို့ Rihanna ပရိတ်သတ်တိုင်း ဝယ်ယူနားဆင်သိမ်းဆည်းထားသင့်တဲ့ တေးအယ်လ်ဘမ် တစ်ချပ်ပဲဖြစ်ပါတော့တယ်။

သီဟလုလင်