Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, October 17, 2015

ကျွန်တော့ရဲ့ ၂၀၁၅ မွေးနေ့


၂၀၁၅ ခုနှစ် ကျွန်တော့ရဲ့ မွေးနေ့လေးကို ထူးထူးခြားခြားလေး ဖြစ်စေချင်လို့ ကြံဖန်စီစဉ်ခဲ့ပါတယ်။ အရင်နှစ်တွေတုန်းကလည်း countdown လေးတွေ လုပ်ခဲ့တယ်။ ခုဆို သုံးနှစ်လောက်ရှိပြီ။ ပထမ တနှစ်တုန်းက ကလေးဘဝကနေ တဖြည်းဖြည်း ကြီးလာတဲ့ ပုံလေးနဲ့ countdown လုပ်ခဲ့တယ်။ မနှစ်ကတော့ ကျွန်တော့နေ့စဉ်ဘဝမှာ ဖြတ်သန်းရင်း အမှတ်မထင် တိုက်ဆိုင်ကြုံတွေ့ရတဲ့ နံပါတ်လေးတွေနဲ့ countdown လုပ်ခဲ့တယ်။ ဒီနှစ်တော့ နှစ်ခါပြန်ပြောစရာ မလိုဘဲ၊ ဒီလိုလုပ်ချင်တယ် ကူညီပေးမလား လို့ မေးလိုက်လို့ ချက်ချင်း လုပ်ပေးမယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ countdown လေး လုပ်ဖြစ်တယ်။

နောက်တစ်ခုအနေနဲ့ ကျွန်တော့ကို ကျွန်တော့ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်းတွေ ဘယ်လိုမြင်ကြသလဲ သိချင်လို့ ဗီဒီယိုလေးနဲ့ မှတ်တမ်းတင်ရင်း ကျွန်တော့အကြောင်း မေးဖြစ်ခဲ့တယ်။ သူတို့ဖြေထားသမျှကတော့ ဒီထဲက အတိုင်းပါပဲ။ ရီရတာလည်း ရှိသလို၊ ကြည်နူးရတာလည်း ရှိတယ်။ ဒီ ဗီဒီယိုလေးကို နှစ်ညတိတိ အိပ်ပျက်ခံပြီး လုပ်ခဲ့တယ်။ ဘာမှ မဟုတ်ပေမယ့်လည်း ကျေနပ်မိတယ်။ မွေးနေ့ကို ဘာလို့ special day လည်းလို့ ထင်ကောင်းထင်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော်က ဟိုးငယ်ငယ်လေးကတည်းက ကိုယ့်မွေးနေ့ ၊ သူများမွေးနေ့ အားလုံးကို သတိထား ဂရုပြုတတ်ခဲ့တယ်။ မွေးနေ့ဆိုတာကို ပြောတယ်။ ဒါကြောင့်လည်း မွေးနေ့ဆိုတာ ကျွန်တော့အတွက်တော့ အထူးနေ့ပါပဲ။

ဒီဗီဒီယိုလေးမှာ ပါဝင်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဖြစ်တဲ့ ကိုကျော်ကျော်ထွန်း၊ Jennie ၊ ကောင်းကောင်း၊ သက်ပိုင်လင်း ၊ Sky ၊ ချစ်သွေးကို၊ ဆုသက်ထား၊ ဖိုးသား၊ ပိုးဇော်ခန့် နဲ့ James တို့ကို ကျေးဇူးတင်ပါတယ်။ မပြည့်စုံပေမယ့်လည်း အကောင်းမြင်ပေးကြလို့လည်း ပိုကျေးဇူးတင်ပါတယ်။ နောက် countdown အစီအစဉ်မှာ မငြီးမငြူ ပါဝင်ပေးကြတဲ့ ချစ်သူငယ်ချင်းများ - သီရိ ၊ အားတီ ၊ Axiong ၊ သောင်းထက် နဲ့ လဲ့ဝါ ၊ စိမ့် ၊ ကိုကို ၊ တူလေး ဂါဂါး ၊ မေမေ ၊ မိုးသူ ၊ မိုးကြီး ၊ သူရ ၊ ကိုတယ်ဒီ ၊ ကိုဆွေဟိန်း ၊ ဒေးဒေး ၊ ဝေ ၊ ရဲကို ၊ Kool ၊ ဆုမြတ် ၊ သက်ပိုင် တို့အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ပါဝင်ကူညီပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်း အယောက်တိုင်းကို ကျေးဇူးအထူးတင်ပါတယ်လို့ မှတ်တမ်းတင်ပါတယ်။

ချစ်ခင်စွာဖြင့်
သီဟလုလင်
၁၇ အောက်တိုဘာလ ၂၀၁၅

Friday, October 16, 2015

Oktoberfest အကြောင်း သိသမျှ


ကမ္ဘာက တစ်နေ့တခြား သေးလာတယ်။ မနေ့တစ်နေ့တုန်းက ရှိမှန်းတောင် မသိခဲ့တဲ့ ပွဲလမ်းသဘင်တွေက ဒီနေ့မှာ နေရာအနှံ့ ဆင်နွှဲနေကြတယ်။ နိုင်ငံတစ်ခုနဲ့ တစ်ခုရဲ့ ယဉ်ကျေးမှုချင်းက ထိယှက်လာတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်က မလုပ်ဘူး၊ မကြားဘူးခဲ့တဲ့ တခြားနိုင်ငံက ယဉ်ကျေးမှုပွဲတော်တွေနဲ့ ထုံးတမ်းစဉ်လာတွေ ကျင်းပလာကြတယ်။ ဒီတော့ ကိုယ်အရင်က သိထားတဲ့ အသိလောက်လေးနဲ့ မလုံလောက်တော့ဘူးဆိုတာ တဖြည်းဖြည်းထင်ရှားလာတယ်။ အမြင်ကျယ်ဖို့ လိုလာတယ်ပေါ့။ ဗဟုသုတတွေ ရှာဖွေဖို့ လိုအပ်လာတာတော့ အမှန်ပဲ။

တလောက သူငယ်ချင်းတွေရဲ့ ရုံးက ပွဲတစ်ခုကို အားပါးတရ ပျော်ပျော်ကြီး ဆင်နွှဲနေကြတယ်။ ဘာတဲ့ Oktoberfest ပါလား။ ကျွန်တော်လည်း အသည်းအသန် google ရတယ်။ ဘာကြီးလဲပေါ့။ ကိုယ်ကလည်း အောက်တိုဘာလ မွေးတဲ့သူဆိုတော့ အဲလို အသံလေးတွေပါလာရင် ပိုစိတ်ဝင်စားတယ်လေ။

Tuesday, October 06, 2015

အညာမြေရဲ့ အိုအေစစ်သို့ အလည်တစ်ခေါက်



ခရီးထွက်ရတာကို ဝါသနာထုံတဲ့ ကျွန်တော်က အားလပ်ရက်ရှည် ရှိတိုင်း ရုံးအလုပ်တွေကို ခဏမေ့ထားလို့ ခရီးထွက်ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ပိတ်ရက်ရှည်လေး ရတော့ ခရီးထွက်ဖို့ ထုံးစံအတိုင်း စီစဉ်ဖြစ်တော့ မိုးတွင်းကလည်း ဖြစ်နေတဲ့အတွက် သွားရ လာရ လည်ရ ပတ်ရ အဆင်ပြေမယ့် အညာဘက်ကို ခရီးထွက်ဖို့ စဉ်းစားလိုက်မိသွားတယ်။ ဒါနဲ့ပဲ ပုဂံ - ပုပ္ပါး ခရီးစဉ်လေး ဖြစ်လာရတယ်ပေါ့။

ပုံဂံကိုတော့ ဒီ ၂၀၁၅ ခုနှစ် နှစ်စ ပိုင်းလောက်က ပထမဦးဆုံးအကြိမ်ရောက်ဖူးခဲ့ပါတယ်။ အဲဒီတုန်းကတော့ တစ်ညအိပ်ခရီးလောက်ကို အသော့နှင်ခဲ့ရလို့ ပုပ္ပါးကို ဝင်ချိန် မရခဲ့ပါဘူး။ မရောက်ဘူးခင်တုန်းကတော့ ပုပ္ပါးနဲ့ ပုဂံက အရမ်းနီးနီးကပ်ကပ်လို့ ထင်ခဲ့ဖူးတော့ ပုဂံရောက်ရင် ပုပ္ပါးလည်း သေချာပေါက် ရောက်မယ်လို့ ထင်ခဲ့မိတာ။ တကယ်တမ်းတော့ ပုဂံကနေ တစ်နာရီလောက် ကားစီးသွားရသေးတာကိုး။


Monday, September 28, 2015

သူတို့ပြောတဲ့ ရေပြာအိုင်ဆီ


စပြီး စီစဉ်တုန်းကတော့ လွိုင်ကော်ကို သာသာယာယာ Tour Agent နဲ့ သွားမလို့ပါဘဲ။ သို့သော်လည်း သူတို့ဘက်က အကြောင်းတစ်ခုနဲ့ ခရီးစဉ်ကို သွားမယ့်နေ့ညနေ (၄) နာရီခွဲလောက်မှ ဖျက်တယ်ဆိုပြီး အကြောင်းကြားတော့ ဟပ်ကော့ကြီးနဲ့ အားချင်း ခရီးစဉ်တစ်ခုကို စီစဉ်ခဲ့ရတယ်။ မျှော်လင့်တာက ကယားပြည်နယ်ကို မရောက်တာကြာတာရော၊ အရင်တုန်းက မသိရ မလည်ရတဲ့ နေရာတွေကို အရောက်သွားချင်တာရော ရှိပေမယ့်လည်း အဆင်မပြေဖြစ်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါနဲ့ ချောင်းသား ငွေဆောင် သွားမယ်လို့ တွေးမိပြီး ကား စုံစမ်းတော့ ညကားတွေ မရှိတော့ဘူး။ မနက်ကားတွေကလည်း လိုင်းကားတွေပဲဆိုတော့ တစ်ရွာတက် တစ်ရွာဆင်းနဲ့ ဘတ်စ်ကားကြီးလို သွားရမယ်။ ပစ္စည်းတွေလည်း တင်ဦးမယ်ဆိုတော့ အဆင်မပြေပြန်ဘူး။ တခြားသွားဖို့ကလည်း အားလုံးနောက်ကျနေပြီ။ နောက်ဆုံးတော့ ကိုယ့်အတွက် အဆင်ပြေမယ့် မန္တလေး ကိုပဲ ရွေးလိုက်တော့တယ်။ မနက်ကားလေးနဲ့ ညနေရောက်ပေါ့။

Sunday, September 20, 2015

ထိုသူနှင့် ပတ်သက်၍



"ကျွန်တော် ဦးမြင့်အောင် နဲ့ တွေ့စရာ ဘာအကြောင်းမှ မရှိဘူး မေမေ။"
"ဟဲ့ သား၊ ဘယ်လိုပြောလိုက်တာလဲ။"

ပြောပြောဆိုဆိုနဲ့ ကျွန်တော့အခန်းတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်မိတယ်။ ဒါက ဦးမြင့်အောင် ကို ကျွန်တော် မလိုလားမှန်း သိသာအောင် ပြုလိုက်တာသက်သက်ပါ။ ကျွန်တော့ရဲ့ စိတ်လှုပ်ရှားနေမှုကိုလည်း အစိုင်အခဲအဖြစ်တည်းမထားချင်လို့ ဖောက်ထုတ်လိုက်တာလို့လည်း ပြောကောင်းပြောလို့ရပါတယ်။ ကျွန်တော့ရင်ထဲက နားကျည်းချက်တွေက တစ်စထက်တစ်စ ပိုလာဖို့ပဲ ရှိလို့ မဖြစ်ခင် ရှောင်လွှဲလိုက်တာက အားလုံးအတွက် ပိုပြီးကောင်းပါလိမ့်မယ်။


သိပ်ချစ်တယ်


ကျွန်မ ချစ်သူ ဘယ်သူဆိုတာကို ကမ္ဘာသိအောင် ကြေငြာပြဖို့ ကျွန်မ ဘယ်တုန်းကမှ မရှက်မကြောက်ခဲ့ဘူးသလို၊ သိပ်ချစ်ရတဲ့ ချစ်သူရှေ့မှောက် ဒူးထောက်ခစားရမယ်ဆိုရင်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

ကျွန်မ ချစ်သူဟာ ကျွန်မဘဝရဲ့ အချစ်ရဆုံးသော ချစ်သူတစ်ယောက်သာမက ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

**************************************************************************

နိုဝင်ဘာလ (၁၅) ရက်နေ့ရဲ့ လားရှိုးမြို့ မနက်ခင်း နှင်းငွေ့ငွေ့ကြားမှာ ကျွန်မတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်။ မျက်လုံးကျယ်ကျယ်ထဲက မျက်ဆံညိုညိုနဲ့ ကျွန်မချစ်သူက စကားပြောရင်လည်း တိုးညင်း ငြင်သာပြီး ယဉ်ကျေးချိုသာတယ်။ ကျွန်မတို့ ပထမဆုံးစတွေ့တဲ့နေ့မှာပဲ သူက ကျွန်မကို စကိတ်စီးမလားလို့ မေးတယ်။

Friday, May 29, 2015

ရပ်တန့်လို့မရနိုင်


ကော်ဖီတစ်ခွက် စက်စက်အေးသွားလည်း...
ခါးသက်သက်ကြိုက်တဲ့သူအတွက်
အမြဲတစေ နှစ်သက်စရာပဲ။
သံယောဇဉ်တစ်သက် တစ်ချက်တစ်ချက်အေးသွားလည်း....
ချစ်မက်မက်ခံစားတတ်သူအတွက်
အမြဲတစေ နွေးထွေးနေမှာပဲပေါ့။
သီချင်းလေးထဲကလို...
ဒီအလွမ်းတွေ အချစ်တွေ ကုန်ဆုံးရပ်တန့်မသွားဘူးကွယ်။

- သီဟလုလင် -
၁၈ မေ ၂၀၁၅

Sunday, March 09, 2014

လမ်းခွဲဖြစ်ဖို့ အကြောင်းများ


ချစ်သူတွေ မထင်မှတ်ဘဲ လမ်းခွဲဖြစ်သွားကြတာတွေ များပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် တကယ်ကို ဘာမဟုတ်တဲ့ ကိစ္စရပ်လေးတွေပါ။ အသေးအဖွဲလေးတွေကို ဂရုမပြုမိလို့ ခုတော့ လမ်းခွဲဖို့အထိ ဖြစ်သွားရပြီ။ ဒါဆို ဒီလို အဖြစ်အပျက်လေးတွေကို ရှောင်လွှဲနိုင်ခဲ့ရင် ချစ်သူတွေကနေ မုန်းသူတွေ ဖြစ်သွားစရာ မရှိတော့ဘူးပေါ့။

ဘာတွေကို ရှောင်လွှဲနိုင်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁) ချစ်သူဟောင်းတွေနဲ့ အဆက်အဆံ ကင်းကင်း ရှိပါစေ။
ချစ်သူရည်းစားဟောင်းအချို့က လက်ရှိတွဲဖက်နေတာ မဟုတ်ပေမယ့် သူငယ်ချင်းအနေအထားမျိုး ရှိနေတတ်ပါတယ်။ ခုလို ပွင့်လင်းလွတ်လပ်တဲ့ခေတ်၊ အမြင်ကျယ်တဲ့ခေတ်မှာ ဒီကိစ္စမျိုးက အလိုလို နားလည်လက်ခံရမှာမျိုး ဖြစ်ပေမယ့်လည်း ချစ်သူဆိုတာက ရင်ထဲမှာ ဝန်တိုစိတ်လေး ရှိကို ရှိနေတုန်းပဲ။ ဒါကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်ဖို့ မလွယ်ကူပါဘူး။ အရမ်းနားလည်ပါတယ်ဆိုတောင် သူ့စိတ်ထဲမှာ ထိတ်ခနဲ ကျင်ခနဲ ဖြစ်သွားတတ်ပါသေးတယ်။ ဒါကို နားလည်ပြီး တတ်နိုင်သမျှ ကိုယ့်ရဲ့ ချစ်သူဟောင်း (သို့မဟုတ်) ရည်းစားဟောင်းနဲ့ အဆက်အဆံ ကင်းကင်း ဖြစ်သင့်ပါတယ်။ Facebook တို့ Gtalk တို့လိုမျိုးမှာတောင် စကားအပြောအဆို နည်းနိုင်ရင် အကောင်းဆုံးပါပဲ။ လက်ရှိချစ်သူအကြောင်း ပြောပြနေတာမျိုး၊ အရင်က ချစ်သူကို ခုလက်ရှိချစ်သူနဲ့ နှိုင်းယှဉ်ပြနေတာမျိုးလည်း ရှောင်သင့်တာပေါ့။ တစ်ဖက်သားရဲ့ ယုံကြည်မှုကို နည်းပါးသွားစေတယ်လေ။

(၂) ချစ်သူကို အပြစ်တင်ခြင်း ကင်းပါစေ။
တစ်ခါတလေ ကိုယ်က ချစ်သူချင်းမို့ ပက်ပက်စက်စက်တွေ ပြောမိသွားတတ်တယ်။ အသေးအဖွဲ အပြစ်တင်စကားလေးကအစ များလာရင် လူကို နာကြည်းစိတ်ဝင်သွားစေတတ်တယ်။ ဒါလေးတွေ ရှောင်နိုင်ရင် ကောင်းတာပေါ့။ ချစ်သူဆိုတာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အရင်းနှီးဆုံး တစိမ်းပါ။ ကိုယ်တောင် သူများက ကိုယ်လုပ်သမျှ အပြစ်ချည်းပြောနေရင် ဘယ်လိုခံစားရမလဲ။ သူလည်း ဒီလိုပဲပေါ့။ ချစ်တဲ့စိတ်ကြောင့် အတိုင်းအတာတစ်ခုထိ သည်းခံနိုင်ပေမယ့်လည်း ပုထုဇဉ်ဆိုတော့ အရမ်းအကြာကြီးတော့ ဟုတ်မယ်မထင်။

(၃) ချစ်သူအတွက် အချိန်လေးတွေ ချန်ထားနိုင်ပါစေ။
အချိန်မပေးနိုင်ဘူးဆိုရင် အချစ်ဆိုတာ အေးခဲသွားလိမ့်မယ်။ သွေးအေးသွားရင် ပြန်နွှေးရတာဟာ အရင် ချစ်သူမဖြစ်ခင်က ကြိုးစားရတဲ့ အခြေအနေထက် ပိုပြီး ရှုပ်ထွေးပါတယ်။ ခေတ်က အလုပ်မှာ နွံနစ်ရမယ့် သဘော ရှိကိုရှိနေတော့ အလုပ်အတွက် အချိန်တွေ အများကြီး ပေးနေရတဲ့တိုင် ရတဲ့အချိန်လေးအတွင်းမှာ ချစ်သူကို ကြင်နာစွာ ဂရုပြုခြင်းကလည်း ချစ်သူသက်တမ်းကို ပိုရှည်လို့ အချစ်တိုးစေတာပေါ့။ သူငယ်ချင်းတွေကို အချိန်ပေးတတ်သလို၊ ချစ်သူကိုလည်း အချိန်ပိုဖို့ လိုသေးတယ်ဆိုတာ မမေ့ပါနဲ့။

(၄) အလိုက်သိတတ်ပါစေ။
ချစ်သူအလိုက်သိတတ်တာ အရမ်းကောင်းပါတယ်။ အလိုက်သိတတ်တာ ဘယ်နေရာမဆို ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အလုပ်မှာ၊ ကျောင်းမှာ၊ အချစ်ရေး အိမ်ထောင်ရေးမှာ အလိုက်သိတတ်တာကြောင့် ပိုပြီး ကောင်းမွန်သွားစေပါတယ်။ ချစ်သူချင်း မုန့်ထွက်စားလို့ ဒီတစ်ခါကိုယ်ရှင်း၊ နောက်တစ်ခါမင်းရှင်း ဆိုတာမျိုး စဉ်းစားမနေပါနဲ့။ ပွင့်ပွင့်လင်းလင်းလည်း ရှိပါစေပေါ့။ ကိုယ်မှာ ရှင်းဖို့ ငွေ မလုံလောက်ရင်တောင် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာကလည်း ကောင်းပါတယ်။

(၅) အထိမ်းအမှတ်နေ့လေးတွေလည်း သတိရတတ်ပါစေ။
စတွေ့တဲ့နေ့၊ ချစ်သူဖြစ်တဲ့နေ့၊ သူ့မွေးနေ့ စသဖြင့် အထိမ်းအမှတ်နေ့လေးတွေကို မှတ်ထားတတ်ရင်လည်း အချစ်တိုးစေပြန်တယ်။ မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ မမှတ်မိတတ်ရင်လည်း ကိုယ့်ဖုန်းထဲ၊ ကွန်ပြူတာထဲက ပြက္ခဒိန်ထဲမှာ မှတ်သားထားပြီး Alert လုပ်ခိုင်းထားလို့ရနေပြီပဲ။ ဒါလေးတွေက ချစ်ခြင်းကို မြဲမြံခိုင်ခံ့စေတဲ့အကြောင်းတွေမို့ လွယ်ပေမယ့် မလုပ်ဖြစ်တာမျိုး မဖြစ်သင့်ဘူးလေ။

ကဲ... ဒီအချက်တွေကိုသာ လိုက်နာလုပ်ဆောင်နိုင်ရင် မထင်မှတ်တဲ့ အသေးအဖွဲလေးတွေကြောင့် လမ်းခွဲရတဲ့အထိ ဖြစ်သွားစရာမရှိတော့ဘူးပေါ့။ အတိုင်းအတာ တစ်ခုအထိ ချစ်သူတွေကို အကူအညီ ပေးနိုင်မယ့် အချက်တွေဖြစ်ပါတယ်။ ချစ်သူတိုင်း ချစ်သက်တမ်းရှည်ရှည် ချစ်နိုင်ကြပါစေ။


သီဟလုလင်
၉ မတ်လ ၂၀၁၄