Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, December 07, 2011

သက်တမ်းစေ့မှ လက်ပြနှုတ်ဆက်လှည့်ပါ


(စကားချီး - ကျွန်တော့ဘဝမှာ မှတ်မှတ်ယယ ပထမဆုံးရေးသားဖူးတဲ့ ကျန်းမာရေးဆာင်းပါး ဖြစ်ပါတယ်။ ကျွန်တော် ကျွမ်းဝင်မှုမရှိတဲ့ ဒီကဏ္ဍကို တတ်အားသမျှလေ့လာမေးမြန်းဆည်းဖူးပြီး တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးလေးကို စာထက်အက္ခရာတင်ပေးလိုက်တာက "HEALTH CARE" ဂျာနယ်ပါ။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ် အတွဲ (၂)၊ အမှတ် (၄၆) မှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း ကျန်းမာရေးဆောင်းပါးတွေ အလျဉ်းသင့်သလို ရေးသွားဦးမှာပါ။)

ယနေ့ကမ္ဘာမှာနေ့စဉ်နှင့်အမျှ လူဦးရေ တိုးပွားများပြားလာလိုက်တာ ခုဆိုရင် သန်းပေါင်း ၇ ထောင်ကျော်တောင် ရှိလာပြီး၊ တစ်ဘက်မှာလည်း လက်ပြနှုတ်ဆက်လို့ ထွက်ခွာနေကြသူတွေလည်း အမြောက်အများ ရှိနေဆဲပါ။ တစ်ချိန်တော့ အားလုံးစွန့်လို့ ထွက်ခွာကြရမှာ မှန်ပေမယ့်၊စောစောနှုတ်ဆက်ရတာနဲ့နောက်ကျနှုတ်ဆက်ရတာပဲ ကွာနိုင်ပါတယ်။ စာရေးသူတို့ မြန်မာလူမျိုးတွေကတော့ အဆိုပါ အချင်းအရာတွေကို ကံကြောင့်လို့ သက်မှတ်ယုံကြည်ကြပြီး ကံကုန်လို့ ခွဲခွာရတယ်လို့ ဆိုတတ်ကြပါတယ်။ တကယ်ကတော့ ခုလို လူ့လောက ကနေ အချိန်မတိုင်ခင် ထွက်ခွာသွားကြရတယ်ဆိုတာမှာ ကိုယ့်ဘက်က ဆင်ခြင်နေထိုင်မှုအားနည်းတာကြောင့်လည်း အများကြီးပါတာမို့ ကံကိုချည်း အပြစ်ဖွဲ့ဖို့ မဖြစ်နိုင်ပါဘူး။ လူတွေကြောင့်ပဲဖြစ်လာရတဲ့ရောဂါအဆန်းအပြားမျိုးစုံကလည်း ဟိုက ဒီက ကြားနေရကြရပြီပဲ။ အဆိုးရွားဆုံးရောဂါအဖြစ် လူတွေ သိမှတ်ထားကြတာကတော့ ကင်ဆာရောဂါအမျိုးမျိုးတွေပဲဖြစ်ပါတယ်။ စာရေးသူတို့မြန်မာပြည်သူတွေ ထိတ်လန့်တုန်လှုပ်ကြတဲ့အထဲမှာလည်း ကင်ဆာရောဂါတွေက ထိပ်ဆုံးက ပါဝင်နေပါတယ်တဲ့။

စာရေးသူကတော့ ကင်ဆာရောဂါအကြောင်း စာဖတ်သူတွေကို လက်ဆင့်ကမ်းလိုတာကြောင့် မကြာသေးခင်ကအောက်မြန်မာပြည်ဆေးသုတေသနဦးစီးဌာနမှာ လက်ရှိခေတ္တညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာကြီးဒေါက်တာ ဦးမျိုးခင်ကို ဆက်သွယ်လို့ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ဗဟုသုတတွေမေးမြန်း မှတ်သားမိခဲ့ပါတယ်။ ဆရာကြီးကလည်းတော်တော်လေး စိတ်ရှည်စွာနဲ့ သိလိုသမျှတွေကိုဖြေကြားပေးခဲ့တာမို့ စာရေးသူလည်း ဝမ်းသာ ကျေးဇူးတင်မိသလို ကိုယ့်ဘက်ကလည်း စဉ်းစားဆင်ခြင်စရာတွေ၊ ကြိုတင်ကာကွယ်နည်းတွေ သိရှိခဲ့ရပါတယ်။ 
ကင်ဆာရဲ့ သဘောသဘာဝက ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုပြီး ဆဲလ်ပွားနှုန်းများလာလို့ဖြစ်လာတာပါ။ စာရေးသူတို့ လူတွေဟာ ဆဲလ်တွေ ပွားလာလို့လည်း ငယ်ရာကနေ ကြီးလာကြတယ်။ ကင်ဆာရဲ့ သဘောကတော့ ဆဲလ်ပွားနှုန်းတွေ လိုတာထက် ပိုများပြီး ပိုမြန်နေတတ်တာပါပဲ။ ဒီနေရာမှာ ဆဲလ်ပွားနှုန်းတိုးပွားလျင်မြန်လာခြင်းဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင်က အကြောင်းတရားတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ မျိုးဗီဇကြောင့်ဖြစ်တဲ့ ဆဲလ်ပွားနှုန်းများခြင်းမြန်ခြင်း တစ်နည်းဆိုရရင် မျိုးရိုးလိုက်တဲ့ ကင်ဆာဆိုတာမျိုးက ခု မိန်းကလေးတွေမှာ အဖြစ်များနေတဲ့ သားအိမ်ခေါင်းကင်ဆာ၊ သားမြတ်ကင်ဆာတို့လိုမျိုးပါ။ အဘွား (သို့မဟုတ်) မိခင်မှာ ဒီလိုကင်ဆာမျိုးဖြစ်ပွားခဲ့ဖူးရင် သမီးဆီမှာလည်းဖြစ်ပွားနိုင်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ဖြစ်တတ်တဲ့ ကင်ဆာတွေလည်း ရှိပါသေးတယ်။ အဓိက ကတော့ အစားအသောက်နဲ့ စားသောက်တဲ့ ပုံစံကြောင့်ဖြစ်တာပေါ့။ဆေးလိပ်၊ အရက်၊ ကွမ်းစားဆေးနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ စားသုံးဖို့ မသင့်နဲ့ ပစ္စည်းတွေကို အစားအသောက်မှာ သုံးခြင်းတွေကနေ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို ဆင်ခြင်သတိပြုပြီး ရှောင်ရှားဖို့ လိုအပ်တာ အမှန်ပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိဆေးရုံမှတ်တမ်းစာရင်းအရ အမျိုးသမီးတွေမှာ ကင်ဆာရောဂါ ပိုမိုဖြစ်ပွားပြီး အရေအတွက်အားဖြင့် အမျိုးသားတွေထက် တစ်ဆခွဲခန့် ပိုမိုဖြစ်ပွားတယ်လို့ သိရပါတယ်။ ဒါက အတိအကျလို့တော့ မဆိုနိုင်သေးပါဘူး။ ဆရာကြီး ဒေါက်တာ ဦးမျိုးခင်က “ကင်ဆာရောဂါမှတ်တမ်းက ရန်ကုန်ဆေးရုံကြီးမှာထားတယ်။ အဲဒီမှတ်တမ်းဆိုတာကလည်း သူ့ဆီလာပြီး ပြတဲ့သူတွေရဲ့ မှတ်တမ်းပေါ့။ တချို့ကျတော့လည်း လာမပြဘူး။ သူ့ဟာသူ နယ်မှာပြတယ်။ ရိုးရိုးဆရာဝန်နဲ့ ကုချင်ကုမယ်။ ဒါမှမဟုတ်လည်း ရပ်ကွက်ထဲက ကင်ဆာကုရင် ပျောက်တယ်ဆိုတဲ့ ဆရာတွေနဲ့ ကုချင်လည်း ကုမယ်။ အဲဒီလို မှတ်တမ်းမဝင်တဲ့လူတွေကျတော့လည်း ကင်ဆာမှတ်တမ်းက မရှိဘူးဖြစ်နေတာပေါ့။” လို့ ရှင်းပြပါတယ်။ ဒီမှာကလည်း ကင်ဆာကို အသိနောက်ကျပြီးမှ တတ်ကျွမ်းသူတွေဆီ ရောက်လေတော့ မဖြစ်သင့်တာတွေဖြစ်ကုန်တာမျိုးလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၉၇၀ ခုနှစ်ကျော်လောက်ကနေ ၂၀၀၀ပြည့်နှစ်လောက်အထိ နှစ်သုံးဆယ်အတွင်း စုစည်းထားတဲ့ စာရင်းအရတော့မြန်မာနိုင်ငံမှာ လက်ရှိထိပ်ဆုံး ဖြစ်နေတဲ့ ကင်ဆာက အဆုတ်ကင်ဆာပါ။ မြန်မာအမျိုးသားတွေမှာဆို အဖြစ်အများဆုံးလို့ သိရပြီး အမျိုးသမီးတွေမှာတော့ သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ဒီယူဆချက်ဟာဆေးရုံမှတ်တမ်းပေါ်မှာပဲ အခြေခံထားတာဖြစ်လို့ အနည်းငယ် ကွဲပြားမှုတော့ ရှိနိုင်ပါတယ်။ အကြောင်းက အထက်မှာ ဆရာကြီး ရှင်းပြသလို စာရေးသူတို့ နိုင်ငံမှာ ကင်ဆာဗဟုသုတနဲ့ ပတ်သက်လို့ရော၊ အထွေထွေရောဂါတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေပါ လိုအပ်ချက်ရှိနေသေးလို့ဖြစ်နိုင်ပါတယ်။ အပြင်မှာပဲ ကြုံရာကျပန်းကုသတာမျိုး၊ မကုသဘဲ အသက်ဆုံးရှုံးသွားတာမျိုးတွေကြောင့်လည်း စစ်တမ်းမှာ လိုအပ်မှုလေးတွေ ရှိနေနိုင်တယ်လို့ ဆရာကြီးကပဲ ရှင်းပြခဲ့ပါတယ်။

ဒုတိယအဖြစ်အများဆုံးလို့ ယူဆတာကတော့ အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကင်ဆာတွေပါ။ အစာအိမ်အူလမ်းကြောင်းဆိုတော့ အသည်းလည်း ပါဝင်ပါတယ်။ ကင်ဆာရောဂါတွေကလည်း အသစ်အဆန်းတွေ ဖြစ်လာကြပြီး ယခင် အမျိုးသားတွေမှာ ဖြစ်လေ့မရှိဘူးလို့ ယူဆခဲ့ကြတဲ့ သားမြတ် (ရင်သား) ကင်ဆာဆိုတာလည်းဖြစ်လာကြသလို ခံတွင်းကင်ဆာရောဂါလိုမျိုး အရင်က မရှိသေးတာတွေဖြစ်လာတာတွေ့ရပါတယ်။ အသက်အပိုင်းအခြား အနေနဲ့တော့ အမျိုးသားတွေမှာ အသက် (၅၀) အထက်နဲ့ (၇၅) နှစ်ကြားမှာ ကင်ဆာဖြစ်တတ်ပြီး အမျိုးသမီးတွေမှာတော့ (၆၀) ကျော်လောက်မှာဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ အရွယ်ငယ်ငယ်လေးတွေနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားလာနိုင်ပြီလို့လည်း ဆရာကြီးက ရှင်းပြခဲ့ပါသေးတယ်။

မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါတွေထက် ကိုယ့်ရဲ့အစားအသောက် အပြုအမူကြောင့်ဖြစ်ရတဲ့ ကင်ဆာရောဂါတွေကတော့ စိတ်ဝင်စားစရာပါပဲ။ မကြာသေးခင်က စာရေးသူတို့နိုင်ငံမှာ ငါးပိ၊ လက်ဖက်တို့မှာပါတဲ့ ဆိုးဆေးတွေကိစ္စကို ရှင်းလင်းနိုင်ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ တကယ်လည်း ဒီဆိုးဆေးတွေဟာ စက်ရုံတွေမှာသုံးတဲ့ စားသုံးဖို့ လုံးဝမသင့်တဲ့ ဆိုးဆေးတွေမို့ကင်ဆာဖြစ်ပွားစေနိုင်တယ်။ အစားအသောက်မှာ သုံးတဲ့ဆိုးဆေးဆိုတာက သက်သက်ရှိပြီးသားပါ။ ဈေးနှုန်းကွာဟချက်များလို့ စားဖို့ မသင့်တဲ့ ဆိုးဆေးတွေကို လောဘနဲ့ အသုံးပြုခဲ့ကြလို့ စားသုံးသူတွေမှာ ကင်ဆာအန္တရာယ် ကြုံတွေ့ကြရပါတယ်။ နောက် အစားအသောက်တွေကို တာရှည်ခံ မပုပ်သိုးအောင်ပြုလုပ်ထားတဲ့ နိုက်ထရိုဆမင်းတွေကလည်း ကင်ဆာအတွက် ကြောက်စရာ ကောင်းပါတယ်။ ငါးခြောက်အပါအဝင် အချို့သော တာရှည်ခံ အစားအစာတွေမှာ ဒီဓါတုပစ္စည်းကို သုံးကြပါတယ်။ သုံးတဲ့ အချိုးအစားပေါ်မူတည်လို့ ရောဂါဖြစ်ပွားနိုင်ချေ များသွားနိုင်ပါတယ်။ အစားအသောက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေကတော့ အစာအိမ်ကင်ဆာ၊ လည်မြိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ အသည်းကင်ဆာတွေပါ။ ရှောင်သင့်တဲ့ အထဲမှာ ဆေးလိပ်၊ ကွမ်းနဲ့ အရက်တွေကလည်း ထိပ်ဆုံးက ပါပါတယ်။ အရင်က ကွမ်းစားကြတာမှာ ခုလက်ရှိ ကွမ်းယာဆိုင်တွေမှာ ထည့်သွင်းစားသုံးနိုင်တဲ့ ကွမ်းနဲ့တွဲစားတဲ့ အခြား ဘာဆေးဝါးမှ မရှိခဲ့ပါဘူး။ ကျန်းမာရေးအတွက်ထောက်ခံချက်မရှိဘဲ မှတ်ပုံတင်ပြီး တင်သွင်းလာတာမဟုတ်တဲ့ ဒီ ကွမ်းစားဆေးမျိုးစုံကနေ ကင်ဆာရောဂါအမျိုးမျိုးတွေ ဖြစ်ပွားလာကြတာပါ။

ဒီကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ခြင်းနဲ့ အနိုင်ယူထားတာကတော့ ကုန်ကျစားရိတ်အနည်းဆုံးနဲ့ အသက်အာမခံချက် အပေးဆုံး လုပ်ရပ်ပါလို့ ဆိုပါရစေ။ ခုခေတ်မှာ ကာကွယ်ဆေးထိုးထားတာမျိုးကို ခေတ်မီသူတိုင်း လုပ်ဆောင်နေကြပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အိမ်ထောင်မပြုခင် ကြိုတင် ထိုးနှံထားတာမျိုး လုပ်သင့်ပါတယ်။ အချို့တိုင်းပြည်တွေမှာတော့ အမျိုးသမီးတွေ အရွယ်ငယ်ငယ် (၁၃) နှစ် (၁၄) နှစ်ကတည်းက စတင်ထိုးထားပြီး ကာကွယ်ထားနေပါပြီ။ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာ စတဲ့ အစာအိမ်ပိုင်းဆိုင်ရာ ကင်ဆာတွေကို ကာကွယ်လိုရင်တော့ ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင်၊ အပြုအမူတွေကို ပြင်ဆင်ပါမှ ရပါမယ်။ ဆေးလိပ်၊ အရက်နဲ့ ကွမ်းကို ရှောင်ဖို့ လိုအပ်သလို၊ အထူးသဖြင့် ကွမ်းစားဆေးတွေကို နိုင်ငံခြားက တရားမဝင် ဝင်ရောက်လာကြတဲ့ ဆေးအမျိုးမျိုးကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။ အဲဒီဆေးတွေဟာ နိုင်ငံတကာမှာ ခွင့်ပြုချင်မှ ပြုမှာ ဖြစ်ပေမယ့် စာရေးသူတို့ဆီမှာတော့ အားပါးတရ ထည့်သွင်းစားသုံးနေကြတာမို့လို့ပါ။ ဆေးလိပ်နဲ့ ပတ်သက်လို့ အတုယူဖို့ ကောင်းတာကတော့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေပါပဲ။ သူတို့တွေဟာ ဆေးလိပ်သောက်တာ တော်တော်ကြီး လျော့နည်းသွားပြီလို့ ဒေါက်တာဦးမျိုးခင် ရှင်းပြတဲ့အထဲမှာ မှတ်သားလိုက်ရပါတယ်။ “ဆရာတို့ဆီမှာလည်း အတုယူဖို့ ကောင်းတာပေါ့။ ဆေးလိပ်မသောက်ကြတော့ရင် အဆုတ်ကင်ဆာက အများကြီး လျော့သွားမှာ။ ကာကွယ်တဲ့နည်းကို ကျင့်သုံးတာကတော့ အဓိကပဲ။ ဒီကျန်းမာရေးအချက်အလက်နဲ့ လူတွေလက်ခံဖို့က တစ်ယောက်နဲ့တစ်ယောက် မတူကြသေးဘူးပေါ့နော်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း မတူကြသေးဘူး။ ဆရာတို့ပဲ ကျန်းမာရေးပညာပေး အားနည်းတာလား။ လူတွေကပဲ လက်ခံတာ အားနည်းတာလား။ လက်မခံချင်တာလား။”

ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း အဝန်းအဝိုင်းတစ်ခုတည်းက လုပ်ဆောင်နေလို့ မရပါဘူး။ စုစည်းမှု အင်အားရှိမှလည်း ပိုပြီး အောင်မြင်နိုင်မှာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း ကင်ဆာ ကာကွယ်ရေးမှာ ဒေသတွင်းအနေနဲ့ အစွမ်းရှိသလောက် ပညာရှင်တွေ ဆောင်ရွက်ခဲ့ကြသလို၊ ခုအခါမှာလည်း အာဆီယံ နိုင်ငံတွေနဲ့ လက်တွဲလို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီလို့လည်း ဒေါက်တာ ဦးမျိုးခင်က ဆက်ပြီး ရှင်းပြခဲ့ပါသေးတယ်။ “ပထမဆုံး ဘယ်တုန်းက စတွေ့လည်းဆိုတော့ ၂၀၁၀ ပေါ့။ ASEAN Minister Meeting အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကနေ စပြီးတော့ ဒီ အာဆီယံ နိုင်ငံထဲမှာ ကင်ဆာနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ ကုန်ကျစားရိတ်၊ အာဆီယံထဲမှာ ကင်ဆာနဲ့ ပတ်သက်လို့ Studies ပေါ့ အလွယ်ပြောရရင်။ အဲဒါမျိုးစဖို့ ရည်ရွယ်ခဲ့တယ်။ ရည်ရွယ်ခဲ့ပေမယ့် ဗြုန်းခနဲ မပါနိုင်ဘူး။ အခု ပါနိုင်တဲ့နိုင်ငံတွေက အာဆီယံနိုင်ငံ ရှစ်နိုင်ငံ ပါတယ်။ မပါတဲ့ နိုင်ငံက ဘရူနိုင်း နိုင်ငံနဲ့ စင်ကာပူနိုင်ငံ နှစ်ခု မပါဘူး။ ဘာလို့လဲဆိုတော့ ဘရူနိုင်း နိုင်ငံကျတော့လည်း လူဦးရေက နည်းနည်းလေးပဲ ရှိတယ်ပေါ့နော်။ ပြီးတော့ စင်ကာပူကျပြန်တော့လည်း သူ့နိုင်ငံကလူအပြင်ကို ကျန်တဲ့သူ့ဆီမှာ လာကုတဲ့ သူတွေကလည်း စာရင်းဇယားက အများကြီး ရှုပ်ထွေးနေတယ်။ သူတို့နိုင်ငံမှာကျတော့ Medical Tourism ကို အားပေးတာကိုး မြန်မာနိုင်ငံကနေတောင် သွားကုကြတယ်။ အဲလိုသွားကုကြတော့ သူတို့လည်း Data တွေမှားမှာ ကြောက်လို့ သူတို့လည်း မပါဘူး။ ကျန်တဲ့ ရှစ်နိုင်ငံကတော့ ပါဖို့ သဘောတူထားတယ်။ သဘောတူထားတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စင်ကာပူမှာ အစည်းအဝေးတစ်ခု စလုပ်ပါတယ်။ ခုကိစ္စပေါ့။ Asean CosT In ONcology အဲဒီ Studies တစ်ခု လုပ်မယ်ဆိုပြီး ပထမဆုံး ကျန်းမာရေးဝန်ကြီးတွေက သဘောတူတယ်။ သဘောတူတော့ ဒီဟာတစ်ခုလုပ်တယ်။ဒီဟာတစ်ခုလုပ်တော့ ဒီကနေပြီးတော့ ဆရာတို့ စုစည်းပြီးတော့ ပါတယ်ပေါ့နော်။ အားလုံး (၁၂) ယောက်ရှိတယ်။ လေ့လာသူ (၁၂) ယောက်၊ ဆရာတစ်ယောက်နဲ့ဆို (၁၃) ယောက်က Plan လုပ်တယ်။ စပြီးတော့ ကျန်းမာရေးဌာနကလည်း ခွင့်ပြုချက်လည်း ရပြီ။ စပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ မှန်းခြေအားဖြင့်တော့ ဒီ ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလမှာ စမယ်။ အဲဒါကတော့ တကယ့်ကင်ဆာဖြစ်ပွားနေတဲ့ လူတွေကို ဆရာတို့က အင်တာဗျူးတွေမေးမယ်။ နောက်သူတို့ ဘာလိုသလဲပေါ့။ ဒီအာဆီယံ တစ်ခုလုံးက လုပ်တာ။ သူတို့က စိတ်ဝင်စားလို့ပေါ့နော်။ တစ်နိုင်ငံကို လူတစ်ထောင်လောက် ဆရာတို့ လေ့လာဖို့ ရည်ရွယ်ထားတယ်။ အဲဒါက နှစ်နှစ်လောက် ကြာမယ်။ နှစ်နှစ်လောက် ကြာပြီးမှ အဖြေထွက်လာမှာပေါ့နော်။"

ဆရာကြီးစကားကြားရတာ အားတက်စရာဖြစ်ပေမယ့် တကယ်တော့ ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ဖို့ဆိုတာ လူတစ်ဦးချင်းတစ်ယောက်ချင်းဆီရဲ့ ကျန်းမာရေး၊ အစားအသောက်နဲ့ အနေအထိုင် ဂရုပြုမှုတွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ နိုင်ငံတော်၊ အဖွဲ့အစည်းတွေနဲ့ ဆရာဝန်တွေကချည်း လုပ်နေလို့ ကိုယ့်မှာ ဒီကင်ဆာရောဂါ မဖြစ်တော့မှာ မဟုတ်လို့ ကင်ဆာရောဂါတွေ ကိုယ်နဲ့ အဝေးဆုံးမှာ ရှိနေနိုင်အောင် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းကို ထိထိရောက်ရောက် အသုံးချပြီး အစဉ်ကျန်းမာ ပျော်ရွှင်လို့ သက်တမ်းစေ့မှ လက်ပြနှုတ်ဆက်လိုက်ကြရအောင်ပါ။ 

သီဟလုလင်   

0 comments: