Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, December 16, 2011

ကျွန်တော်ကြိုက်သော Christmas သီချင်းများ (၂)


ခရစ္စမတ်ဟာ ဘာသာရေးအရ သိမ်မွေ့နက်နဲသလို၊ ပျော်ရွှင်ငြိမ်သက်ခြင်းတွေလည်း ပြင်ဆင်ပေးတယ်လို့ ကျွန်တော် ယူဆပါတယ်။ ပုဂ္ဂလိက ခံစားမှုပါ။ ထပ်တူခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ ခရစ္စမတ်ဟာ နှစ်သစ်ကူးချိန်နဲ့ နီးကပ်နေတာမို့ အပျော်တွေကူးစက်ပြီး တစ်ခါတလေလည်း လေးနက်မှုတွေ ပျောက်ကွယ်နေတတ်ပြန်ပါတယ်။ ဒါပေမယ့် ခရစ္စမတ်ကတော့ နှင်းစက်များကြားမှာ အစဉ်အမြဲ အသက်ဝင်နေဆဲပါ။

ငယ်ငယ်ကတည်းက Santa Claus ကို သဘောကျချစ်ခင်ခဲ့တဲ့ ကျွန်တော်က Christmas သီချင်းလေးတွေမှာ ဆိုလည်း Santa Claus အကြောင်း ဆိုထားတာတွေကို သိပ်သဘောကျခဲ့ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Christmas သီချင်းလေးတွေကို အပိုင်း (၂) အနေနဲ့ ဆက်ပြီး တင်ဆက်ပေးတဲ့အခါ အရင်က ပြောထားသလိုပေါ့ Blog DJ လုပ်ပါရစေဦး။ ဒီတစ်ခါတော့ Christmas နောက်ခံ အချစ်သီချင်းလေးတွေကို အများဆုံး ရွေးပေးချင်ပါတယ်။ ဒီလိုဆိုတော့ ဘာသာ လူမျိုးမရွေး ခံစားနားဆင် ကြည့်ရှုနိုင်မှာပေါ့။


ဒီတစ်ခါ ကျွန်တော့ အကြိုက်ဆုံး ခရစ္စမတ်သီချင်းတွေထဲက You Tube မှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ R & B သီချင်း အမျိုးအစား ခရစ္စမတ်သီချင်းလေးကို စပြီး တင်ပြပေးချင်ပါတယ်။ သီချင်းလေးက Destiny's Child အဖွဲ့ရဲ့ 8 Days of Christmas ပါ။ ခရစ္စမတ် သီချင်းကြီးအနေနဲ့ 12 Days of Christmas ဆိုတာ ကျွန်တော်တို့ ကြားဖူးခဲ့ပါတယ်။ Destiny's Child ကတော့ ခေတ်အသွင်နဲ့ ကိုယ်ပိုင်စာသားလေးတွေ ပြောင်းလဲ သီဆိုခဲ့တာပါ။ ကျွန်တော် အရမ်းကြိုက်လို့ နှစ်တိုင်းလိုလို ရေဒီယိုကနေ ဒီလိုအချိန်တိုင်း တင်ဆက်နေတဲ့ International Hits အစီအစဉ်ကနေ မပြတ်မကွက် ရွေးချယ် တင်ဆက်ခဲ့ပါတယ်။ ခု ကျွန်တော့ Blog ကနေ အရုပ်နဲ့ အသံ တွဲဖက် ခံစားနိုင်ပါပြီဗျာ။


ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်တေးတွေထဲမှာ White Christmas ဆိုတဲ့ သီချင်းလေးလည်း ပါတယ်။ အရမ်းကြိုက်ပါတယ်။ ဒီသီချင်းလေးမှာ သီချင်းအစအဆုံး တစ်ပိုဒ်ပဲ ရှိပါတယ်။ မရိုးနိုင်အောင် နားထောင်ကောင်းပါတယ်။ မထင်မှတ်ဘဲ အဲဒီသီချင်းလေးကို ပိုကြိုက်သွားအောင် လုပ်ပေးလိုက်တာက Lady GaGa ပါ။ GaGa က Thanksgiving ပွဲမှာ ဒီသီချင်းကို သူ့ရဲ့ စာသားအသစ်တွေ ထပ်ဖြည့်လို့ အားပါးတရ လှလှကြီး သီဆိုသွားတာမို့ ကျွန်တော် အရမ်းသဘောကျသွားပါတယ်။ ကျွန်တော့လိုပဲ အားလုံးလည်း ထပ်တူ သဘောကျဖို့ မျှော်လင့်လို့ ကျွန်တော် ဝေမျှလိုက်ပါတယ်။ Lady GaG ရဲ့ White Christmas ပါ။


Christmas သီချင်းလို ပြောလိုက်တာနဲ့ သိပ်သဘောကျခဲ့တဲ့ အချစ် ခရစ္စမတ်သီချင်းတစ်ပုဒ်က Last Christmas ပါ။ လူတိုင်းလိုလို ဒီသီချင်းကို သိကြ၊ ကြိုက်ကြပါတယ်။ အဆိုတော် တော်တော်များများလည်း ပြန်ဆိုလို့ မရိုးနိုင်အောင်ပါဘဲ။ Version အမျိုးမျိုးနဲ့ ပြောင်းလဲ သီဆိုခဲ့ကြပါတယ်။ မူရင်းတေးဂီတအဖွဲ့က Wham! ပါ။ Version အများကြီးထဲက ကျွန်တော် ရွေးချယ်ဝေမျှ ချင်တာက Trance တွေ သီဆိုတတ်တဲ့ Cascada ရဲ့ Version ပါ။ မြူးမြူးလေးကို နှစ်သက်နိုင်ကြမှာပါဗျာ။


ခုချိန်မှာ ခရစ္စမတ်အချစ်သီချင်းတွေ နားထောင်ရတာ ကျွန်တော့စိတ်ထဲ ချစ်သူနဲ့ အတူတူ ခရစ္စမတ်ကို ဖြတ်သန်းချင်စိတ်တွေ ပေါ်လာပါတယ်။ အဲလို ချိန်မှာမှ ခု ဝေမျှချင်တဲ့ သီချင်းလေးကို ကြည့်လိုက်တဲ့အခါ ဘာကို လွမ်းချင်မှန်း မသိ လွမ်းချင်သွားပါတယ်။ သီချင်းလေးက Christmas When You Were Mine တဲ့။ ဆိုထားတာ နာမည်ကျော် Country တေးသံရှင်မလေး Taylor Swift ပါ။ ကဲ ခံစားကြည့်ပါဦး။


ဒီတစ်ခါ သီချင်းလေးကတော့ အရင်ကတည်း ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ သီချင်းဟောင်းလေးကို Justin Bieber က စုံတွဲသီချင်းပုံစံပြောင်းပြီး ဆန်းသစ်လိုက်တာပါ။ JB ကို ကျွန်တော် မကြိုက်ပေမယ့် ဒီသီချင်းလေးကိုတော့ သဘောကျပါတယ်။ အကြောင်းက ကျွန်တော်သိပ်ကြိုက်တဲ့ Mariah Carey နဲ့ စုံတွဲ ဆိုထားလို့ပါပဲ။ All I Want For Christmas Is You တဲ့။ Mariah Carey က ဒီသီချင်းရဲ့ မူလ တေးသံရှင်လည်း ဖြစ်ပါတယ်။ စုံတွဲဆိုလိုက်တော့ သီချင်းက ပိုမြောက်သွားသလိုပဲ။ ကျွန်တော်ပြောနေတာ ပိုတယ်ထင်ဦးမယ်။ ကြည့်ပြီးသာ နားထောင်လိုက်ပါတော့ဗျာ။


ကဲ ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်ကြိုက်တဲ့ ခရစ္စမတ်တေးလေးတွေအကြောင်း အပိတ်လေးအနေနဲ့ နှုတ်ဆက်သီချင်းလေး ဖွင့်ပြချင်ပါတယ်။ အဲဒါက ခရစ္စမတ် သီချင်းတော့ မဟုတ်ပါဘူး။ New Year Eve အကြောင်းကို သီချင်းဖွဲ့ထားတာပါ။ ဆိုထားတာက ကမ္ဘာကျော် ABBA အဖွဲ့ကြီး။ ကျွန်တော် နှစ်တိုင်းလည်း ကျွန်တော့ရဲ့ရေဒီယို အစီအစဉ်တွေမှာ ဖွင့်ပြခဲ့တယ်။ ဒီသီချင်းလေးကို မှတ်မှတ်ယယ ဒီ Post လေးမှာလည်း ထပ်ထည့်လိုက်ပါတယ်ဗျာ။ 


မကြာခင်ရောက်လာတော့မယ့် ၂၀၁၂ နှစ်သစ်မှာ အားလုံး ရွှင်လန်းဝမ်းမြောက်နိုင်ပါစေ။ ကိုယ်ချစ်ရသူနဲ့ လက်တွဲနိုင်ကြပါစေ။
HAPPY NEW YEAR 2012!!!!

သီဟလုလင်

0 comments: