Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, April 05, 2016

ကော့သောင်းနဲ့ သူဌေးကျွန်းကို အလည်သွားမယ်



ကျွန်တော်က ခရီးသွားရင် Tour Agent တွေက သွားရင် စိတ်ညစ်တတ်တယ်။ အဓိကက သူတို့ရဲ့ အချိန်ဇယားတိုင်း သွားရတာကို မကြိုက်လို့။ တစ်ဘက်က ကြည့်ပြန်တော့လည်း Tour Agent တွေ ဆွဲသားပေးတဲ့ အစီအစဉ်တွေက ကိုယ့်အတွက် အချိန်မလင့်စေဘဲ၊ ဒေသတစ်ခုရဲ့ မသွားမဖြစ် ရောက်သင့်တဲ့နေရာအားလုံးကို စုံစုံလင်လင် ရောက်ရှိသွားစေတယ်။ သိသင့်သိထိုက်တဲ့ ဒေသန္တရဗဟုသုတလည်း ကိုယ်ရလိုက်တယ်ပေါ့။ ဒါကလည်း သူတို့စီစဉ်ပေးတာ ကောင်းဦးမှပါ။ အဆင်မချောတဲ့ Tour Agency တွေနဲ့လည်း သွားဖြစ်ခဲ့ဖူးပါတယ်။

ဒီတစ်ခါ အားလပ်ရက်နည်းနည်းလေး ရတာနဲ့ သွားချင်စိတ် တစ်ခါမှ မဖြစ်ဖူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်းဆုံး ကော့သောင်းမြို့နဲ့ သူဌေးကျွန်းဘက်ကို ထွက်လာဖြစ်ခဲ့တယ်။ ခရီးသွားဖို့ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ နေရာတစ်ခုမှန်း သိလိုက်ရလို့လည်း သွားဖို့ စိတ်ဖြစ်ပေါ်လာတာပါ။ ကိုယ်မရောက်ဖူးတဲ့ ဒေသမို့ Tour Agency တွေကို အားကိုးရပြန်တယ်။ Tour Diamond ရဲ့ အစီအစဉ်နဲ့ မတ်လ (၃၁) ရက်နေ့ မနက်မှာ ခရီးစတယ်။ မနက် ၉ နာရီခွဲ ရန်ကုန် - ထားဝယ် - ကော့သောင်း MNA လေယာဉ်နဲ့ ဆိုပေမယ့် ထုံးစံအတိုင်း ဒီဘက်ခရီးစဉ်နောက်ကျပါတယ်။ ၁၀ နာရီခွဲမှ ထွက်နိုင်ပါတယ်။ ရန်ကုန်ကနေ ထားဝယ်ကို မိနစ် (၄၀) ပျံပြီး၊ ထားဝယ်ကနေ ကော့သောင်းကို (၄၅) မိနစ် ကြာပျံပါတယ်။ ထားဝယ်မှာ ခဏနားချိန် ၁၅ မိနစ်လောက်ကို ထည့်တွက်ရင် တစ်နာရီနဲ့ မိနစ် (၄၀) ကြာတဲ့ ခရီးပါ။


ကော့သောင်းကို ရောက်ခါနီးလေး ရင်ခုန်ရလေပါပဲ။ လေယာဉ်ဆင်းခါနီးချိန် ဝေဟင်ကနေ မြင်ရတဲ့ ကျွန်းတွေရဲ့ အလှက တကယ်ကို ပျော်ရွှင်ရင်ခုန်စေပါတယ်။ “ငါ ဒီနေရာတွေကို သွားလည်ရမှာပါလား” ဆိုတဲ့အတွေးလေးက ကြည်နူးစေတယ်။ သတိထားမိတာက ရေလယ်က ကျွန်းတစ်ခုကို ဆက်သွယ်ထားတဲ့ တံတားရှည်ကြီးတစ်ခုပဲ။ အဲဒီချိန်ကတော့ တံတားက ရှည်လိုက်တာ ဆိုတာကလွဲရင် ဘာတံတားမှန်း သေချာမသိခဲ့ဘူး။

လေယာဉ်ဆင်းခါနီးချိန် ဝေဟင်ကနေ မြင်ရတဲ့ ကျွန်းတွေရဲ့ အလှက တကယ်ကို ပျော်ရွှင်ရင်ခုန်စေပါတယ်။

ကော့သောင်းလေဆိပ်

ကော့သောင်းလေဆိပ်ကို ရောက်တော့ နေ့လည် ၁၂ နာရီလောက်ရှိပြီ။ ကိုယ့်အထုတ်ယူဖို့ စောင့်ရတာ ကြာသလို၊ အထုတ်ရွေးရတဲ့ စနစ်ကလည်း အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ Tour က ချိတ်ဆက်ပေးတဲ့ Local Guide ကိုလွှမ်းမိုးတို့ အဖွဲ့က လာကြိုပေးပါတယ်။ ဖောရွေပြီး သေသေချာချာလည်း ရှင်းပြပေးကြပါတယ်။ နေ့လည်ခင်းစာအတွက် စပြီး စီစဉ်ပေးတာမို့ စားသောက်ဖို့အတွက် လေဆိပ်နဲ့ သိပ်မဝေးလှသလို၊ ကော့သောင်းမြို့ထဲလည်း မရောက်သေးတဲ့ Port Garden ဆိုတဲ့ ဆိုင်လေးမှာ ကျွေးပါတယ်။ အဲဒီဆိုင်ရဲ့ လက်ရာကတော့ ပြောပြလောက်အောင် မရှိပေမယ့် ဆိုင်နေရာက ပင်လယ်နဲ့ နာမည်ကြီး ကျွန်းတွေကိုလှမ်းမြင်နိုင်တယ်။ အဲဒီတစ်ချက်က ဒီဆိုင်မှာ နေ့လည်စာ စားရတာကို အဓိပ္ပါယ်ရှိစေတယ်။ လက်ရာလေး ဒီ့ထက်ပိုကောင်းရင် တော်တော်လေး အဆင်ပြေမှာပါ။ ဆိုင်ရောက်တာနဲ့ ဆီးကြိုနေတာက ထိုင်းသီချင်းတွေပါပဲ။ ဒီဘက်မှာက ထိုင်းနဲ့နီးတော့ ထိုင်းသီချင်းတွေ ကြိုက်ကြသလို၊ ထိုင်းဘတ်ငွေ ကို အသုံးများကြပါတယ်။ မြန်မာငွေကို ကော့သောင်းဘက်မှာ အဆင်ပြေပေမယ့် သူဌေးကျွန်းလိုနေရာမျိုးမှာတော့ ထိုင်းဘတ်ကို သုံးကြပါတယ်။ မြန်မာကျပ်ကို ထိုင်းဘတ်နဲ့ လဲရတာ လွယ်ပေမယ့် ဒေါ်လာကို ထိုင်းဘတ်နဲ့လဲရင်တော့ နာတယ်၊ နည်းတယ်လို့ အကြံပေးကြတယ်။ ဒီမှာ ဒေါ်လာကို သိပ်မကြိုက်ကြဘူးဆိုပဲ။

နေ့လည်ခင်းစာအတွက် Port Garden ဆိုတဲ့ ဆိုင်လေးမှာ ကျွေးပါတယ်။

နေ့လည်စာ စားပြီးချိန်မှာတော့ မလိဝမ်းရွာဘက်ကို စပြီး ခရီးနှင်ပါတယ်။ မလိဝမ်းရွာဘက်မှာ သျှမ်းလူမျိုးတွေ နေထိုင်တာများကြပါတယ်။ ဒီဘက်ကိုတော့ Regional Guide လည်းဖြစ်၊ Tour ကားမောင်းနှင်သူလည်းဖြစ်တဲ့ ကိုရဲ က လိုက်လံပြသပေးတာပါ။ ကော့သောင်းကနေ မိုင် ၃၀ အကွာမှာ ရှိတဲ့ မလိဝမ်း ရေပူစမ်းကို အရင်ဆုံး ပို့ပေးပါတယ်။ ဒီရေပူစမ်းနေရာလေးကို အပန်းဖြေချင်စရာနေရာလေးဖြစ်အောင် အတော်လေးလှလှပပ တည်ဆောက်ထားတာတွေ့ရပါတယ်။ စိတ်ချမ်းသာရပါတယ်။ ဝင်ကြေးက လူကြီး ၇၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်ပါ။ နိုင်ငံခြားသားဆိုရင်တော့ ဘတ် ၅၀ ဒါမှမဟုတ် ၁၈၀၀ ကျပ် ပေးရပါမယ်။ မလိဝမ်းရေတံခွန်ကို ဝင်တာနဲ့ အရင်ဆုံး မလိဝမ်းအောင်သပြေစားသောက်ဆိုင်ကို တွေ့ရပြီး အများသုံးသန့်စင်ခန်းတစ်ခုကို တွေ့ရပါတယ်။ ထူးခြားတာက အဲဒီသန့်စင်ခန်းကို ဝင်မယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှ ဝင်ရပါတယ်။ တော်သေးတာက အတွင်းဘက်စီးဖို့ ရာဘာဖိနပ် နှစ်ရံတော့ ချထားပေးပါတယ်။ ဒါပေမယ့်လည်း လူများတဲ့ရက်ဆိုရင် ခြေဗလာနဲ့ ဝင်ရမယ့်ပုံပါပဲ။ အများသုံးအိမ်သာကို ဖိနပ်ချွတ်ပြီးဝင်ဖူးတာ ကျွန်တော့ဘဝမှာတော့ ဒါ ပထမဦးဆုံးပါပဲ။

ကော့သောင်းကနေ မိုင် ၃၀ အကွာမှာ ရှိတဲ့ မလိဝမ်း ရေပူစမ်း

မလိဝမ်းရေတံခွန်က မလိဝမ်းအောင်သပြေစားသောက်ဆိုင်

အများသုံးသန့်စင်ခန်းကို ဝင်မယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှ ဝင်ရပါတယ်။

မလိဝမ်းရေပူစမ်းအပန်းခြေစခန်းမှာ အမိုးလှလှလေးနဲ့ ရေပူကန် ၃ ကန် ကို တွေ့ကြရပါတယ်။ အဲဒီကန်တွေရဲ့ ထူးခြားချက်က တစ်ကန်ကို အပူချိန်တစ်မျိုးစီနဲ့ ရေပူတွေ ရှိနေတာပါပဲ။ ၄၅ ဒီဂရီ၊ ၅၀ ဒီဂရီ နဲ့ ၅၅ ဒီဂရီ အသီးသီး ရှိပါတယ်။ ဘာလို့ အပူချိန်ကွဲနေတာလဲ။ ဒီအပူချိန်ဖြစ်နေအောင် ဘယ်လိုညှိယူထားလဲ ဆိုတဲ့ မေးခွန်းကိုတော့ Guide လည်း မဖြေပေးနိုင်ခဲ့ပါဘူး။ ရေချိုးကြသူတွေ မတွေ့ပေမယ့် ခြေစိမ်ဖို့အတွက် အဆင်ပြေလို့ ကျွန်တော်စိမ်ကြည့်တယ်။ အပူချိန် အနည်းဆုံးကနေစလို့ စိမ်ပါတယ်။ ၄၅ နဲ့ ၅၀ ဒီဂရီတွေမှာ ကိစ္စမရှိပေမယ့် ၅၅ ဒီဂရီကတော့ ဘယ်လိုမှ စိမ်လို့ မဖြစ်နိုင်အောင်ကို ပူနေပါတယ်။ ဒါနဲ့ ခြေစွပ်ပြန်ဝတ်လို့ နောက်တစ်နေရာ သွားကြည့်တယ်။ အဲဒီမှာတော့ ရေတွင်းလေးတစ်ခု ဖော်ထားပြီး ဖိနပ်ချွတ်ဝင်ပါလို့ ရေးထားပါတယ်။ စိတ်ဝင်စားလို့ ဝင်ကြည့်တော့ ရေတွင်းပတ်ပတ်လည်ကျောက်ပြားတွေက အတော်လေးပူနေပြီး ရေတွင်းထဲက ရေကလည်း အရမ်းကို ပူပါတယ်။ ရေတွင်းအောက်ခြေနားမှာ ဘဲဥ၊ ကြက်ဥတွေတွေ့လို့ မေးကြည့်တော့ ဒီရေပူတွင်းထဲမှာ ကြက်ဥ ဘဲဥတွေ လာပြုတ်စားကြတယ်လို့ ဆိုပါတယ်။ ဒီနေရာလေးက တကယ်တော့ ကော့သောင်းတစ်ဝိုက်အတွက်တော့ အပန်းဖြေစရာနေရာတစ်ခု ဖြစ်ဖို့ သိပ်မထင်ပါဘူး။ ထိုင်းနိုင်ငံနဲ့ ရာသီဥတု တူညီပြီး အပူချိန်ကဲတဲ့ နွေ နဲ့ မိုးရာသီ နှစ်ခုသာရှိတဲ့ ကော့သောင်းဘက်မှာတော့ ရေပူစမ်းက ရင်ခုန်လောက်စရာ မဟုတ်ဘူးထင်ပါတယ်။ ဒါကြောင့်လည်း လာရောက်လည်ပတ်သူနည်းပါးပုံပါ။

ရေပူကန် ၃ ကန် 

၄၅ ဒီဂရီ၊ ၅၀ ဒီဂရီ နဲ့ ၅၅ ဒီဂရီ အသီးသီး ရှိပါတယ်

ကြက်ဥ ဘဲဥတွေ လာပြုတ်စားကြတဲ့ ရေပူတွင်း

အဲဒီမှာ အချိန်နည်းနည်းနေပြီး နောက်ကြောင်းပြန်လှည့်တော့ ၃ မိုင်လောက် သွားပြီးချိန်မှာ မလိဝမ်းရေတံခွန် ကို ရောက်ပါတယ်။ မလိဝမ်းရေတံခွန်ကို ကျွန်တော် ပိုရင်ခုန်ပါတယ်။ ရာသီဥတုပူလို့ ရေတံခွန် စိမ့်စမ်းတွေကို တောင့်တမိသွားတယ်။ ရာဘာတောတွေ ဆီအုန်းတောတွေကို ဖြတ်မောင်းပြီး အတွင်းရောက်တော့ ခုနက မလိဝမ်းရေပူစမ်းအပန်းဖြေစခန်းနဲ့ ပုံစံချင်းခပ်ဆင်ဆင် မလိဝမ်းရေတံခွန်ဝင်ပေါက်ကို ရောက်ပါတယ်။ ဝင်ကြေးကတော့ တူတူပါပဲ။ အတွင်းထဲဝင်လိုက်တာနဲ့ ရေစီးသံတွေကြားရပြီး ထင်တဲ့အတိုင်း အပန်းဖြေတဲ့သူတွေက ဒီမှာ ပိုများပါတယ်။ ဘောကွင်းလေးတွေနဲ့ ရေကူးနေကြသူတွေ၊ ဘီယာ၊ အရက်သောက်ပျော်ရွှင်နေကြသူတွေကို တွေ့ရပါတယ်။ ရေတံခွန်နည်းနည်းကြီးကြီးကို မြင်ရဖို့အတွက် တောင်အမြင့်လေးတစ်ခုကို တက်ကြရပါတယ်။ လျှောက်လမ်းကလည်း ပြေပြေလေးလည်း လူသွားလို့ အဆင်ပြေအောင် စနစ်တကျ ဖောက်ပေးထားလို့ သက်တောင့်သက်သာနဲ့ ရေတံခွန်ရှိရာကို ရောက်လာခဲ့ပါတယ်။ စိတ်ထဲမှာ အရင်တစ်ခေါက်သွားခဲ့တဲ့ မန္တလေးက ဒီးဒုတ်ရေပြာအိုင်ကိုလည်း ခုလို စနစ်တကျလေး ထိန်းသိမ်းပြုပြင်ပေးရင် ကောင်းမယ်လို့ တွေးမိသွားတယ်။ သတိပြုမိတာက လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ကို များများစားစား ချထားပေးလို့ အမှိုက်နည်းပြီး သပ်ရပ်နေပါတယ်။ ရေတံခွန်ကတော့ နွေလည်းဖြစ်ပြန်လို့ထင်တယ်၊ ရေကျတော့ နည်းပါတယ်။ သစ်ပင်ကြီးတွေ မရှိလို့ထင်ပါရဲ့ ဝါးပင်တွေ၊ အပင်ငယ်လေးတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေပေမယ့်လည်း အိုက်စပ်စပ် ဖြစ်နေပါတယ်။ စီးနေတဲ့ ရေကို ကိုင်ကြည့်တော့လည်း အေးမြမနေပြန်ဘူး။ ရေစီးလမ်းတစ်လျှောက် ကျောက်တုံးကြီးတွေများပြီး အဲဒီပေါ်မှာ အပန်းဖြေနေကြသူတွေ မနည်းပါဘူး။ အောက်ပိုင်းရောက်လာတော့ မိသားစုနေရာလေးတွေကို လှလှပပလေးတွေ ပိုပြီး လုပ်ပေးထားတာတွေ့ရပါတယ်။ ဒီနေရာလေးရောက်တော့ စိတ်တော်တော်လေးကြည်နူးရပါတယ်။ စောစောက မလိဝမ်းရေပူစမ်းရော၊ ခု မလိဝမ်းရေတံခွန်ရော အပန်းဖြေစခန်းနှစ်ခုလုံးကို ကော့သောင်းမှာရှိတဲ့ Victoria Cliff ဟိုတယ်အဖွဲ့က ပိုင်တယ်လို့ သိရပါတယ်။

မလိဝမ်းရေတံခွန် 

မလိဝမ်းရေပူစမ်းအပန်းဖြေစခန်းနဲ့ ပုံစံချင်းခပ်ဆင်ဆင် မလိဝမ်းရေတံခွန်ဝင်ပေါက်

အတွင်းထဲဝင်လိုက်တာနဲ့ ရေစီးသံတွေကြားရပြီ

 စီးနေတဲ့ ရေကို ကိုင်ကြည့်တော့လည်း အေးမြမနေပြန်ဘူး

ဘောကွင်းလေးတွေနဲ့ ရေကူးနေကြသူတွေ၊ ဘီယာ၊ အရက်သောက်ပျော်ရွှင်နေကြသူတေ

ဒီနေရာလေးရောက်တော့ စိတ်တော်တော်လေးကြည်နူးရပါတယ်

မိသားစုနေရာလေးတွေကို လှလှပပလေးတွေ ပိုပြီး လုပ်ပေးထားတာတွေ့ရပါတယ်

ဒီဒေသမှာ ကွမ်း၊ ရာဘာ နဲ့ ဆီအုန်းတွေ အများဆုံးတွေ့ရပါတယ်။ ခုလို ကွမ်းသီးတွေ နေလှန်း ရောင်းဝယ်ဖောက်ကားနေကြတာကို လမ်းဘေးတစ်လျှောက်တွေ့ရတတ်ပါတယ်

အဲဒီမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီးတာနဲ့ ကော့သောင်းဘက်ကို ပြန်လာတော့ လမ်းမှာ ပလုံးတုံးတုံးတံတားနဲ့ ကြုံလို့ တစ်ခါတည်း ဝင်ကြည့်ခဲ့ကြပါတယ်။ ပလုံးတုံတုံး (ပလုံးတုံးတုံး) တံတားဆိုတာ ထူးခြားတဲ့ သစ်သားတံတားရှည်ကြီးတစ်ခုပါ။ မိုင်ဝက်လောက်ရှည်လျားပြီး ပလုံးတုံးတုံးရွာရှိတဲ့ ပလုံးတုံးတုံးကျွန်းနဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။ သစ်သားတံတားတွေထဲမှာဆိုရင် မန္တလေး ဦးပိန်တံတားပြီးတာနဲ့ ဒုတိယအရှည်ဆုံးသစ်သားတံတားဖြစ်ပါတယ်။ သူ့မှာ ပိုပြီးထူးခြားတာက တံတားပေါ်မှာ မော်တော်ကားဖြတ်မောင်းနိုင်တာဖြစ်ပြီး ပင်လယ်ကို ဖြတ်ဖောက်ထားတဲ့ သစ်သားတံတားထဲမှာဆိုရင်တော့ အရှည်ဆုံးတံတားလို့ ဆိုရမှာဖြစ်ပါတယ်။

ပလုံးတုံတုံး (ပလုံးတုံးတုံး) တံတားဆိုတာ ထူးခြားတဲ့ သစ်သားတံတားရှည်ကြီးတစ်ခုပါ

အဲဒီကနေတော့ ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်) ကို တက်ကြပါတယ်။ အတက်အဆင်းနည်းပါးပေမယ့် ကားလမ်းက တစ်လမ်းမောင်းကျော်သာသာရယ်ကို အမြန်မောင်းရတာက ကြောက်စရာပါ။ အတက်လမ်းနဲ့ အဆင်းလမ်းက တစ်ခုတည်းဖြစ်တာကတော့ စိုးရိမ်စရာပါပဲ။ တောင်ပေါ်ရောက်တော့ တစ်ဘက်ခြမ်းမှာ ကော့သောင်းမြို့သစ်ကို တွေ့ရပါတယ်။ မြေဖို့ပြီး ပင်လယ်ဘက်ကို ချဲ့ထွင်ထားတာ တွေ့ရပြီး အဲဒါတွေရဲ့ ခပ်လှမ်းလှမ်းမှာတော့ ထိုင်းနိုင်ငံပိုင်နက် ရေနဲ့ ကျွန်းတွေကို တွေ့ကြရပြန်တယ်။ တောင်ရဲ့ တခြားတစ်ဘက်ခြမ်းမှာတော့ ကော့သောင်းမြို့ထဲကို လှမ်းမြင်ရပြီး ဒီည ကျွန်တော်တို့ အိပ်စက်မယ့် သူဌေးကျွန်းဘက်ကိုလည်း မြင်တွေ့ရပါတယ်။

ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်)

နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်) အတက်လမ်းနဲ့ အဆင်းလမ်း

ကော့သောင်းမြို့ရဲ့ အလှကို အပေါ်စီးကနေ မြင်တွေ့နေတဲ့ နာမည်ကျော် ၅၅၅ (ငါးသုံးလုံးတောင်)

၅၅၅ (၅သုံးလုံး) တောင်ကနေ ဘုရင့်နောင်ကုန်းကို သွားလို့ ဘုရင့်နောင်ရုပ်တုနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး ဒီ ဘုရင့်နောင်ရုပ်တုနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မကျေမလည်ဖြစ်ရတဲ့အကြောင်း ကြားရပါတယ်။ ထိုင်းတွေက ဘုရင့်နောင်ကို ချစ်ကြောက်ရိုသေကြပေမယ့် ဒီရုပ်တုမှာက ဘုရင့်နောင်ရဲ့ မျက်လုံးဟာ ထိုင်းဘက်ကို မျက်စောင်းထိုးဟန်ရှိပြီး ဓါးကိုလည်း ဆွဲထုတ်ထားတာကြောင့် ခြိမ်းခြောက်နေတဲ့ဟန်ပန်ပေါက်နေတယ်လို့ ပြောဆိုကြပါတယ်။

ဘုရင့်နောင်ရုပ်တု

အဲဒီကနေ ဘုရင့်နောင်အငူ ရှိတဲ့ ကမ်းနားလမ်းဘက်ကို ဆင်းခဲ့ကြပါတယ်။ ဘုရင့်နောင်အငူကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမြေပုံမှာဆိုရင် တောင်ဘက်အစွန်းဆုံးက အချွန်းနေရာလေးကို အားလုံးသတိပြုမိမှာပါ။ အဲဒီအချွန်းနေရာလေးပဲ ဖြစ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာပြည်မြေပုံရဲ့ အချွန်းနေရာလေးအတိုင်း အဲဒီနေရာလေးမှာလည်း အချွန်းလေးထွက်နေပြီး လူတိုင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ဖို့ ဖန်တီးထားပါတယ်။ ဒီနေရာလွန်တာနဲ့ မြန်မာပြည်ကုန်ပြီလေ။ မြန်မာပြည်ရဲ့ မြောက်ဘက်အစွန်းဆုံးအပိုင်းမှာ ဓါတ်ပုံရိုက်ဖို့ မဖြစ်နိုင်ပေမယ့် မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းဆုံး အချွန်းလေးမှာတော့ ဓါတ်ပုံရိုက်နိုင်ပါတယ်။

ဘုရင့်နောင်အငူ

အဲဒီနောက်တော့ ညစာကျွေးပြီး ကျွန်တော်တို့ အိပ်စက်မယ့် သူဌေးကျွန်းကို ဇက်သင်္ဘောနဲ့ ကူးခဲ့ကြပါတယ်။ ဒီဇက်သင်္ဘောနဲ့ စပိဘုတ်တွေဟာ အဲဒီသူဌေးကျွန်းကနေ ဖယ်ရီပုံစံ အကြိုအပို့ လုပ်ဆောင်နေတာဖြစ်ပြီး တစ်နာရီခြားတစ်ခါလောက် ထွက်တတ်ပါတယ်။ ဝန်ထမ်းအချို့က ထိုင်းလိုပဲ ပြောကြတာကို ကြားဖူးပါတယ်။ အချို့ကတော့ မြန်မာ-ထိုင်း နှစ်ဘာသာတတ်ကြပါတယ်။ ရိုးရိုး ဇက်သင်္ဘောနဲ့ဆိုရင် ၁၅ မိနစ်လောက် စီးရပါတယ်။ စပိဘုတ်နဲ့ဆိုရင်တော့ ၅ မိနစ်လောက်နဲ့ ရောက်နိုင်ပါတယ်။ လူတော့ သိပ်မဆံ့ဘူးပေါ့။ များသောအားဖြင့် ဒီကော့သောင်းဘက်ကနေ သူဌေးကျွန်းကို အလုပ်လုပ်နေသူတွေ၊ ကာစီနို ကစားချင်တဲ့သူတွေ သွားကြတာများပါတယ်။ ညဘက် ၁၂ နာရီလောက်ထိ အကြိုအပို့လုပ်ပေးတာ တွေ့ရပါတယ်။

နိုင်ငံခြားဖြစ် အရက်မျိုးစုံကို ဈေးအပေါဆုံးကနေ ဘတ် ၁သိန်းကျော်ထိ ဈေးအကြီးဆုံးအရက်တွေပါ ဝယ်ယူနိုင်တဲ့ ဈေးမှန်တဲ့ဆိုင်လေး။ ကော့သောင်းကနေ သူဌေးကျွန်းကို ဘုတ် စီးမယ့်နေရာနားမှာ ရှိပါတယ်

ဒီနေရာကနေ သူဌေးကျွန်းတို့ ရနောင်းတို့ဘက်ကို လှေစီးရတယ်။ လှေဆိပ်ပေါ့ တစ်နည်းပြောရရင်

အဲ့နေ့က ညစာကို ကော့သောင်းဘက်ခြမ်းမှာပဲ စားဖြစ်တယ်။ ဒီဆိုင်လေးမှာပေါ့။ လက်ရာ မဆိုးဘူး။ နေ့လည်က စားတဲ့ ဆိုင်ထက် အများကြီးသာတယ်

သူဌေးကျွန်းရောက်တော့ အဲဒီမှာ မြန်မာ Immigration ရှိနေတာ တွေ့ရတယ်။ သူဌေးကျွန်းမှာ ရှိနေတဲ့ ဟိုတယ်က Myanmar Andaman Club ဟိုတယ်ပါ။ ဟိုးငယ်ငယ်က ကျွန်တော်ကြားဖူးတာဆိုရင် သူဌေးကျွန်းက ဟိုတယ်ကို တကယ့်သူဌေးတွေမှသွားနိုင်တာ၊ အရမ်းကို ပျော်စရာကောင်းတဲ့ လူ့ပြည်ကနိဗ္ဗာန်တစ်ခုပဲလို့ ညွန်းခဲ့ကြတယ်လေ။ ငွေရှိမှဖြစ်နိုင်တဲ့ကိစ္စတွေ အကုန်ရှိနေတာကိုး။ ဖြစ်နိုင်ပါတယ်။ ဟိုတယ်ကိုသွားဖို့ ကားလေးတွေနဲ့ အကြိုအပို့လုပ်ပေးပါတယ်။ တောင်ကုန်းပေါ်မှာ ရှိနေတဲ့ဟိုတယ်ကို ၂ မိနစ်လောက်အတွင်းရောက်သွားပြီး အရမ်းခမ်းနားတဲ့ ဟိုတယ်ကြီးကို တွေ့ရတော့တာပဲ။ Reception မှာ Check-in လုပ်ပြီးတာနဲ့ ဘေးဘီကို စပ်စုမိတော့ Lobby နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ Open Bar ထဲ ထိုင်းသီချင်းတွေဆိုနေတဲ့ အဆိုတော်မမ တစ်ယောက်နဲ့ စားသောက်နေသူတွေ၊ တစ်ဘက်အတွင်းမှာက Duty Free ဆိုင်ကြီး၊ အဲ့ဒီဆိုင်ရဲ့ ရှေ့ဘက်မှာက ကာစီနိုကစားခန်းမကြီးရှိနေတယ်။ အပေါ်ထပ်မှာလှေကားကနေတက်သွားရင်တော့ Massage တွေ Spa တွေ ရှိပြန်တယ်။

ဒီဘုတ်ကြီးနဲ့ ဟိုဘက် သူဌေးကျွန်းကို ကူးရပါတယ်။ တစ်နာရီခြား တစ်ခါလောက်ထွက်တတ်ပြီးတော့ ည ၁၁ နာရီ ၁၂ နာရီလောက်ထိ ဟိုဘက် ဒီဘက် ဆွဲပေးပါတယ်

ဟိုတယ်ကိုသွားဖို့ ကားလေးတွေနဲ့ အကြိုအပို့လုပ်ပေးပါတယ်

တောင်ကုန်းပေါ်မှာ ရှိနေတဲ့ဟိုတယ်ကို ၂ မိနစ်လောက်အတွင်းရောက်သွားပြီး အရမ်းခမ်းနားတဲ့ ဟိုတယ်ကြီးကို တွေ့ရတော့တာပဲ။

Myanmar Andaman Club ဟိုတယ် Reception

Lobby နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ Open Bar ထဲ ထိုင်းသီချင်းတွေဆိုနေတဲ့ အဆိုတော်မမ တစ်ယောက်နဲ့ စားသောက်နေသူတွေ၊

အခန်းသော့ရလို့ ကိုယ်နေရမယ့် အခန်းကို သွားတော့ စားသောက်ခန်းမ၊ အကြွေစေ့ဂိမ်းကစားခန်းနောက်တစ်ခုနဲ့ ညာဘက်မှာ ရေကူးကန်လှလှကြီးကြီးတစ်ခုကို တွေ့ရတယ်။ ဟိုတယ်ရဲ့ Lobby နဲ့ Reception ကို စတုတ္ထထပ်မှာထည့်ထားတာဖြစ်ပြီး အိပ်ခန်းတွေကိုတော့ အောက်ဆုံး ပထမထပ်ကနေ စထားပါတယ်။ ကျွန်တော်ကတော့ ဒုတိယထပ်က အခန်းမှာမို့ ဓါတ်လှေကားနဲ့ အောက်ပြန်ဆင်းရပါတယ်။ အောက်ပြန်ဆင်းရပေမယ့် ကျွန်တော့အခန်းကနေ ဝရံတာမှန်တံတားကိုဖြတ်လို့ ပင်လယ်ကြီးရဲ့ အလှကို အပြည့်အဝခံစားနိုင်ပြန်တာကလည်း လူကို ကြည်နူးရွှင်လန်းစေတာပါ။ အဲဒီမှာ စတွေ့တာကတော့ Time Zone က မြန်မာနဲ့ထိုင်း နှစ်ခု ကြားဖြစ်နေပြီး ဟိုဘက်ဖုန်းမိရင် မြန်မာအချိန်ဖြစ်လိုက်၊ ဟိုတယ်က ဖုတ်လှိုက်ဖုတ်လှိုက်ဝိုင်ဖိုင်မိရင် ထိုင်းအချိန်ဖြစ်လိုက်နဲ့ ဖုန်းမှာနာရီပေါင်းစုံ ဖြစ်နေတော့တာပါပဲ။ အဲဒီညကတော့ နောက်နေ့အတွက် စိတ်ကူးယဉ်မှုတွေနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိပါဘူး။ နောက်နေ့ဆိုရင် ပင်လယ်ရေအောက်က ငါးအုပ်စုလေးတွေ၊ ပင်လယ်ရေမှော်နဲ့ ကျောက်ခက်တွေရဲ့ အလှတွေကို ရေထဲ ဆင်းကြည့်ရဦးမယ်လေ။ အိပ်မက်ထဲမှာတော့ ကျွန်တော့က ဆလုံကောင်လေးတစ်ယောက်ပေါ့ဗျာ။

ကျွန်တော့အခန်းကနေ ဝရံတာမှန်တံတားကိုဖြတ်လို့ ပင်လယ်ကြီးရဲ့ အလှကို အပြည့်အဝခံစားနိုင်ပြန်တယ်။ ခုကတော့ ညဖြစ်သွားလို့

ရေချိုးခန်းသုံးပစ္စည်းတွေလည်း ကောင်းပါတယ်

ဟိုတယ်ရဲ့ Lobby နဲ့ Reception ကို စတုတ္ထထပ်မှာထည့်ထားတာဖြစ်ပြီး အိပ်ခန်းတွေကိုတော့ အောက်ဆုံး ပထမထပ်ကနေ စထားပါတယ်။ အခန်းတွေရဲ့ အလယ်မှာ ရေပန်းဥယျာဉ်လေးတစ်ခု ဖန်တီးပေးထားပြီး ၂၄ နာရီ ရေပန်းလွှတ်ထားတာမို့ ညဘက်အိပ်ရင်တောင် မိုးရွာနေတယ်လို့ ခံစားရစေပါတယ်

Time Zone 

[နောက်တစ်ပိုင်းဆက်ပါမယ်]

သီဟလုလင်
၎ ဧပြီလ ၂၀၁၆

0 comments: