လမ်းသွားရင် သတိအမြဲထားနေရတဲ့ ဆိုင်ကယ်မြို့တော်တစ်ခုပါပဲ |
ကျွန်တော်တို့က လူညီတယ်ပဲ ပြောရမှာပေါ့။ အားလုံးရဲ့ဆန္ဒက ဒီကနေ Tour တစ်ခုခုနဲ့ ချိတ်သွားရင် လွယ်ကူမယ်မှန်းသိပေမယ့် ကိုယ့်ဟာကိုယ် ကြိုးစားလုပ်ဆောင်စမ်းသပ်သွားလာရတာမျိုးကို ကြိုက်တဲ့သူတွေမို့ လေယာဉ်လက်မှတ်ဝယ်ပြီး Google Maps လေးသုံး၊ ရောက်တော့မှ ဒေသခံတွေနဲ့ မေးမြန်းပြီး သွားကြဖို့ စိတ်အားထက်သန်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ ဧပြီ ၉ ရက်နေ့ ရောက်လာတော့ အားလုံးပေါ့ပေါ့ပါးပါးနဲ့ ထွက်လာဖြစ်ခဲ့ပါတယ်။ လေယာဉ်ချိန်က ၁ နာရီခွဲ မို့ နေ့လည် ၁၂ နာရီလောက်မှာ Check-in ဝင်ကြတယ်။ မြန်မာနိုင်ငံမှာမို့လို့သာ ဒီအချိန် သွားရဲတာပါ။ သူများနိုင်ငံမှာဆိုရင်တော့ အနည်းလေး ၂ နာရီလောက်ခွာပြီး သွားကြရတာကိုး။ အဲဒီမှာ စတွေ့တာက ဗီယက်နမ်တွေရဲ့ ထုံးစံလေး။ အလုပ်လုပ်ရင် အရမ်းကို အေးဆေးလွန်းပါတယ်။ ကျွန်တော့အတွက်တော့ ဖြတ်လတ်မှု မရှိသလိုခံစားရလို့ အားမရမိလောက်အောင်ပါပဲ။ ခုလည်း Check-in ကောင်တာကနေ စပြီး အချိန်ဆွဲသလို အချိန်ယူနေပါတော့တယ်။ ဒါတောင် လက်ခံလုပ်ဆောင်ပေးနတာ မြန်မာတွေနော်။ အဲဒီချိန်ကတော့ မသိသေးဘူးပေါ့။ ဒီနေ့ နည်းနည်းပိုကြာတယ်ပဲ ထင်မိတာ။ ဟိုရောက်တော့မှ ပိုပိုသိလာတယ်။
လက်ရှိတော့ Vietjet နဲ့သွားရင် ဈေးတော်တယ်။ လေယာဉ်မောင်းတာလည်း ကောင်းတယ်။ အဆင်းအတက်လည်း ငြင်သာပါတယ် |
အထုတ်တွေရွေးပြီး ငွေလဲကြပါတယ်။ ဗီယက်နမ်မှာက သူတို့ငွေကို ဒေါင် လို့ ခေါ်ကြပြီး ဒေါ်လာလည်း သုံးစွဲနိုင်ပါတယ်။ အကြောင်းကတော့ ငွေကြေးဖောင်းပွမှုများလို့ပါ။ အသေးဆုံး ၅၀၀၊ ၁၀၀၀ ကနေ အကြီးဆုံး ၅သိန်းတန်အထိ ငွေစက္ကူတွေကို တွေ့ဖူးခဲ့ပါတယ်။ တစ်ဒေါ်လာကို ၂သောင်း၂ထောင်ဝန်းကျင်နဲ့ အတက်အကျ အနည်းငယ်ရှိပြီး လဲလှယ်ပေးကြပါတယ်။ ဒေါ်လာတစ်ရာကို ဒေါင် ၂၂ သိန်း ရလို့ မြန်မာငွေနဲ့ စဉ်းစားရင်း ပျော်သလိုလို ဖြစ်သွားတတ်ပါတယ်။ သိပ်မပျော်ပါနဲ့ဦး။ ငွေလဲပြီးတာနဲ့ အရင်ဆုံးဝယ်ရမယ့် ဖုန်းဆင်းမ်ကတ်ကို ဒေါင် ၂သိန်းခွဲ လောက်နဲ့ ပေးဝယ်ရပါလိမ့်မယ်။ ရွေးချယ်စရာ ဖုန်းအော်ပရေတာတွေ ရှိပါတယ်။ အားလုံးက တူတူလောက်ပါပဲ။ ကျွန်တော်တို့ ဝယ်ဖြစ်ခဲ့တဲ့ ဖုန်းဆင်းမ်ကတ်မှာတော့ ရွေးချယ်စရာ Package တွေအနေနဲ့ နိုင်ငံတကာခေါ်ဆိုမှု ဘယ်နှမိနစ်၊ ပြည်တွင်းပြော ဘယ်နှမိနစ် နဲ့ အင်တာနက်သုံး ဘယ်လောက်ဒေတာ ဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ကျွန်တော်ကတော့ အိမ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်မရှိလို့ အင်တာနက်အဓိကသုံးရမယ့် Unlimited (3GB Faster Speed) Plan ကို ရွေးပါတယ်။ Unlimited လို့သာဆိုပေမယ့် 3GB အထိပဲ မြန်ဆန်တဲ့ အင်တာနက်မြန်နှုန်းကို ရတာပါ။ အဲဒါပြီးတာနဲ့ စုတ်ပြတ်သတ်နေအောင်ကို လိုင်းကျသွားပါတယ်။ ဒါကြောင့် Unlimited ဆိုလို့ ပျော်ပြီး ရှိသမျှ Download ချ၊ YouTube နဲ့ ဗီဒီယိုတွေ ကြည့်ဖို့ မစဉ်းစားပါနဲ့။ နေမယ့်ရက်ပေါ်မူတည်ပြီး ခြင့်ချိန် သုံးစွဲသင့်ပါတယ်။
ဒါက သူတို့ဆီက ဝယ်ဖြစ်ခဲ့တဲ့ SIM Card. (တယ်လီနောက မြန်မာပြည်က ဟာနော်) grin emoticon) |
ဒါက ဟိုချီမင်း Domestic ပြည်တွင်းလေဆိပ်။ အဲ့ဒီမှာ ၄ နာရီလောက် အချိန်ဖြုန်းခဲ့ရတယ်။ ပြည်တွင်းလေယာဉ်တွေ ထုံးစံပဲ ဆိုပါတော့ |
ဟနွိုင်းကို ရောက်တာနဲ့ အရင်ဆုံးခံစားရတာ ဟနွိုင်းလေထုရဲ့ အေးမြမှုပါ။ ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေဆိုင်းနေပြီး လေယာဉ်ပေါ်ကနေ ဆင်းခါနီးကြည့်တာတောင် မြို့ကို မမြင်ရလောက်အောင် မြူတွေကျနေပါတယ်။ ရာသီဥတုလေးက တောင်ပေါ်ရာသီဥတုပုံစံနဲ့ အေးမြမြလေး။ လူကို လန်းဆန်းသွားစေတယ်။ အထုတ်ရွေးပြီးချိန် အပြင်ရောက်တော့ ည ၁၂ နာရီထိုးနေပြီ။ Taxi ငှားဖို့က လွယ်ပါတယ်။ ဗီယက်နမ်မှာ တက္ကစီ ငှားမယ်ဆိုရင် အစိမ်းရောင်လေးတွေ ငှားတာ ပိုဈေးသက်သာပါတယ်။ အားလုံးက မီတာနဲ့ သွားတာ ဖြစ်ပေမယ့် ကိုယ် ကားပေါ်တက်တဲ့အချိန်မှာ စမှတ်တဲ့ မီတာ ပမာဏက ကွာခြားပါတယ်။ မီတာတက်တဲ့ ပမာဏကလည်း ကွာခြားပါတယ်။ ကားအဖြူအကြီးတွေက ဈေးပိုများပါတယ်။
ဟနွိုင်းလေဆိပ် အပြင်ကို ရောက်တာနဲ့ လူအုပ်ကြီးထဲ တိုးဝှေ့လို့ ကားငှားဖို့ ရှာကြရတယ် |
နေရာတိုင်းမှာ မသမာတဲ့လူတွေ ရှိတတ်ပါတယ်။ ဗီယက်နမ်ကိုလည်း အန္တရာယ်များတဲ့နေရာတစ်ခုအဖြစ် ပြောဆိုကြပါတယ်။ ခိုးဆိုးလုယက်မှုပေါတယ်လို့လည်း မလာခင်ကတည်းက သတိပေးစကားတွေ ကြားခဲ့ရပါတယ်။ ဖုန်းတွေ၊ ပိုက်ဆံအိတ်နဲ့ အဖိုးတန်ပစ္စည်းတွေကို လက်ထဲကိုင်ထားတာမျိုး၊ စားပွဲပေါ်တင်တာမျိုး မလုပ်ဖို့ သတိပေးခံရသလို၊ လက်ဝတ်ရတနာတွေ မဝတ်ဆင်ထားဖို့လည်း သတိပေးကြပါတယ်။ တက္ကစီ ဆိုရင်လည်း မောင်းတဲ့သူတွေက လိမ်ခေါ်သွားလိမ့်မယ်။ ဈေးတင်တောင်းလိမ့်မယ်လို့ ဆိုကြလို့ ဒီည ကားငှားတဲ့အခါ အရမ်းသတိထားပါတယ်။ ကားမောင်းသူမြင်သာအောင် Google Maps ကြီး ဖွင့်ထားပြီး သူသွားတာ မှန် မမှန် လိုက်ကြည့်နေရပါတယ်။ ကားမောင်းသူက မှန်မှန်ကန်ကန် မောင်းပြီး ကျွန်တော်တို့ ခဏတည်းခိုမယ့် Symphony Hotel ကို ရောက်လာပါတယ်။ ညက ၁ နာရီလောက် ရှိနေပြီမို့ လူကလည်း ပြတ်နေပါပြီ။ နေတဲ့နေရာက Old Quarter လို့ခေါ်တဲ့ လူအရမ်းစည်၊ နိုင်ငံခြားသားအရမ်းများတဲ့နေရာပေမယ့် ခုလိုအချိန်မှာတော့ တိတ်ဆိတ်နေပါတယ်။ ကားဆရာနဲ့ ပြဿနာက အဲ့မှာ စတော့တာပါပဲ။ သူ့ရဲ့ မီတာက နံပါတ်ကို မဖတ်တတ်ဘူး။ ၃သောင်း၂ထောင်လား။ ၃သိန်း၂သောင်းလား မသိ။ မေးတော့လည်း အင်္ဂလိပ်လို လုံးဝ ပြန်မပြောတတ်တဲ့ ဆရာသမားက ကိုင်ထားတဲ့ပိုက်ဆံကိုပဲ အတင်းလိုက်ကိုင်နေတော့ ကိုယ်တွေကလန့်။ လန့်ပြီး ဟိုတယ်ထဲက ဝန်ထမ်းကောင်လေးကို သွားခေါ်တော့မှ ဟိုကရောက်လာပြီး ကူညီရှာတယ်။ ဒါပေမယ့် တက္ကစီကားမောင်းတဲ့သူက ရိုးသားရှာပါတယ်။ ကျွန်တော်တို့ မတွက်တတ်တာနဲ့ ၁သိန်းနဲ့ ၁သောင်းတန် မှားပေးတာကို ရှင်းပြနေတာဖြစ်ပေမယ့် သူ့စကားမပေါက်လို့ ကိုင်ထားတဲ့ ပိုက်ဆံကို အတင်းဆွဲတွက်ပြချင်နေတာပါ။ ရယ်တော့လည်း ရယ်ရပါတယ်။
ဟနွိုင်းမှာ တည်းခဲ့တဲ့ Symphony Hotel က ကျွန်တော့အခန်းကနေ မြင်ရတဲ့ မြင်ကွင်း။ ဒီဟိုတယ်က ဈေးလည်းသက်သာတယ်။ တစ်ညမှ မြန်မာငွေ ၃ သောင်းဝန်းကျင်ရယ် |
အိမ်လေးတွေက အထပ်သိပ်မမြင့်ဘဲ ပူးပူးကပ်ကပ် သေးသေးသွယ်သွယ်လေးတွေ |
ဟိုတယ်ရှေ့ထွက်လိုက်ရင် တစ်ဘက်ခြမ်းကို ဒီလိုမြင်ရတယ်။ ဆိုင်ကယ်တွေကတော့ ပေါသလားမမေးနဲ |
အာရှနိုင်ငံတွေရဲ့ ထုံးစံအတိုင်း နိုင်ငံခြားသားတွေကို လက်မှုပစ္စည်းလေးတွေ ရောင်းချပေးတယ် |
ဘုရားစင်လေးတွေ တွေ့ရပေမယ့် သူတို့ ကိုးကွယ်တာက ကွမ်ရင်မယ်တော် နဲ့ အန်းကုန်းဘိုးဘိုး တို့ကိုပါပဲ |
ဒီရိုးရာမျက်နှာဖုံးတွေကလည် |
အဲဒီညကတော့ ညစာလေး လွတ်သွားပေမယ့် ကံကောင်းချင်တော့ ပီဇာ မှာလို့ရတဲ့ နေရာအနီးအနားမှာရှိနေလို့ ၁ နာရီဝန်းကျင်လောက်စောင့်ပြီး ပီဇာလှမ်းမှာလို့ စားခဲ့ရတာ အမှတ်တရပါပဲ။
နောက်နေ့ မနက်စောစောတော့ ဟနွိုင်းမြို့ထဲ လျှောက်လည်ဖို့ ပြင်ထားကြတယ်။ ဟနွိုင်းမြို့က အေးချမ်းသာယာတဲ့မြို့လေးတစ်မြို့ပါပဲ။ ခရီးသွားတစ်ယောက်အတွက် စိတ်ဝင်စားစရာနေရာတွေ ပြည့်နေပါတယ်။
ဗီယက်နမ်လက်ဆောင်လေးတွေ |
ဝယ်ချင်စရာဖြစ်အောင် အမျိုးမျိုးဆန်းသစ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ |
အကောင်ဘလောင်အစုံနဲ့ အားဖြစ်စေတယ်ဆိုတဲ့ အရက်တွေ |
လမ်းဘေးမှာ ခုံပုလေးတွေနဲ့ထိုင်ရောင်း ထိုင်စား ထိုင်သောက်ရတာကလည်း ဗီယက်နမ်ရဲ့ နာမည်ကျော် အလေ့အထတစ်ခု |
သီဟလုလင်
၂၀ ဧပြီလ ၂၀၁၆
1 comments:
နောက်အပိုင်းတွေ စောင့်နေပါတယ်
Post a Comment