Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, April 10, 2016

ဆလုံရွာ မကျုံဂလက် နဲ့ လန်ပိကျွန်းတွေဆီကို

အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်
အိပ်မက်ထဲမှာပဲ ရေကူးကောင်းတဲ့ ကျွန်တော်က မနေ့က ပင်လယ်ထဲမှာ လန့်ခဲ့တဲ့ အလန့်လေးနဲ့ ဒီမနက်မှာ စောစောလေး နိုးလာခဲ့တယ်။ Guide က မှာလိုက်တယ်။ မနက်ကို အစောဆုံး Boat Ferry နဲ့ လိုက်လာပါဆိုတော့ ၆ နာရီလောက်ထ ရေမိုးချိုးပြီး ၇ နာရီလောက်မှာ ဟိုတယ် မနက်စာကို ဆင်းစားလိုက်တယ်။ ထိုင်းအချိန် ၈ နာရီက မြန်မာအချိန် ၇ နာရီခွဲမို့ ကိုယ်မနက်စာ စားပြီးချိန်နဲ့ အဆင်ပြေပြေပဲ သင်္ဘောထွက်ချိန်မီသွားတယ်။ လှေဆိပ်မှာက အမြဲလိုလို ရနောင်းသွားမယ့် လှေ နဲ့ ကော့သောင်းသွားမယ့် လှေ တွေ တစ်ချိန်တည်းထွက်ကြတော့ ဘယ်ဘက်ကနေ ဆင်းရမလဲဆိုတာ လမ်းညွန်တွေ သေချာဖတ်ရတယ်။ တစ်ခါတလေလည်း ရေးထားတာနဲ့ တလွဲစီ။ ခုလည်းကြည့် ရနောင်းသို့ ဆိုတဲ့ ဆိုင်းဘုတ်နေရာကနေ ဆိပ်ခံဘောတံတားကို ဆင်းပြီး ရနောင်းသွားမယ့် Speed Boat ကို ကျော်ခွလို့ ဘေးချင်းယှဉ်ရပ်ထားတဲ့ ကော့သောင်းသွားမယ့် Speed Boat ကို တက်ရတယ်။ ဒီမနက်က လူရှင်းနေတော့ လူ ၈ ယောက်လောက်နဲ့ ကော့သောင်းကို ထွက်လာခဲ့ပါတယ်။ စရောက်တဲ့နေ့က ရိုးရိုးစက်လှေအကြီးစားပဲ စီးခဲ့ရတော့ ၁၅ မိနစ်လောက် ကူးရပေမယ့် ခုလို Yamaha ၂၅၀ စက်နှစ်လုံးအားနဲ့ Speed Boat ကတော့ ၅ မိနစ်လောက်အတွင်း ကော့သောင်းကို ခေါ်သွားပေးပါတယ်။ ဟိုနေ့က ညနေဘက်မှ ရောက်တော့ ကော့သောင်းဘက်ကို မမြင်ရဘူး။ ခုမှပဲ ကော့သောင်းရဲ့ ဆိပ်ကမ်းနဲ့ ဘောတံတားအလှတွေ၊ ကြိုဆိုရေးဆိုင်းဘုတ်တွေကို မြင်တွေ့ခွင့်ရတယ်။


ကော့သောင်းကို လှေကပ်တော့မယ့်အချိန် ပထမဆုံး မြင်ရတာက ဘုရင့်နောင်အငူ ပါ။ ပြီးတော့ ဘုန်းကြီးကျောင်းလား၊ ဘုရားဆောင်းတန်းလား ထင်ရတဲ့ မြန်မာ့လက်မှု အချွန်အတက်တွေနဲ့ အဆောက်အအုံတစ်ခု၊ ပြီးတော့မှ ကော့သောင်းမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီး၊ ဒါတွေကျော်သွားတော့မှ ဆိပ်ခံဘောတံတားကို ရောက်ပြီး လှေကပ်ပါတယ်။ ကိုယ်တွေ ဆင်းတော့မှ ဟိုဘက်ကို သွားမယ့်လူအုပ်ကြီးက မနည်းမနော တက်လာကြတာ တွေ့ရတယ်။ လှေဆိပ်ကနေ မြို့ထဲဝင်လာတော့မှ သတိပြုမိတာ ဆိပ်ကမ်းမှာ လူဝင်မှုကြီးကြပ်ရေး ရုံးခန်း ရှိသလို၊ အဝင်နားမှာလည်း ထိုင်းဘက်ကို ကူးပြီးလည်ပတ်ချင်သူတွေ နေ့စဉ်အလုပ်လုပ်နေသူတွေအတွက် ၁၄ ရက် သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ နေရာကိုတွေ့ရတယ်။ ထုံးစံအတိုင်းပွဲစားတွေလည်း ရှိတယ်။ ၅၀၀ ကျပ်၊ တစ်ထောင်ကျပ်လောက်ပဲ ပေးရတယ်ပြောတယ်။ လိုအပ်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူတွေ လိုတယ်ပြောတော့ ကျွန်တော်က မေးကြည့်တယ်။ ကျွန်တော်တို့လို ဧည့်သည်တွေက သန်းခေါင်းစာရင်း ဘယ်လိုယူလာမလဲ ဆိုတော့၊ အဲလို ဧည့်သည်တွေကျတော့လည်း မလိုပြန်ဘူးတဲ့။ ကိုယ့်ဟာကိုယ်လုပ်တာထက် ပွဲစားအပ်လိုက်တာ ပိုမြန်ပြီး သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ပေးတယ်ပြောပါတယ်။ ဒီတစ်ခေါက်အစီအစဉ်မှာက ရနောင်းဘက် ကူးဖို့ အချိန်မရလို့ အဲဒီကိစ္စကို စမ်းသပ်လုပ်ဆောင်ခွင့် မရခဲ့ဘူးပေါ့။

မနက်ကို အစောဆုံး Boat Ferry နဲ့ လိုက်လာပါဆိုတော့

ခုလို  Speed Boat ကတော့ ၅ မိနစ်လောက်အတွင်း ကော့သောင်းကို ခေါ်သွားပေးပါတယ်

ဘုန်းကြီးကျောင်းလို၊ ဘုရားစောင်းတန်းလိုလို အဆောက်အအုံကြီးက ရွှေပြည်နန်းပလာဇာ

ဒီနေ့ အစီအစဉ်အရ ဆလုံကျွန်းတွေဘက် သွားလည်မယ်ဆိုပါတယ်။ မကျုံဂလက်ကျွန်းနဲ့ လန်ပိကျွန်းတွေဘက်ကို သူဌေးကျွန်းကနေလည်း Speed Boat ငှားပြီး သွားနိုင်ပေမယ့် ဘတ်ငွေ တစ်သိန်းလောက်ကျသင့်မယ်ဆိုတာကြောင့် စားရိတ်အရမ်းကွာတဲ့ ကားနဲ့တစ်ခါ၊ စက်လှေနဲ့တစ်လှည့် သွားတဲ့ ခရီးစဉ်ကို ရွေးချယ်လိုက်တာပါ။ သွားမယ့်ကားက ရောက်မလာသေးလို့ ကမ်းနားလမ်းလေးတစ်လျှောက် လျှောက်ကြည့်မိတော့ စောစောက ဘုန်းကြီးကျောင်းလို၊ ဘုရားစောင်းတန်းလိုလို အဆောက်အအုံကြီးက ရွှေပြည်နန်းပလာဇာ ဖြစ်နေမှန်း သိလိုက်ရတယ်။ ဆောက်ထားတဲ့လက်ရာကတော့ သိပ်မသေသပ်လှဘူး ထင်တာပါ။ ဈေးနဲ့လည်း မတူဘူး။ လှပခန့်ညားလားဆိုတော့လည်း မဟုတ်နေပြန်ဘူး။ တစ်ဘက်ခြမ်းမှာက ပင်လယ်ကိုမြင်ရတဲ့ ပန်းခြံလေးတစ်ခုနဲ့ အတွင်းမှာ အများသုံးအိမ်သာတစ်ခု။ မြန်မာငွေ တစ်ရာကျပ် ဒါမှမဟုတ် ၅ ဘတ် ကျသင့်တဲ့ အိမ်သာလေးပါ။

ကိုယ်တွေ ဆင်းတော့မှ ဟိုဘက်ကို သွားမယ့်လူအုပ်ကြီးက မနည်းမနော တက်လာကြတာ

 ၁၄ ရက် သက်တမ်းရှိတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ နေရာ
ဟိုဟိုဒီဒီ ကြည့်နေတုန်းပဲ သွားမယ့်ကားက ရောက်လာလို့ ကားပေါ်ကို နေရာယူပြီး ကော့သောင်းကနေ ဘုတ်ပြင်းဘက်ကို အပြေးနှင်လာခဲ့တယ်။ လမ်းခရီးတစ်လျှောက်လုံး အကွေ့အကောက်များတဲ့ ကားလမ်းဘေးမှာ ကွမ်းပင်၊ ရာဘာပင် နဲ့ ဆီအုန်းတွေ အများအပြားတွေ့ရပါတယ်။ အထူးသဖြင့် ဆီအုန်းခြံတွေ ဆိုတာ နည်းတာမှမဟုတ်ဘဲ။ ကြားဖူးတာတော့ သစ်တောတွေ ခုတ်ချင်တော့ ဆီအုန်းစိုက်ခင်းတွေအဖြစ် အသွင်ယူလိုက်တယ်ဆိုပဲ။ သိပါဘူး ဒါတွေကတော့လေ။ ဆီအုန်းတွေကနေ ဘယ်မှာဆီချက်၊ ဆပ်ပြာချက်လည်းတော့ မသိ။ တစ်ခါတရံ ဆီအုန်းသီးတွေကို လမ်းဘေးတွေမှာ ပုံထားတာ တွေ့ရတယ်။ လာကောက်မယ့်ကားကို စောင့်နေတာလား၊ ပစ်ထားတာလားလည်း မသိပါဘူး။ ဆိုင်ကယ်လေးတွေနဲ့ ကားလမ်းပေါ်မှာ ကူးလူးယှက်နွယ်နေကြသူတွေလည်း များပါတယ်။ ဆိုးတာက ဆိုင်ကယ်မောင်းသူတွေက ကားတွေကို လုံးဝဂရုမစိုက်ကြဘဲ မောင်းချင်သလိုမောင်းနေကြတာပါပဲ။ ကော့သောင်းကနေ ခမောက်ကြီး၊ အဲဒီကနေမှ ဘုတ်ပြင်းဘက်လမ်းအတိုင်း မိုင် ၆၀ လောက်မောင်းပြီးတဲ့အခါ မြေသားလမ်းလေးတစ်ခုကို တွေ့ရရင် အဲဒီလမ်းကို ချိုးဝင်ရပါတယ်။ အဲဒီလမ်းကလည်း သွားရခက်တယ်။ လမ်းမှာ ရှိတဲ့ တံတားတချို့ ပြိုလုဆဲဆဲဖြစ်နေလို့ ကားတွေက လမ်းလွှဲရေမြောင်းလေးထဲ ဆင်းပြီး မောင်းရတယ်။ မြေသားလမ်းလေးတလျှောက်လည်း ဆီအုန်းပင်တွေပဲ တွေ့ရတယ်။ အထဲကို မိနစ် ၂၀ လောက်မောင်းဝင်လာပြီးတော့ အောင်ဘာစံပြကျေးရွာလေးကို ရောက်ပါမယ်။ မြို့တစ်မြို့လိုပါပဲ။ သူ့ဟာလေးနဲ့သူ စည်ကားနေတယ်။

 ဆီအုန်းခြံတွေ ဆိုတာ နည်းတာမှမဟုတ်ဘဲ

လမ်းခရီးတစ်လျှောက်လုံး အကွေ့အကောက်များတဲ့ ကားလမ်း

အောင်ဘာရွာကလေးက စိတ်ထင် တံငါရွာလေးပဲ ဖြစ်မယ် 

အတော်လေး ဖွံ့ဖြိုးမှု ရှိနေပါတယ်။

ရွှေကံသစ် ဆိုတဲ့ ဆိုင်လေးမှာ ခဏနားကြပြီး လှေစောင့်ကြပါတယ်။
လှေဆိပ်
အောင်ဘာရွာကလေးက စိတ်ထင် တံငါရွာလေးပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် အတော်လေး ဖွံ့ဖြိုးမှု ရှိနေပါတယ်။ ကျွန်တော်တို့တွေ ရွှေကံသစ် ဆိုတဲ့ ဆိုင်လေးမှာ ခဏနားကြပြီး လှေစောင့်ကြပါတယ်။ ဒီတစ်ခါတော့ ရိုးရိုးစက်လှေလေးကို စီးရတာပါ။ ဆိုတော့ အရမ်းနှေးပါတယ်။ စောစောက ကားနဲ့ ဒီရွာကို လာရတာ ၂ နာရီကြာပြီ၊ ခု ဒီရွာကနေ ဟိုဘက် မကျုံဂလက်ကျွန်းကို သွားရတာက နောက်ထပ် တစ်နာရီ ဆိုတော့ စုစုပေါင်း ၃ နာရီလောက်တော့ အချိန်ပေးရပါတယ်။ စက်လှေက ရိုးရိုးစက်လှေဆိုတော့ Guide တွေက သူတို့အစီအစဉ်နဲ့ သူတို့ သက်ကယ်အင်္ကျီတွေ ယူလာပေးပါတယ်။ စက်လှေ ရိုးရိုးလေးကို တစ်နာရီလောက် စီးရတာ၊ ရေမကူးတတ်တဲ့ ကျွန်တော်ကတော့ လန့်တယ်ဆိုတာတော့ ဝန်ခံပါတယ်။ ပင်လယ်ကြီးထဲမှာ ကမ်းတွေကို မှိန်ပြပြသာ မြင်ရတဲ့ရေထဲ မောင်းနှင်နေရာကနေ မကြာခင် ပင်လယ်ထဲက ငါးဖမ်းလှေလေးတွေကို ငေးလိုက်၊ ကျွန်းလေးတွေကို ကြည့်လိုက်နဲ့ မကျုံဂလက်ကျွန်းနေရာကို ရောက်လာပါတယ်။ ဒီနေရာလေးကို အာဆီယံ အမွေအနှစ်ဥယျာဉ် အဖြစ် ဆိုင်းဘုတ်တင် မှတ်တမ်းပြုထားပါတယ်။ အရင်က ဒီကျွန်းလေးမှာ ပင်လယ်ထဲက အမှိုက်တွေ ကမ်းခြေတစ်လျှောက် သောင်တင်နေတတ်ပြီး ရှင်းလင်းမယ့်သူ မရှိပါဘူး။ ခုတော့ တော်တော်လေး သန့်စင်ထားတယ်လို့ ဆိုပါတယ်။ ခရုလေးတွေ အများအပြားတွေ့ရပေမယ့် ကောက်ယူသူမရှိပါဘူး။ ချောင်းသာ ငွေဆောင်တွေမှာသာဆို ကောက်ယူပြီး အမှတ်တရပစ္စည်းလေးတွေ ဖန်တီးတတ်ပါတယ်။

စက်လှေ ရိုးရိုးလေးကို တစ်နာရီလောက် စီးရတယ်။
ပင်လယ်ထဲက ငါးဖမ်းလှေလေးတွေ

အာဆီယံ အမွေအနှစ်ဥယျာဉ် အဖြစ် ဆိုင်းဘုတ်တင် မှတ်တမ်းပြုထား

ဆလုံရွာအဖြစ် ပြောကြပေမယ့် တကယ်တော့ 
ဒီ မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေးတစ်ခု ဖြစ်နေပြီး ဆလုံရွာအဖြစ် ပြောကြပေမယ့် တကယ်တော့ ဆလုံလူမျိုးဆိုတာက ပင်လယ်ရေပျော်တွေမို့ ပင်လယ်ထဲမှာပဲ နေချင်ကြသူတွေပါ။ ရွာတည်နေဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒီကျွန်းပေါ်က ရွာလေးမှာ ဆလုံလူမျိုးတွေ လာပြီး ဈေးလာရောင်းကြတယ်၊ ပစ္စည်းအသုံးအဆောင်တွေ ဖလှယ်ယူသွားကြတယ်လို့ ထင်ပါတယ်။ ရွာထဲမှာလည်း အထူးသဖြင့် ကဏန်းထောင်ဖမ်းတာ၊ ပြည်ကြီးငါးဖမ်းတာတွေ လုပ်ကြပါတယ်။ အဲဒီ ရွာမှာ ကမ်းခြေဘက် ခဏလျှောက်ကြည့်တော့ ဒီရွာ ဒီကျွန်းမှာ မြန်မာရုပ်ရှင်ကားတွေ ရိုက်သွားတယ်လို့ ရွာကလူတွေက ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ နှလုံးလှလူမိုက်၊ ပင်လယ်ထက်က နေဝန်းနီ စတဲ့ ရုပ်ရှင်တွေ ရိုက်တယ်လို့ မှတ်ထားမိပါတယ်။ အဲဒီရွာက ထမင်းဆိုင်လေးမှာ ထမင်းစားတော့မှ ဒီကော့သောင်းတစ်ခွင်ရောက်ကတည်းက ပင်လယ်စာတွေ ပေါပေါများများ စားရမယ်ထင်တာ။ တကယ်တော့ ပင်လယ်သာ ဝိုင်းနေတယ်။ မျှော်လင့်ထားတဲ့ ပုစွန်တုပ်တွေ၊ ဂဏန်းတွေကို မြင်ကို မမြင်ရ။ ဒီမှာမရောင်းဘဲ ထိုင်းဘက်နဲ့ မြိတ်ဘက်မှာ ရောင်းကြတယ်လို့ သိရပါတယ်။ ဒီမှာတော့ ရှားပါးပစ္စည်းတွေ ဖြစ်နေပြီး ထိုင်းဘက်ကနေတောင် စားသောက်ဆိုင်တွေက ပြန်ဝယ် ချက်ပြုတ်ရတယ်ပြောပါတယ်။

ရွာလေးမှာ ဆလုံလူမျိုးတွေ လာပြီး ဈေးလာရောင်းကြတယ်၊ ပစ္စည်းအသုံးအဆောင်တွေ ဖလှယ်ယူသွားကြတယ်

နှလုံးလှလူမိုက်၊ ပင်လယ်ထက်က နေဝန်းနီ စတဲ့ ရုပ်ရှင်တွေ ရိုက်တယ်လို့ မှတ်ထားမိပါတယ်။

လူတွေ နေနေ၊ မနေနေ ရေက ကြည်လင်နေလို့

ကဏန်းထောင်ဖမ်းတာ၊ ပြည်ကြီးငါးဖမ်းတာတွေ လုပ်ကြပါတယ်

မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေး

အဲဒီရွာက ထမင်းဆိုင်လေးမှာ ထမင်းစားတော့
ဆလုံကျွန်းတွေ ရွာတွေသာ ပြောပေမယ့် ကျွန်တော်ကတော့ ဆလုံတွေကို တွေ့ကို မတွေ့ခဲ့ရပါဘူး။ ဒီ မကျုံဂလက်ရွာကိုလည်း ဆလုံရွာ ပြောပေမယ့် ဆလုံတွေ မတွေ့ရဘူး။ ရွာလေးက အတော်ဖွံ့ဖြိုးတယ်လို့ မြင်မိတယ်။ စာသင်ကျောင်းလည်း ရှိတယ်။ ကျွန်တော် စာသင်ကျောင်းနားက ဖြတ်အလျှောက် အင်္ဂလိပ်စာသင်ပေးနေတာကို ကြားရတယ်။ နောက်ဖွံ့ဖြိုးလာမယ့် ခရီးသွားလုပ်ငန်းနဲ့ အံကိုက်ပဲလို့ တွေးမိသွားတယ်။ ဒီဘက်မှာ လည်သမျှ ကျွန်းတွေရဲ့ အားသာချက်က လူတွေ နေနေ၊ မနေနေ ရေက ကြည်လင်နေလို့ ရေအောက်ကြမ်းပြင်ကို သေသေချာချာမြင်ရသလို၊ ငါးတွေကိုလည်း ကောင်းကောင်းမြင်ရတာပါပဲ။ ကမ်းခြေမှာတွေ့ရတဲ့ ငါးဖမ်းလှေသေးသေးလေးတွေက အသည်းယားစရာပါ။ သူတို့တွေကတော့ ပင်လယ်ပြင်ကြီးထဲကို အဲဒီလှေသေးသေးလေးနဲ့ သွားရဲတာ ချီးကျူးမိပါရဲ့။

စာသင်ကျောင်းလည်း ရှိတယ်။

မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေး

သူတို့တွေကတော့ ပင်လယ်ပြင်ကြီးထဲကို အဲဒီလှေသေးသေးလေးနဲ့ သွားရဲတာ

မကျုံဂလက်ရွာ

အဲဒီ မကျုံဂလက်ကျွန်းကနေ Speed Boat ငှားပြီး အနီးအပါးက ကျွန်းတွေကို အားရပါးရ ပတ်ကြည့်ကြပါတယ်။ ဒါလေးကိုတော့ အရမ်းခိုက်သွားတယ်။ လန်ပိကျွန်းကို ဦးတည်ပြီး သွားပေမယ့် အရင်ဆုံး ကမ်းခြေသဲသောင်လှပတဲ့ ဗိုလ်ချိုကျွန်း (လှိုင်းကြီးအော်) ကို အရင်ဝင်ကြတယ်။ ကျွန်းတွေလည်ခဲ့သမျှမှာ ဒီကျွန်းက ကမ်းခြေကတော့ တကယ်ကို ငပလီတို့လို ကမ်းခြေရောက်နေရတယ်ထင်ရအောင် လှိုင်းတွေက အသံတွေနဲ့ ကမ်းခြေကို ရိုက်ခတ်ပါတယ်။ ကျန်တဲ့ကျွန်းအများစုက လှိုင်းငြိမ်နေပြီး လှိုင်းအော်သံ မကြားရပါဘူး။ ဒီနေရာလေးက ရေချိုး ရေကူးလို့ ကောင်းပါတယ်။ ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ ဒီကျွန်းရဲ့ ထူးခြားချက်တစ်ခုကတော့ အော်လိုက်ရင် ရေလှိုင်းတွေ ပိုကြီးလာတာပဲတဲ့။ စမ်းတော့ မစမ်းခဲ့လိုက်ရဘူး။ အဲဒါကို စက်လှေမောင်းတဲ့သူက စက်လှေပေါ် ပြန်ရောက်မှ ပြောတာကိုး။

သဲသောင်လှပတဲ့ ဗိုလ်ချိုကျွန်း (လှိုင်းကြီးအော်)

ဒီကျွန်းက ကမ်းခြေကတော့ လှိုင်းတွေက အသံတွေနဲ့ 

ဒီနေရာလေးက ရေချိုး ရေကူးလို့ ကောင်းပါတယ်

ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်

ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်

အ်ာလိုက်ရင် ရေလှိုင်းတွေ ပိုကြီးလာတာပဲတဲ့။

အဲဒီကျွန်းကနေ လန်ပိကျွန်းကို အသွားမှာတော့ စက်လှေအကြီးစားတွေလည်း ကျောက်ချရပ်နားထားတာတွေ့ရပါတယ်။ ဒီမှာတော့ လူဖြူတချို့ကိုတွေ့ရပြီး၊ ကနူးလှေလေးတွေနဲ့ ရေချို၊ ရေငံစပ်နေရာလေးတွေကို လျှောက်ကြည့်တာလို့ သိရပါတယ်။ ကျွန်တော်တို့လည်း လန်ပိကျွန်းကို လှည့်ပတ်ကြည့်ပြီး အဲဒီကနေ ခုနက ရေချိုရေငံစပ် နေရာလေးဘက်ကို သွားလည်ခဲ့ကြတယ်။ အဲဒီနေရာမှာတော့ ဒီရေတောတွေ ပေါက်ရောက်ပြီး အရမ်းလှပါတယ်။ နောက်တစ်ခုက ရေလည်း တိမ်သွားပြီး တချို့နေရာလေးတွေမှာဆိုရင် ခါးလောက်ထိပဲ ရေရှိတာမို့ လမ်းလျှောက်ပြီး သွားလို့ရနေပါတယ်။ ဒီနေရာလေးက ရေချိုရေငံအစပ်နေရာလေးမို့ မိချောင်းတွေ ကြိုက်တဲ့နေရာလည်း ဖြစ်ပါတယ်။ တစ်ခါတလေလည်း တွေ့ရတတ်တယ် ဆိုပါတယ်။

လန်ပိကျွန်းကို အသွားမှာတော့ စက်လှေအကြီးစားတွေလည်း ကျောက်ချရပ်နားထား

ဒီရေတောတွေ ပေါက်ရောက်ပြီး အရမ်းလှ

လန်ပိကျွန်း တစ်ဝိုက်

ရေလည်း တိမ်သွားပြီး တချို့နေရာလေးတွေမှာဆိုရင် ခါးလောက်ထိပဲ ရေရှိတာ

အဲဒီနေရာလေးတွေမှာ အချိန်ယူပြီး ရေချိုး ရေကစားကြတယ်။ ပြီးတော့ မကျုံဂလက်ကို ပြန်လာပြီး အလာက စီးခဲ့တဲ့ စက်လှေရိုးရိုးကြီးနဲ့ အောင်ဘာရွာကို ပြန်တယ်။ တစ်နာရီအပြန်ခရီးမှာတော့ လှိုင်းကြီး လေကြီးလာလို့ ရင်တုန်လိုက်ရတာ မပြောပါနဲ့။ အဲဒီအောင်ဘာရွာကနေမှ ကော့သောင်းကို ပြန်တော့ နောက်ထပ် ၂ နာရီ ကားမောင်းရလို့ မိုးကြီး စုံးစုံးချုပ်ပါလေရော။ ကော့သောင်းရောက်တာနဲ့ အဝေးကနေတောင် လှမ်းမြင်ရတဲ့ တောမီးလောင်တာကြီးက လင်းထိန်နေတော့တယ်။ ၅ သုံးလုံးတောင်မှာ မီးလောင်နေတာ ကြောက်ဖို့ကောင်းတယ်။ မီးသတ်တွေ ကြိုးစားငြှိမ်းနေကြတယ်။ ကျွန်တော်တို့ကလည်း ညစာကို အမြန်လေး စားပြီး ည ၁၁ နာရီ လှေနဲ့ သူဌေးကျွန်းကို ပြန်ခဲ့တယ်။

၅ သုံးလုံးတောင်မှာ မီးလောင်နေတာ ကြောက်ဖို့ကောင်းတယ်
နောက်တစ်နေ့ မနက်မှာတော့ မနက်စာ စားပြီး ကော့သောင်းကို ကူးလို့ ကော့သောင်းဈေးထဲ ငါးပိ စတဲ့ အစားလက်ဆောင်လေးတွေ ရှာဖွေဝယ်ယူလို့ ရန်ကုန်ကို MNA လေယာဉ်နဲ့ ပြန်ခဲ့ကြပါတယ်။ ထူးခြားလှပတဲ့ သဘာဝတရားတွေ မပျက်စီးသေးတဲ့ နေရာလေးတွေကို ရောက်ခဲ့ရတာဟာ ဘယ်လိုမှ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံကောင်းတွေပါပဲ။ ဒီခရီးစဉ်အတွက် ၄ ဦး သွားတာမို့ တစ်ဦးကို ၆၆၅,၀၀၀ ကျပ်နဲ့ လေယာဉ်၊ ဟိုတယ်၊ အစားအသောက်နဲ့ လည်ပတ်ခ အပြီးအစီး ကုန်ကျပါတယ်။ မပျက်စီးသေးတဲ့ သဘာဝတရားကို ခံစားဖို့ဆိုရင်တော့ ဒီနေရာလေးကို ရွေးချယ်လည်ပတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

သီဟလုလင်
၁၀ ဧပြီလ ၂၀၁၆

1 comments:

ko 9 said...

Tour Company လိပ်စာ လေး သိပါ၇စေ... :D