Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, April 22, 2016

မိုးကုတ်ကို တစ်ညအိပ် နှစ်ရက် ခရီးထွက်မယ်ဆိုရင်…



ကျွန်တော် ပြင်ဦးလွင်ကို ရောက်နေတုန်း၊ တစ်ခါမှ မရောက်ဖူးသေးတဲ့ မိုးကုတ်ကို သွားဖို့ စီစဉ်လိုက်တယ်။ မိုးကုတ်က ပြင်ဦးလွင်ကနေဆိုရင် ၈၄ မိုင်လောက်ပဲ ဝေးလို့ ၃ နာရီ ခရီးပဲ ရှိတာမို့ တစ်ညအိပ်ခရီးသွားဖို့ လုံလောက်တယ်လို့ ထင်မိတာကြောင့်လည်း ပါပါတယ်။ မိုးကုတ်ကို သွားဖို့ ပြင်ဦးလွင်က လွင်မိုး (ပြင်ဦးလွင် - မိုးကုတ်) ဗင်ကားအသင်းနဲ့ ချိတ်ဆက်ပြီး ကားစင်းလုံးငှားထွက်လာဖြစ်ခဲ့တယ်။ ပုံမှန်အားဖြင့် ရှေ့ခန်း တစ်သောင်းခွဲ၊ နောက်ခန်း တစ်သောင်း စသဖြင့် ရှိတတ်ပေမယ့် ဟိုမှာလည်ပတ်တဲ့အခါလည်း ကားလိုအပ်နိုင်လို့ အသွားအပြန် တစ်ခါတည်း ငှားထားလိုက်ပါတယ်။

မနက်စောစောထွက်နိုင်ရင်တော့ မိုးကုတ်ကို ဝင်ချိန်စောလို့ လည်ဖို့ ပတ်ဖို့အချိန်ရပေမယ့် ကျွန်တော်ငှားတဲ့ကားက ဘရိတ်အသစ်လဲတယ်ဆိုပြီး ၁၀ နာရီလောက်မှ လာခေါ်နိုင်ပါတယ်။ ပြင်ဦးလွင်-မိုးကုတ်လမ်းက အရမ်းသာယာပြီး လမ်းပိုင်းတော်တော်များများ ကောင်းပါတယ်။ လမ်းစဦးပိုင်းမှာတော့ ကားနှစ်စီးရှောင်သာတဲ့ အနေအထားရှိပေမယ့် တော်တော်လေး ခရီးရောက်လာတာနဲ့ လမ်းက ကျဉ်းလာလို့ ကားနှစ်စီးရှောင်ရန် မလွတ်တဲ့အနေအထားဖြစ်လာပြီး တစ်စီးစီးက လမ်းဘေးနည်းနည်းချမောင်းရတတ်ပါတယ်။ ဟိုနား ဒီနား ကွက်လောင်နေတဲ့ တောမီးတွေကလည်း မိုးကုတ်နား မရောက်ခင်ထိပါပဲ။ တခါတလေ မီးခိုးတလူလူနဲ့မို့ ကားမှန်ဖွင့်မောင်းရင် မျက်စိထဲဝင်ပြီး စပ်လို့ မျက်ရည်ကျတတ်ပါတယ်။




ဒီလမ်းပိုင်းမှာ အရေးကြီးတာ နှစ်ချက် ရှိပါတယ်။ တစ်ချက်က အဆင်းရှည်တဲ့ လမ်းပိုင်းတစ်ခုကို ဖြတ်သန်းတဲ့အခါ ကုန်းဆင်းကို လမ်းကလည်း ကောင်းလို့ အမြန်မောင်းမိတာနဲ့ ရုတ်တရက် ဂငယ်ကွေ့ပုံသဏ္ဍန်လမ်းကွေ့တစ်ခုကို ရုတ်တရက်တွေ့လိုက်ရရင် ရှောင်ဖို့ မမီတော့ဘဲ ချောက်ထဲ ထိုးကျသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလမ်းပိုင်းကို မမောင်းဘူးသေးတဲ့ အိမ်စီးကားတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။ သတိပြုစရာပါ။ ခုတော့ သတိပေးဆိုင်းဘုတ်တွေ အများအပြားထောင်ပေးထားသလို၊ ချောက်နေရာအကွေ့လေးမှာလည်း ကွန်ကရစ်တိုင်လုံးတွေနဲ့ သွပ်ပြားအကာတွေကို အဟန့်အတားလေးဖြစ်အောင် တည်ဆောက်ပေးထားပါတယ်။ နောက်တစ်ချက်ကတော့ ဒီလမ်းပိုင်းမှာ တစ်ခါတရံတွေ့ရတတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းက လူတွေပါ။ ဒီနယ်ကို သွားလာလှုပ်ရှားနေသူတွေအတွက်ကတော့ ရိုးနေပြီး အထာလည်း ညက်နေကြပါပြီ။ သို့ပေမယ့် အသစ်လာလည်တဲ့ ခရီးသွားတွေအနေနဲ့တော့ လန့်စရာရှိပါတယ်။ သတိပြုရမှာက သူတို့နဲ့တွေ့ရင်၊ သူတို့က ကားတားရင် ထွက်မပြေးဖို့ပါဘဲ။ သူတို့က တစ်ခါတရံ လူတွေကို စစ်ဆေးတတ်ပြီး ဟင်းဖိုး တောင်းတတ်ပါတယ်။ ၃၀၀၀ ကျပ်လောက် ပေးရတတ်ပါတယ်။ တစ်ခါတရံလည်း ဆေးလိပ်လိုမျိုးတွေ တောင်းတတ်ပါတယ်။ သူတို့တွေက ခရီးသွားတွေကို အန္တရာယ်အတင်းပြုမှာမဟုတ်လို့ ကြောက်စရာမရှိပေမယ့် လေးစားသမှုတော့ လိုချင်ကြပါတယ်။ ဒီအချက်ကိုလည်း သိထားဖို့ အရေးကြီးပါတယ်။

ကျွန်တော်ကတော့ အဲဒီသူတွေကို အရမ်းတွေ့ချင်ခဲ့ပေမယ့် အသွားရော အပြန်ပါ ဆုံတွေ့ခွင့်မရခဲ့ပါဘူး။ ကျွန်တော် မိုးကုတ် သွားတဲ့နေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် ဟိုခိုမြို့မှာ ဈေးနေ့ ရှိတာမို့ ရွာစုံက ဈေးသည်တွေနဲ့ စည်ကားနေတဲ့ ဈေးခင်းထဲ လျှောက်လည်ခွင့်ရခဲ့ပါသေးတယ်။ ဈေးနေ့က ဒီမြို့နဲ့ ရွာတွေမှာ ၅ ရက်တစ်ခါ ပြုလုပ်လေ့ရှိပြီး ဒေသခံတွေအနေနဲ့ ၅ ရက်စာ ကြိုတင်ဝယ်ယူလေ့ရှိကြပါတယ်။

နေ့လည်စာ ထမင်းကိုတော့ လမ်းတဝက်က နာမည်ကြီး ရှမ်းလမ်းဆုံ စားသောက်ဆိုင်မှာ စားဖြစ်ပါတယ်။ ဒီဆိုင်လေးကို လူတွေ တကူးတက ဝင်နားကြပါတယ်။ ဒီနယ်တွေမှာ သဘောကျတာတစ်ခုက အမှိုက်ကအစ အရမ်းဂရုစိုက်ကြတယ်။ စည်းကမ်းမဲ့ မပစ်အောင် သတိပြုကြတယ်။ ပြီးတော့ ရေအိမ် (အိမ်သာ) အရမ်းသန့်တယ်။ အဲဒီကနေမှ တစ်ခါ မိုင်းလုံး - မိုးကုတ် လမ်းဆုံမှာ ကားတွေ တစ်ထောက်နားကြတယ်။ ရေဖြည့် ရေဖြန်း တွေ လုပ်ကြပါတယ်။ ဒီနေရာမှာတော့ ရှမ်းလမ်းဆုံဆိုင်နေရာထက် ဆိုင်ခန်းတွေ လက်ဖက်ခြောက်၊ ခေါပုတ်၊ အသီးအနှံ့ရောင်းသူတွေနဲ့ ပြည့်နေပါတယ်။



မသွားခင်ကတည်းက မိုးကုတ်မြို့က ညီမငယ်တစ်ယောက်ကို လည်ပတ်ရမယ့်နေရာတွေ ကြိုတင်စုံစမ်းထားခဲ့လို့ သူ့ရဲ့ အကူအညီနဲ့ တော်တော်လေး နေရာစုံအောင်ကို ကြိုသိထားခဲ့တော့ လည်ရအဆင်ပြေသွားတယ်။ နေ့လည် ၁ နာရီလောက် မိုးကုတ်နားရောက်တော့ ခရီးအဆင်ပြေအောင် မြို့မဝင်ခင် လမ်းကြုံနေတဲ့ ကင်းချောင်းအပန်းဖြေစခန်းကို စပြီး လည်ခဲ့တယ်။ ကျွန်တော်က တစ်ညအိပ် နှစ်ရက်ခရီးလောက်ပဲမို့ အထူးအထွေ ဇိမ်ယူနေခွင့်တော့ သိပ်မရဘူးပေါ့။ ဒီကင်းချောင်းအပန်းဖြေစခန်းက ကင်းချောင်းရေတံခွန်လေးကြောင့်အတော်လေး စည်ကားနေတဲ့ နေရာပါ။ ရေတံခွန်တစ်ခုတည်းမဟုတ်ဘဲ အပန်းဖြေစရာစုံလင်အောင် ကလေးငယ်တွေအတွက် Kids Zone တွေ၊ လူကြီးတွေပါ စီးလို့ရတဲ့ တိုက်ကား၊ ပင်လယ်ဓါးပြလှေ၊ အာကာသ စတဲ့ ကစားစရာနေရာလေးတွေ ပြီးတော့ Sauna ချွေးထုတ်ခန်းတွေပါ စုံစုံလင်လင်ထည့်သွင်းတည်ဆောက်ထားတဲ့နေရာပါ။ ကာရာအိုကေ ဆိုတဲ့သူတွေလည်း များပြီး၊ 5D ရုပ်ရှင်ရုံလည်း ပါဝင်ပါတယ်။ ပျော်စရာအကောင်းဆုံးကတော့ ကင်းချောင်းရေတံခွန်နေရာကြီးပေါ့။ ရေပန်းလေးတွေ၊ အနားယူစရာ အိမ်ငယ်လေးတွေနဲ့ ပြင်ဆင်ထားပြီး ရေချိုး ရေကူးအပန်းဖြေသူတွေနဲ့ နွေရာသီမှာ စည်ကားနေပါတယ်။











အဲဒီမှာ ခဏအပန်းဖြေပြီးတော့ မိုးကုတ်ကို ဝင်ခဲ့တယ်။ မိုးကုတ်ရဲ့ ရာသီဥတုက ပြင်ဦးလွင်ထက်တောင် အအေးပိုနေတာမို့ နွေရာသီအပန်းဖြေဖို့ တကယ်ကောင်းတဲ့နေရာလို့ ဦးဆုံးမှတ်ချက်ချမိတယ်။ မိုးရွာတာနဲ့ ချက်ချင်းအေးသွားတတ်တဲ့ မိုးကုတ်မှာ ကျွန်တော်ရောက်တဲ့ညကတော့ အကြီးအကျယ် မိုးတွေခြိမ်း၊ မိုးကြိုးတွေပစ်ပြီး မိုးတွေရွာခဲ့တော့ နောက်တစ်နေ့မှာ တော်တော်လေး အေးနေတယ်။

မြို့ထဲရောက်တာနဲ့ အရင်ဆုံး မိုးကုတ်မြို့လယ်က ကန်တော်ကြီးကို စတွေ့ရတယ်။ အရင်သမ္မတလက်ထက်မှာ ပြုပြင်မှုတွေ လုပ်လိုက်တာမို့ ကန်က သေးသွားပြီး ပန်းခြံတစ်ခု ဖန်တီးနေပုံပေါ်နေတဲ့တိုင် ခုထိ လုပ်ငန်းတွေက လက်စမသတ်နိုင်သေးဘဲ၊ နည်းနည်းအလှပျက်နေတာ တွေ့ရတယ်။ သေသေချာချာလေး လုပ်လိုက်ရင်တော့ အရမ်းလှသွားမယ်လို့ ထင်မိပါတယ်။ အဲဒီကို ရောက်လက်စနဲ့မို့ မိုးကုတ် ဘီးတောင်ရပ်မှာ နာမည်ကြီးနေတဲ့ ဘီးတောင်ဆိုင်က မုန်ညင်းပေါင်း၊ မှိုပေါင်းတွေကို သွားစားကြည့်ပါတယ်။ ရောက်တဲ့အချိန်က ၃ နာရီထိုးခါနီးပေမယ့် လူတွေ စည်ကားနေပြီး မုန်ညင်းပေါင်းကို အားရပါးရ အားပေးနေကြတယ်။ ဝက်သားချဉ်လေးလည်း အရမ်းကောင်းပြီး ထူးထူးခြားခြား ဝက်သားချဉ်ကို ပဲပုပ်နဲ့ တည်ခင်းပေးပါတယ်။ အရင်စားဖူးတာတွေက ဂျူးမြစ်နဲ့ပဲ စားဖူးခဲ့တာပါ။ ခုတော့ ဂျူးမြစ်ရော ပဲပုပ်နဲ့ပါ စားရတာက ထူးခြားတဲ့ အရသာဖြစ်စေပါတယ်။ အဲဒီဆိုင်က ငှက်ပျောပူတင်းလည်း ရောက်ရင်စားခဲ့ပါ။ တော်တော်ကောင်းပါတယ်။







မိုးကုတ်မြို့က လမ်းမကြီးတစ်ခုကလွဲရင် ကျန်တဲ့လမ်းတွေက လမ်းကျဉ်းလေးတွေပါ။ ကုန်းတက်ကုန်းဆင်းလေးတွေနဲ့ အိမ်လေးတွေကို ကုန်းလေးတွေ၊ ချိုင့်လေးတွေမှာ လှလှပပ ဆောက်ထားကြပါတယ်။ အဲဒီကနေမှ တည်းမယ့် တည်းခိုခန်းကို အသွား၊ လမ်းမှာ လမ်းကြုံနေတဲ့ ဖောင်တော်ဦးဘုရားကို ဝင်ခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားက မြို့လယ်မှာ ရှိနေတာပါ။ ဖောင်ရဲ့ ဦးပိုင်းပုံစံဆောက်လုပ်ထားပြီး အောက်ခြေမှာတော့ အားကစားကွင်းတစ်ခု ရှိပါတယ်။



အဲဒီကနေ တည်းခိုခန်းကို ဝင်ပါတယ်။ ပထမတုန်းကတော့ ရွှေလိပ်ပြာဟိုတယ်မှာ တည်းမယ် စဉ်းစားပေမယ့် မြို့နဲ့ အရမ်းဝေးတဲ့နေရာမှာ ရှိနေတာမို့ မြို့ထဲနားက ဟိုတယ်သန့်သန့်လေး ကိုရှာတော့ ယမင်း ဧည့်ရိပ်မွန်ကို တွေ့သွားတယ်။ ဧည့်ရိပ်မွန်လို့ရေးထားပေမယ့် အခန်းအနေအထားက ဟိုတယ်၊ မိုတယ် တစ်ခုပမာပါပဲ။ ရေချိုးခန်းတွဲရက် သန့်ပြန့်တဲ့ အိပ်ခန်းကျယ်မှာ တီဗီ ပါဝင်ပြီး ရေပူ ရေအေး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း နှစ်ယောက်ခန်း တစ်ခန်းစာကို ၂၂၀၀၀ ကျပ်ပဲ ကျသင့်ပါတယ်။ မြို့ထဲမှာလည်းရှိပြီး ဈေးကလည်း ချိုသာလို့ တည်းခိုသူတွေ အမြဲပြည့်နေတတ်ပါတယ်။ ကျွန်တော်ကတော့ အဆင်ပြေစွာပဲ နှစ်ယောက်ခန်း ကုတင်ကြီးနဲ့ ရပါတယ်။



ခရီးပန်းထားတာကို ရေမိုးချိုး အဝတ်လဲပြီးတာနဲ့ အရင်ဆုံး မိုးကုတ်ရှုခင်းသာ (Viewpoint) ကို ထွက်လာခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာ လေတအားတိုက်နေပါတယ်။ မိုးကုတ်မြို့ကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်းလေးက ခရီးပန်းသမျှကို ပြန်လန်းဆန်းသွားစေတာတော့ အမှန်ပါ။ တဘက်က စိမ်းစိုနေတဲ့ တောင်တန်းကြီးကြောင့်လည်း ပါမှာပေါ့လေ။ ဒီရှုခင်းသာမှာလည်း လူငယ်တွေနဲ့ ပြည့်နေတယ်။ ဆိုင်ကယ်တဝီဝီနဲ့ မုန့်လာစားကြတယ်။ ဘာရောင်းလဲ ကျွန်တော် သေချာ မကြည့်ဖြစ်လိုက်ဘူး။ ဗိုက်လည်း မဆာတာကြောင့်ပါ။ ခေါက်ဆွဲလို့တော့ ထင်တာပါပဲ။ ဒီအပေါ်မှာ ခဏအချိန်ဖြုန်းပြီးတာနဲ့ မိုးကုတ်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ထာပွဲရှိတဲ့နေရာကို သွားခဲ့တယ်။ ပန်းခြံထာပွဲဈေးက ညနေအတော်စောင်းပြီမို့ ပိတ်သွားပြီ။ ထာပွဲဈေးထဲမှာ ကျောက်ရောင်းကျောက်ဝယ်သမားတွေ မတွေ့ရတော့ဘူး။ အဲဒီကနေမှ မိုးကုတ်မြို့ကို အနီးကပ်အပေါ်စီးက မြင်နိုင်တဲ့ ချမ်းသာကြီး ဘုရားကို သွားပြန်တယ်။ ချမ်းသာကြီးဘုရားကို ခရစ်နှစ် ၁၅၃၈ ခုနှစ်က ပြည်ဘုရင်မင်းခေါင် တည်ခဲ့တာမို့လို့ ခုဆို ၄၇၈ နှစ်သက်တမ်းတောင် ရှိနေပါပြီ။ မိုးကုတ်ကို ရောက်ရင် သွားရောက်လေ့လာသင့်တဲ့နေရာဖြစ်သလို၊ ချမ်းသာကြီးဘုရားပေါ်ကနေ မြို့ကို ကြည့်ရတာကလည်း ဟိုဘက် Viewpoint မှာ ကြည့်ရတဲ့အရသာနဲ့ မတူတာကို သိရပါလိမ့်မယ်။





အဲဒီနေရာတွေလောက်ပဲ လည်ချိန်ရတော့တာမို့ ည ၆ နာရီကျော်လောက်မှာ မိုးကုတ်မြို့ရဲ့ နာမည်ကျော် ညဈေး ရှိရာကို ချီတက်ခဲ့ပါတယ်။ ညဈေးက ညနေစောစောပိုင်းမှ စခင်းတာပါ။ မနက်ပိုင်းဆိုရင် အဲဒီနေရာမှာ ခုလို ဆိုင်ခန်းတွေ ရှိတယ်ဆိုတာ မသိသာလှပါဘူး။ ညနေပိုင်းမှာတော့ ရောင်းသူ၊ စားသူတွေနဲ့ စည်ကားနေပါတယ်။ အကြော်စုံ၊ ထမင်းဟင်းစုံ၊ အကင်စုံဈ အသုပ်စုံ၊ အပြုတ်စုံ စသဖြင့် စားစရာတွေချည်း ရောင်းချတဲ့နေရာလေးပါ။ ရောက်တုန်းရောက်ခိုက် ကျွန်တော်ကတော့ မိုးကုတ်ထမင်းပေါင်းကို စားကြည့်ခဲ့ပါတယ်။ မိုးကုတ်ထမင်းပေါင်းက ရန်ကုန်ထမင်းပေါင်းနဲ့လည်းမတူ၊ မန္တလေးထမင်းပေါင်းနဲ့လည်းမတူဘဲ တစ်မျိုးလေးကွဲထွက်နေပါတယ်။ ငရုတ်ဆီလား ဘာလား မသဲကွဲတဲ့ ဆီတစ်မျိုးနဲ့ ထမင်းကို နယ်ပါတယ်။ ပြီးတော့ ဝက် အသား၊ ခေါင်း အစုံကို ထမင်းပေါ် ဖြူးချပြီး ကြက်ဥပြုတ် တစ်ခြမ်းနဲ့ ပွဲပြင်ပေးပါတယ်။ ဝက်သားမစားရင်တော့ ကြက်ကြော်နဲ့ မြေပဲကြော် ဖြူးပြီး ပွဲပြင်ပေးတယ်။ ညရောက်လာလေ ညဈေးက ပိုစည်ကားလာလေပါပဲ။

















မိုးကုတ်မှာက ညဘက်လည်စရာ မရှိတော့ စောစော တည်းခိုခန်း ပြန်နားလိုက်တယ်။ ညနည်းနည်းနက်လာရော မိုးကြီးလေကြီး ချပါလေရော။ အိပ်ကောင်းချက်ဆိုတာ မပြောပါနဲ့။ အခန်းတွေက အဲကွန်း မလိုဘဲကို အေးမြနေတော့တာ။

နောက်တနေ့ မနက်မှာတော့ ယမင်းဧည့်ရိပ်သာ ရှေ့က နေဝန်းနီ လက်ဘက်ရည်ဆိုင်မှာ မနက်စာစားကြတယ်။ အဲဒီဆိုင်က အီကြာကွေးနဲ့ ထပ်တရာမုန့်တွေ အရမ်းကောင်းပါတယ်။ စောစောထနိုင်မှ စားရမှာပါ။ မနက် ၈ နာရီလောက်ဆို ကုန်သွားတတ်ပါတယ်။ မနက်စာ စားပြီးတာနဲ့ ဟင်းရွက်ဈေးတစ်ခုဖြစ်တဲ့ အောင်ချမ်းသာဈေး၊ ပတ္တမြားဈေးဘက်ကို ထွက်လာတယ်။ မိုးကုတ်မြို့က မနက်ဈေးလေးက လူတွေစည်စည်ကားကားပဲ။ စကားဝဲနေတဲ့ ရောင်းသူတွေရဲ့ ဈေးခေါ်သံကလည်း ညံနေတာပါပဲ။ လတ်ဆတ်တဲ့ ဟင်းရွက်တချို့ကို အိမ်အပြန်လက်ဆောင်အနေနဲ့ ဝယ်သွားချင်တာလည်း ပါတော့ လျှောက်ကြည့်ဖြစ်တယ်။ ခရုကြီးတွေကို ခရုဟင်းချက်စားချင်စရာ ရောင်းနေတာ တွေ့ရတယ်။ ဒေသထွက် လက်ဖက်စို၊ လက်ဖက်ခြောက် မျိုးစုံ ဝယ်ဖြစ်ခဲ့တယ်။







ဈေးပတ်ရတာ မောတော့ ခဏနားတဲ့အနေနဲ့ မိုးကုတ်မြို့ရဲ့ နာမည်ကျော် ဒေါ်ရှန်ဆိုင်မှာ ထိုင်ဖြစ်ခဲ့တယ်။ ဒေါ်ရှန်ဆိုင်မှာက မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ဒံပေါက်၊ ကြက်ဆီထမင်း အစုံအလင်ရပါတယ်။ သူတို့ဆိုင်က မြီးရှည်လက်ရာလေးက တစ်မျိုးကွဲပြားနေပါတယ်။ ဝက်သားချဉ်လည်းကောင်းသလို၊ အိုးလေးနဲ့တည်ခင်းပေးတဲ့ အိုလေးဒိန်ချဉ်လည်း ကောင်းပါတယ်။ ထူးထူးခြားခြား ချဉ်စော်ခါးသီးထမင်းကြော် လည်း ရသလို၊ ဆေးဖက်ဝင် အာတာလွတ်မှုန့်ရည်လည်းရပါတယ်။








အဲဒီမှာ ဗိုက်ဖြည့်ပြီးတာနဲ့ မိုးကုတ်အနောက်ပိုင်းလို့ ခေါ်တဲ့ ကျပ်ပြင်ဘက်ကို ထွက်ခဲ့ကြပါတယ်။ မိုးကုတ်အနောက်ပိုင်းသာဆိုတယ် အတော်လေး သွားယူရပါတယ်။ ကျပ်ပြင် ကလည်း မြို့ကြီးတစ်မြို့စာလောက်ကို ကျယ်ပြန့်တဲ့ဒေသလေးပါ။ ဒီနေ့မှာ ပထမဆုံးလည်ဖြစ်သွားတာက မြို့ဦးလွင် ဘုန်းကြီးကျောင်းကိုပါ။ နာမည်ကျော်ဘုန်းတော်ကြီးတွေ အများအပြားး မွေးထုတ်ပေးရာဌာနလည်း ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်နေတဲ့ ကျောင်းဝင်းအတွင်းမှာ ထူးခြားတဲ့ စေတီတည်ထားပုံကိုလည်း တွေ့ရပါမယ်။








အဲဒီကနေမှ ဒေါ်နန်းကြည်တောင် (မယ်နန်းကြည်တောင်) ကို တက်ကြပါတယ်။ အဲဒီမတိုင်ခင် ပင့်ကူတောင်ဆိုတာ ရှိပေမယ့် ကားသွားဖို့ခက်ခဲပြီး ခြေလျင်ဝေးဝေးသွားရတာမို့ အဲဒီတောင်ကိုတော့ မတက်တော့ဘဲ ဒေါ်နန်းကြည်တောင်ကို တက်ခဲ့ကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့်  ၅၂၇၇ ပေမှာ ရှိနေတဲ့ ဒေါ်နန်းကြည်တောင်မှာ စေတီတစ်ဆူ တည်ထားတာကို ဖူးမြင်ရပြီး တောင်ပေါ်ကနေ လှပတဲ့ တောင်တန်းကြီးနဲ့ လယ်ကွင်းတွေကို တစ်ဘက်ခြမ်းမှာ တွေ့ကြရပါတယ်။ တစ်ဘက်မှာတော့ ကျယ်ပြောလှတဲ့ ကျပ်ပြင် (မိုးကုတ်အနောက်ပိုင်း) ဒေသကြီးကို တအံ့တသြတွေ့မြင်ရမှာပါ။ အချိန်ရရင်တော့ ဒေါ်နန်းကြည်တောင်က ပြန်ဆင်းတဲ့လမ်းပေါ်မှာရှိတဲ့ အေးရိပ် ဆိုတဲ့ ဆိုင်လေးမှာလည်း အစားအသောက်တွေ စားသုံးလို့ အပန်းဖြေခဲ့ပါဦး။ လက်ရာကောင်းတယ်ပြောပါတယ်။ ကျွန်တော်ကတော့ အချိန်မရလို့ မဝင်ခဲ့တော့ဘူး။









ဒေါ်နန်းကြည်တောင်ကနေ နောက်ထပ် အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်ပြာသာဒ်ကို ထွက်လာခဲ့ပါတယ်။ တစ်နေရာနဲ့ တစ်နေရာ အတော်လေးကားမောင်းရပြီး၊ လမ်းမှာတွေ့မြင်ရတဲ့ ရွာလေးတွေကလည်း ထူးခြားလှပပါတယ်။ တောင်စောင်းလေးတွေမှာ မေးတင်ဆောက်ထားတဲ့ အိမ်လေးတွေမှာ နေထိုင်ကြတာ အသည်းယားစရာပါ။ ရွာတိုင်း သန့်ရှင်းလှပနေတာကတော့ ချီးကျူးစရာပါပဲ။ ဆိတ်ငြိမ်အေးချမ်းမှုလည်း ရှိပါတယ်။ ကျောက်ပြာသာဒ်ကလည်း စေတီတည်ထားတဲ့နေရာတစ်ခုဖြစ်ပြီး ကျောက်တောင်ကြီးပေါ်မှာ ကျောက်တောင်ပြေပြစ်တဲ့နေရာတွေတိုင်း ရင်ပြင်အသေးလေးတွေ ဖန်တီးပြီး စေတီနဲ့ ဆင်းတုလေးတွေ တည်ထားတာတွေ့ရပါတယ်။ ရင်တဖိုဖိုနဲ့ တောင်တက်ကြရမှာပါ။ အဆင့်တိုင်းမှာ ရှုခင်းကြည့်ဖို့နေရာကောင်းလေးတွေရှိပြီး ပတ်ဝန်းကျင် ရွာလေးတွေနဲ့ တောင်တန်းကြီးတွေကို မြင်တွေ့နိုင်ပါတယ်။ မြို့ပြရဲ့ မွန်းကြပ်မှုတွေ လွင့်ပါးသွားပါလိမ့်မယ်။ အပေါ်ဆုံးစေတီပေါ်ကိုတော့ အမျိုးသားတွေပဲ တက်ရောက်ခွင့်ရတာမို့ အမျိုးသမီးတွေလည်း ဖူးမြော်နိုင်ဖို့ ပုံတင်ပေးလိုက်ပါတယ်။ အဲဒီ ကျောက်ပြာသာဒ်မှာ ရှိတဲ့ ကျောက်ရောင်းတဲ့ဆိုင်လေးတွေက ဈေးချိုပါတယ်။ ဈေးဆစ်လို့လည်း ရပါသေးတယ်။







ဒီနေရာကနေမှ သိပ်မကြာခင်ကမှ နာမည်ကြီးလာတဲ့ ဂွေးပင်လှိုဏ်ဂူ (ဝေဿန္တရာလှိုဏ်ဂူတော်) ကို ခရီးဆက်ခဲ့ကြတယ်။ ဖွင့်ပြီး သိပ်မကြာခင်ပဲ အဲဒီလှိုဏ်ဂူကို ပြန်ပိတ်လိုက်ကြတယ်ပြောပါတယ်။ အရင်ကတော့ အတွင်းအထိ ဓါတ်မီးနဲ့ ဆင်းလို့ရပေမယ့် အတွင်းမှာ ရှိနေတဲ့ ကျောက်ထွက်တဲ့နေရာတစ်ခုမှာ ရွာနီးစပ်ချုပ်ကလူတွေ လာလာ ယူကြလို့ဆိုပြီး အတွင်းကို ဆင်းခွင့် ပြန်ပိတ်လိုက်တယ်ပြောပါတယ်။ ဘုန်းကြီးကျောင်းလေးတစ်ခုနဲ့အတူ ဘုရားဆင်းတုတွေ အတွင်းမှာ ထည့်သွင်းထားတဲ့ ဂူအဝနေရာလေးအထိတော့ ဝင်ခွင့်ရခဲ့ပါတယ်။











အဲဒီကနေမှ မိုးကုတ်မြို့ထဲကို ပြန်လာပြီး လူထု စားသောက်ဆိုင်မှာ တရုတ်စာ နေ့လည်စာ စားကြတယ်။ လက်ရာလေးကောင်းပေမယ့် ဟင်းပွဲတွေကို မိနစ် ၃၀ ကြာ အချိန်ယူပြင်ဆင်တတ်တာမို့ ထမင်းမဆာခင် ကြိုသွားကြပါ။ အဲဒါအပြီးတော့ မိုးကုတ်က မပြန်ခင် အိမ်မြန်လက်ဆောင်ကို မိုးကုတ်ဈေးကြီးအပြင်ဘက်မှာ ရှိတဲ့ မိုးကုတ်ပဒေသ ဆိုင်ကနေ လက်ဖက်ညွှန့်နှပ်၊ ချဉ်စပ်နှပ်၊ နှစ်ပြန်ကြော်တွေ ဝယ်လို့ ပြင်ဦးလွင်ကို ပြန်ခဲ့ပါတယ်။ ခရီးစဉ်အတွက် ကားခ ၁သိန်း၂သောင်း၅ထောင်ပဲ ကုန်ကျပါတယ်။





မိုးကုတ်မှာ ခရီးသွားတွေအတွက် လေ့လာချင်စရာ၊ စိတ်ဝင်စားစရာ လည်ပတ်စရာနေရာများစွာရှိနေသလို၊ အစားအသောက်ကောင်းတွေ၊ နေထိုင်လို့ကောင်းတဲ့ ရာသီဥတုနဲ့ ကူညီတတ်တဲ့ ဒေသခံတွေရဲ့ ဖောရွေမှုတွေရှိနေလို့ ပတ္တမြားမြေအဖြစ်တင်စားကြတဲ့ ဒီဒေသလေးကို တစ်ခါလောက်တော့ဖြင့် ရောက်အောင်သွားသင့်ပါတယ်ဗျာ။ ဒီခရီးမှာ အစစ လမ်းညွန်အကြံပေးတဲ့ ဒေသခံ ညီမငယ် နှင်းအိခိုင် ကိုလည်း အထူးကျေးဇူးတင်ကြောင်းပါ မှတ်တမ်းတင်ပါတယ်ဗျာ။

သီဟလုလင်
၂၂ ဧပြီလ ၂၀၁၆

0 comments: