Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 16, 2013

နားဆင်ချင်စရာ


ဒီတစ်လောတော့ အမြဲလိုလို Music Review စာလေးတွေကို ပြန်စုစည်းပြီး တင်ပေးဖြစ်နေတယ်။ ကျွန်တော့ Blog လေးကို ပစ်ထားခဲ့တာလည်း ကြာပြီဆိုတော့ နည်းနည်းလေး ပြန်ပြီး လှုပ်လှုပ်ရှားရှားလေး ဖြစ်စေ ချင်လို့ပါ။ ကျွန်တော်က အမြဲလိုလို ဒီလိုစာလေးတွေကို The Chic မဂ္ဂဇင်းအတွက် ရေးပေးဖြစ်နေပါတယ်။ အရင်ကတော့ မဂ္ဂဇင်းတော်တော်များများမှာ ရေးသေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်တော့ဘဲ ခု ဒီ The Chic မဂ္ဂဇင်းတစ်ခုမှာပဲ ဆက်ရေးဖြစ်သွားတယ် ဆိုရမှာပဲ။

ဒီနေ့လည်း နိုင်ငံတကာ အယ်လ်ဘမ် နှစ်ခု အကြောင်း တင်ဖြစ်သွားပြန်ပါပြီ။ ဒီအကြောင်းတွေကိုလည်း The Chic မဂ္ဂဇင်းမှာ ဖော်ပြပြီးသားပါ။ ကျွန်တော့ Blog မှာ ပြန်ပြီး သိမ်းတဲ့အနေနဲ့ တင်ဖြစ်သွားတာပါ။ ဒီကဏ္ဍ အတွက် ကျွန်တော့ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တဲ့ S N' W တေးထုတ်လုပ်ရေး CDII က ဦးစိုးအောင် နဲ့ မိသားစု၊ မသီတာ တို့ကို အထူး ကျေးဇူးတင်ရှိပါတယ်။

Kiss (CARLY RAE JEPSEN)


Call Me Maybe သီချင်းနဲ့ တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးနေကြတဲ့ တေးသံရှင်မလေး Carly Rae Jepsen ရဲ့ Call Me Maybe သီချင်းပါဝင်တဲ့ တေးအယ်လ်ဘမ် Kiss ဖြစ်ပါတယ်။ လူငယ်ပီပီ လူငယ်ကြိုက်သီချင်းပုံစံလေးတွေ ဖြစ်တဲ့ Dance-Pop ဂီတပုံစံလေးတွေကို ရွေးချယ်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်ကို စက်တင်ဘာလ (၁၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး သီချင်းစုစုပေါင်း (၁၆) ပုဒ် ပါဝင်ထားပါတယ်။ သီချင်း (၁၆) ပုဒ်ထဲက နောက်ဆုံး (၃) ပုဒ်ဖြစ်တဲ့ Wrong Feels So Right, Sweetie နဲ့ I know you have a girlfriend သီချင်းတွေကတော့ အပိုလက်ဆောင်ထည့်ပေးထားတဲ့ Bonus Track တွေပဲဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ထူးထူးခြားခြား Justin Biber နဲ့ Owl City တို့က စုံတွဲသီချင်းတွေ တွဲဖက်သီဆိုပေးထားပါသေးတယ်။ ဒါကြောင့်လည်း လူငယ်တွေကြားမှာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာပါ။ Owl City နဲ့ Good Time သီချင်းမှာ အတွဲညီညီ သီဆိုခဲ့တာမို့ လက်တလော လူကြိုက်များနေပြီး Justin Bieber နဲ့ Beautiful ဆိုတဲ့ သီချင်းကို စုံတွဲသီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ခေါင်းစီးသီချင်း အနေနဲ့ ပါဝင်လာခြင်းမရှိဘဲ။ နီးနီးစပ်စပ်အဖြစ် This Kiss ဆိုတဲ့ သီချင်းတော့ ပါဝင်လာပါတယ်။ ဒီသီချင်းဟာ Call Me Maybe နဲ့ Good Time အပြီး တတိယမြောက်အဖြစ် တစ်ပုဒ်ချင်းစင်ဂယ်လ်သီချင်း ထွက်ရှိနိုင်ခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ဒီနှစ်အတွင်းမှာပဲ EP အဖြစ်ထွက်ရှိခဲ့တဲ့ Curiosity တေးအယ်လ်ဘမ် ရဲ့ အဆက်အဖြစ်ထွက်ရှိခဲ့တာဖြစ်ပြီး ဒီခေါင်းစီးသီချင်းလေးလည်း ဒီဘက်ခွေထဲမှာ ပြန်လို့ ပါဝင်လာပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ သူမက Studio Album အဖြစ် ခေါ်ဝေါ်သမုတ်ထားပါတယ်။ သီချင်းကောင်းလေးတွေများစွာ ပါဝင်လို့ ဒီတေးအယ်လ်ဘမ်ဟာ US Billboard 200 စာရင်းမှာ နံပါတ် (၆) နဲ့ UK Album Chart စာရင်းမှာ နံပါတ် (၉) နေရာတွေ အသီးသီး ရရှိထားတာ တွေ့ရပါတယ်။ သီချင်းအဆိုကောင်း၊ အရေးကောင်းတဲ့ အနုပညာရှင်လက်သစ်လေးရဲ့ ထူးခြားကောင်းမွန်ပြီး လူငယ်ဆန်တဲ့ တေးအယ်လ်ဘမ်လေးကို နားဆင်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။


Kiss (CARLY RAE JEPSEN) Album Mini-Info
ဂီတအမျိုးအစား
Pop, Dance-Pop, Disco-Pop
လူကြိုက်များသည့်သီချင်းများ
1. Call Me Maybe
2. Good Time
3. Beautiful



Truth Be Told Part 1(GREYSON CHANCE)

ဂီတအမျိုးအစား - Pop, Pop Rock
လူကြိုက်များသည့် သီချင်းများ - Sunshine & City Lights, You Might Be The One

အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေကြတဲ့ ကမ္ဘာကျော်တေးသံရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Greyson Chance ရဲ့ တေးအယ်လ်ဘမ်အသစ်ပါ။ ဒီတေးအယ်လ်ဘမ်ကတော့ Part 1, Part 2 ဆိုပြီး ခွဲထွက်ပုံရပါတယ်။ လောလောဆယ်တော့ Part 1 ကိုပဲ နားဆင်ဖြစ်သေးပြီး သီချင်းပုဒ်ရေက ထူးခြားစွာပဲ (၅) ပုဒ်တည်း ပါဝင်ပါတယ်။ (၅) ပုဒ်ဆိုပေမယ့်လည်း ပြောစရာဖြစ်လောက်အောင် ကောင်းမွန်ပါတယ်။ ဒီတေးသံရှင်လေးက သူ (၆) တန်းတက်နေချိန်လောက်မှာ Lady GaGa ရဲ့ Paparazzi သီချင်းကို စင်ပေါ်မှာ သီဆိုပြီး You Tube ကနေ လွှင့်တင်ခဲ့တာကြောင့် နာမည်ရလာသူလေး ဖြစ်ပါတယ်။ ရှေ့မှာလည်း Hold On ‘Til The Night တစ်ကိုယ်တော်အယ်လ်ဘမ်ကို သြဂုတ်လ ၂ ရက်၊ ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ခု ဒီတေးအယ်လ်ဘမ်ကို သီချင်း (၅) ပုဒ်တည်းနဲ့ ဖြန့်ချိခဲ့တာလည်း ထူးခြားမှု ရှိနေပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့သီချင်းတွေကတော့ Sunshine & City Lights, You Might Be The One, Lella, California Sky နဲ့ Take My Heart တို့ပဲ ဖြစ်ပါတယ်။ ချစ်စဖွယ် အသံလေးနဲ့ ပင်ကိုယ်ပါရမီ ပြည့်ဝသူလေးရဲ့ တေးအယ်လ်ဘမ်သစ်ကတော့ လူငယ်ပရိတ်သတ်တွေ အထူးသဖြင့် ဆယ်ကျော်သက် ပရိတ်သတ်တွေကို အများကြီး ဆွဲဆောင်မှုပေးစွမ်းနိုင်မှာ သေချာပါတယ်။ အချစ်သီချင်းကောင်းလေးတွေလည်း ဖြစ်တာမို့ ခုလို ဖေဖော်ဝါရီလ ဆယ်ကျော်သက်လေးတွေ ရင်ခုန်သံမြန်တဲ့ကာလလေးနဲ့လည်း တိုက်ဆိုင်လိုက်ဖက်နေပါတယ်။ နားဆင်ရင်ခုန်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

သီဟလုလင်

Friday, February 15, 2013

Samsung GALAXY GRAND (သို့မဟုတ်) အားလုံးကြိုက်မယ့် မျက်နှာပြင်ကျယ်ကျယ်


“Samsung ဖုန်းတွေကို သုံးချင်ပါတယ်။ ဒါပေမယ့် ဈေးကြီးတယ်။”
 
“လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကတော့ တကယ့်ကို အားရစရာ၊ သဘောကျစရာကြီး။ ခက်တာ အဲဒီ Samsung ဖုန်းဝယ်ဖို့ ပိုက်ဆံအများကြီး စုရဦးမယ်။”

“ဈေးကြီးတဲ့ဖုန်းကျပြန်တော့လည်း ဝယ်ကိုင်ရမှာ နှမြောတယ်။ သူများတွေ ဟိုဟာ ဒီဟာလေးတွေ အဆန်းအပြား လုပ်ကြတော့လည်း လုပ်ကြည့်ချင်ပြန်ရော။ ဈေးသက်သာတာလေး ဝယ်ပြန်တော့လည်း ဖုန်းသေးသေးလေးပဲရတယ်။ တရုတ်ဖုန်းတွေပဲ ကိုင်နေရတယ်။ ကိုင်ချင်တာပေါ့ Samsung ကို။”

နေ့စဉ်လိုလို ဘာရယ်မဟုတ် ဟိုနား ဒီနားသွားရင် ကြားနေရတဲ့ အသံအပိုင်းအစလေးတွေက ကျွန်တော့ အတွေးထဲက မထွက်နိုင်ဘူး။ Samsung ဖုန်းတွေက ဈေးအနည်းငယ် ကြီးတယ်လို့ ထင်ရပေမယ့်၊ တကယ်တော့ ဈေးကြီးတယ်ဆိုတဲ့ အထဲမှာ မပါပါဘူး။ ကိုယ် ပေးဝယ်လိုက်ရတာနဲ့ ထိုက်တန်တဲ့ အရည်အသွေး၊ စွမ်းဆောင်ချက်နဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်နိုင်စွမ်းတွေ ပါရှိနေပါတယ်။ Samsung ရဲ့ တကယ့်သဘောထားက လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ အဆင့်မြင့်အသိဉာဏ်ကြွယ်တဲ့ ဖုန်းတွေ အသုံးပြုနိုင်စေချင်တာပါ။

Samsung ကနေလည်း မကြာခဏဆိုသလို ဆန်းသစ်တဲ့ နည်းပညာသစ်တွေ ပေါင်းစပ်လို့ စမတ်ဖုန်း ချစ်သူတွေအတွက် ဖုန်းအသစ်အဆန်းလေးတွေ ထုတ်လုပ်ပြနိုင်ခဲ့ပါတယ်။ ခုလည်း Samsung GALAXY Grand ကို ပြည်တွင်းဈေးကွက်မှာ အောင်မြင်စွာရောင်းချနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာပြည်ဈေးကွက်ထဲကို ရောက်ရှိလာခဲ့တာပါ။ ဈေးနှုန်းအားဖြင့်လည်း အံ့အားသင့်စရာ ချိုသာသလို၊ ပုံစံလေးကလည်း သွက်ပါတယ်။ ခု ပုံမှမြင်ရတဲ့အတိုင်း၊ GALAXY Grand ဟာ Note II အသေးစားလေးလို ချစ်စဖွယ် လှပနေတာပါ။ ခုခေတ်က ဖုန်းမျက်နှာပြင်ကျယ်ကျယ်၊ ဖုန်းကြီးကြီးတွေ ကိုင်မှ ခေတ်အကြိုက် ဖြစ်တာလေ။ လူတိုင်းက ဖုန်မျက်နှာပြင်ကျယ်ကျယ် ကို သူတို့ရဲ့ အင်တာနက်ချိတ်ဖို့၊ အီးမေးလ်သုံးဖို့၊ လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေ သုံးဖို့အတွက် သဘောကျနေကြတာကိုး။ ဒီတော့လည်း Samsung ရဲ့ GALAXY Grand က ခေတ်အကြိုက် ၅ လက်မ မြင်ကွင်းကျယ်နဲ့ ဈေးကွက်ထဲ ရောက်လာတာပါ။

Note II နဲ့ SIII တို့လိုပဲ Multi Window အသုံးပြုနိုင်တာကလည်း ထူးခြားချက်ပါပဲ။ အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်တယ်လေ။ အီးမေးလ်ကြည့်ရင်း မက်ဆေ့ခ်ျပို့မလား၊ လူမှုကွန်ယက်ဆိုက်ဒ် တစ်ခုခု သုံးနေရင်း ဓါတ်ပုံရှာမလား။ မျက်နှာပြင်ကျယ်ကျယ်မှာ တစ်ပြိုက်နက် လုပ်ဆောင်နိုင်နေပြီ။ ဒီလို သွက်သွက်လက်လက် လုပ်ဆောင်နိုင်ဖို့ကို 1.2 GHz Dual Core CPU က အကောင်းဆုံး ပံ့ပိုးပေးထားပြီး နောက်ဆုံးပေါ် Android OS version ဖြစ်တဲ့ Jelly Beam 4.1.2 ကြောင့်လည်း အစစ အရာရာ ပိုပြီး အဆင်ပြေ သုံးရလွယ်ကူစေပါတယ်။ ဘက်ထရီကလည်း ၂၁၀၀ mAh မို့ အသုံးခံတာလည်း သဘောကျစရာ တွေ့ရမှာပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက SIM card နှစ်ခုကို တစ်ပြိုင်နက် ထည့်သွင်းနိုင်တာပဲ။ သိပ်မကြာခင်ဆို SIM Card ဈေးတွေကလည်း ကျဦးမယ်လို့ ကြားနေရတော့ SIM card နှစ်ခုထည့်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားထားနိုင်ပြီ။ ဒါမှမဟုတ်လည်း ပြည်တွင်းမှာ သုံးနေတဲ့ SIM card နဲ့ နိုင်ငံခြားတိုင်းပြည် တွေ ရောက်လို့ ဝယ်သုံးတဲ့ SIM card နှစ်ခုကို တစ်ပြိုင်နက် သုံးနိုင်လို့ ကိုယ့် SIM card ကို နိုင်ငံခြားရောက်ရင် ဖြုတ်သိမ်းထားရတဲ့ ဒုက္ခလည်း ငြိမ်းပြီပေါ့။

မှတ်တမ်းတင်ဖို့ကတော့ ကင်မရာ 8MP အကောင်းစားနဲ့မို့ သာမန် ဒီဂျစ်တယ်ကင်မရာတွေလောက်တော့ အသာလေးပါပဲ။ လူမှုကွန်ယက်တွေမှာ ဝေမျှဖို့ ကိုယ်ပုံအလန်းစားလေး ရိုက်မယ် ဆိုလည်း ရှေ့မျက်နှာစာမှာ 2MP ကင်မရာထပ်ပါသေးတာမို့ ကိုယ့်ရဲ့ အလှပဆုံးမျက်နှာ အနေအထားကို ကိုယ်တိုင်ချိန်ဆရှာဖွေလို့ သိမ်းဆည်းထားနိုင်ပြီ။ သိမ်းဆည်းထားနိုင်ဖို့အတွက် Internal Memory က 8GB ပါဝင်ပြီး microSD card ကို 64 GB ထိ ဆိုက်နိုင်တယ်ဆိုတော့ ထူးခြားတာပေါ့။ RAM ကတော့ 1GB မို့ မြန်ချက်ပဲဗျို့။ ဗီဒီယို ရိုက်ကူးမယ်ဆိုလည်း 1080p 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

အင်တာနက်အတွက်တော့ Data နဲ့ လည်းသုံးနိုင်သလို Wi-Fi နဲ့လည်း အသုံးပြုနိုင်မှာပါ။ အသင့်ထည့်သွင်းပေးထားတဲ့ Application တွေကလည်း များမှများပါပဲ။

ဈေးနှုန်းကလား… အံ့သြသွားမယ်ထင်တယ်… ဘယ်လောက်ချိုသာသလဲဆိုတာ…

ကိုယ်တိုင်ပဲ ကျွန်တော်တို့ Samsung Mobile Brand Shop တွေဆီမှာ လာရောက်မေးမြန်းစုံစမ်း ဝယ်ယူလှည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

သြော်… မတ်လ (၁၀) ရက်နေ့မတိုင်ခင် ဝယ်ထားမယ်ဆိုရင် Samsung ရဲ့ GALAXY Lucky Draw Festival မှာ ပါဝင်လို့ရမှာမို့ တန်ဖိုးကြီး Samsung Electronics နဲ့ Mobile ပစ္စည်းတွေနဲ့ ကိုးရီးယားခရီးစဉ်တွေ ရရှိနိုင်မယ့် အခွင့်အရေးတွေ လက်တကမ်းမှာ ရှိနေပါတယ်လို့ ကြေငြာမောင်းခတ်လိုက်ပါရစေခင်ဗျာ။

သီဟလုလင်
၁၄ ဖေဖော်ဝါရီ ၂၀၁၃

Wednesday, February 13, 2013

နားဆင်ချင်စရာ


ဒီနေ့မှာလည်း နားဆင်ချင်စရာကောင်းမယ့် နိုင်ငံတကာသီချင်းအယ်လ်ဘမ်လေးတချို့ကို ကျွန်တော် ရေးသားခဲ့တဲ့ The Chic မဂ္ဂဇင်းရဲ့ To Listen ကဏ္ဍ ကနေ ကောက်နုတ် ဖော်ပြပေးချင်ပါတယ်။ ဒီကဏ္ဍလေးအတွက် ကျွန်တော့ကို အမြဲ ပံ့ပိုးပေးခဲ့တဲ့ S n' W တေးထုတ်လုပ်ရေး CDII ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။

Scandinavia (MICHAEL LEARNS TO ROCK)


ဂီတအမျိုးအစား - Pop, Soft Rock

လူကြိုက်များသည့် သီချင်းများ - Any Way You Want It, Please Forgive Me


တေးအယ်လ်ဘမ်အသစ်မထွက်တာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်တဲ့ Michael Learns To Rock (MLTR) ရဲ့ သဘောကျစရာ တေးအယ်လ်ဘမ်အသစ်ကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က Eternity တေးအယ်လ်ဘမ်ကို နောက်ဆုံးထုတ်ဝေထားခဲ့ပြီး ဒီတေးစုကိုတော့၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ ဖြန့်ချိခဲ့တာမို့ သူ့ပရိတ်သတ်နဲ့ ၄ နှစ်လောက် အဆက်ပြတ်နေခဲ့တာဖြစ်ပါတယ်။ MLTR အဖွဲ့ဟာ အရင်ကတည်းကလည်း Soft Rock သီချင်းတွေနဲ့ နာမည်ရခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းနှစ် သူ့ရဲ့ သီချင်းအယ်လ်ဘမ်တွေမှာ Pop ပုံစံ သီချင်းတွေကို အသားပေး သီဆိုလာတာ သတိပြုမိပါတယ်။ ဒီတေးအယ်လ်ဘမ်မှာလည်း Pop သီချင်းပုံစံလေးတွေ အများဆုံးကြားကြရမှာမို့ အချစ်သီချင်း ချိုအေးလေးများကို နှစ်သက်တတ်သူတိုင်းအတွက် နားထောင်မဝတဲ့ တေးအယ်လ်ဘမ်လေး တစ်ချပ်ဖြစ်နေမှာ သေချာပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ MLTR အဖွဲ့အတွက် (၈) ချပ်မြောက် အခွေသစ်လည်း ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲက Any Way You Want သီချင်းလေးကို နိုင်ငံတော်တော်များများ၊ အထူးသဖြင့် တောင်အာရှ နိုင်ငံများက အားပေးလက်ခံကြပြီး သီချင်းအများစုက အာရှနိုင်ငံသားများအကြိုက်ဖြစ်နေတာကို နားဆင်ကြည့်ကြရမှာပါ။ Heaven Is My Alibi သီချင်းလေးကလည်း စာသာအကြောင်းအရာ လှပပြီး အနောက်နိုင်ငံက သီချင်းလို့ မထင်ရလောက်အောင်ပါပဲ။ နူးညံ့တဲ့အချစ်သီချင်းချိုလေးများကို နှစ်သက်ရင်တော့ MLTR အဖွဲ့ရဲ့ တေးအယ်လ်ဘမ်သစ်ကို နားဆင်ကြည့်သင့်ပါတယ်လို့ သတင်းကောင်းပေးချင်ပါတယ်။



Much Dance 2012 (VARIOUS ARTISTS)


၂၀၁၂ ခုနှစ်ရဲ့ အကောင်းဆုံးသီချင်းတွေနဲ့ ကခုန်ပြီး နှစ်သစ်ကူးညကို ကျော်လွန်ချင်သူများအတွက် Ready Made Non-stop Mix တေးအယ်လ်ဘမ်လေးပဲဖြစ်ပါတယ်။ မူလသီဆိုသူ တေးသံရှင်တွေရဲ့ အကသီချင်းတွေနဲ့ မရပ်မနား ကခုန်နိုင်အောင် စီစဉ်ပေးထားတဲ့ တေးအယ်လ်ဘမ်ပါ။ သီချင်း စုစုပေါင်း (၁၆) ပုဒ်ပါဝင်ထားပြီး LMFAO, Pitbull, Britney Spears, David Guetta, Nicki Minaj, Flo Rida, Maroon 5, Christina Aguilera, Lady GaGa, Cobra Starship, The Black Eyed Peas, Foster The People, Beyonce, Kay, Anjulie, Selena Gomez & The Scene, Rihanna နဲ့ Chirs Brown တို့ရဲ့ သီချင်းတွေ ပါဝင်ပါတယ်။ သီချင်းတွေကတော့ ၂၀၁၂ ခုနှစ်အတွင်း စောစောက အဆိုတော်တွေရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ Party Rock Anthem, Give Me Everything, I Wanna Go, Moves Like Jagger, The Edge of Glory, Don’t Stop The Party, Run The World (Girls), Super Bass, Brand New Chick, Love You Like A Love Song, Cheers (Drink To That) စတဲ့ သီချင်းတွေနဲ့ ကခုန်ချင်စရာ သီချင်းတွေ ပါဝင်ပါတယ်။ သီချင်းပုဒ်ရေ မများပေမယ့် လက်ရွေးစင်လိုဖြစ်နေတာကြောင့် နားထောင်ရ ကျေနပ်စရာ ကောင်းသလို၊ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ် ကြားမှာလည်း အဆက်အစပ်ကို လှလှလေး Mix လုပ်ပေးထားတာကြောင့် ချောချောမွေ့မွေ့လေး နားဆင်သွားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးကို သီချင်းမြူးလေးတွေနဲ့ ဖြတ်သန်းဖို့ ရည်ရွယ်ထားရင် လက်မလွတ်သင့်တဲ့ တေးအယ်လ်ဘမ်တစ်ချပ်ပဲ ဖြစ်ပါတယ်။


Much Dance 2012 (VARIOUS ARTISTS) Album Mini-Info
ဂီတအမျိုးအစား
Remix
လူကြိုက်များသည့်သီချင်းများ

1. Party Rock Anthem

2. I Wanna Go

3. Moves Like Jagger

Sunday, February 10, 2013

အချစ်ဆိုတာ... Ver. 1


အချစ်ဆိုတာ Ver. 1

အချစ်ဆိုတာ… တစ်စုံတစ်ယောက်သောသူက မင်းအသည်းကို ရက်ရက်စက်စက် ခွဲချေသွားပေမယ့် သူကြောင့် ကြေမွသွားတဲ့နှလုံးသားအပိုင်းအစတို့နဲ့အတူ မယုံနိုင်လောက်အောင် သူ့ကို ဆက်ချစ်နေမိဆဲခံစားမှုပါ။

စိတ်နာမေ့ပျောက်မိဖို့ ကြိုးစားလည်း ခဏတာ အောင်မြင်မလိုလိုနဲ့ အမြဲပဲ အမှတ်ရစရာတွေက အတွေးထဲ တဝဲလည်လည် မထွက်နိုင်ခဲ့တာလည်း အချစ်ပဲ။

လမ်းခွဲကြတဲ့တိုင် သူ့အတွက် စိတ်ထဲမှာ အမြဲပူပန်နေပြီး ကိုယ်နမ်းခဲ့တဲ့ ပါးပြင် ဒီအချိန် ဘယ်သူမွှေးမြနေမလဲလို့ တွေးလိုက်တိုင်း ဘယ်ဘက်ရင်အုံ စူးခနဲ၊ အောင့်ခနဲ ဖြစ်သွားတာဟာ အချစ်ရဲ့ အဓိပ္ပါယ်ပါ။

အတူသွား၊ အတူစား ဖူးတဲ့ နေရာဟောင်းလေးတွေ ရောက်တိုင်း သူနဲ့များ ရုတ်တရက် ဆုံဦးမလားလို့ ရူးနှမ်းနှမ်း တွေးရင်း… ပြုံးမိနေတတ်တာဟာ အချစ်ပါ။

သီဟလုလင်
၉ ဖေဖော်ဝါရီ ၂၀၁၃

Saturday, February 09, 2013

နားဆင်ချင်စရာ


ဒီကနေ့တော့ နိုင်ငံတကာသီချင်းလေးတွေ နားဆင်လိုသူတွေ ရွေးချယ်နားဆင်နိုင်ဖို့ ဂီတအညွှန်းလေးများ ကို တင်ပြပေးချင်ပါတယ်။

Paradise (CODY SIMPSON)
ဂီတအမျိုးအစား - Pop, R&B
လူကြိုက်များသည့် သီချင်းများ - Got Me Good, Wish U Were Here

ကလေးတေးသံရှင်လေးအဖြစ်ကနေ ကြီးကောင်ဝင်လာပြီး ခုဆို လူငယ်တေးသံရှင်တစ်ယောက်အဖြစ် ရပ်တည်နေပြီဖြစ်တဲ့ Cody Simpson ရဲ့ တေးအယ်လ်ဘမ်သစ်လေးက လှိုင်းရေဖွေးဖွေးနဲ့မို့ ခုလို အပျော်ခရီးထွက်ကြချိန်နဲ့ လိုက်ဖက်ပြီး နားဆင်ချင်စရာ ဖြစ်နေပါတယ်။ မျက်နှာဖုံးအပြင်အဆင်ရဲ့ စွဲဆောင်အားနဲ့အတူ ချိုလွင်နေတဲ့ Pop နဲ့ R&B ပုံစံ သီချင်းတွေကို ခံစားကြရမှာပါ။ ဒီတေးအယ်လ်ဘမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ Cody Simpson ဟာ တစ်နှစ်ကို တစ်ခွေတော့ ပုံမှန် ထုတ်ဝေနိုင်တယ်လို့ ဆိုရပါမယ်။ သီချင်း စုစုပေါင်း (၁၀) ပုဒ် တိတိ ပါဝင်ထားပြီး၊ တစ်ပုဒ်ကနေ တစ်ပုဒ်ကို ငြိမ့်ငြိမ့်လေး ခေါ်ဆောင်သွားမှာပါ။ တေးအယ်လ်ဘမ်ခေါင်းစီးတေး နဲ့ပဲ ရိုးရိုးရှင်းရှင်းစဖွင့်ထားပြီး ဒီတေးအယ်လ်ဘမ်ထဲက လူကြိုက်များနေတဲ့ Got Me Good သီချင်းကို ဆက်ပြီးနားဆင်ရပါတယ်။ အချစ်သီချင်းကောင်းလေးတစ်ပုဒ်ပါ။ နောက်ထပ် လူကြိုက်များနေကြတဲ့ Wish U Were Here သီချင်းကတော့ မြူးကြွနေပြီး တေးသံရှင် Becky G နဲ့ တွဲဖက် သီဆိုထားတာဖြစ်ပါတယ်။ သီချင်းတွေကတော့ ဆယ်ကျော်သက်လူငယ်တွေအတွက် ပိုပြီး သင့်လျော်တယ်လို့ ဆိုချင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ချင်းမို့ ခံစားချက်တူညီမှု ပိုမိုနိုင်ပါတယ်။ အချစ်၊ အလွမ်းခံစားချက်လေးတွေ ကို နူးနူးညံ့ညံ့ ဂီတလေးနဲ့ ခံစားလိုသူတိုင်းအတွက် သီချင်းကောင်းများစွာ ပါဝင်တဲ့ Cody Simpson ရဲ့ တေးအယ်လ်ဘမ်အသစ်ကို နားထောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။


The Midsummer Station (OWL CITY)

ဂီတအမျိုးအစား - Synthpop, Dance-Pop, Pop
လူကြိုက်များသည့် သီချင်းများ - Shooting Star, Good Time

သံစဉ်ထူးထူးခြားခြားလေးတွေနဲ့ သီချင်းဖန်တီးတတ်ပြီး အသံပါးပါးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ Owl City အဖွဲ့ရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ်လေးဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ကိုတော့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တစ်ကမ္ဘာလုံးကို ဖြန့်ချိခဲ့တာဖြစ်ပြီး Canadian Albums Chart မှာ နံပါတ် (၁) နေရာ နဲ့ US Billboard 200 စာရင်းမှာ နံပါတ် (၇) နေရာတွေ အသီးသီး ရရှိအောင်မြင်ခဲ့တဲ့ တေးအယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။ တေးသံရှင် Mark Hoppus နဲ့ Carly Rae Jepsen တို့က ဒီတေးအယ်လ်ဘမ်ထဲမှာ အားဖြည့် သီဆိုပေးထားတာကိုလည်း ကြားကြရမှာပါ။ Carley Rae Jepsen ကတော့ လူငယ်တိုင်းနှစ်သက်ပြီးသား Call Me Maybe ရဲ့ သီချင်းရှင် လူငယ်အမျိုးသမီး တေးသံရှင်လေးပဲဖြစ်ပါတယ်။ သူနဲ့တွဲဖက်လို့ Good Time သီချင်းကို သီဆိုထားပြီး လက်ရှိမှာလည်း ရေပန်းစားနေတဲ့ သီချင်းလေး ဖြစ်ပါတယ်။ Billboard Hot 100 သီချင်းစာရင်းမှာ နံပါတ် (၈) နေရာ ရရှိခဲ့တဲ့ သီချင်းလေးမို့ ပြောစရာအထူးလိုမယ် မထင်ပါဘူး။ Mark Hoppus နဲ့တော့ Dementia သီချင်းကို တွဲဖက်သီဆိုထားပါတယ်။ ဒီတေးအယ်လ်ဘမ် ထဲမှာတော့ သီချင်းစုစုပေါင်း (၁၁) ပုဒ် ပါဝင်ထားပြီး အချစ်သီချင်းလေးများ အများစုပါဝင်တာဖြစ်ပါတယ်။ ကမ္ဘာကျော် ဂီတဝေဖန်ရေးမဂ္ဂဇင်းများ ကတော့ ကြယ် ၃ ပွင့်နဲ့ ၄ ပွင့် အသီးသီးပေးထားကြတာမို့ နားထောင်သင့်တဲ့ တေးအယ်လ်ဘမ်လေးလို့ ဆိုချင်ပါတယ်။ သီချင်းအေးအေးချိုချိုလေးတွေ နှစ်သက်ကြသူတိုင်း လက်ခံနိုင်မယ့် တေးအယ်လ်ဘမ်လေး ပဲ ဖြစ်ပါတယ်။
 
သီဟလုလင်
 
The Chic မဂ္ဂဇင်းအတွက် ကိုယ်တိုင်ရေးသားပေးလျက်ရှိသော To Listen ကဏ္ဍမှ ပြန်လည် ထုတ်နှုတ်ဖော်ပြပါတယ်။ 

Monday, February 04, 2013

တစ်နေရာဆီ ဝေးလို့နေလည်း...


လွမ်းတယ်...
ဖုန်းက ကြားတဲ့ အသံလေးကို လွမ်းတယ်
သူပြောတတ်တဲ့ မပီကလာ စကားသံလည်း လွမ်းတယ်။
သူပို့တတ်တဲ့ မက်ဆေ့ခ်ျလေးတွေ လွမ်းတယ်
နေ့စဉ် ကြည့်နေကျ သူ့ ပရိုဖိုင်းလည်း လွမ်းတယ်။
သူပို့ပေးနေကျ သီချင်းလေးတွေ လွမ်းတယ်
သူရေးတတ်တဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ စာတမ်းလေးတွေလည်း လွမ်းတယ်။
သူ ဂရုစိုက်တတ်တာကို လွမ်းတယ်
သူ ချွဲတတ်၊ ဆိုးတတ်တာလည်း လွမ်းတယ်။
အချစ်က အနီး အဝေး မဆိုင်ဘူးဆိုပေမယ့်
အချစ်နဲ့တော့ အမြဲတူတူ နေချင်ပါတယ်။
လွမ်းတတ်လို့ပါ။



သီဟလုလင်
၅ ဇန်နဝါရီ ၂၀၁၃

Sunday, February 03, 2013

ထာဝရသီချင်း


သူဟာ ကဗျာတစ်ပုဒ်ပါ။ ငါ ပိုင်ဆိုင်ချင်တဲ့ သီချင်းလေးလည်း ဖြစ်မယ်။
သို့တည်းမဟုတ် အိပ်မက်လေးတစ်ခုပေါ့...
ဝေးလည်း မမေ့၊ နီးလည်း မရွေ့ တည်မြဲတဲ့ အချစ်တစ်ခုတည်းနဲ့
ချည်နှောင်လိုက်ချင်တယ်လေ။
ကိုယ့်ကိုကိုယ်တောင် မပိုင်၊ မင်း အချစ် ခိုင် မခိုင် ကိုတော့...
ငါ ရင်ဘတ်နဲ့ ရင်းပြိး ခံစားချင်ပါသေးတယ်။
ထာဝရ ချစ်လို့ နေပါမယ်..
 

သီဟလုလင်
၎ ဇန်နဝါရီ ၂၀၁၃ 

၂၀၁၃ ခုနှစ်ရဲ့ လူသားတစ်ဦး... ကျွန်တော်



ကျွန်တော့ရဲ့ ၂၀၁၃ ခုနှစ်အတွက် ပဉ္စမမြောက် အားလပ်ရက်တွေဟာလည်း ထုံးစံအတိုင်း အလုပ်နဲ့ပဲ နှစ်ပါးသွားရပြန်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က သူငယ်ချင်းတွေနဲ့ ချောင်းသာသွားဖို့ စနေ၊ တနင်္ဂနွေနဲ့ကပ်ပြီး တနင်္လာ၊ အင်္ဂါ ကို ခွင့်ယူလိုက်မိတာ နှစ်ဆလောက်ပြန်ပြီး ပေးဆပ်လိုက်ရသလိုပဲ။ ဒါပေမယ့်လည်း မငြီးငြူချင်မိဘူး။ ဘုရားကျေးဇူးလို့ဆိုရမယ်။ သူများတွေ အလုပ်ရဖို့တောင် မနည်းကြိုးစားနေရချိန်မှာ ကိုယ်က အလုပ်တစ်ခု အပီအပြင်ရှိပြီး လုပ်စရာအလုပ်တွေ အများကြီးနဲ့ ကြိုးစားမှုကိုပြဖို့ အခွင့်အရေးတွေ ရှိနေတာကိုး။

မနေ့ကလည်း ရုံးသွားရတယ်။ ရုံးမှာ ဘာရယ်မဟုတ် မွစိမွစိလေးတွေ တောက်တိုမယ်ရ လုပ်လိုက်တာ ညနေ ၄ နာရီခွဲမှပဲ အိမ်ပြန်ရောက်လာတော့တယ်။ ရုံးတစ်ရက်လုံးတက်လိုက်ရသလိုပါပဲ။ အဓိကကတော့ အသွားအပြန်မှာ ကားကြပ်တာကြောင့်လည်း အချိန်တွေက လိုတာထက် ပိုကုန်ရတယ်။ ဒီလိုကားကြပ်ရတဲ့အထဲ ကိုယ့်အတ္တနဲ့ကိုယ် ဦးအောင်အရင်ထွက်ချင် သွားချင်ကြတဲ့ ကားသမားတွေ၊ လူတွေကြောင့် ပိုပြီးစိတ်ရှုပ်ရတယ်။ ကားလေးများ ကိုယ်ပိုင်ဝယ်လိုက်နိုင်လို့ ကိုယ်တိုင်မောင်းရပြီဆို ခုလို ပုံမျိုးတွေနဲ့တော့ စိတ်ရှုပ်၊ စိတ်မရှည်တာနဲ့တင် ကားတိုက်မိမလားဘဲ။

အဲဒီ နှလုံးသားအနာတရ ပြဿနာကလည်း သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ခါတလေ ဘာလို့များ အဲဒီ ပြတ်သလား၊ မပြတ်သလား မသိတဲ့ ချစ်သူကို တမ်းတမိနေမှန်းကို မသိဘူး။ အဲဒီ အချစ်ဆိုတာကလည်း သိပ်ကို ခက်တဲ့အရာပါလား။ နောက်ထပ်တစ်ယောက်ကို ပြောင်းချစ်ဖို့ဆိုတာ ရုပ်ရှင်ဇာတ်ကား နောက်ထပ် တစ်ခွေ ထည့်ထိုးကြည့်သလို လွယ်တဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ အရင်လိုတော့ ချစ်နေဆဲ၊ ယုံကြည်နေဆဲ၊ မျှော်လင့်နေဆဲပါ။

သူငယ်ချင်းတွေကို ဒီ့ထက်အချိန်ပေးဖို့ ကြိုးစားကြည့်တာပဲ။ သူငယ်ချင်းတွေကို အချိန်ပေးရတာက အချိန်တင်မကဘူး ငွေပါ ပေးရတော့၊ ခုလို ကြိုးစားနေချိန်မှာ အရာအားလုံးကို မျှတချိန်ညှိ သုံးစွဲနေရတာမို့ တစ်ခါတလေတော့လည်း လန့်သား။ ဟော ညက ငယ်သူငယ်ချင်းတစ်ယောက်က တရုတ်နှစ်ကူးပွဲ ဖိတ်ချင်တယ်ထင်ရဲ့ ဖုန်းခေါ်တာ မကိုင်လိုက်မိဘူး။ ပြန်ခေါ်မယ်လို့ စဉ်းစားပေမယ့် ဘီယာ အရက်သောက်မယ့် ကိစ္စတွေ တတ်နိုင်သမျှ ရှောင်ချင်နေသေးတယ်။ ဒီ ကိုးရီးယား ကုမ္ပဏီရောက်မှ ဘီယာ အပြင် ဆိုဂျူတွေပါ သောက်တတ်လာလို့ မနည်းပြန်ထိန်းနေရတယ်။ ဒါကြောင့်ထင်တယ်။ လူလည်း ဝ လာလိုက်တာ ၂၀၁၂ နဲ့ တခြားစီ ဖြစ်လာပြီ။

မနက်ထပြေးမယ်လို့ စိတ်ကူးမိနေတာ ၂၀၁၂ မိုးတွင်းကုန်ခါနီးကတည်းက၊ ခုထိ အထမမြောက်သေးဘူး။ ခုလည်း မနက်ထပြေးရင် ဝတ်ဖို့ အားကစားဝတ်စုံလေးတွေ၊ MP3 Player လေးတစ်ခု၊ အားကစားဖိနပ်တစ်ရံ ဝယ်မယ်လို့ စိတ်ကူးနေတာ အားကစားဆိုင်ရှေ့က အခေါက်ပေါင်းများစွာ ဖြတ်နေပေမယ့် ဝင်မဝယ်ဖြစ်ဘူး။ ပြီးတော့လည်း မနက်ထဖို့ကလည်း မတက်နိုင်ပြန်ဘူး။ ကိုယ့်ကိုကိုယ် အားမရတာတွေ သိပ်များနေပြီ။ ကိုယ့်ကိုကိုယ် အလိုလိုက်တာတွေ သိပ်များနေပြီ။

စာတွေဖတ်၊ စာတွေရေး နဲ့ စိတ်ကူးထဲမှာတော့ သိပ်ပြည့်စုံနေပေမယ့် လက်တွေ့မှာတော့ စာအုပ်တွေနဲ့ အလှမ်းဝေးနေတုန်း။ ဖုန်းထဲထည့်ထားတဲ့ e-book တွေကိုလည်း ဖတ်ရတာ စာအုပ်တွေလို အားမရတော့ မဖတ်ချင်။ ဒါနဲ့ပဲ အတွေးအခေါ်တွေလည်း တဖြည်းဖြည်း တုံးလာပြီ။ စိတ်ကူးဖန်တီးမှုတွေလည်း ညံ့ဖျင်းလာပြီ။ ငါလည်း ငါ မဟုတ်တော့တာ ကြာပြီ။

သင်တန်းတွေတက်ဖို့ ရည်စူးထားတာ ရှိတယ်။ ၂၀၁၃ သီဟလုလင် ဟာ ၂၀၁၂ သီဟလုလင် ထက် ပညာရပ်ပိုင်းမှာ ပိုပြီး ပြည့်စုံလာစေရမယ်။ ဘာသာစကားသင်တန်းတစ်ခုတော့ အနည်းဆုံးပြီး ချင်တယ်။ နောက်ထပ် ပညာရပ်ပိုင်းဆိုင်ရာသင်တန်းတစ်ခုကနေ ဘွဲ့လေးတစ်ခု ယူချင်သေးတယ်။ ဘုရားသခင်ဆီ ဆက်ကပ်ပြီး ချီတက်ရမှာပဲ။

Charity အဖွဲ့တစ်ခုခုမှ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဦးဆောင်သူ ဖြစ်ချင်နေတယ်။ ဘာတွေ ဖြစ်နေမှန်းကို မသိတော့ဘူး။ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ကိုယ်တိုင်ရော သေချာအချိန်ပေးနိုင်ရဲ့လားလို့ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရဦးမယ်။

ဘာတွေ ရေးမိမှန်းမသိ ရေးမိသွားတဲ့ခဏမှာတော့ ကျွန်တော် စိတ်လွတ်လပ်ပေါ့ပါးမှုတွေ ခဏ ရသွားပြန်ပြီ။ ကျွန်တော့ရဲ့ Blog လေးလည်း သက်တမ်းထပ်တိုးလိုက်နိုင်ပြီမို့ thihalulin.com လေးလည်း အသက်ဆက်ရှင်နေပြန်ပြီ။

ကျွန်တော့ Blogger သူငယ်ချင်းတွေ အားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေ။ 

သီဟလုလင်
၃ ဖေဖော်ဝါရီ ၂၀၁၃