Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, January 27, 2016

သံဖြူဇရပ်က သတင်းကြီးတဲ့ ဒေါ်ပု

ဒေါ်ပု ထမင်းဆိုင် က သံဖြူဇရပ်မြို့ ရဲ့ သံဖြုဇရပ်ကြီး ရှိတဲ့ အဝိုင်း နားလေးမှာ ရှိပါတယ်။

ကြုံတုန်းလေး ပြီးခဲ့တဲ့ အပတ် စနေ၊ တနင်္ဂနွေ အားလပ်ရက်လေး မော်လမြိုင်-သံဖြူဇရပ်-စက်စဲ-ကျိုက်ခမီ ဘက် သွားလည်တော့ စားခဲ့ရတဲ့ မြန်မာထမင်းဆိုင်လေး တစ်ခုကို ညွှန်းချင်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်သားတွေလည်း ခုနှစ်ပိုင်းတွေမှာ ကိုယ့်မြန်မာပြည်ထဲ ကျယ်ကျယ်ပြန့်ပြန့် သွားလည်နေကြတော့ အကယ်၍များ အဲဒီဘက် ရောက်ခဲ့ ပေါက်ခဲ့ရင် စားနိုင်အောင်ပါ။

ကျွန်တော်တို့ ညကတည်းက ထွက်လာတာ မနက်စောစော ကျိုက်ခမီ ဘက်ရောက်တယ်။ ပြီးတော့ စက်စဲကမ်းခြေဝင် ရေဆော့ပြီး နေ့လည်စာကို သံဖြူဇရပ်မှာ ဝင်စားဖြစ်ကြတယ်။ သေမင်းတမန်ရထားလမ်းကို မဝင်လည်ခင်လေးပေါ့။ အဲဒီ သံဖြူဇရပ်မှာ သံဖြူဇရပ်မြို့ရဲ့ အထင်ကရ သံဖြူဇရပ်ကြီး ရှိတဲ့ အဝိုင်း တစ်ခုရှိတယ်။ အဲဒီနားလေးတင် ဒီ မြန်မာထမင်းဆိုင်ကို ရှာတွေ့နိုင်ပါတယ်။ ဆိုင်နာမည်က "ဒေါ်ပု ထမင်းဆိုင်" တဲ့။ လူလည်း အတော်ကျတယ်။ ရွေးချယ်စရာ မြန်မာဟင်းအစုံပေါ့ ဆီပြန်တွေ၊ အကြော်တွေ၊ အသုပ်တွေ အစုံပါပဲ။

Tuesday, January 26, 2016

ရန်ကုန်မှာ အိန္ဒိယအစားအစာ ကောင်းကောင်းစားမယ်ဆိုရင်...

ဆိုင်အပြင်အဆင်လေး.. အတွင်းဘက်ကနေ အပြင်ကို ရိုက်တာဆိုတော့ နည်းနည်းမှောင်သွားတယ်။
ဒီတလော ဝိတ်လျှော့နေပါတယ်ဆိုမှ သီဟလုလင် တစ်ယောက် စားဖို့သောက်ဖို့ ကျွေးမယ့်သူတွေ တော်တော်လေး ပေါများနေတယ်။ မနေ့ညကပဲ သူငယ်ချင်း ဟိန်းဇော်ညို ရဲ့ မွေးနေ့ညစာလေး စားခဲ့ရသေးတယ်။ ဟော.. ခုကြည့် ဒီနေ့ နေ့လည်ကို ကိုယ့်ရဲ့ ဆရာမ၊ အထက်လူကြီးဟောင်း တစ်ယောက်က လိုက်ကျွေးလို့ စားဖြစ်ရပြန်ပြီ။ ခါတိုင်းလည်း အစ်မနဲ့က ဟိုစား ဒီစား သွားနေကျပါ။ ဒီတစ်ခါတော့ ထူးထူးခြားခြားလေး အိန္ဒိယအစားအစာလေး သွားစားမယ်ဆိုလို့ စိတ်ဝင်စားသွားတယ်။ နာမည်ကိုလည်း ကြိုပြောတယ်။ "The Taj" တဲ့။

အဲဒါနေ့ နေ့လည် အဲ့ဒီအစ်မကို ဝင်ခေါ်ပြီး "The Taj" ရှိတဲ့ ရန်ကုန်၊ အောင်ဆန်းကွင်း၊ City Mart ဘေး၊ ပန်းဆိုးတန်းလမ်းဘက်ခြမ်း ကို ရောက်လာခဲ့ရတယ်။ ကားရပ်ဖို့ နေရာ မလုံလောက်ပေမယ့်လည်း လူတိုင်းက ဟိုလမ်းဘေး ဒီလမ်းဘေး ထိုးရပ်နေကြတော့ လုံလောက်သလိုလိုတော့ ဖြစ်နေပါတယ်။ ဆိုင်နာမည် ဆိုင်းဘုတ်ကတော့ ကုလားစာ လေးလိုလိုပဲ ရုတ်တရက်ကြည့်ရင်။

Monday, January 25, 2016

အားပေးလက်ခုပ်သံ


အချစ်တစ်ခုရင်းလို့
ပြုံးပြုံးလေးနဲ့ ရှုံးတတ်အောင်
ရင်ဘတ်က သင်တယ်။


ချစ်ခဲ့မိလို့သာ နောင်တရမိရင်

သေချာတယ် 
ငါ့ပါး ငါပြန်ရိုက်မယ်။


ကျေးဇူးပြုလို့...

ပြုံးနေတဲ့အရှုံးသမားအတွက်
အဆင်ပြေရင် လက်ခုပ်သံလေး ကြားချင်ပါတယ်။

သီဟလုလင်
၇ ဇန်နဝါရီလ ၂၀၁၄

Sunday, January 24, 2016

လိုအပ်ခြင်း


ညတွေက ကျယ်လောင်လွန်းတယ်...
နေစရာ မတွေ့သေးဘူး။

ကြယ်တွေက လင်းလွန်းနေတယ်...
အိပ်ဖို့ ကြိုးစားလည်း မရနိုင်ဘူး။

လေညင်းလေးတွေက စပ်ဖျင်းဖျင်းနဲ့...
ဒါတော့ တစိတ်လွန်ပြီထင်တယ်။

နေစရာနေရာလေး တစ်ခုလောက်
ငါ့ကိုပေးပါ။
ရင်ခွင်မှာ ဟိုအရင်လို မှီတွယ်ရင်းပေါ့။
ချစ်သူ မရှိရင်...
အရာရာဟာ ခြောက်ခြားစရာချည်းပဲမို့ပါကွာ။


သီဟလုလင်

၁၂ ဇန်နဝါရီလ ၂၀၁၄

Friday, December 11, 2015

မွေးနေ့လက်ဆောင်



နေသားကျတဲ့ နွေးထွေးမှုမဲ့ ရင်ခွင်ဟာ
ဒီညကျမှ အေးတတ်နေလိုက်တာ...
သည်မြောက်ပြန်လေကို ညှိုးမည်ဖွဲ့မယ်
လွမ်းသူ့ရင်ထဲ။

တိုးသက်သက်တဲ့ ဖြည်းဖြည်းလေးနဲ့ ညင်ညင်သာ
အတွင်းထဲက ပူလောင်လို့လှိုက်ဆာ...
သည်မောင်နှုတ်ဖျားကို ပြုံးဖို့ရွယ်တယ်
မပီခဲ့ပြီဘဲ။


သီဟလုလင်
၈ ဒီဇင်ဘာလ ၂၀၁၅

Thursday, December 10, 2015

ချစ်သူဖတ်ဖို့ ကဗျာတစ်ပုဒ်



သူပြုံးတတ်တဲ့ အပြုံးချိုချို
သူကြည့်တတ်တဲ့ အကြည့်စူးစူး
သူပြောတတ်တဲ့ စကားဝဲဝဲ

ရုန်းမရတဲ့ သူ့ညှို့ချက်မှာ
ကျွန်တော် အကြိမ်ကြိမ်ခါခါ လဲပြို


မရဘူး မဖြစ်ဘူး စိတ်တင်းလည်း
သူ့ရဲ့ဆွဲအား ရေဒါမိနေလို့
ငါ တစ်သက်မလွတ်နိုင်ပြီ


ချစ်သူဖတ်ဖို့ ကဗျာတစ်ပုဒ်ထက်
ချစ်သူကြိုက်တဲ့ ကဗျာတစ်ပုဒ်သာ ဖြစ်ချင်မိတာပါ။



သီဟလုလင်
၁၀ ဒီဇင်ဘာလ ၂၀၁၄
ည ၇:၃၇

Wednesday, December 09, 2015

ကျွန်တော်က ဂျပန်စာ ကြိုက်တယ် (၁)


စားလို့ အရမ်းကောင်းတဲ့ ငါးဥလေးတွေနဲ့ ဆော်လမွန်ထမင်း

ရန်ကုန်မှာက ဂျပန်ဆိုင်တွေ ပေါပါတယ်။ ဒီအထဲကမှ တာမွေ၊ တောင်မြင်းပြိုင်ကွင်းလမ်းပေါ်မှာ ရှိတဲ့ Yamasaki ဂျပန်ဆိုင်လေးမှာ စားဖြစ်တယ်။ ဆိုင်လေးက အသစ်ဖွင့်ထားတာ လပိုင်းလေးပဲရှိပါသေးတယ်။ အဲ့ဒီဆိုင်လေးကို ပထမတစ်ရက်ရောက်တော့ မဖွင့်သေးဘူး။ မနက်ဖြန်မှ ဖွင့်မယ်လို့ ဆိုင်က ဝန်ထမ်းတွေကပြောတယ်။ ကျွန်တော်ကလည်း အဲဒီရက်က အလုပ်ကိစ္စတစ်ခုနဲ့ အဲဒီနေရာကို နှစ်ရက်ဆက်တိုက်လာစရာ ရှိနေတော့ ဒီနေ့မစားရလည်း နောက်နေ့ စားမယ်ကွာဆိုပြီး နောက်တစ်ရက် နေ့လည်စာစားချိန် တစ်ခေါက်ထပ်သွားဖြစ်ပါတယ်။

ဆိုင်ထဲဝင်လိုက်တာနဲ့ ဂျပန်ပြည်က စားသောက်ဆိုင်ကလေး ရောက်သွားသလို ခံစားရမယ့် ဂျပန်ရိုးရာဟန် အပြင်အဆင်တွေနဲ့ ဆိုင်ကို မွမ်းမံထားတယ်။ စားသောက်တဲ့အခါမှာလည်း ကိုယ်နှစ်သက်တဲ့ ပုံစံစားသောက်နိုင်ဖို့ စားပွဲနဲ့ကုလားထိုင်ပုံစံအပြင် ဂျပန်ရိုးရာ ကြမ်းခင်းမှာထိုင်ရင်း စားနိုင်မယ့်ပုံစံ မျိုးကိုပါ ထည့်သွင်းပေးထားပါတယ်။

Tuesday, December 08, 2015

ကလောမြို့မနက်ခင်းရဲ့ တို့ဖူးနွေး ပူပူလေး

ခုလို မနက် နေရောင်ခြည်နွေးနွေးအောက်မှာ ဒေသခံတွေ၊ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေတဲ့ ကလောမြို့မဈေးကြီးထဲက ရှမ်းခေါက်ဆွဲဆိုင်လေး။

အရမ်းသာယာတဲ့ ကလောမြို့လေးကို ကျွန်တော်ကတော့ ရောက်သွားပြီ။
မနက်အစောကြီး မိုးမလင်းခင် Express ကားက ကလောကိုဝင်တော့ ဆောင်းတွင်းအေးအေးကြီးမှာ ဟိုတယ်ခန်းမရနိုင်လို့ ဒုက္ခရောက်နေတယ်။

ဟိုတယ်အခန်းရပြန်တော့လည်း ထွက်မယ့်ဧည့်သည်ကို စောင့်ရမှာမို့ မနက် ၈ နာရီလောက်မှ အခန်းဝင်လို့ရမယ်ဆိုတော့ ဟိုတယ်ဧည့်ခန်းလေးမှာ ဖြစ်သလို လှဲရင်းစောင့်နေရတယ်။ ဒါနဲ့ မနက် ၆ နာရီထိုးတော့ လူက ပျင်းလာပြီ။ ဗိုက်ကလည်း ဟာလာပြီ။ သူတို့ဟိုတယ်မှာလည်း မစားချင်တော့ ဟိုတယ်က ဝန်ထမ်းတွေကို မေးရတယ် အနီးအပါးမှာ ဘာဆိုင်ရှိသလဲပေါ့။ ဝန်ထမ်းတွေက သဘောကောင်းကြပါတယ်။ သူတို့ဟိုတယ်ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်သွားရင် ကလောမြို့မဈေးကြီး ရှိတယ်တဲ့။ အဲဒီမှာ စားစရာ ရတယ်ဆိုလို့ အထုတ်တွေအပ်ပြီး ကျွန်တော်လည်း ဝမ်းသာအားရ ထွက်လာခဲ့တယ်။