
မနေ့က ဖြစ်ပျက်တဲ့ အကြောင်းအရာလေးတစ်ခုက ဒီနေ့ ခေါင်းထဲကို ဖြတ်ခနဲ ပြန်ပေါ်လာတယ်။ ဒီနေ့ အလုပ် နည်းနည်းပါးနေတာလည်းပါတော့ ခေါင်းထဲ အတွေးတွေက ဟိုတစ်စ ဒီတစ်စ ရောက်ရောက် လာတယ်။ ဒီလိုရယ်။ ကျွန်တော်နဲ့ အင်္ဂလိပ်စာဒီပလိုမာသင်တန်းမှာ ခင်ခဲ့ရတဲ့ သူငယ်ချင်း တစ်ယောက် ရှိလေရဲ့။ သူက လူတစ်မျိုး။ စာရေးတာတော့ ဝါသနာပါသလို၊ နောက်ထပ် ဝါသနာတစ်ခုက ကိုးရီးယားဇာတ်လမ်းတွဲတွေကို အသေအလဲကြည့်တာမျိုးပေါ့။ မိဘအသိုင်းအဝိုင်းကလည်း စီးပွားရေး အဆင်ပြေတော့ အိမ်စီးပွားရေးလေးကူရင်း သူလုပ်ချင်တာလေးတွေ လုပ်နေနိုင်တဲ့ အခြေအနေပါ။ ဒီတော့လည်း သင်တန်းလေးတွေတက်၊ ဇာတ်ကားလေးတွေကြည့်နဲ့ အချိန်တွေက လှနေပါတယ်။ ကျွန်တော်မသိတဲ့ အခက်အခဲတွေတော့လည်း ရှိချင် ရှိနေမှာပါ။ ကျွန်တော် မဂ္ဂဇင်းတွေမှာ စာတွေ စရေးနေချိန်မှာ သူက ကျွန်တော့ကို ချိတ်ဆက်ပေးဖို့ အကူအညီတောင်းတယ်။ ကျွန်တော်လည်း ကူညီပေးခဲ့ပါတယ်။ နောက်ပိုင်းတော့ သူလည်း အဲဒီ မဂ္ဂဇင်းနဲ့ ချိတ်ဆက်လို့ ကိုးရီးယားဇာတ်လမ်းတွဲလေးတွေနဲ့ ကိုးရီးယား မင်းသား မင်းသမီးလေးတွေအကြောင်း စရေးဖြစ်လာတယ်ပေါ့။ အဲဒီအချိန်မှာ ကိုးရီးယားကားတွေကို လူတွေက စစိတ်ဝင်စားစ ပြုလာပြီဆိုတော့ သူက အချိန်ကိုက် အောင်မြင်သွားပါတယ်။ ဒါနဲ့ ခုနောက်ပိုင်းတော့ စာတွေရေးအားကောင်းလာပြီး မဂ္ဂဇင်းတွေမှာ ဟင်းချက်နည်းတို့အပါအဝင် ကျွန်တော် သိပ်မသိတဲ့ အခြားအကြောင်းအရာလေးတွေပါ မဂ္ဂဇင်းတော်တော်များများမှာ ရေးလာနိုင်တယ်လေ။ တကယ် ကြိုးစားခဲ့ပြီး ဒီဘက်ပိုင်းမှာ အရမ်းနစ်မြုပ်ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေပါ။ တော်ပါတယ်။










