Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, November 11, 2011

အခင်ဆုံးသူငယ်ချင်းက ပါးရိုက်တယ်။ ပြီးတော့အသက်ကယ်ခဲ့တယ်။

ဒီအကြောင်းအရာလေးကတော့ သဲကန္တာရကို ဖြတ်ပြီး ခရီးသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အကြောင်းလေးပါ။

သူငယ်ချင်းနှစ်ယောက်ဟာ ခရီးသွားရင်း တစ်နေရာအရောက်မှာ အကြောင်းအရာတစ်ခုကို ငြင်းခုံကြရင်း စကားအချေအတင် ဖြစ်ကြတယ်။ ဒီတော့ တစ်ယောက်သော သူငယ်ချင်းက အခြားတစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်မိတယ်။

ပါးအရိုက်ခံလိုက်ရတဲ့ သူငယ်ချင်းက ကိုယ်ရော၊ စိတ်ပါ နာကျင်ခံစားသွားရတယ်။ ဒါပေမယ့် ဘာတစ်ခုမှ ပြန်မပြောဘဲ သဲပေါ်မှာ.....
"ဒီနေ့ ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်။" လို့ ရေးလိုက်တယ်။



ဒီလိုနဲ့ သူတို့ဟာ ခရီးဆက်ကြတယ်။ သဲကန္တာရရဲ့ အိုအေစစ်နေရာလေးဆီကိုလည်း ရောက်ရော သူတို့ဟာ မောပန်းမှုတွေ လန်းဆန်းသွားအောင်၊ ရေချိုးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလို ရေချိုးနေတုန်း ပါးအရိုက်ခံရတဲ့ သူငယ်ချင်းဟာ ရွှံ့နွံထဲကို ခြေချော်ပြီး တဖြည်းဖြည်းနဲ့ နွံထဲကို မြုပ်သွားတယ်။ ဒါကြောင့် သူ့သူငယ်ချင်းဟာ သူ့ကို အမြန်ကယ်လိုက်ရတယ်။

သူပြန်သတိရလာတော့၊ သူ နွံနစ်တဲ့အနားမှာ ရှိတဲ့ ကျောက်တုံးပေါ်မှာ.....
"ငါ့အခင်ဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ်။" လို့ ရေးလိုက်တယ်။ 
ဒီတော့ သူ့ကိုပါးရိုက်ပြီး၊ အသက်လည်းကယ်တဲ့ သူငယ်ချင်းက....
"ငါမင်းကို နာကျင်စေခဲ့တုန်းက သဲပေါ်မှာ မင်း စာရေးတယ်။ ခုကျတော့ ကျောက်တုံးပေါ်မှာရေးတယ်။ ဘာဖြစ်လို့လဲ။" လို့ မေးလိုက်တယ်။

ဒီတော့ သူက...
"အကယ်၍ တစ်စုံတစ်ယောက်က တို့ကို နာကျင်အောင် လုပ်မိရင်၊ ဒီအကြောင်းကို သဲပေါ်မှာပဲ ရေးသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် ခွင့်လွှတ်ခြင်း ဆိုတဲ့လေက ဒီအရာကို ဖျက်လိုက်နိုင်မှာမို့ပေါ့။ ဒါပေမယ့် တစ်စုံတစ်ယောက်သောသူက တို့ကို ကောင်းတဲ့အရာတွေကို ခံစားရစေရင်တော့ ကျောက်တုံးပေါ်မှာ ရေးထွင်းထားလိုက်ပါ။ ဒါဆိုရင် ဘယ်လိုလေမျိုးကမှ တိုက်စားဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။" လို့ ပြောပြတယ်။

ဒါကြောင့် မိတ်ဆွေတို့လည်း ဘဝမှာ သူတစ်ပါးကြောင့် ရရှိတဲ့ နာကျင်မှုတွေကို ခံစားရရင် အမှတ်မရလေအောင် သဲပေါ်မှာ ရေးလိုက်ပါ။ ပြီးတော့ သူတစ်ပါးကြောင့် ခံစားရရှိတဲ့ အကျိုးကျေးဇူးတွေကိုတော့ အမြဲမှတ်မိနေစေဖို့ ကျောက်တုံးပေါ်မှာ ရေးထွင်းလိုက်ပါ။


ဝန်ခံချက်
မဒါဒါ (Word of Hope) မှ ဆီလျော်အောင် ပြန်ဆိုခြင်းကို "သန့်ရှင်းသူ" သတင်းစာစောင် မှ ကူးယူဖော်ပြပါသည်။

0 comments: