ဒီကဗျာလေးကို သိပ်ချစ်ရတဲ့ ချစ်သူလေးအတွက် ရည်ရွယ်ပြီး ရေးပေးခဲ့တာပါ။ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်တဲ့ဒါဏ်တွေကို သိပ်ဂရုစိုက်တတ်၊ သိပ်ကြောက်တတ်တဲ့ ချစ်သူလေးက သူနဲ့ကျွန်တော် ချစ်သူဖြစ်စမှာ သူ့အတွက် သီးသန့်ဖြစ်မယ့် ကဗျာလေးတစ်ပုဒ်လောက် ရေးပေးပါလားတဲ့။ ကျွန်တော်လည်း မဆိုင်းမတွဘဲ လက်ခံပြီး ညတွင်းချင်း အပြီးရေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တတ်ထားတဲ့ မတက်တခေါက် ဖိုတိုရှော့ ပညာလေးနဲ့ ပေါင်းစပ်ပြီး ပုံဖော်လို့ ချစ်သူဆီကို ပို့ပေးခဲ့ပါတယ်။ ပြီးတော့ သူ့ကို ခွင့်တောင်းပြီးပဲ ကျွန်တော့ Facebook မှာ တင်ဖြစ်သွားပါတယ်။ ကျွန်တော်က သူ့ကို ရည်ညွှန်းကြောင်း သိသာစေမယ့်အချက်လေး အဖြစ် သူ့နာမည်ထဲက စကားတစ်လုံးကို ကဗျာလေးထဲ ထည့်ပြီး ရေးဖွဲ့ပေးခဲ့တာ၊ ဘယ်အချိန်ပြန်ဖတ်ဖတ် ကြည်နူးစေပါတယ်။ မြန်မာနိုင်ငံမှာ Blogspot ကို ဖွင့်ပေးလိုက်တော့ ကျွန်တော်တည်ဆောက်ဖြစ်သွားတဲ့ ကျွန်တော့ Blog ထဲမှာ ဒီကဗျာလေးကို အမှတ်တယ သိမ်းထားချင်တာကြောင့်ပဲ ဒီနေ့ တင်ဖြစ်သွားပါတယ်။
သံစဉ်မရှိဘဲ သီချင်းတစ်ပုဒ် ဖြစ်မလား… တိမ်မရှိဘဲ မိုးစက်ပွင့် ဖြစ်မလား…
မင်းမရှိဘဲ ငါဆိုတာ ဖြစ်မလား… ချစ်သူ။
နှုတ်ထွက်စကားလေးတစ်ခွန်းကြောင့်…
လောကကြီး ဒီလောက်ပြည့်စုံသွားလိမ့်မှန်း ငါမသိလိုက်ဘူး။
ငါဆိုတာ အချစ်မှာ ဒါဏ်ရာရ ကျရှုံးမှာ ကြောက်လွန်းသူမို့…
အချစ်မရဲခဲ့ပေမယ့်…
ညှို့ချက်ပြင်းတဲ့ မျက်ဝန်းတစ်စုံကိုတော့ ရှောင်လွှဲမရခဲ့ဘူး…
မင်းက ခွန်းချိုတာကိုး…
ခုတော့လည်း…
သံစဉ်လေးနဲ့ အလှဆုံးသီချင်းတစ်ပုဒ်၊ အကြင်နာမိုးစက်တွေနဲ့ ကောင်းကင်ကြီးတစ်ခု…
ပြီးတော့…
အချစ်ကြောင့် ပြည့်စုံသွားတဲ့ကဗျာလေးကို ရေးလိုက်နိုင်ပြီ ချစ်သူရေ။
သီဟလုလင်
မေ ၆၊ ၂၀၁၁။
0 comments:
Post a Comment