အမှတ်တရဆိုတာမျိုးက လုပ်ကြံ ဖန်တီးယူလို့မရတာမျိုးပါ။ ကျနော်ဘဝမှာ
ကြုံဆုံခဲ့ရတဲ့ အမှတ်တရတွေ အများကြီးထဲက အင်းလေးဒေသရဲ့ ရွာငယ်လေးတစ်ခုဆီ
အလည်ရောက်ခဲ့ပုံလေးကတော့ တကယ့်ကို အမှတ်တရကြီးပါ။
အင်းလေးကို လူတိုင်းနီးနီး ရောက်ဖူးကြမှာပါ။ မရောက်ဖူးသေးရင်တောင် ရောက်အောင်သွားမယ်လို့ အားခဲထားကြတဲ့ မြန်မာတွေအများကြီးပါပဲ။ ကျနော်လည်း အရမ်းသွားချင်ခဲ့တဲ့ နေရာလေးတစ်ခုပါ။ ဒါပေမယ့် ကျနော်ကတော့ မထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်ဘဲနဲ့ ရောက်သွားလိုက်ရပါတယ်။ တောင်ကြီးခရီးကို တစ်နေ့တစ်ည ကားစီးလာရတာကြောင့် ခရီးရောက်မစိုက် အင်းလေးသွားခွင့်ကြုံတယ်လို့ ဝမ်းပန်းတသာလာပြောတဲ့ မိတ်ဆွေ အစ်မရဲ့ စကားကို ကျနော် မပျော်နိုင်ခဲ့ပါဘူး။ တစ်ညလုံး အိပ်ပျက်ထားတာမို့ ခုညတော့ ကောင်းကောင်းအိပ်ပြီး နေမြင့်မှ ထမယ်လို့ စိတ်ကူးထားတာကြောင့် နောက်နေ့ မနက်အစောကြီး ထသွားရမယ့် အင်းလေးကို မလိုက်ချင်ပါဘူး။ ဒါပေမယ့်လည်း ငြင်းမရတဲ့ အကြောင်းတွေနဲ့ ကျနော်ဟာ နောက်တစ်နေ့ မနက် ၄း၀၀ မှာ အဝတ်အစားလဲပြီး အသင့် စောင့်နေခဲ့ရပါတယ်။
ကားလာခေါ်တဲ့အချိန်မှာတော့ ကျနော် ပိုလို့ စိတ်မသက်မသာဖြစ်သွားရတယ်ဆိုတာ ဝန်ခံပါတယ်။ ကျနော်မသိတဲ့ ရှမ်းလူမျိုးတွေနဲ့ ဘုန်းကြီးတွေကိုတွေ့လိုက်ရလို့ပါ။ ကျနော်က ခရစ်ယာန်ဘာသာဝင်မို့ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတွေနဲ့အတူ ခရီးထွက်ဖို့ ဝေးလို့ စကားတောင် ကောင်းကောင်း မပြောဖူးပါဘူး။ ဘယ်လိုလုပ်ရမှန်းလည်းမသိဘဲနဲ့ပဲ ကျနော်ဟာ အင်းလေးဘက်ဆီကို ခရီးဆန့်နေတဲ့ ကားပေါ်မှာ ငူငူကြီးပါလာခဲ့ပါတော့တယ်။ ကျနော်က သူစိမ်းတွေနဲ့ တွေ့တွေ့ချင်းရင်းနှီးဖို့ ခက်တတ်လို့ ပိုညစ်နေရပါတယ်။ ဒါပေမယ့် မိတ်ဆွေအစ်မရဲ့ ဦးဆောင်ပေးမှုနဲ့ အားလုံးကို တရင်းတနှီးရှိလာပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ဟာ အင်းလေးရေပြင်ကြီးဆီကို ဝင်တဲ့ လမ်းကြောင်းများစွာထဲက အနောက်ဘက် ကနေဝင်တဲ့ လမ်းကြောင်းဆီရောက်လာနေပါပြီ။
ကျနော်တို့က တခြားလာလည်တဲ့ ဧည့်သည်တွေလို အရှေ့ကနေမဝင်ရလို့ စိတ်ထဲမှာတော့ ဘယ်လိုကြီးလဲ တွေးနေပေမယ့်... ရေပြင်ကြီးကိုကြည့်ရင်း စိတ်ကပျော်လာပါတယ်။ အသိအစ်မကြီးက ဒီခရီးကို စီစဉ်ပေးတဲ့ ဘုန်းဘုန်း (ရာထူးအကြီးဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ဘယ်လိုဆိုတာ ကျနော်မသိတော့ဘူး။) နဲ့ မိတ်ဆက်ပေးမှ ဒီခရီးစဉ်ဟာ အင်းလေးကို အလည်လာတာ မဟုတ်ဘဲ၊ သူ့တပည့် ဘုန်းကြီးတစ်ပါးရဲ့ မွေးနေ့အလှူကိုသွားတာလို့ သိလိုက်ရပါတယ်။ သွားပြန်ပြီ... ကျနော်ထင်တာက လှလှလေး လည်မလို့.. ခုကျတော့ အင်းထဲက ရွာဘုန်းကြီးကျောင်းအလှူတဲ့။ အင်းလေးကန်ကြီးကိုဖြတ်ပြီး သွားရတဲ့ ရွာငယ်လေးတဲ့။ ဟူး.... စီးလာတဲ့ ဘွတ်ဖိနပ်နဲ့တော့ လှပြီပေါ့ဗျာ။
စက်လှေကြီးပေါ်ကို တက်ဖို့အချိန်ရောက်တော့ ကျနော်ကို ဧည့်သည်ပီပီ လှေဦးမှာ ထိုင်ခိုင်းပါတယ်။ ရေဖွားလေးတွေရဲ့ မထိတထိလာဆင်တဲ့ အရသာလေးကို ခံစားရင်း ကျနော်တို့ စက်လှေဟာ အင်းလေးရေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းနေပါတယ်။ ဒါပေမယ့် ကျနော်ထင်သလို အင်းလေးထဲက ရွာထဲကို ဖြတ်မောင်းတာမျိုးမဟုတ်ပဲ၊ ရေပြင်အလယ်ကနေ မောင်းနေတာဆိုတော့ ပတ်ဝန်းကျင်မှာ ရေ၊ တောင်နဲ့ တိမ်တွေပဲ တွေ့နေရပါတယ်။ လှေလေးတွေနဲ့ ငါးဖမ်းနေကြတဲ့ အင်းသားတွေလည်း တွေ့ရပါသေးတယ်။ အင်းလေးရေပြင်အလယ်က သွားတာတောင် တစ်ခါတလေ စက်လှေ နှစ်စီး အစုန်အဆန် ဆုံရင် လှေကြီးက လူးလူးသွားလို့ လန့်သလိုလိုတော့ ဖြစ်သွားရပါသေးတယ်။ ကြုံပါများသွားတော့လည်း လှိုင်းလူးတဲ့ အရသာကို သဘောတွေ့ရင်း စက်လှေတွေနဲ့ ဆုံရင် ပျော်သလိုလိုတောင် ဖြစ်လာပါသေးတယ်။ ကျနော်တို့ စက်လှေကို မောင်းတဲ့သူက အသစ်မို့ လမ်းသိပ်မကျွမ်းတာကြောင့်လားတော့မသိ၊ ကျနော်တို့တွေ ရေပြင်ကျယ်ကြီးကို တစ်နာရီလောက် ဖြတ်စီးနေရတယ်။ ဒီကြားထဲ လမ်းမှားပြီး အင်းထဲက အိမ်တွေ၊ ရေဝိုင်းကြီးတွေထဲ ရောက်ရောက်သွားလို့ ဒုက္ခ ရောက်ရသေးတယ်။ စက်လှေက ကားလိုမဟုတ်တော့ ကွေ့ချင်တိုင်းလည်း ကွေ့ဖို့ မလွယ်ဘူးရယ်လေ။ ခက်ခက်ခဲခဲ လှေကို လှည့်ရတယ်။
ဟော.. ရောက်ပါပြီ။ “ဒုန်း” .... ဘုရားသခင်! ကျနော်မူးနောက်သွားတယ်။ လှေဝမ်းကို စပါးစိုက်တဲ့ လယ်ကန်သင်းနဲ့ ဝင်တိုက်တာတဲ့။ ဟုတ်ပါရဲ့ဗျာ။ ဘေးကို သေချာကြည့်တော့ စပါးခင်းတွေ.... ရေမြုပ်နေကြတာ။ လှေသမားက လှေဆက်မောင်းလို့မရတော့လို့ ဆင်းပြီးလမ်းလျှောက်ပါတဲ့။ ကြည့်လိုက်တော့ ရေပြင်ကြီးကရှိသေးတယ်။ ကျနော်မှာ စီးထားတဲ့ ဘွတ်ဖိနပ်နဲ့... တကယ့်ရှော့။ ဖိနပ်ချွတ်နေတုန်း ကျနော်ကို ကျော်ပြီးဆင်းသွားတဲ့ တစ်ယောက်က ကန်သင်းပေါ်မနင်းမိဘဲ လယ်ကွင်းထဲကျသွားလို့ ရေတော်တော် ရွှဲသွားတော့ ကျနော် နည်းနည်းဖြုံသွားတယ်။ သတိထားပြီး ခက်ခက်ခဲခဲ ကူးယူခဲ့ရတယ်။ ခုနက ပျော်နေတာတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။
ရေပြင်ကျော်သွားတော့ ပျော့စိစိ ရွံ့မြေတွေကို ချော်မှာစိုးလို့ သတိထားပြီး ရွာထဲ ဝင်ရတယ်။ အဲဒီရက်က အင်းထဲမှာ မိုးရွာတတ်တာမို့ မြေက ပျော့စိစိဖြစ်နေတာပါ။ ရွာကို သိပ်မကြာခင်ပဲ ရောက်တယ်။ ရွာက ခြောက်ကပ်နေသလိုပဲ။ လူလည်း မတွေ့ရဘူး။ အော် ဘယ်တွေ့ရပါ့မလဲ။ အားလုံးက အလှူရှိလို့ဆိုပြီး ဘုန်းကြီးကျောင်းရောက်နေကြတာကိုး။ ကျောင်းကြီးက ရန်ကုန်မှာ တွေ့ရတဲ့ ဘုန်းကြီးကျောင်းတွေလို မဟုတ်ပါဘူး။ အင်းလက်ရာနဲ့ ခံ့ခံ့ထည်ထည်ရယ်ပါ။ ရေတွင်း၊ ရေကန်၊ ဟင်းချက်ဆောင်နဲ့ လယ်တစ်ကွက်ကိုပါ ဘုန်းကြီးကျောင်းဝင်းထဲမှာ တွေ့ရတယ်။ ထင်တာကတော့ သူတို့က ကိုယ့်ဆန်ကိုယ်စိုက်စားတာများလားပဲ။
ဘုန်းကြီးကျောင်းထဲကိုဝင်စမှာ ပြဿနာတတ်တာကတော့ လူတွေအားလုံးကဝိုင်းကြည့် နေကြတာပါပဲ။ ကျနော်က ဝတ်တာစားတာလည်း သာမန်ဖြစ်ပေမယ့် သူတို့က လူစိမ်းကို အရမ်းသိသာနေတာလည်း ဖြစ်နိုင်ပါတယ်။ ရွာက ကာလသားတွေနဲ့ ဘုန်းကြီးကျောင်းသားတွေကတော့ ကျနော်တို့ကို တော်တော်လေး ခင်တွယ်ချင်ပုံရပါတယ်။ အနားကမခွာစတမ်း လိုအပ်တာတွေ ပြင်ဆင်ပေးကြပါတယ်။
သိပ်မကြာခင်မှာပဲ ဘုန်းကြီးဝါထပ်ပွဲ စပါတယ်။ သိမ်ကနေပြန်ထွက်လာပြီး တရားနည်းနည်း ဟောနေချိန်မှာတော့... ဘုန်းကြီးကျောင်းသားလေးတွေက ကျနော်တို့ကို မြို့ကဧည့်သည်တွေမို့ ထမင်းစောစောစားရအောင်ဆိုပြီး လာခေါ်ပါတယ်။ ကျနော်လည်း တော်တော်အံ့သြသွားတယ်။ ဘုန်းကြီးတွေတောင် ဆွမ်းဘုန်းမပေးရသေးတော့ စားရမှာ တစ်မျိုးကြီး။ နောက်မှ ကျနော့ကို ခေါ်လာတဲ့ ဘုန်းဘုန်း အမိန့်နဲ့ ပြင်ကျွေးတာလို့သိရပါတယ်။ ဘုန်းကြီးတွေ ဆွမ်းဘုန်းမပေးရသေးတော့ ဘုန်းကြီးပွဲက ဟာတွေတော့ မပါသေးပါဘူး။ ဝိုင်းထဲမှာ အဆီတဝင်းဝင်းနဲ့ ဝါရောင်သွေးနေတဲ့ ထမင်း (စီးပြီးတော့ အီစိမ့်ကောင်းလွန်းပါတယ်။ အင်းဆန်လို့ပြောပါတယ်။)၊ ဝက်သားဟင်း၊ ဆေးခါးဟင်းရည် (အတော်ခါးပါတယ်။ ဆေးခါးရွက်နဲ့ အသီးအရွက်တွေပေါင်းပြီး အရည်သောက် လုပ်ထားတာပါ။ ဆေးဘက်တော့ အရမ်းဝင်တယ်လို့သိရပါတယ်။)၊ အရွက်ကြော်တစ်မျိုးနဲ့ ငါးမုန့်ကြော်တို့ပဲ ပါပါတယ်။ ဒါပေမယ့် မနက်ထဲကထွက်လာရတာဆိုတော့ ဗိုက်ကဆာလွန်းနေလို့ တော်တော်လေး စားလို့ကောင်းပါတယ်။ ငရုတ်သီးခြောက်ကြော်ကလည်း တော်တော်စပ်လို့ ထမင်းမြိန်ပေမယ့် ထမင်းဆီကများတော့ ခဏလေးနဲ့ အီသွားပါတယ်။ ကျနော်လည်း တစ်ပန်းကန်ကျော်ကျော် စားပြီး ငှက်ပျောသီးလေး နဲ့ စည်းစိမ်ခံနေတုန်းမှာပဲ၊ ဘုန်းကြီးတွေ ဆွမ်းဘုန်းစပေးကြပါတယ်။ အဲဒီနောက် လူတွေစားတဲ့ အလှည့်ပါ။ အားရစရာကြီးဗျာ။ လူတွေလူတွေ ရွာလုံးကျွတ်ကိုလာပြီး အားရပါးရစားကြတာ။ ကျနော်တောင် ကြည့်ရင်းပျော်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် နောက်ရင်းပြောင်ရင်းနဲ့ စားနေကြတာ။
အားလုံးစားပြီးချိန်လောက်မှာ တရားပွဲ စပါတယ်။ တရားပွဲ စတော့ ကျနော်က နောက်နားလေးမှာ နေရင်းနဲ့ ဟိုငေးဒီငေးလုပ်တော့ လက်ဖက်၊ မုန့်လေပွေ၊ အချိုမုန့်ပေါင်းစုံ၊ ရေနွေးကြမ်းတို့နဲ့ ဧည့်ခံပါလေရော...။ အားပါး ကျနော်တော့ တကယ် ရှမ်းပြည်ထွက် အစားအစာကောင်းတွေကို တွယ်နေရပါသလားလို့ စိတ်ကူးမိနေခဲ့တယ်။
တရားပွဲကလည်း တော်တော်ကြာ၊ ကျနော်ကလည်း ဘာသာဝင်မဟုတ်ဆိုတော့ ပျင်းလာသလိုလိုရှိတုန်း ဒေသခံကောင်လေးတချို့က လာမိတ်ဖွဲ့ကြပါတယ်။ သူတို့တွေက ကျနော် ဝတ်ထားတဲ့ ပုံစံကို စပ်စုကြသလို ကျနော်ကလည်း သူတို့ဝတ်ထားတဲ့ ရိုးရာအဝတ်တွေကို သဘောကျတယ်လို့ ပြောရင်းကနေ တော်တော်ကြာကြာ စကားပြောဖြစ်ခဲ့ကြပါတယ်။ ဒေသခံတွေရဲ့ ပွင့်လင်းတဲ့စရိုက်ကို မြင်ခဲ့ရသလို ဖြူစင်တဲ့ စိတ်မနောကိုလည်း သိခဲ့ရပါတယ်။
အချိန်တန်လို့ အိမ်ပြန်ချိန်ရောက်လာတော့ သူတို့တွေက လှေဆိပ်ထိ လိုက်နှုတ်ဆက်ကြပါတယ်။ အမှန်က အဲဒီမှာ အိပ်ရတော့မလို့... အင်းပေါခုံရွာလေးမှာ ရွာလိုက်တဲ့မိုးဟာ တော်တော်သည်းကြီးမဲကြီးပါ။ ရာသီဥတုက အဆင်ပြေသွားတော့ ပြန်ခဲ့ရပါတယ်။ အင်းပေါခုံက သူငယ်ချင်းတွေကတော့ ကျနော်ကို မျက်ရည်ဝဲဝဲနဲ့နှုတ်ဆက်ရင်း နောက်နှစ် ဘုန်းကြီးမွေးနေ့မှာ လာဖို့ ကြိုဖိတ်နေပါတယ်။ တကယ့်ကို မမေ့နိုင်စရာပါပဲ။
လှေလေးစထွက်ချိန်ကစလို့ စိတ်ထဲမှာ ပြန်ရတော့မယ် ဆိုတဲ့ အသိနဲ့ ပင်ပန်းတယ်လို့ ခံစားလာရပါတယ်။ အဲဒီချိန်မှာပဲ ဦးဆောင်တဲ့ ဘုန်းဘုန်းက ရန်ကုန်သားတွေပါလာလို့ ရွာထဲလှည့်ပြမယ်ဆိုတော့ တော်တော် သဘောကျသွားတယ်။ တော်တော်သဘောကောင်းပါလားလို့တောင် တွေးမိပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။ ဒါကြောင့်ပဲ ဖောင်တော်ဦးအပါအဝင် နာမည်ကြီးဘုရားစုံ ရောက်သွားရပါတယ်။
အင်းထဲက ရက်ကန်းရွာလေးကိုလည်းဝင်လည်ခဲ့ပါသေးတယ်။ မှတ်မှတ်ရရ ဖောင်တော်ဦးဘုရားမှာ လှေကပ်ပြီဆိုတာနဲ့ လူကိုဆွဲတင်သလိုလိုနဲ့ ဈေးရောင်းဖို့ကြိုးစားကြသူတွေကို လန့်ရလောက်အောင် တွေ့ရပါတယ်။ များပြားလှတဲ့ ဈေးသည်တွေက လှေကြီးမှောက်မတပ် သူ့ထပ်ငါ အလုအယက် ကူညီသလိုလိုနဲ့ ဈေးလုရောင်းကြပါတယ်။ ဖောင်တော်ဦးမှာ ရိုးရာထည်တွေ၊ အိတ်တွေ စသဖြင့် လက်ဆောင်ပစ္စည်းဝယ်ရတာ တော်တော်ကောင်းပါတယ်။ ဈေးတော့ အရမ်းဆစ်နိုင်မှနော်။ မဟုတ်ရင် ဂျင်းထည့်ခံရမှာ။
အဲဒီချိန်က အင်းလေးမှာ ဖောင်တော်ဦးဘုရားက ရွာတွေလှည့်နေတာမို့ ဖောင်တော်ဦးစေတီမှာတော့ ကျန်ရစ်တဲ့ ဘုရားတစ်ဆူပဲတွေ့ရပါတယ်။ ကျန်တဲ့ ဘုရား လေးဆူကတော့ လှည့်လည် အပူဇော်ခံနေပါတယ်။ တစ်ညကို တစ်ရွာ ညအိပ်ပါတယ်။ ကျနော်တို့လှေကလည်း ဒီည ညအိပ် အပူဇော်ခံမယ့် ရွာကိုသွားပြီး ကျန်ဘုရားတွေကို ဖူးကြပါသေးတယ်။ အဲဒီရွာမှာ ငါးထမင်းတွေ အားရအောင်စားခဲ့တာ အမှတ်ရနေပါသေးတယ်။ အဲဒီမှာ မှတ်မှတ်ရရ ဖောင်တော်ဦး ဘုရားလှည့်တာမှာ တစ်ဆူကဘာလို့ ကျန်နေခဲ့ရတာလဲဆိုတာကိုပါပဲ။
ကျနော်သိရသလောက်တော့ အဲဒီအဆူပါရင် လေကြီးမိုးကြီးကျပြီး မှောင်သွားတတ်တယ်လို့ ဆိုပါတယ်။ တစ်ခါက ရေထဲကျသွားဘူးတယ်လို့ သိရပါတယ်။ အဲဒီနေရာကို အမှတ်အသားလုပ်ပြီးပြန်ရှာတာမတွေ့ရဘဲ၊ သူ့အလိုလို စေတီမှာ ပြန်ရောက်နေတယ်လို့ ဆိုပါတယ်။ ပြန်ရောက်လာတဲ့အခါမှာလည်း ရေမှော်တွေကပ်နေတာတွေ့ရတယ်လို့ ပြောကြပါတယ်။ ရေထဲ ကျသွားတဲ့နေရာမှာ အမှတ်အသားအဖြစ် အခုထိအောင် ရွှေဟင်္သာရုပ်လေးနဲ့ တိုင်လေး ရှိနေပါသေးတယ်။
ကျနော်တို့ရဲ့ အပြန်ခရီးလေးကတော့ မိုးစုန်းစုန်းချုပ်တဲ့အထိပါပဲ။ ရာသီဥတုကလည်း သာသာယာယာလေးမို့ ကျနော်အတွက် အဆင်ပြေခဲ့တာအမှန်ပါ။ ရေကြောက်တတ်တဲ့ ကျနော့အတွက် အတွေ့အကြုံသစ်တွေပေးတဲ့ အင်းလေး၊ ရေထဲကရွာငယ်လေးတစ်ခုကို သိခဲ့ရတဲ့ အင်းပေါခုံရွာလေး၊ ရိုးသားခင်မင်တတ်တဲ့ အင်းသားတွေ အားလုံးဟာ ကျနော်ဘဝမှာ မမေ့နိုင်စရာ အမှတ်တရတွေကို ဒီနေ့တိုင်ပေးဆဲပါဗျာ။

သီဟလုလင်
0 comments:
Post a Comment