Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, November 24, 2011

ဥာဏ်ကောင်းတဲ့ သိုးငယ်လေး


တစ်ခါက အစာရှာထွက်တဲ့ သိုးအုပ်ထဲက သိုးငယ်လေးတစ်ကောင်ဟာ သူ့အဖော် သိုးတွေနဲ့ အစာစားနေရင်းမှာပဲ ဟိုးခပ်လှမ်းလှမ်းမှာ အင်မတန်ကို စိမ်းစိုနေတဲ့ မြက်ခင်းတစ်ခုကို လှမ်းမြင်လိုက်တယ်။ မြင်လိုက်ပြီး ပြီးချင်းမှာပဲ ဆာလောင်နေတဲ့ သိုးငယ်ဟာ မြက်ခင်းရှိရာကို တစ်ရှိန်ထိုး ပြေးသွားပါတော့တယ်။ တဖြည်းဖြည်း မြက်ခင်းနဲ့ နီးလာသလို သူရဲ့ အဖော်တွေဖြစ်တဲ့ သိုးအုပ်ကြီး နဲ့တော့ ဝေးဝေး လာခဲ့တယ်။ ဒီလိုနဲ့ မြက်ခင်းပြင်ကိုလည်း ရောက်ရော စိမ်းစို ချိုမြနေတဲ့ မြက်နုသစ်တွေကို အားပါးတရ စားပါတော့တယ်။ အစာစားချင်စိတ် တစ်ခုတည်းအတွက် ဘာကိုမှ မစဉ်းစား မတွေးတောဘဲ ပြေးထွက်လာခဲ့တဲ့ သိုးလေးအတွက် နောင်တရစရာအဖြစ်က ကျရောက်လာပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့ ရှေ့မှာ သူ့ထက် အဆပေါင်းများစွာ အင်အားကြီးပြီး သန်မာလှတဲ့ ဝံပုလွေတစ်ကောင်က သူ့ကို ဖမ်းဆီးစားသောက်ဖို့ ရောက်ရှိနေတာကြောင့်ပါပဲ။ ဝံပုလွေကို မြင်မြင်ချင်းမှာ သိုးငယ်ဟာ အရမ်းကို လန့်သွားပါတယ်။


အင်အားချင်းလည်း မမျှသလို သူ့ဘက်က ရပ်တည်ပေးမယ့် သိုးအုပ်ကလည်း မရှိတော့ အင်မတန် အားငယ်သွားရှာပါတယ်။ ဝံပုလွေကလည်း အဆာတွေ ဝအစ်ပြီး မလှုပ်ရှားနိုင်အောင် ဖြစ်နေတဲ့ သိုးငယ်ကို အလွယ်တကူ သတ်ပြီးစားဖို့ ပြင်ပါတော့တယ်။ အဲဒီအခါ သိုးငယ်က အကြံတစ်ခုရပြီး ဝံပုလွေကို...
"ဝံပုလွေကြီး... ကျွန်တော့ကို ဖမ်းပြီးစားတော့မလို့လား။ ကျွန်တော် ထွက်မပြေးနိုင်ပါဘူး။ ဘယ်အချိန် စားစားပေါ့ဗျာ။ တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်က အခုမှ မြက်တွေကို စားထားခါစ ကျွန်တော့မှာ ဘာအရသာမှ ရှိဦးမှာ မဟုတ်ဘူး။ အတော်လေးကြာတော့ မြက်တွေလည်း အစာချေဖျက်ပြီး ကျွန်တော်လည်း ဝဝဖြိုးဖြိုးနဲ့ ကဲ ဘယ်လောက် စားကောင်းလိုက်မလဲ" လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ ဝံပုလွေကလည်း ဟုတ်ပေသားပဲလို့ စဉ်းစားမိပြီး သိုးငယ်ရဲ့ အကြံကို လက်ခံလိုက်ပါတယ်။ ဒါကြောင့် သိုးငယ်အစာချေဖျက်ပြီးတဲ့အထိ စောင့်မယ်လို့ စဉ်းစားပြီး ဘေးမှာ ထိုင်စောင့်နေပါတော့တယ်။ ဒီလိုနဲ့ သိုးငယ်ဟာ နောက်တစ်ဆင့် တက်လာပြန်ပါတယ်။
"ဝံပုလွေကြီး... ကျွန်တော်က မြက်တွေ စားထားတာ အတော်များသွားတယ်ဗျ။ တော်တော်နဲ့ အစာချေနိုင်မယ် မထင်ဘူး။ ဘယ်လိုလုပ်ရပါ့။ သြော် အကြံရပြီ။ လှုပ်လှုပ်ရှားရှားနေရင် အစာချေ မြန်မှာပဲ။ ကျွန်တော် ကချင်တယ်ဗျာ။ ဒါဆို အစာချေမြန်မှာပေါ့။" လို့ ခွင့်တောင်းပြန်တယ်။

ဝံပုလွေလည်း ကောင်းသားပဲ ဆိုပြီး ခွင့်ပြုပေးလိုက်ပြန်ပါတယ်။ ဒီလိုနဲ့ သိုးငယ်ဟာ သူ့ကို ဘယ်သူများ ကယ်တင်နိုင်မလဲလို့ ကချင်ယောင်ဆောင်ပြီး ဘေးဘီကို အားကိုး မျှော်လင့်နေပြန်ပါတယ်။ ဒါပေမယ့် ဘေးဘီဝဲယာမှာ သူ့ကို ကယ်တင်နိုင်ဖို့ မပြောနဲ့ လူရိပ်လူယောင်တောင် မတွေ့ရပါဘူး။ သူ့အဖော် သိုးအုပ်ကလည်း သူနဲ့ အလွန်ကို ဝေးတဲ့ နေရာမှာ အေးအေးလူလူပဲ အစာစားနေကြလေရဲ့။

သူ ခုန်ပြ ကပြပေမယ့် ဘယ်သူကမှ သူ့ကို သတိမထားမိရှာဘူး။ ဒီတစ်ခါတော့ သိုးငယ်ဟာ တကယ်ကို အကြံအိုက်လာပါပြီ။ ဘေးမှာ ဝံပုလွေကလည်း မျက်ခြည်မပြတ် စောင့်ကြည့်လို့ပေါ့။ ဒီလိုနဲ့ ကနေတာ အတော်လေး ကြာသွားတဲ့နောက်မှာတော့ သိုးငယ်ဟာ အကြံအစည်သစ်တစ်ခု ရလာပြန်ပါတယ်။ အဲဒါနဲ့ ဝံပုလွေကို
"ဝံပုလွေကြီးရေ... ကျွန်တော် ကသာ ကရတာ စိတ်မပါလှဘူး။ အဲဒီတော့ အစာလည်း မကြေဘူးပေါ့ဗျာ။ ဒီလိုရှိတယ်ဗျ။ ကတယ် ခုန်တယ်ဆိုတာက ဂီတသံလေးရှိမှ ကောင်းမှပေါ့။ နို့မို့ဆို ကလို့ ဘယ်ကောင်းပါ့မလဲ။" လို့ စောဒက တက်လိုက်ပြန်ပါတယ်။

ဝံပုလွေက သိပ်တော့ စိတ်မရှည်တော့ပါဘူး။ ဒါပေမယ့် အကျိုးအကြောင်း ဆီလျော်နေတော့လေ။
"အေး... မင်းသဘောပဲ။ ဒါနဲ့ ဒီမြက်ခင်းပြင်အကျယ်ကြီးထဲ ဘယ်က သီချင်းသံရမလဲကွ။" လို့ ပြန်မေးလိုက်တယ်။ ဒီအခါ အကြံရှိတဲ့ သိုးငယ်က ဝမ်းသာအားရပဲ...
"ကျွန်တော့လည်ပင်းမှာ ခေါင်းလောင်းရှိတယ်လေဗျာ။ ဒါလေးကို လှုပ်ယမ်းလိုက်ရင် ဂီတသံပဲ မဟုတ်လား။ ကဲ... ကျွန်တော့ကို ကူပြီး လည်ပင်းက ခေါင်းလောင်းလေးကို လှုပ်ယမ်းပေးပါလားဗျာ။ ခင်ဗျားအားနဲ့ဆိုတော့ အသံပိုမြိုင်တာပေါ့။ ကျွန်တော်လည်း ကလို့ ပိုကောင်းတာပေါ့" လို့ ဆိုလိုက်တယ်။

အဲဒီအခါ ဝံပုလွေက ကောင်းပြီလေ ဆိုပြီး သိုးငယ်လည်ပင်းက ခေါင်းလောင်းကို ဖြူတ်လို့ သိုးငယ်ကို အမြန်စားချင်ဇောနဲ့ အားပါးတရ လှုပ်ယမ်းလိုက်ပါတော့တယ်။ အဲဒီအခါ ခေါင်းလောင်းသံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်။ အဲဒီချိန် ဟိုးအဝေးမှာ ရှိနေတဲ့ သိုးအုပ်စောင့်တဲ့ လူဟာ ကြားသွားပြီး အလျင်အမြန်ပဲ သူ့ခွေးတွေကို စေလွှတ်ကာ ဝံပုလွေကို ဖမ်းစေပါတော့တယ်။ ဝံပုလွေလည်း ကြောက်အားလန့်အားနဲ့ ပြေးရှာပါတော့တယ်။ အဲဒီအခါ ရန်သူရဲ့ ခံတွင်းထဲရောက်နေတဲ့ သိုးငယ်ဟာ အန္တရာယ်ကနေ လွတ်မြောက်သွားရှာပါတယ်။ ဒါဟာ သိုးငယ်ရဲ့ ဖြတ်ထိုးဥာဏ်ကြောင့်ပါပဲ။ သိုးငယ်ဟာ ဥာဏ်ရည်ဥာဏ်သွေးမှာတော့ ဝံပုလွေထက် သာတယ်ဆိုတာ သာဓကပြတဲ့ စာစုလေးပါ။ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု ကွာခြားခြင်း၊ အသားအရောင် ကွဲပြားခြင်းစတဲ့ အပေါ်ယံအရည်အသွေးတွေထက် ဥာဏ်ရည်ဥာဏ်သွေးကို အလေးထားစေချင်တဲ့ စာစုလေးပါ။ အရေးကြုံလာရင် အကြံဥာဏ်ကောင်းတွေ ရရှိနိုင်ကြပါစေ။

W A I


(စကားချပ် - စာရေးသူ W A I ဟာ ကျနော့ရဲ့ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး၊ အခုလက်ရှိမှာတော့ The Chic မဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ်ဆောင်ရွက်ရင်း စာတွေရေးသားနေသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်လမ်းများစွာကိုလည်း ရေးဖွဲ့ပေးနေသူဖြစ်ပြီး သူရေးသားထားတဲ့ စာကောင်းလေးတွေထဲက လစဉ်ရေးသားနေတဲ့ သူ့ပင်တိုင်ကဏ္ဍတစ်ခုထဲကနေ စာစုတစ်ခုကို သဘောကျလို့ တင်ပြပေးလိုက်ပါတယ်။)

0 comments: