Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, November 25, 2011

ကင်ဆာရောဂါများနှင့်ပတ်သက်၍ ဒေါက်တာဦးမျိုးခင် နှင့် တွေ့ဆုံခြင်း


ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ကျွန်တော့ဆီကို ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ပြပေးဖို့ အလုပ်တစ်ခု ရောက်လာပါတယ်။ ဒါနဲ့ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်နှံ့စပ်ကြတဲ့ ဆရာဝန်ကြီး နှစ်ယောက်ကို အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ရပြီး ဆရာကြီး ဦးမျိုးခင်နဲ့ အရင်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။ အမှန်ပြောရရင်တော့ အလုပ်အတွက်မို့ ကျွန်တော် သိပ်စိတ်ပါဝင်စားခဲ့တာမျိုး မရှိတာတော့အမှန်ပါ။ စဉ်းစားကြည့်လေဗျာ။ ကင်ဆာရောဂါဆိုတာကို ဘယ်သူက စိတ်ဝင်စားချင်မှာလဲ။ ဒါပေမယ့် ကျွန်တော် ဆရာကြီးနဲ့ စကားပြောခွင့်ရတဲ့အချိန်မှာ ကင်ဆာရောဂါဆိုတာ ဘယ်သူမဆို ဖြစ်နိုင်ပြီး၊ ကြိုတင်ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာ သိလိုက်ရပါတယ်။ တော်တော်လေးလည်း တုန်လှုပ်သွားမိသလို၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ကိုယ့်နိုင်ငံသားတွေ ကင်ဆာ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ အားတက်သရော လုပ်ဆောင်နေကြပြီး ကိုယ်တွေမှာ ပေါ့ပေါ့ပျက်ပျက် နေမိနေသလားလို့ တွေးပူမိသွားပါတယ်။


ကျွန်တော် တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့ ဆရာကြီး ဦးမျိုးခင် ဟာ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) ရဲ့ ခေတ္တ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို လက်ရှိထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဆရာနဲ့ တွေ့ခဲ့ရတဲ့ အချိန်က နာရီပိုင်းလေးပေမယ့် ကျွန်တော့မှာ စဉ်းစားလုပ်ဆောင်စရာတွေ အချိန်များစွာ ရရှိသွားလောက်အောင် အဖိုးတန်လှပါတယ်။

Q: မြန်မာနိုင်ငံမှာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်တဲ့ အကြောင်းတရားတွေက အခြားနိုင်ငံနဲ့ ယှဉ်ရင် သိသိသာသာ များပြားတယ်လို့ ဆေးပညာ ဗဟုသုတ ရှိသူတွေနဲ့ ဆရာဝန်တွေက မှတ်ချက်ပြုကြပါတယ်။ ဒီ မှတ်ချက်တွေက အမှန်တကယ်ပဲလား။ အဲဒီလို ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေထဲက ဘယ်လို အကြောင်းတရားတွေက အဆိုးဆုံး အကြောင်းတရားတွေ ဖြစ်နိုင်မလဲ သိပါရစေ ဆရာ။
A: ကင်ဆာရဲ့ သဘောသဘာဝကတော့ ဆဲလ်တွေ ပွားလာတာ။ လူတိုင်းကတော့ ဆဲလ်က ပွားတာပဲ။ လူ စ ဖြစ်လာကတည်းက ဆဲလ်လေးတွေက ပွားလာပြီးတော့ လူသားက တဖြည်းဖြည်း ကြီးလာတယ်။ သို့သော်လည်း ပွားတဲ့နှုန်း အရမ်းမြန်လာလဲ ဆိုတော့ ပတ်ဝန်းကျင်က ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေ ပါသလို၊ မျိုးဗီဇကြောင့်လည်း ကင်ဆာရောဂါ ဖြစ်နိုင်တာ များတယ်လို့ ပြောနိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ကင်ဆာရောဂါတွေကျတော့ ဥပမာ - မိန်းကလေးတွေမှာ ဖြစ်တဲ့ သားမြတ်ကင်ဆာ လိုမျိုးပေါ့။ အမေတွေမှာ ဖြစ်ရင်၊ သမီးတွေမှာ ဖြစ်နိုင်တဲ့ ကင်ဆာဂျီင်း ပါလာတယ်လို့ ပြောကြတယ်။ တော်တော်များများလည်း တွေ့ကြတယ်။ မှန်လည်း မှန်တယ်ပေါ့။ ဒုတိယ တစ်ခုကျတော့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာပေါ့။ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာမှာတော့ အများအားဖြင့်တော့ ရှောင်နိုင်တဲ့ဟာတွေ များတာပေါ့။ ရှောင်နိုင်တဲ့ ဟာတွေကတော့ ဆေးလိပ်တို့၊ အရက်တို့၊ အဲဒါတွေကတော့ အဓိက ကင်ဆာကို ပိုပြီးတော့ ဖြစ်စေနိုင်တယ်။ ခုနောက်ပိုင်းတော့ စားသောက်တဲ့ ပုံစံပေါ့။ ဥပမာ အကင်စားတယ်ပေါ့။ ဒါလည်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုပါ ပါတယ်။ ဆရာ အရင်ကတော့ အသည်းရောင် အသားဝါနဲ့ ပတ်သက်လို့ သုတေသနတွေ လုပ်ခဲ့တာ များတော့၊ ဘီပိုး ရှိရင် ကင်ဆာဖြစ်တဲ့ အခွင့်အလမ်း များတယ်။ နောက် စီပိုး ဖြစ်လာရင်လည်း စီပိုးက ဖြစ်နိုင်တဲ့ အကြောင်းတရား များတယ်။ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ ရောဂါရဲ့ သဘာဝပေါ့။ ရောဂါတစ်ခုဖြစ်လာရင် ထပ်ပိုဖြစ်လာနိုင်တယ်။ ခုနောက်ပိုင်းဆိုရင် အသည်းရောင် အသည်းဝါ ဘီပိုး၊ စီပိုးအပြင် အဲဒီလို ဖြစ်နေတဲ့ လူတွေမှာ အီးပိုးထပ်ဖြစ်လာရင် ကင်ဆာ ပိုဖြစ်စေတယ်လို့ ပြောကြတယ်။ ဒါတစ်မျိုးပေါ့နော်။ နောက်ပြီးတော့ တခြားနိုင်ငံတွေမှာတော့ရှိတယ်။ အသည်းမှာ လာပြီးတော့ ကပ်တဲ့အကောင်တွေပေါ့။ အဲဒီအကောင်လေးတွေ ရှိနေရင် သူက ကင်ဆာရောဂါ ပိုဖြစ်တာ တွေ့တယ်။ နောက်တစ်မျိုးရှိတာက အစာအိမ်မှာ ဖြစ်တဲ့ပိုးပေါ့။ အဲဒီပိုးတစ်မျိုး ဖြစ်လာရင်လည်း၊ လူမှာ စွဲကပ်လာရင်လည်း သူက ကင်ဆာ ဖြစ်စေနိုင်တယ်။ သူကြောင့် အစာအိမ်က ရောင်ပြီ။ အစာအိမ် ရောင်တာများလာရင် အစာအိမ်ကင်ဆာ ဖြစ်နိုင်တယ်။ သူတစ်ခုတည်းတော့ ကင်ဆာရဲ့ သဘာဝက အများအားဖြင့် အကြောင်းအရာ သုံးလေးခု ဆုံမှ ကင်ဆာဖြစ်တာပိုများတယ်။ တစ်ခုတည်းတော့လည်း ဖြစ်နိုင်တယ်။ သို့သော်လည်း သုံးလေးခုဆုံရင်တော့ ဖြစ်ဖို့ အကြောင်းအရာ သိပ်များသွားပြီ။

Q: ဆရာ ခုနက ပြောသွားတဲ့အထဲမှာ အမျိုးသမီးတွေမှာက သားမြတ်ကင်ဆာကို မျိုးရိုးလိုက်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ခုနောက်ပိုင်း အမျိုးသားတွေမှာလည်း သားမြတ်ကင်ဆာ ဖြစ်တယ်လို့ ပြောတာ ဘာကြောင့်ပါလဲ။
A: မှန်ပါတယ်။ သူကတော့ အမျိုးမျိုး ဖြစ်တတ်ပါတယ်။ သားမြတ်ကင်ဆာ အမျိုးသမီးတွေမှာ ဖြစ်တာကတော့ မျိုးရိုးနဲ့ ပတ်သက်ပြီး ဖြစ်လာပေမယ့်လည်း ယောက်ျားလေးတွေမှာ ဘာကြောင့် သားမြတ်ကင်ဆာ ဖြစ်တာတွေ့ရငလဲဆိုတော့ ခုနက ဆရာပြောသလိုပဲ ကင်ဆာဆိုတာက သူက ပွားတာ။ သာမန်ပွားရမှာထက် အများကြီး ပွားလာရင် ကင်ဆာ ဖြစ်တာပဲ။ အဲဒီတော့ သာမန်ပွားသလောက်ပဲ ပွားအောင် သူ့ဟာနဲ့သူ သဘာဝနဲ့ ရှိနေတာက အကြောင်းမဟုတ်ဘူး။ တချို့ကျတော့လည်း ဆေးတွေပေါ့။ သုံးတဲ့ဆေးတွေက ဆဲလ်ပွားနှုန်းကို ပိုများစေတယ်။ သူ့ဟာသူ ဘာကိစ္စနဲ့ဖြစ်ဖြစ် သုံးတဲ့ဆေးပေါ့။ အဲဒီခါကျရင်တော့ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ပွားတာ မြန်ရင်တော့ ဘယ်နေရာမဆို ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ကင်ဆာတော့ ဖြစ်နိုင်ပါတယ်။

Q: တာရှည်ခံတဲ့ ပစ္စည်းတွေ သုံးတဲ့ အစားအသောက်တွေဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆရာ ပြောခဲ့တယ်။ ဒီလို အစားအသောက်တွေထဲမှာ အသင့်စား ခေါက်ဆွဲလို ဟာမျိုးတွေရော ပါလား ဆရာ။
A: သူကတော့ စနစ်တကျ ပြုစုထားရင်တော့ ဘာမှ မပါပါဘူး ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာလဲ စားကြတာပဲ။ ဆရာတို့လည်း နိုင်ငံခြားရောက်ရင် ခေါက်ဆွဲထုပ်တို့ ဘာတို့ စားကြတာပဲ။ အဲလိုမျိုးတွေက သူ့ဟာသူ စနစ်တကျ စည်းကမ်းတကျ ထည့်ထားတာ ကျတော့ ဘယ်တော့မှ အန္တရာယ်မရှိပါဘူး။ ဒီလိုပဲ စားကြတာပဲ။ ဒါပေမယ့် ခုနကလိုပေါ့။ သူ သုံးတဲ့ ပစ္စည်းက စနစ်တကျ မရှိရင်တော့ ဘယ်အရာမဆို အန္တရာယ်ရှိတာပဲ။ ဥပမာအားဖြင့် ကျန်းမာရေးဦးစီးဌာနကလည်း ဂရုစိုက်ပြီး လုပ်နေပါတယ်။ ဥပမာ ငါးပိ၊ ငါးပိမှာပါတဲ့ ဆိုးဆေးပေါ့။ ဒါတွေက ကင်ဆာဖြစ်နိုင်တယ်။ သူက ပုံမှန်အားဖြင့်က နှစ်မျိုး ရှိတယ်။ စက်မှုလုပ်ငန်းတွေမှာ သုံးတဲ့ အရောင်ဆိုးဆေးနဲ့ နောက် အစားအသောက်တွေမှာ သုံးတဲ့ ဆိုးဆေး။ အဲဒီနှစ်ခုက တစ်ခါတစ်ခါကျတော့ ဟိုလူတွေရဲ့ ဘယ်လိုခေါ်မလဲဆိုတော့ သိပ်နားမလည်တာလဲ ပါရင်ပါမယ်။ သို့သော်လည်း ဈေးပေါတာပဲ အလွယ်သုံးတာ ဖြစ်ချင်ဖြစ်မယ်။ ရတာ လွယ်တာပဲ သုံးတာ ဖြစ်ရင် ဖြစ်မယ်။ အဲလို စက်ရုံလုပ်ငန်းတွေမှာ သုံးတဲ့ ဆိုးဆေးတွေ သုံးလိုက်ရင် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးအိမ်မှာဖြစ်တဲ့ ကင်ဆာတွေ တော်တော်များများက အဲဒါကြောင့်လို့ ပြောကြတယ်။ ဒီဆိုးဆေးတွေကြောင့် ကင်ဆာ ဖြစ်တယ်။

Q: နိုင်ငံတကာမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေနဲ့ မြန်မာနိုင်ငံမှာ ခုဖြစ်နေတဲ့ ကင်ဆာရောဂါတွေ တူညီမှုရှိပါသလား။ မြန်မာနိုင်ငံမှာပဲ ဖြစ်ပွားတတ်ပြီး အခြားနိုင်ငံတွေမှာ မဖြစ်ဘူးသေးတဲ့ ကင်ဆာ အမျိုးအစားတွေ ရှိရင်လည်း သိချင်ပါတယ်။
A: ဆေးရုံမှတ်တမ်းမှာတွေ့တာတွေကတော့ တူပါတယ်။ သို့သော်လည်း လျှော့လို့ရတာတွေ ကတော့ လျှော့တာပေါ့။ ဥပမာ - ဒီအချိန်မှာ အမေရိကားမှာဆိုရင် အဆုတ်ကင်ဆာက နံပါတ် တစ် ပဲ။ သို့သော်လည်း နောက်ပိုင်းကျတော့ ဆေးလိပ်မသောက်ရဘူး သူတို့ တိုက်တွန်းတယ်။ ဆေးလိပ်မသောက်ကြတော့ဘူး။ ဆေးလိပ်သောက်တဲ့သူတွေကလည်း အငွေ့ကို လျော့အောင် လုပ်တယ်။ အဲဒီတော့ ကင်ဆာဖြစ်တာ ကျတယ်။ ဆရာတို့ဆီမှာကတော့ ရှိနေသေးတယ်။ တရုတ်ပြည်မှာ တွေ့တဲ့ဟာတွေဆိုလည်း အဆုတ်ကင်ဆာ များတယ်။ သူတို့လည်း ဒီဆေးလိပ်ကို နိုင်နင်းအောင် လုပ်ကြတယ်။ မသောက်ရတော့ဘူး။ ရုံးတွေဘာတွေမှာ မသောက်ခိုင်းတော့ဘူး။ အရင်တုန်းက တရုတ်က တောက်လျှောက်ဆေးလိပ်သောက် တာပဲ။ ဆေးလိပ်သောက်တဲ့သူ တရုတ်ချည်းပဲ။ သူတို့ကိုယ်တိုင်လည်း လျှော့လာပြီ။ နိုင်ငံတကာမှာ ဖြစ်တဲ့ ကင်ဆာနှုန်းနဲ့ မြန်မာပြည်မှာ ဖြစ်တဲ့ကင်ဆာ သဘာဝချင်းက အတူတူပဲ။ လူတွေပဲလေ။ လူတွေပဲဆိုတော့ သဘာဝချင်းက အတူတူပဲ။ ဥပမာ - ဆေးလိပ်သောက်တာ များရင် ခုနက အမေရိကားမှာ ဖြစ်သလို မြန်မာပြည်မှာလည်း ဖြစ်မှာပေါ့။

Q: နိုင်ငံတကာမှာ မြန်မာနိုင်ငံဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုအဆင့်အနေနဲ့ ဘယ်အဆင့်လောက်မှာ ရှိနေပြီး အာဆီယံနိုင်ငံတွေကြားမှာဆိုရင် ဘယ်အဆင့်လောက် ရှိနေလဲဆိုတာ သိချင်ပါတယ်။
A: အဲလိုတော့ မပြောနိုင်ဘူး။ အဲဒါတော့ ဆရာလည်း ကောင်းကောင်းမသိဘူး။ လက်ရှိကင်ဆာလူနာ မှတ်တမ်းကလည်း ဘယ်မှာ အခြေပြုထားလဲဆိုတော့ ဆေးရုံကိုပဲ အခြေပြုထားတာလေ။ ရန်ကုန်ရှိတယ်။ မန္တလေးရှိတယ်။ တောင်ကြီးရှိတယ်။ မြန်မာနိုင်ငံအနေနဲ့က Data သီးသန့်မရှိသေးဘူး။ သူက နည်းနည်းခက်တာက စာရင်းသွင်းမှတ်တမ်းပါပဲ။ ဆေးရုံကို လာပြီးတော့ စာရင်းသွင်းတဲ့သူ၊ ဆေးရုံကို လာပြီးတော့ ဆေးကုသဖို့ လာတဲ့သူဆိုတော့ နည်းနည်းခက်တယ်။ ရပ်ကွက်ထဲဆင်းပြီးကောက်တဲ့ အဖွဲ့အစည်းမျိုးလည်း မရှိသေးဘူးပေါ့နော်။ ကင်ဆာ ဘယ်လောက်ဖြစ်သလဲဆိုတာ ကုတဲ့ စစ်တမ်းမျိုးလည်း မရှိသေးဘူး။ အဲဒီတော့ ဆရာတို့ နှိုင်းယှဉ်ရတာ နည်းနည်းခက်တယ်။ ဆရာတို့ သိတဲ့စာကတော့ ဒီစာရင်းမှတ်တမ်းတွေ ကြည့်လိုက်ရင် အဖြစ်များဆုံးက ခုနက ဆရာလည်းပြောပါတယ်။ အဆုတ်ကင်ဆာပေါ့။ ဒုတိယက အစာအိမ်လမ်းကြောင်းနဲ့ ပတ်သက်တာပေါ့လေ။ အမျိုးသားတွေမှာကတော့ လည်မျိုပြွန်ကင်ဆာပြီးရင် အသည်းကင်ဆာ၊ နောက်တစ်ခုက အသံအိုးမှာ ဖြစ်တဲ့ကင်ဆာပေါ့။ အများအားဖြင့်တော့ ဒီအပေါ်ပိုင်းပဲ ဖြစ်ကြတာများပါတယ်။ နောက် အစာအိမ် ကင်ဆာပေါ့။ ဒါပေမယ့် ခုနက ပြောသလိုပေါ့ အူမကြီးကင်ဆာတို့ ဘာတို့လည်း ရှိတယ်။ ဥပမာ - ရှားရှားပါးပါးဆိုရင် ကျောက်ကပ်တို့ ဘာတို့မှာလည်း ကင်ဆာ ရှိပါတယ်။ ပန်ကရိယမှာလည်း ကင်ဆာ ဖြစ်တယ်။ ဒါပေမယ့် များသောအားဖြင့် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများတယ်။ ဆရာ့အမေဆိုလည်း အသက် (၈၆) လောက်မှ သည်းခြေပြွှန်ပေါ့။ အဲဒီမှာ ကင်ဆာဖြစ်ပြီးတော့ ဆုံးတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီကင်ဆာတွေကတော့ အသက်နည်းနည်းကြီးမှ ဖြစ်တာတွေပေါ့နော်။ ခုနက အဆုတ်ကင်ဆာတို့ အသည်းကင်ဆာတို့ အစာအိမ်ကင်ဆာတို့က ငယ်တဲ့အခါ ဖြစ်တယ်။ သူတို့က ကာကွယ်လို့လည်း ရတယ်။ ကာကွယ်လို့ရတယ်ဆိုတော့ ဂျာနယ်တွေထဲကနေ လူတွေ ပိုပြီး သတိထားဖို့ပေါ့ ကာကွယ်သင့်တာတွေ ပိုပြီးတော့ ရေးပေးဖို့တော့ လိုတာပေါ့နော်။

ဒါတွေကတော့ ကျွန်တော်နဲ့ ဆရာကြီး ဦးမျိုးခင်တို့ ပြောဖြစ်ခဲ့သမျှ ကင်ဆာစကားဝိုင်းထဲက အမေးအဖြေ တချို့ပါ။ ဒီအကြောင်းအရာတွေကို အခြေခံပြီး ကျွန်တော် ဆောင်းပါးတွေလည်း ရေးထားပါတယ်။ မကြာခင်ဆိုရင် ဂျာနယ်နဲ့ မဂ္ဂဇင်းစာမျက်နှာတွေ ထက်ရောက်လာတော့မှာပါ။ ဆေးပညာ၊ ကျန်းမာရေးနဲ့ ပတ်သတ်လို့ ဦးဆုံးရေးသားထားတဲ့ ဆောင်းပါးတွေ စာမျက်နှာပေါ် ရောက်ပြီးရင် ကျွန်တော့ Blog လေးမှာလည်း ထပ်ပြီး တင်ပြပေးသွားပါဦးမယ်။ ခု ဖတ်ရှုခဲ့ရတဲ့ ကင်ဆာရောဂါတွေအကြောင်းနဲ့ ပတ်သက်လို့ တွေးဆစရာလေးတွေရပြီး ဘဝကို ကျန်းမာရွှင်လန်းစွာ ဆက်ပြီးတည်ဆောက်နိုင်ကြပါစေဗျာ။

သီဟလုလင်
နိုဝင်ဘာလ ၂၅ ၂၀၁၁ ခုနှစ်

1 comments:

ချောကလက်ကျူးပစ်လေး said...

မှတ်သားသွားတယ်ကိုသီပာရေ...