စကားချီး - အခုဖော်ပြမယ့် ဆောင်းပါးလေးက ကမ္ဘာကျော်တေးသံရှင် Britney Spears နဲ့ အင်တာဗျူးထားသမျှ ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ထုတ် The Chic မဂ္ဂဇင်း မှာလည်း ဖတ်ရှုနိုင်ပါတယ်။ ကျွန်တော်ရေးသားခဲ့သမျှကို ပြန်လည်စုစည်းထားချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့ Blog မှာ တင်လိုက်တာပါ။
ဘဝဆိုတာ အမြဲ အတက်အကျတွေနဲ့ ဆန်းကြယ်အံ့အားသင့်စရာ
ကောင်းလွန်းတဲ့ အရာပါ။ အောင်မြင်ခြင်းဆိုတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ လူတကာအားကျလောက်အောင်
ရယူနိုင်ခဲ့ပြီး ကံဇာတ်ဆရာရဲ့မှော်ဆရာလို လှည့်စားချက်မှာ အဆိုးတွေချည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့
Pop ဂီတလောကရဲ့ ရွှေမင်းသမီးလေးကတော့ Britney Spears ပါ။ အချစ်မှာ ကံဆိုးပြီးရင်းဆိုးခဲ့ရတော့
ကလေးနှစ်ယောက်အမေအဖြစ်နဲ့ ရပ်တည်နေရင်းက ဘဝရဲ့ အလှည့်အပြောင်းဒါဏ်ကို ရူးသွပ်နေသူတစ်ယောက်လို
လုပ်ချင်တာတွေလုပ်ပစ်ပြီး လူတိုင်းက အံ့အားသင့်စရာ ဖြစ်သွား စေခဲ့ပြန်တဲ့ Britney
Spears ကို ဂီတလောကမှာတော့ နေရာပျောက်သွားပါပြီလို့ မှတ်ချက်ချခဲ့ကြပါတယ်။ ပြီးခဲ့တဲ့
၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Circus” ဆိုတဲ့ တစ်ကိုယ်တော်တေးစုကလည်း Britney ရဲ့ ဂီတသမိုင်းမှာရောင်းအားအကျဆုံးတေးစုတစ်ခုဖြစ်သွားခဲ့တော့ ဒီမှတ်ချက်ဟာ တကယ်ပါလား လို့တွေးထင်နေတုန်းမှာပဲ၊
Britney Spears ရဲ့ ဘဝကံကြမ္မာက တစ်မျိုးပြောင်းလဲသွားပြန်ပါတယ်။ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို
တစ်လှည့်ပြန်လည် ရရှိလာစေဖို့ စွမ်းဆောင်ပေးလိုက်တာကတော့ အသစ်ထွက်ရှိလာတဲ့ သူမရဲ့ တေးစု
“Femme Fatale” ပဲ ဖြစ်ပါတယ်။
ခုဆိုရင် အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Britney Jean Spears ဟာ
ဂီတလောကကို ၁၉၉၉ ခုနှစ်မှာ “… Baby One More Time” တေးစုနဲ့ ဝင်ရောက်လာခဲ့သူပါ။ ဂီတသက်တမ်း
တစ်လျှောက် တစ်ကိုယ်တော် တေးစုပေါင်း ခုနစ်ခု တိတိကို ထုတ်ဝေနိုင်ခဲ့ပြီး သားတစ်ဦးနဲ့
သမီးတစ်ဦး မွေးဖွားထားတဲ့ မိခင်လည်းဖြစ်တာမို့ ဂီတလောကနဲ့ အဆက်အသွယ် ကျဲနေသူလည်းဖြစ်ခဲ့ပါတယ်။ “Blackout”တေးစုနောက်ပိုင်းမှာ ဂီတလောကထဲပြန်လည် အချိန်ပေးနိုင်ခဲ့ပေမယ့်
“Circus”တေးစုကတော့ ထင်သလောက် မသွားခဲ့ပြန်ပါဘူး။ ခုထွက်ထားတဲ့တေးစုသစ်ကတော့ အခြေအနေ
ကောင်းတယ် လို့ ဆိုရပါမယ်။ သီချင်းတိုင်းကလည်း စိတ်ဝင်စားစရာ ဂီတသစ်ပုံစံတွေနဲ့ပါ။
အရင်တေးစုတွေနဲ့ မတူတဲ့ ခြားနားတဲ့ အကတေးစုလေးအဖြစ် ဖန်တီးထားပါတယ်။ Britney ဟာ သူမရဲ့
အလုပ်ပေါ် တကယ်လည်း အာရုံစိုက်ပြီး လုပ်ခဲ့သလို သူမရဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူနိုင်ဖို့အတွက်
လက်ရှိအောင်မြင်နေတဲ့ Lady GaGa၊ Katy Perry၊ Rihanna၊ Ke$ha တို့ထက် သာလွန်ကောင်းမွန်တဲ့
ဂီတပုံစံနဲ့ သီချင်းတွေဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။
အခုလက်ရှိအောင်မြင်နေတဲ့ “Hold It Against Me” နဲ့ “Till
The World Ends” သီချင်းတွေ ပါဝင်တဲ့ “Femme Fatale” တေးစုသစ် ကို ပြီးခဲ့တဲ့ မတ်လ
၂၉ ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး ကလို့ကောင်းမယ့် သီချင်းပုံစံ ထည့်ထားတယ် ဆိုပေမယ့်
တခြားအကသီချင်းတွေနဲ့ ကွဲပြားပြီး ခေတ်ရှေ့ပြေးနေအောင် ကြိုးစားဖန်တီးတင်ဆက်ထားပါတယ်။
ဒီတေးစုလေးနဲ့ ပတ်သက်လို့ Britney Spears ကို ကမ္ဘာကျော် Rolling Stone ဂီတမဂ္ဂဇင်းက
Steve Knopper က တွေ့ဆုံ စကားပြောထားသမျှကို The Chic မဂ္ဂဇင်းစာရှုသူတွေအတွက် တင်ပြပေးလိုက်ရပါတယ်။
Q: Britney
ရဲ့ ကလေးတွေက ဒီတေးစုသစ်ကို ကြိုက်ကြရဲ့လား။ သူတို့က ဒီတေးစုအပေါ် ဘာတွေ ပြောကြသေးလဲ။
A: သူတို့ကြိုက်ကြတယ်။ ဒီထဲက သီချင်းတွေနဲ့ ကနေကြတာပဲ။
အရမ်းရယ်ရတာတစ်ခုက သူတို့တွေ ခုထိ မရှင်းတာရှိသေးတယ်။ သူတို့ပြောတာ ဘာလဲဆိုတော့ “မေမေနဲ့
လာယှဉ်တဲ့ ဒီ Britney Spears ဆိုတဲ့ အဆိုတော်မက ဘယ်သူလဲဟင်” လို့ မေးတယ်ရှင့်။
Q: ဒီလိုတေးစုသစ်တွေ
လုပ်တဲ့အချိန်မှာ အလုပ်အပေါ် အာရုံဝင်စားမှုက နှစ်တွေကြာလာတော့ ပြောင်းလဲသွားပြီလား။
A: ကျွန်မက ကျွန်မရဲ့
ထွက်ပြီးသမျှတေးစုတိုင်းကို စူးစူးနစ်နစ် အာရုံဝင်စားပြီးမှ လုပ်ခဲ့တာပါ။ ကျွန်မကခေါင်းသိပ်မာတယ်ရှင့်။ ကျွန်မ သီချင်းသွင်းပြီဆိုရင်
ကျွန်မကြိုက်တဲ့သီချင်းမျိုးပဲ ရွေးဆိုတယ်၊ သွင်းတယ်။ အဲဒါကြောင့်လည်း ကျွန်မ
တေးစုတွေက ထွက်ဖို့ အရမ်းကြာတတ်တာပေါ့။ ကျွန်မ သီချင်းတစ်ပုဒ်သွင်းမယ်ဆို အဲဒီသီချင်းက
ကျွန်မရင်ထဲ ဘယ်လောက်ထိလဲဆိုတာ ကြည့်ပြီးမှ သွင်းတာ။ တကယ်ပါပဲ
သီချင်းနည်းနည်းလောက်ပဲ အဲဒီလို ရင်ထဲ ရောက်တာ။ ကျွန်မအထင်တော့ ကျွန်မ
အဲလိုသီချင်းရွေးတဲ့လုပ်ရပ်က ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်မဖန်တီးလိုက်တဲ့ ဂီတတိုင်းကို ကျွန်မအမြဲနှစ်သက်နေတယ်လေ။ ကျွန်မကြားဖူးတယ်။
အဆိုတော် တော်တော်များများပဲ သူတို့အသံသွင်းရတဲ့ သီချင်းကို သူတို့
မကြိုက်ကြဘူးတဲ့။ ကျွန်မ ကတော့ အဲဒီလို မခံစားရဘူး။
Q: ဒီတေးစုရဲ့
တေးဂီတပိုင်းတစ်ခုလုံးနဲ့ ပတ်သက်ပြီးရော ဘယ်လိုစဉ်းစားခဲ့လဲ။
A: ကျွန်မက ညဘက်ထွက်လည်တဲ့အခါမှာ
ကိုယ့်ကားထဲ စိတ်လှုပ်ရှားမြူးကြွစေတဲ့ ဂီတပုံစံတွေ ကြားချင်တဲ့လူတွေ အတွက်ရယ်၊
ပြီးတော့ ကလပ်တွေ အတွက်ရယ်ကိုတေးဂီတပုံစံသစ်တွေ ပါတဲ့တေးစုတစ်ခု လုပ်ချင်ခဲ့တာ။
ဒါပေမယ့် ခုလက်ရှိ အပြင်မှာ ထွက်နေကြတဲ့ ဒီလိုဂီတပုံစံတေးစုတွေ နဲ့လည်းတေးဂီတပုံစံမှာ ကွဲပြားတာမျိုးပေါ့။ ကျွန်မက ကျွန်မကြိုက်တဲ့
ဂီတအမျိုးအစားအားလုံးကို လုပ်ကြည့်ချင်ခဲ့တာလည်းပါတော့ ဒီတေးစုထဲမှာ ပရိတ်သတ်တွေက
Pop, Hip Hop နဲ့ Dance ပုံစံဂီတတွေ ရောစပ်ထားတာကို ခံစားကြရမှာပါ။ ပြီးတော့
ကျွန်မက ကျွန်မအသံကို ကစားချင်တာရော ဟိုက ဒီက ကြားနေကျ ကျွန်မအသံတွေကို
ပြောင်းပစ်ချင်တာပါ ပါတာပေါ့။
Q: ဒီတေးစုထဲမှာ
Dance ဂီတနဲ့ပတ်သက်တဲ့ ပုံစံသစ်တွေကိုတွေ့ရတယ်။ ဆိုပါတော့ “Hold It Against Me”
သီချင်းမှာဆို Dubstep Break ပုံစံပါတယ်။ ဒီလို ဂီတပုံစံအသစ်လေးတွေကို ဘယ်လို
ရှာဖွေခဲ့လဲ။
A: ကျွန်မက တစ်ကမ္ဘာလုံးက ဂီတပုံစံစုံကို
နားထောင်ခဲ့တယ်။ ပြီးတော့ ကျွန်မအထင် ကျွန်မကိုယ်တိုင်ကိုကလည်း ကျွန်မကို
စိတ်လှုပ်ရှားစေတဲ့ ဂီတသစ်မှန်သမျှနောက်ကို လိုက်ချင်နေတာပဲ။ ကျွန်မနဲ့ ပရိတ်သတ်နဲ့
အစပ်အဟပ် ကွာမယ့် ဘာတစ်ခုမှကိုမှ ဒီတေးစုထဲမှာ မထည့်ချင်တာပါ။ ကျွန်မထင်ပါတယ်။
ကျွန်မ အခုထွက်ထားတဲ့ စင်ဂယ်လ်သီချင်း နှစ်ပုဒ် “Hold It Against Me” နဲ့ “Till
The World Ends” အဲဒီနှစ်ပုဒ်လုံးက တခြားသီချင်းတွေနဲ့ မတူဘဲ လုံးဝ ကွဲပြားတဲ့
ဂီတပုံစံတွေဖြစ်မှာပါ။ ပြီးတော့ ကျွန်မထင်ပါတယ်၊ ကျွန်မရဲ့ ပရိတ်သတ်တွေ
ဒီသီချင်းနှစ်ပုဒ်တင်မဟုတ်ဘူး၊ ကျန်တဲ့ ဒီ “Femme Fatale”တေးစုထဲက သီချင်းတွေ
နားထောင်ပြီးတဲ့အခါ သီချင်းတိုင်းက ဘယ်လို လတ်ဆက်ကောင်းမွန်နေလဲဆိုတာ သိရမှာပါ။
Q: Britney
ခုထိရော ကလပ်တွေ သွားဖြစ်နေတုန်းပဲလား။ ဘယ်လို အကသီချင်းပုံစံတွေကို ကြိုက်လဲ။
A: ကျွန်မ
အဲဒီလောက်အပြင်မထွက်ဖြစ်တော့ပါဘူး။ ဒါပေမယ့် ကျွန်မ အပြင်ထွက်ပြီဆိုရင်လည်း ကလပ်ပဲသွားပြီး
ကချင်နေတော့တာ။ အကသီချင်းတစ်ပုဒ်က ကျွန်မကို သူ့တေးသွားအတိုင်း စီးမျောဖို့
အမိန့်ပေးလိုက်သလိုပဲ။ ကျွန်မက သံစဉ်လှလှလေးတွေနဲ့ ခပ်ပြင်းပြင်းစည်းချက်ပါတဲ့
အကသီချင်းတွေကို သဘောကျတယ်။ အဲဒါတွေက ကျွန်မအကြိုက်ဆုံးပုံစံပဲ။
Q: အိမ်မှာနေရင်းရော
ဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲ။
A: ကျွန်မ Black Eye Peas အဖွဲ့ကို
ကြိုက်တယ်။ ပြီးတော့ Deadmau5 ကိုလည်း သဘောကျတယ်။ ကျွန်မကတော့ ဂီတနဲ့ပတ်သက်ရင်
အာလုံးလိုလို ကြိုက်တတ်တယ် ထင်ပါတယ်။ ခုနောက်ပိုင်း ကျွန်မ Robyn နဲ့ Adele
သီချင်းတွေလည်း မနားတမ်း နားထောင်ဖြစ်တယ်။ ကျွန်မက လူသိပ်မသိသေးတဲ့ အနုပညာရှင် အသစ်လေးတွေကို
ရှာရတာကိုလည်း အရမ်းသဘောကျတာ။ ဒါဟာ တကယ့်ကို ကျွန်မသိပ်ကြိုက်တဲ့အလုပ်ပဲ သိလား။ ဒီကိစ္စက
ကျွန်မရဲ့ လျှို့ဝှက်ချက်လေးတစ်ခုလိုလည်းဖြစ်နေတယ်လေ။ ကျွန်မဘေးမှာရှိတဲ့သူတွေနဲ့
ကျွန်မသူငယ်ချင်းတွေက ကျွန်မကို သူတို့သဘောကျတဲ့ အနုပညာရှင်အသစ်လေးတွေ ခေါ်ခေါ်ပြတယ်။
ဒါကြောင့်လည်း ကျွန်မ Sabi ကို တွေခဲ့ပြီး ကျွန်မတေးစုထဲက “(Drop Dead) Beautiful”
သီချင်းကို အတူတွဲ လုပ်နိုင်ခဲ့တာပေါ့ရှင်။ ကျွန်မရဲ့ တေးစုတစ်ခုခုမှာတော့
အနုပညာရှင်အသစ် တစ်ယောက်ယောက်တော့ သုံးမယ် လို့ စဉ်းစားထားခဲ့တာ။ ခု တွဲလုပ်ခဲ့တဲ့
Sabi က တကယ်လည်း တော်ပါတယ်။
Q: အဆိုတော်
Will.I.Am နဲ့ ဘယ်လို အလုပ်တွဲလုပ်ဖြစ်သွားတာလဲ။ သူနဲ့အလုပ်တွဲလုပ်ရတာရော
အဆင်ပြေလား။
A: Black Eyed Peas ကတော့ တကယ်ကို အံ့မခန်း
နားထောင်ကောင်းတဲ့ ဆွဲဆောင်နိုင်တဲ့ Pop/Dance တေးစုတွေ ဖန်တီးနိုင်တယ်လေ။ ကျွန်မက
Black Eyed Peas အဖွဲ့ထဲက Will.I.Am ရဲ့ စတိုင်လ်ကို အရမ်းသဘောကျတယ်။ ကျွန်မ သူနဲ့
သီချင်းလေးတွေ တွဲလုပ်ဖို့ ဆန္ဒရှိနေခဲ့တာကြာပြီ။ ထပ်ပြီးတော့လည်း၊ နောက်ပိုင်းမှာ
ကျွန်မ သူနဲ့တွဲပြီး အလုပ်တွေ ပိုပြီးလုပ်သွားဦးမှာပါ။ သူနဲ့အလုပ်လုပ်တာက တကယ်ကို
စိတ်ဝင်စားဖို့ ကောင်းတယ်။
Q: Dr.
Luke က နာမည်ကြီး ဂီတဖန်တီးထုတ်လုပ်သူတစ်ယောက် ဖြစ်လာတယ်လို့ ဆိုရမယ်။ ခု သူနဲ့ အလုပ်
တွဲလုပ်ရတာရော အရင်နဲ့ ကွာခြားသွားတာမျိုး ရှိလား။
A: လုံးဝမရှိဘူး။ သူနဲ့ ကျွန်မနဲ့ သိခဲ့ကြတာ
တော်တော်ကြာပြီ။ လူတော်တော်များများကတော့ ဒီအကြောင်းကို မသိကြဘူး။ ကျွန်မတို့ ကျွန်မရဲ့
“Blackout” တေးစုသွင်းကတည်းက အလုပ်အတူတွဲလုပ်ခဲ့ကြတာ။ ခု မထင်မှတ်ဘဲ ကျွန်မတို့ပြန်လက်တွဲဖြစ်ကြတယ်။
သူက နှစ်တွေကြာလာတာနဲ့အမျှ ပိုပြီးလည်း ပညာတွေ ပြည့်ဝလာတယ်။
Q: Dr.
Luke က ပြောဖူးတယ်။ သူက ဂီတပုံစံကောင်းကောင်းလေးတွေ လုပ်ချင်တယ်။ ပိုပြီးလေးနက်တဲ့
Electronic ဂီတပုံစံတွေ ဖြစ်မယ်ပေါ့တဲ့။ ဒီတေးစုအတွက် မင်းရော ဒီလိုပဲ စိတ်ကူးအစီအစဉ်တွေ
အတူတူထားဆွဲခဲ့လား။ ဆွဲထားတဲ့ အစီအစဉ်အတိုင်းကိုရော လုပ်နိုင်ခဲ့တယ်လို့ ထင်လား။
A: ကျွန်မတို့ ဒီ “Femme Fatale” တေးစုနဲ့ပတ်သက်ပြီး
ပထမဆုံး စဆွေးနွေးဖြစ်ကတည်းက ကျွန်မလုပ်ချင်တာဟာ အခု အပြင်မှာ ထွက်ထားတဲ့ အကတေးစုတွေနဲ့
ဘာမှမဆိုင်တဲ့ အကောင်းဆုံး အကတေးစုလုပ်ဖို့ပဲ။ ကျွန်မရင်ထဲ ချက်ချင်းရောက်မယ့် သီချင်းတွေကိုပဲ
ကျွန်မတောင့်တခဲ့တယ်။ ကျွန်မအဖြစ်ချင်ဆုံးဆန္ဒက ဒီတေးစုဟာ ကျွန်မထွက်ခဲ့ပြီးတဲ့
“Circus” အပါအဝင် ကျွန်မထွက်ခဲ့သမျှ ဘယ်တေးစုနဲ့မဆို လုံးဝကွဲပြားနေတာမျိုး ဖြစ်ချင်တာ။
ကျွန်မ “Circus” တေးစုကိုလည်း ကြိုက်ပါတယ်။ ဒီ့ထက်ပိုကောင်းတာမျိုးလေးကိုလည်း ဖန်တီးချင်သေးတယ်။
ပြီးပြီးရော သီချင်းတွေအများကြီး လျှောက်သွင်းပြီး ထည့်လိုက်တာမျိုး မလုပ်ချင်ဘူး။
ဒါကြောင့် ကျွန်မရဲ့ “Femme Fatale” တေးစုကတော့ စ လယ် ဆုံး အားလုံးရင်ထဲ ရောက်မယ်လို့
ထင်ပါတယ်။
Q: Max
Martin နဲ့ တွဲပြီးအလုပ်လုပ်ရာမှာရော ဘယ်လိုအချက်တွေက သူနဲ့အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေတယ်
လို့ ခံစားရစေလဲ။ သူ့အနေနဲ့ရော အရင် “Circus” မှာ လုပ်ပေးခဲ့တာထက် ဒီတေးစုမှာ ဘယ်လို
အခန်းကဏ္ဍကနေ ဘယ်လို တာဝန်ကြီးတွေကို ပိုပြီး ယူပေးခဲ့လဲ။
A: Max က ဒီတေးစုအတွက် တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ
တာဝန်ယူလုပ်ပေးခဲ့တာပါ။ ဒီတေးစု စလုပ်ကတည်းကပဲ ဆိုပါတော့။ ဒါကြောင့်လည်း သူ့ကို ယုံကြည်ပုံအပ်ပြီးတော့ကို
လုပ်လိုက်တယ်။ သူက ကျွန်မလိုချင်တဲ့ ပုံစံ၊ ကျွန်မပြောတဲ့ပုံစံအတိုင်း တစ်ထပ်တည်း လုပ်နိုင်တယ်။
ကျွန်မက တေးဂီတပိုင်းနဲ့ ပတ်သက်ပြီး ဘာကြိုက်တယ် ဘာမကြိုက်ဘူး ဆိုတာတွေ သူ့ကို အကုန်လည်း
ပြောထားပြီးသားလေ။ သူ ဖန်တီးပေးတဲ့ သံစဉ်လေးတွေကလည်း တကယ့်ကို အံ့မခန်းပဲ။ ဘယ်တော့မဆို
ကျွန်မသဘောကျတဲ့ ထူးထူးခြားခြားတေးသံလေးတွေကို ဖန်တီးပြနိုင်တယ်။ ကျွန်မအတွက် စတူဒီယိုမှာ
တွဲပြီး အလုပ်လုပ်ရတာ သူ့ထက် ပိုပြီး အဆင်ပြေချောမွေ့တဲ့သူမျိုး ရှိမှာတောင် မဟုတ်ဘူး။
Britney Spears က သူမရဲ့
အင်တာဗျူးကို အကောင်းဆုံး ဖြေဆိုသွားသလို သူ့ရဲ့ သတ္တမမြောက် တေးစု “Femme Fatale” နဲ့
ပတ်သက်ပြီး အရမ်း ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ ထား ထားပုံကို ဖတ်ရှုရင်း ခံစားရမှာပါ။
“Femme Fatale” တေးစုထဲက ဦးဆုံးထွက်လာခဲ့တဲ့ “Hold It Against Me” သီချင်းလေးလည်း
ကမ္ဘာကျော်ခဲ့သလို၊ ဒုတိယစင်ဂယ်လ် သီချင်းဖြစ်တဲ့ “Till The World Ends” ဆိုရင်လည်း
အဆိုတော် Ke$ha က တွဲဖက်ရေးသားပေးထားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းလည်း အောင်မြင်မှု ရနေပြန်ပါတယ်။
တစ်ဆက်တည်းပဲ Britney Spears နဲ့ Ryan Seacrest Radioတို့ရဲ့ အင်တာဗျူးတွေ့ဆုံခန်းထဲကလည်း
ထပ်ဖြည့်လို့ ကောက်နုတ်တင်ဆက်ပေးချင်ပါသေးတယ်။
တေးစုသစ်အပေါ်မှာအမြင်
-
“ကျွန်မထင်တယ်။ ကျွန်မ ခုထိလုပ်ခဲ့သမျှထဲမှာ
အလန်းဆုံးပဲ။ ဒီတေးစုကို ကျွန်မကိုယ်တိုင်လည်း အရမ်းကြိုက်တယ်။ ကျွန်မ ခု Ryan
Seacrest Radio ကို လာခဲ့တဲ့ လမ်းတစ်လျှောက်လုံးတောင် နားထောင်လာခဲ့သေးတာ အမှန်ပဲ။
ရှင်တို့ ဖြစ်စေ မြင်စေချင်တဲ့အတိုင်းကို အတိအကျပဲ မဟုတ်ဘူးလား။ ဒါ ခေတ်နဲ့လည်း တကယ်အံ့ကိုက်ပဲ။
တကယ့် တကယ်ကို လန်းတဲ့ တေးစုတစ်ခုပါပဲရှင်။”
Britney ရဲ့
အလုပ်လုပ်တဲ့ ပုံစံ -
“ကျွန်မ လူတွေအများကြီးနဲ့
အလုပ်လုပ်ခဲ့ဖူးတယ်။ ဒီတေးစုမှာဆိုလည်း Max Martin တို့နဲ့ တွဲလုပ်ခဲ့ရတယ်။ သူနဲ့ဆို
ကျွန်မရဲ့ တေးစုတော်တော်များများကို အတူ တွဲပြီး အလုပ်လုပ်ခဲ့ကြသလို ကျွန်မ သူနဲ့အလုပ်လုပ်ရတာလည်း
အရမ်း သဘောကျတယ်။ ကျွန်မရဲ့စိတ်ကိုက ကျွန်မနဲ့ အလုပ်တွေ တော်တော်လေးကြာအောင် လုပ်ဖြစ်တဲ့
ဘယ်သူမျိုးမဆို အရမ်း ခင်တွယ်တတ်တာ။ ပြီးတော့ ကျွန်မ အတွေ့အကြုံတွေ စမ်းသပ်တာလည်း လုပ်တယ်။
ခုဆို Will.I.Am အပါအဝင် သူ့လူတွေနဲ့ ကျွန်မ အလုပ်တွဲလုပ်ကြည့်တယ်။ ဒီလိုပေါ့။ ဒါ ကျွန်မ
ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ ပုံစံပါပဲ။”
Will.I.Am နဲ့
အလုပ်တွဲလုပ်တဲ့အပေါ်အမြင် -
“အို ဘုရားသခင်။ သူက တကယ်အံ့အားသင့်စရာပဲ။
သူက အရမ်းပျော်တတ်တယ်။ ခင်ဖို့လည်း ကောင်းတယ်။ ကျွန်မ သူ့ကို တကယ် ခင်ပါတယ်။ သူက တော်တယ်။
ကျွန်မ ကိုယ်တိုင်ကလည်း Black Eyed Peas အဖွဲ့ကို နှစ်သက်ခဲ့တော့ ကျွန်မရဲ့ သီချင်းထုတ်လုပ်သူတွေက
ကျွန်မက သူနဲ့ သီချင်းတွေ တွဲလုပ်ရမယ်လည်းပြောရော… ကျွန်မပြောလိုက်တယ်။ ဘုရားရေ… ကျွန်မ
လုံးဝမစောင့်နိုင်တော့ဘူး။ လို့ပေါ့”
တေးစုထဲမှာ
နောက်ထပ် အဆိုတော်တွေနဲ့ တွဲဆိုဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်လို့ -
“ဒီတေးစုထဲမှာ Sabi ဆိုတဲ့
ကောင်မလေးနဲ့လည်း ကျွန်မ တွဲဆိုထားသေးတယ်။ တကယ်တော့ အဲဒီမိန်းကလေးဟာ ကျွန်မ အလုပ်တွဲလုပ်ဖို့၊
သီချင်းတွဲဆိုဖို့ အချိန်တော်တော်ကြာ မျှော်လင့်နေခဲ့ဖူးတဲ့ သူမျိုးပါပဲရှင်။”
ဒီတေးစုထဲမှာ အကြိုက်ဆုံးသီချင်း
-
“Till The World Ends ပေါ့။
တကယ်ကို ကောင်းတဲ့သီချင်း။ ကျွန်မ ကြိုက်တယ်။ သီချင်းလေးက ကိုယ့်ကို ခွန်အားတွေ ပေးနေသလိုပဲ။”
ခုပြောင်းနေတဲ့
အိမ်အသစ်နဲ့ ပတ်သက်လို့ -
“တကယ်ပျော်ဖို့ကောင်းတယ်။
တော်တော်လေးကို ပျော်ဖို့ကောင်းတာပါ။”
Britney နဲ့ ချစ်သူ
Jason တို့ အားလပ်ချိန်တွေမှာ -
“ကျွန်မတို့ သာမန်လူတွေလိုပါပဲ။
ရုပ်ရှင်တွေကြည့်တယ်။ အားကစားလေ့ကျင့်ခန်းတွေ အများကြီးလုပ်တယ်။ လမ်းတွေ လျှောက်ကြတယ်။”
တေးစုသစ်အတွက် ဖျော်ဖြေရေးခရီးအစီအစဉ် -
“ရှိပါတယ်။ ကျွန်မ ဖျော်ဖြေရေးခရီးစဉ်
လုပ်ဖြစ်ပါမယ်။” ဒီနေရာမှာ သူမရဲ့ မန်နေဂျာ Larry Rudolph က ဖြည့်ပြောပါတယ်။ “နွေရာသီ
စဦးပိုင်းလောက်ဖြစ်ပါမယ်။”
ဒီကတေးချစ်သူတွေ တော်တော်များများ
နှစ်သက်ခဲ့ကြတဲ့ Pop မင်းသမီးလေး Britney Spears ရဲ့ တကျော့ပြန် အောင်မြင်မှု ခရီးစဉ်ကို
သူမရဲ့တေးပရိတ်သတ်ကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ပါတယ်။ ဂီတသီချင်းပုံစံသစ်လေးတွေကို အမြဲ
တီထွင်ဆန်းသစ် ဖန်တီးတင်ဆက်ပြနိုင်ခဲ့လို့လည်း အောင်မြင်မှု အရှိန်က လျော့ကျမသွားခဲ့ပါဘူး။
Britney Spears ကတော့ ရာစုနှစ်များစွာ ဂီတလောကမှာ အောင်မြင်မှုသရဖူဆောင်းနေနိုင်ဦးမယ်လို့
မျှော်လင့်ရပါတယ်။
Celebs Chitchat: BRITNEY SPEARS
ကိုယ်ရေးအကျဉ်း
|
|
အမည်ရင်း
|
Britney
Jean Spears
|
မွေးနေ့
|
ဒီဇင်ဘာလ
၂၊ ၁၉၈၁ (၂၉ နှစ်)
|
ဇာတိ
|
McComb,
Mississippi, U.S.
|
သီဆိုသည့် ဂီတအမျိုးအစား
|
Pop,
Dance-Pop
|
အလုပ်အကိုင်
|
တေးရေး၊
တေးဆို၊ အကပညာရှင်၊ သရုပ်ဆောင်၊ တေးထုတ်လုပ်သူ၊ စာရေးဆရာ၊ ဖက်ရှင်ဒီဇိုင်နာ၊ ဗီဒီယိုဒါရိုက်တာ
|
အနုပညာသက်တမ်း
|
၁၉၉၂
- ယခုထိ
|
ထွက်ရှိခဲ့သည့် တေးစု
|
1.
… Baby One More Time (1999)
2.
Oops! I Did It Again (2000)
3.
Britney (2001)
4.
In The Zone (2003)
5.
Blackout (2007)
6.
Circus (2008)
7.
Femme Fatale (2011)
|
Website
|
www.britneyspears.com
www.britney.com
|
သီဟလုလင်
(Ref: Rolling Stone, ryanseacrest.com)
0 comments:
Post a Comment