တစ်ခါက သားအဖ နှစ်ယောက်သား တောင်တန်းတွေကြား
လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ တစ်နေရာမှာ သားဖြစ်သူက ရုတ်တရက်ချော်လဲသွားပြီး
လဲသွားလို့ခံစားရတဲ့နာကျင်မှုကြောင့် “အား!” လို့ စူးစူးလေး
အော်လိုက်မိတယ်။
ဒီအချိန်မှာပဲ တောင်တန်းတစ်နေရာကနေ
သူအော်လိုက်တဲ့ အသံနဲ့ထပ်တူ “အား!” ဆိုတဲ့အသံကို သားဖြစ်သူက အံ့သြတကြီး
ကြားလိုက်ရတယ်။
သားဖြစ်သူက ဒီအသံထွက်လာရာကို
စိတ်ဝင်စားခြင်းများစွာနဲ့ “မင်းဘယ်သူလဲ?” လို့ အော်မေးလိုက်တယ်။
တစ်ဖက်ကလည်း “မင်းဘယ်သူလဲ?” လို့ ပြန်မေးသံကိုပဲ သူကြားလိုက်ရတယ်။
သူပြောသလိုပဲ ပြန်ပြောတာမို့ ဒေါသထွက်သွားတဲ့ သားဖြစ်သူက
“သွေးကြောင်တဲ့ကောင်!” လို့ အော်ပြောလိုက်တယ်။ ဒါပေမယ့်
သူပြန်ကြားလိုက်ရတဲ့ စကားသံကလည်း “သွေးကြောင်တဲ့ကောင်!” ပဲ ဖြစ်နေတယ်။
သားဖြစ်သူက သူ့အဖေကို အားကိုးတကြီးလှမ်းကြည့်ရင်း “ဘာတွေဖြစ်နေတာလဲ
ဖေဖေရယ်” လို့ လှမ်းပြီး မေးလိုက်ပါတယ်။ ဒီတော့ အဖေဖြစ်သူက ပြုံးပြီး
“သားရေ… နားထောင်ကြည့်နော်” လို့ဆိုကာ တောင်တွေဘက်လှည့်လို့ “ငါ… မင်းကို
လေးစားပါတယ်။” လို့ အော်ပြောလိုက်တယ်။ ဒီအခါမှာ ပြန်ကြားလိုက်ရတဲ့အသံကလည်း
“ငါ… မင်းကို လေးစားပါတယ်။” တဲ့။ တစ်ခါ အဖေဖြစ်သူက “မင်းက
တကယ့်လူတော်တစ်ယောက်ပဲ။” လို့ အော်ပြောလိုက်တဲ့အခါ ပြန်ကြားရတဲ့အသံကလည်း
“မင်းက တကယ့်လူတော်တစ်ယောက်ပဲ။” ဖြစ်နေပြန်တယ်။
သားဖြစ်သူကတော့ သူ့အဖေလုပ်သမျှကို အံ့သြတကြီးကြည့်နေပြီး အခြေအနေကိုတော့
ကောင်းကောင်း နားမလည်နိုင်ဘူးဖြစ်နေရှာတယ်။ အဲဒီမှာ အဖေဖြစ်သူက ရှင်းပြတယ်။
“သားရေ… ဒီလိုပြန်ကြားရတဲ့အသံကို ပဲ့တင်သံလို့ လူတွေက ခေါ်ကြတယ်။ တကယ်က
ပဲ့တင်သံဆိုတာထက် ဖေဖေတို့၊ သားတို့ ကြုံဆုံနေရတဲ့ ဘဝ လို့လည်း
ပြောလို့ရတယ်။ ပဲ့တင်သံဟာ ကိုယ်ပြောသမျှ ထွက်သမျှ အသံတွေကို ထပ်တူ တန်ပြန်
တုံ့ပြန်သလိုမျိုး ဘဝမှာလည်း ကိုယ်ပြုသမျှအတိုင်း ကိုယ်ပြန်ရတတ်တယ်။ သားက
ကမ္ဘာကြီးပေါ်က လူတိုင်းရဲ့ မေတ္တာကို ရယူလိုရင်၊ သားရဲ့ နှလုံးသားမှာလည်း
အဲဒီချစ်ခြင်းမေတ္တာကို လူတိုင်းအတွက် ပေးအပ်ဖို့ အသင့်ဖြစ်ရမယ်။ တကယ်လို့
ကိုယ်ဦးဆောင်တဲ့ အဖွဲ့ကနေ စွမ်းရည်ကောင်းကောင်းတွေ ပိုလိုချင်ရင်၊
ကိုယ်ကလည်းပဲ ကိုယ့်ရဲ့စွမ်းရည်တွေကို ပိုတိုးတက်အောင် ကြိုးစားဖို့
လိုအပ်တယ်လေ။ ဒီလို ဆက်နွယ်နေတဲ့ကိစ္စက ဘဝမှာ အရာတိုင်းနီးပါးနဲ့
သက်ဆိုင်တယ်။ ဘဝကလည်း သား သူ့ကို ပြုခဲ့သမျှအတိုင်း သားအပေါ်မှာ တန်ပြန်လို့
အကျိုးဆက်ကို ပေးပါလိမ့်မယ်။”
သီဟလုလင်
ဇူလိုင် ၁၃၊ ၂၀၁၁။
2 comments:
အရမ်းကောင်းပါတယ်အကိုရေ
အားပေးတွားတယ်....။
ကျေးဇူးတင်ပါဒယ်.... :)
Post a Comment