Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, March 07, 2012

ကြည်နူးပီတိအပြုံးများနဲ့ 7 Day News ဂျာနယ်ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနား



ဒီနေ့ 7 Day News သတင်းဂျာနယ် ရဲ့ (၁၀) နှစ်ပြည့်အခမ်းအနားကို သိပ် စိတ်မပါဘဲနဲ့ သွားခဲ့ပါတယ်။ ဖိတ်စာက မနေ့ကတည်းက ရထားပြီး ရတဲ့အချိန်တုန်းကတော့ သွားဖို့ တော်တော်လေး တက်ကြွနေတာ။ သူ့ဖိတ်စာပုံစံကလည်း အလန်းစားလေးကိုး။ စိတ်ထဲမှာ တွေးလိုက်တာက မနက်ပိုင်းကို ဈေးဝယ်ထွက်ပြီး ကုတ်လေးတစ်ခုအပေါ်ထပ်လေးနဲ့ ဝတ်သွားမယ်။ ညနေပိုင်းဆိုတော့ ရာသီဥတုလေး နည်းနည်း အနေတော်ဆို ဟန်လုပ်ရ အဆင်ပြေလောက်ပါပြီလို့ တွေးမိတာကိုး။ ပွဲချိန်က ၆ နာရီစမယ်လို့ ရေးထားတော့ တွက်ကြည့်မိတယ် မြန်မာနိုင်ငံရဲ့ စံချိန်နဲ့ဆို သေချာတယ် ည ၇ နာရီမှ ပွဲစနိုင်မယ်လို့။ ဒါဆိုရင်တော့ ကိုယ့်အဝတ်အစားလည်း အဆင်ပြေသွားမယ်တွေးမိတာပေါ့လေ။ ဖိတ်စာကို ညပိုင်းသေချာပြန်ဖတ်မိမှ သူ့မှ ဝတ်စုံ သတ်မှတ်ချက် ပါမှန်း သိလိုက်ရတယ်။ အမျိုးသားဝတ်စုံ (ခေါင်းပေါင်းမပါ) တဲ့။ နောက်က ခေါင်းပေါင်းမပါဆိုတာကို ဘာလို့ထည့်ထားတာလဲလို့တော့ တွေးမိသား။ တစ်ယောက်ယောက်များ ရွတ်ပြီး ခေါင်းပေါင်းနဲ့ တက်လာမှာစိုးလို့လားမသိ။


အဲဒီမှာတင် ကျွန်တော် တော်တော်လေး တွေဝေသွားတယ်။ အမျိုးသားဝတ်စုံဆိုတော့ တိုက်ပုံနဲ့ ပုဆိုးနဲ့ တက်ရတော့မှာကိုး။ ကျွန်တော်က ပုဆိုး ဝတ်လေ့ဝတ်ထ မရှိတော့ တော်တော်လေး စိတ်ပင်ပန်းပါတယ်။ ဒါပေမယ့်လည်း ဒီလိုပွဲမျိုးရှိမှလည်း ပုဆိုးလေးဘာလေးနဲ့ တက်ဖြစ်မှာဆိုတော့လည်း ကိုယ့်အတွက် ဆန်းတယ် ဆိုရပါမယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ပိုးပုဆိုးနဲ့ တိုက်ပုံအနက်ကို ရှာထုတ်လိုက်ပါတယ်။ ရုံးပိတ်ရက်လည်း ဖြစ်နေတော့ တစ်နေ့လုံး အိမ်နေရင်း ဝတ်စုံနဲ့ လွတ်လပ်နေရာကနေ အဲလို အမျိုးသားဝတ်စုံကို ပိုးပုဆိုး ကျွတ်ကျမှာစိုးလို့ ခါးပတ်တွေပတ်၊ ဘာလုပ်ညာလုပ်နဲ့ ဆိုတော့ သွားဖို့ရာက စိတ်မပါတော့ဘူး။ ဒါပေမယ့်လည်း တစ်ခုခုက သွားဖို့ တိုက်တွန်းနေတယ်လို့ ခံစားရလို့ ကျွန်တော် ပွဲကျင်းပတဲ့ Traders Hotel ကို ထွက်လာခဲ့ပါတယ်။

၁၀ နှစ်ပြည့် 7 Day News ရဲ့ ညစာစားပွဲ အခမ်းအနား
ပွဲကတော့ ကျွန်တော် ကြိုမှန်းဆထားတဲ့အတိုင်း ၇ နာရီမှ တစ်နာရီတိတိနောက်ကျပြီး စတင်နိုင်ခဲ့ပါတယ်။ စစချင်း အခမ်းအနားမှူးလုပ်တဲ့ မတင်မိုးလွင်က ဖွင့်လှစ်ကြောင်းကြေငြာ လက်ခုပ်တီးပြီးတာနဲ့ အစားအသောက်များကို စားသုံးနိုင်ပါပြီဆိုလို့ အံ့အားသင့်သွားတယ်။ စားပွဲဝိုင်းမှာက အဆာပြေစားဖို့ တင်ထားတဲ့ ပဲစေ့နဲ့ ငါးမုန့်ကြော် တစ်ပန်းကန်ပဲ ရှိတာကိုး။ အဲလို ကြော်ငြာပြီး တော်တော်ကြာမှ ပထမ ဟင်းပွဲ ရောက်ပါတယ်။ ဒီလိုတော့လည်း လွဲတတ်ပါတယ်လေ။ ပွဲစတော့ ရှေ့မှာ သက်ဆိုင်ရာ လူကြီးမင်းတွေရဲ့ ဘာညာဘာညာလေးတွေ ကြားရပြီး 7 Day News ရဲ့ သမိုင်းကို ဗီဒီယို ဆလိုက်လေးနဲ့ မီးမောင်းထိုးပြလိုက်တဲ့ အချိန်မှာ ကျွန်တော်ဟာ 7 Day News ကို ပိုပြီး အထင်ကြီးလေးစားလာမိပါတယ်။

7 Day News ဟာ သူတို့ဂျာနယ်ကို စာပေစိစစ်ရေးတွေနဲ့ အာဏာပိုင်တွေရဲ့ ဖြတ်တောက်စိစစ်မှုတွေ ကြားမှာ ဘယ်လို ကြိုးစားရုန်းကန်နေရတယ်ဆိုတာကို ထင်သာမြင်သာအောင် ဗီဒီယိုရိုက်ချက်လေးတွေနဲ့ ပြသသွားပြီး အယ်ဒီတာတွေ နဲ့ ဒီဇိုင်နာတွေရဲ့ စကားလေးတွေ ပံ့ပိုးလို့ ကြည့်သူ အံ့အားသင့် စိတ်ဝင်စားပြီး 7 Day News အပေါ် အထင်ကြီး လေးစားသွားစေပါတယ်။ တကယ့်ကို သတင်းဂျာနယ်တွေရဲ့ ဘဝဟာ မလွယ်ကူပါလားလို့ သိလိုက်ရတယ်။ ထူးခြားတဲ့ ပြကွက်အနေနဲ့ 7 Day News ဂျာနယ် နှစ်ခါတိတိ ထုတ်ဝေခွင့်ခေတ္တ အပိတ်ခံရတဲ့ ဂျာနယ်သတင်းနဲ့ မျက်နှာဖုံးတွေကိုလည်း ထည့်သွင်းရိုက်ပြသွားသလို စာပေစိစစ်ရေးက အနီရောင်တွေနဲ့ ဝိုင်းပြီး ဖြတ်တောက်ပြထားတဲ့ သတင်းစာမူတွေကို ရိုက်ပြသွားတာ ကြည့်ရတဲ့ကျွန်တော့ရင်မှာ ကြေကွဲသလို ခံစားခဲ့ရပါတယ်။ ဗီဒီယိုလေး မဆုံးခင်မှာတင် တက်ရောက်လာတဲ့ ပရိတ်သတ်တွေရဲ့ သြဘာလက်ခုပ်သံတွေက ခန်းလုံးညံနေပါပြီ။

အဲဒီနောက်မှာ 7 Day News ဟာ လုံးဝ ထင်မှတ်မထားတဲ့ အစီအစဉ်တစ်ခုကို လုပ်လိုက်ပါတယ်။ အဲဒါကတော့ သူရဲကောင်းတွေကို ရွေးချယ်ဆုချီးမြှင့်ခြင်း အစီအစဉ်ပါ။ 7 Day Hero ရွေးချယ်ပြီး အရမ်းခံ့ငြားတဲ့ 7 အမှတ်တံဆိပ်ပါ ဆုတံဆိပ်ရုပ်ထုကြီးကို ချီးမြှင့်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။ ပိုလို့ ထူးခြားတာက ဆုရရှိကြတဲ့ သူရဲကောင်းတွေပါပဲ။ သူတို့တွေရဲ့ အကြောင်းကို သက်ဆိုင်ရာ လူကြီးမင်းတွေက ဆုအကြောင်းနဲ့ ဆုရရှိခြင်းတွေကို နိဒါန်းပျိုးလို့ ဗီဒီယိုဆလိုက်လေးတွေနဲ့ပါ ပံ့ပိုးသွားတာမို့ ဆုတိုင်းဟာ အားကျကြည်နူးကျေနပ်စရာတွေချည်းပါပဲ။

ပထမဆုံးတစ်ဆုကို ရရှိသွားတာ ယာဉ်ထိန်းရဲ တစ်ဦးပါ။ ဒုတပ်ကြပ် ခင်မောင်မြင့် လို့တော့ ကြားလိုက်ပါတယ်။ သူဟာ တာဝန်ထမ်းဆောင်ချိန်မှာ နေပူ မရှောင် မိုးရွာ မရှောင် ပြုံးရွှင်စရာနဲ့ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ခဲ့တယ်လို့ သိရပါတယ်။ လူတော်တော်များများကလည်း အဲဒီ ယာဉ်ထိန်းရဲ ကို သတိထားမိတဲ့အထိပဲတဲ့။ သူတာဝန်ကျတဲ့နေရာကတော့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်း ဆုံတဲ့ နေရာမှာပါတဲ့။ ကျွန်တော့ကို အံ့အားသင့်သွားစေတဲ့ ဆုပါ။ ယာဉ်ထိန်းရဲတွေထဲမှာလည်း ဘယ်လို အချိန်နဲ့ အခြေအနေပဲဖြစ်ဖြစ် တာဝန်ကျေ၊ ဖော်ရွေတဲ့ ဝန်ထမ်းကောင်းတွေ ရှိနေပါလားလို့ ဝမ်းသာမိပါတယ်။ ကျေးဇူးတင်စကားပြောခိုင်းတော့ မပြောတတ်လို့ တိုတိုလေးနဲ့ ကျေးဇူးတင်ပါတယ် လို့ ပြောပြီး စင်ပေါ်က ဆင်းသွားတာက ပရိတ်သတ်ကို ပွဲကျစေခဲ့ပါတယ်။

ဒုတိယတစ်ဆုကိုတော့ စက်စမ်းမီးလောင်မှုမှာ အားတက်သရောပါဝင်ခဲ့ကြတဲ့ မီးသတ်တပ်ဖွဲ့တွေ ကိုယ်စား ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့ကျတဲ့ မီးသတ်ရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုကို တစ်မိသားစု ငွေနှစ်သိန်းနဲ့ ဒါဏ်ရာရခဲ့သူတွေကို တစ်ဦး ငွေ ငါးသောင်းကျပ်တွေ ထပ်မံ ပေးအပ်သွားဦးမယ်လို့လည်း ကြေငြာသွားခဲ့ပါတယ်။ တကယ်ရထိုက်တဲ့ ဆုတွေပါပဲ။ ဆုတက်ရောက်ရယူတဲ့ မီးသတ်တပ်ဖွဲ့အရာရှိကိုယ်တိုင်လည်း နားစည်တွေ ပျက်ဆီး၊ ဒါဏ်ရာတွေရနဲ့ ဆေးရုံမှာ တစ်လကျော် ကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။ သူကပဲ မီးသတ်တပ်ဖွဲ့တွေအပေါ် အမြင်စောင်းနေတဲ့ ကိစ္စရပ်တချို့ကို ကျေးဇူးတင်စကားနဲ့အတူ ရှင်းလင်းပြောပြခဲ့ပါသေးတယ်။

တတိယမြောက် တစ်ဆုကိုလည်း အံ့အားသင့်စရာ ကချင်လူမျိုး ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ချီးမြှင့်ခံရပြန်ပါတယ်။ သူဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်အတွင်း ရွာသားပေါင်း ၄၀၀ ကို ကယ်တင်ကူညီပြီး ကိုယ့်အမှုအရာထက် အခြားသူများရဲ့ အမှုအရာကို အလေးထား ဆောင်ရွက်နိုင်ခဲ့လို့ ချီးမြှင့်ခဲ့တာပါ။ စစ်ပြေးဒုက္ခသည်တွေရဲ့ ပုံတွေကို စုစည်းပြီး ဗီဒီယိုဆလိုက် လုပ်ပေးထားတာကလည်း ကြည့်ရသူကို မျက်ရည်စို့စေပါတယ်။ ဒီဆုကို လက်ခံဖို့ထက် တရုတ်နဲ့ မြန်မာနယ်ကြားမှာ ဒုက္ခသည်တွေကို ကူညီဖို့အရေးကို ပိုအလေးပေးခဲ့တာမို့ အဲဒီဆရာအစား ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က တာဝန်ရှိသူတစ်ဦးက တက်ရောက်လက်ခံပေးခဲ့ပါတယ်။

စတုတ္ထမြောက်တစ်ဆုကိုတော့ ပြီးခဲ့တဲ့ မုံရွာ ရေကြီးမှုမှာ လှေတစ်စီးနဲ့ အများအတွက် ကူညီ သယ်ပို့ ဆောင်ရွက်ပေးခဲ့သူ မြောက်ကမားနယ်က တောသားကြီး တူဝရီး နှစ်ဦးက ရရှိသွားပါတယ်။ ဦးလေးဖြစ်သူပဲ ပွဲတက်ရောက် ဆုလက်ခံနိုင်ခဲ့ပြီး သူတို့ရဲ့ပုံရိပ်များနဲ့ မုန်တိုင်းဖြစ်ပွားမှုဖြစ်စဉ်တွေကို ဗီဒီယိုလေးနဲ့ ကြည့်ရတာလည်း ဝမ်းနည်းစရာပါ။

နောက်ဆုံးတစ်ဆုကိုတော့ တစ်လ တစ်ထောင်နဲ့ စုပြီး အလှူကြီးတွေ ပေးနေတဲ့ One More ပရဟိတအဖွဲ့က ရရှိသွားတာမို့ ကျေနပ်စရာပါပဲ။ နောက်ထပ် ပရဟိတအဖွဲ့တွေ အများကြီး ရှိသေးတာမို့ သူတို့ကိုလည်း ရစေချင်ပါတယ်။ တကယ်ကို လူပင်ပန်း စိတ်ပင်ပန်း ငွေကုန်ခံပြီး လုပ်နေကြတဲ့ လူမသိ သူမသိ လူငယ်တွေလည်း ရှိသေးတာမို့ သူတို့ကိုလည်း သတိပြုမိပြီး ချီးမြှင့်ပေးစေချင်ပါတယ်။

ဒီဆုတွေ ကြေငြာနေစဉ်မှာတော့ ကျွန်တော့စိတ်ထဲမှာ ကိုယ့်ကိုကိုယ် သိမ်ငယ်ခြင်း၊ ရှက်ရွံ့ခြင်း၊ အားမလို အားမရဖြစ်ခြင်းတွေက တစ်လှည့်စီဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစစ အရာရာ နိမ့်ကျနေသေးတာမို့ ကူညီဖေးမလက်တွဲလုပ်ဆောင်ရမယ့် အခြေအနေတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော် ဘာတွေ လုပ်ပေးပြီးပြီလဲ။ ဘာတွေလုပ်ပေးနေပါသလဲ။ ကိုယ်လုပ်နေတာတွေက ကိုယ်နဲ့ ကိုယ်မိသားစု ကောင်းဖို့အတွက် အတ္တဆန်ဆန် လုပ်ဆောင်နေမှုတွေချည်းလား။ အများသူငါ ကောင်းမွန်ဖို့ အတွက် စဉ်းရော စဉ်းစားမိဖူးလား။ ကိုယ့်ကိုကိုယ် ရှက်လာခြင်းကို ကျွန်တော် ကြက်သီးထတဲ့အထိ ခံစားမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ ဒီအတွေးတွေဟာ ကျွန်တော် အဲဒီပွဲကနေ ပြန်လာတဲ့ ည ၉ နာရီကျော်ထိအောင် ကျွန်တော့ ခေါင်းထဲက ထွက်မသွားသေးပါဘူး။ ခု ဒီစာကိုရေးနေတဲ့အထိပါပဲ။ ခုလို အသိအမှတ်ပြုခံချင်တယ်ဆိုတာထက် ကျွန်တော်တို့မှာ လူသားချင်းစာနာထောက်ထားဖို့အတွက် အပြောနဲ့မဟုတ်ဘဲ လက်တွေ့အလုပ်နဲ့ သက်သေပြဖို့ လိုသေးတယ်ဆိုတာ သိလာရပါတယ်။

ဒါကြောင့်မို့ ဒီနေ့ပွဲလေးကို သွားစေချင်တဲ့ ဘုရားသခင်ရဲ့ (ကျွန်တော်က ဘုရားကို ဦးထိပ်ထားတတ်လို့ပါ) စေ့ဆော်တိုက်တွန်းမှုအတွက် ကျေးဇူးတော်ချီးမွမ်းမိတယ်။ မဟုတ်ရင် ဒီလောက် ကြည်နူးပီတိဖြစ်စရာတွေကို ကျွန်တော်သိလိုက်ရမှာမဟုတ်သလို၊ ကျွန်တော် ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာလည်း သိရမှာ မဟုတ်ဘူးလေ။ တကယ်တော့ 7 Day News ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားဟာ ကျွန်တော့အတွက်တော့ ညစာစားပွဲ တစ်ခုထက်ပိုတဲ့ အသိပေါင်းများစွာ နဲ့ ပီတိပေါင်းများစွာကို စားသုံးခဲ့ရတဲ့ ညဖြစ်ကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

သီဟလုလင်

2 comments:

:P said...

ဆုပေးပွဲ အစီအစဉ်က ကောင်းတယ်။
ဆုရွေးချယ်တာတွေလည်းကောင်းတယ်..။

ချစ်စံအိမ် said...

သတင်းလေးလာဖတ်သွားပါ၏