Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 24, 2012

နွေရာသီက ကောင်းပါတယ်


အကောင်းမြင်တတ်တဲ့အကျင့်လေးကို ပျိုးထောင်လေ့ကျင့်နေတဲ့ ကျွန်တော့အတွက် ဒီနေ့ ဖတ်လိုက်ရတဲ့ အကြောင်းအရာလေးတစ်ခုက စိတ်ဝင်စားစရာပါ။ စာရေးဆရာမ ဒေါက်တာ နုမြတ် ရေးသားထားတဲ့ “အကောင်းနဲ့အဆိုး ဒွန်တွဲနေသော နွေရာသီ” ဆိုတဲ့ ဆောင်းပါးလေးထဲမှာ နွေရာသီနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းတဲ့အရာလေးတွေနဲ့ ဆိုးစေတဲ့အရာလေးတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့ Blog လေးကနေ နွေရာသီက ကိုယ့်ကျန်းမာရေးအတွက် ဘာတွေ ဘယ်လို ကောင်းမွန်သွားစေသလဲဆိုတာလေးတွေပဲ ရွေးချယ်ကောက်နုတ်ဝေမျှပေးချင်ပါတယ်။ ကျွန်တော်က နွေရာသီကို ကောင်းစေချင်လို့ပါ။ ဘာဖြစ်ဖြစ် နွေရာသီက ကောင်းပါတယ်ဗျာ။


သင့်ရဲ့သွားဖုံးအတွက် နွေရာသီက ကောင်းပါတယ်။

နေရောင်ခြည်က အရေပြားပေါ်ကျရောက်တဲ့အခါ ခန္ဓာကိုယ်တွင်းဗီတာမင် ဒီ ထွက်ရှိစေပါတယ်။ သွေးထဲ ဗီတာမင် ဒီ ပမာဏများသူတွေဟာ နည်းသူတွေထက်စာရင် သွားဖုံးသွေးယိုမှု ဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်း ပိုနည်းတာ တွေ့ရပါတယ်။ ဗီတာမင် ဒီ ဟာ သွားဖုံးရောဂါတွေ ဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေ ကို ပြောင်းလဲစေတာကြောင့်ပါ။

သွားဖုံးရောဂါ ကာကွယ်ဖို့အတွက် သွားသန့်ရှင်းရေးကို ဂရုစိုက်ဖို့လည်း လိုပါတယ်။ တစ်နေ့နှစ်ကြိမ် ပုံမှန် သွားတိုက်ကာ သွားကြားကြိုးထိုးပေးသင့်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ခံတွင်းသန့်ရှင်းရေးကို ပိုလို့တောင် ဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နွေရာသီမှာ သွားရည်ပမာဏ လျော့နည်းတတ်လို့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာကာ အနံ့တွေ ထွက်လာပြီး ခံတွင်းနံ့ဆိုးစေတာကြောင့် ဖြစ်ပါတယ်။


သင်ဟာ မကြာခဏလေယာဉ်စီးရသူဆိုရင် နွေရာသီက ကောင်းပါတယ်။

လေယာဉ်အကြာကြီးစီးရပါက Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ သွေးပြန်ကြောတွင်း သွေးခဲ ပိတ်ဆို့ခြင်းရောဂါတစ်မျိုး ဖြစ်တတ်ပါတယ်။ လေယာဉ် နှစ်နာရီကြာစီးတိုင်း DVT ဖြစ်နိုင်ချေ နှစ်ရာခိုင်နှုန်း တိုးလာပါတယ်။ ဒါပေမယ့် ဆောင်းရာသီထက်စာရင် နွေရာသီမှာ DVT ဖြစ်နိုင်ချေ လျော့နည်းတာ တွေ့ရ ပါတယ်။ ပူပြင်းတဲ့ နွေရာသီမှာ သွေးပိုကျဲကာ သွေးကြောပိုကျယ်လေ့ရှိတာကြောင့် နှလုံးကျန်းမာရေး ကို ကောင်းစေပြီး DVT မဖြစ်အောင် ကာကွယ်ပေးတာကြောင့်လို့ ယူဆထားကြပါတယ်။

DVT မဖြစ်အောင် ကာကွယ်နိုင်တဲ့ တခြားနည်းတွေလည်း ရှိပါတယ်။ လေယာဉ်စီးရာမှာ ပြတင်းပေါက်ခုံ ထိုင်မယ့်အစား ထွက်ရလွယ်တဲ့ လျှောက်လမ်းဘေးခုံကို ရွေးထိုင်ပါ။ ထိုင်ခုံမှာ ထိုင်နေစဉ် သွေးလည်ပတ် မှု ကောင်းအောင် ခြေထောက်တွေကို မြှောက်လိုက် ချလိုက်ဖြင့် လေ့ကျင့်ခန်း လုပ်ပေးပါ။ ရေဓါတ် ခြောက်ခန်းမှုမဖြစ်အောင် ရေများများသောက်ကာ အယ်လ်ကိုဟော နဲ့ ကော်ဖီ ရှောင်ပါ။


သင့်ရဲ့ နှလုံးအတွက် နွေရာသီက ကောင်းပါတယ်။

သုတေသန ပညာရှင်တွေအနေနဲ့ နွေရာသီက ဘာကြောင့်နှလုံးကျန်းမာရေးအတွက် ကောင်းသလဲ ဆိုတဲ့ အချက်အချို့ကို ရှာဖွေတွေ့ရှိထားပါတယ်။ အနောက်နိုင်ငံများရဲ့ လေ့လာချက်အရ နွေရာသီမှာ ကိုလက်စထရောနဲ့ သွေးပေါင်ချိန် လျော့ကျတာကို တွေ့ရသလို နွေရာသီမှာ နှလုံးပြဿနာနဲ့ သေဆုံးခြင်း ဟာ ဆောင်းရာသီထက်စာရင် လျော့နည်းကြောင်းကိုလည်း တွေ့ရပါတယ်။

နွေရာသီမှာ သွေးပိုကျဲပြီး သွေးကြောတွေ ကျယ်လာတာကြောင့် ကိုလက်စထရော တွယ်ကပ်ဖို့ အဆင်မပြေပါဘူး။ ဒါ့အပြင် နွေရာသီမှာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတာကြောင့်လည်း ကိုလက်စထရော လျော့ကျခြင်း ဖြစ်ပါတယ်။


သင့်မှာ ဝက်ခြံပေါက်နေတယ်ဆိုရင် နွေရာသီက ကောင်းပါတယ်။

အရေပြားပေါ် နေရောင်ကျရောက်ခြင်းဟာ ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဝက်ခြံကို နည်းနှစ်နည်းနဲ့ တိုက်ဖျက်ပေးပါတယ်။ တစ်နည်းက အရေပြား ကိုယ်ခံအားစနစ်ကို အားပေးခြင်းဖြင့် ဝက်ခြံရောင်ရမ်းမှုကို တိုက်ဖျက်ပေးပါတယ်။ နောက်တစ်နည်းက ဝက်ခြံ ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပိုးကို တိုက်ရိုက်တိုက်ခိုက်ပေးပါတယ်။

ဒါပေမယ့် နေရောင်က ဝက်ခြံမထွက်စေဘူးဆိုတာကြောင့် နေရောင်ခြည်အကြာကြီးခံပေးရမယ်လည်း မဟုတ်ပါဘူး။ နေရောင်ခြည်ကြာကြာခံလိုက်ပါကလည်း နေလောင်ဒါဏ်ခံရနိုင်ပါတယ်။ အဲဒီအခါ အရေပြားထဲ  ခရမ်းလွန်ရောင်ခြည် နည်းနည်းသာ ဝင်ရောက်တော့မှာ ဖြစ်တာကြောင့် ဝက်ခြံကို ကာကွယ်ပေးတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တစ်နေ့ကို ၁၀ မိနစ်လောက်သာ မျက်နှာကို ဘာမှမလိမ်းဘဲ နေရောင်ခံပေးသင့် ပါတယ်။ နေရောင်ခြည် မပြင်းတဲ့ မနက် ၁၀ နာရီမတိုင်ခင် ဒါမှမဟုတ် ညနေ ၄ နာရီ နောက်ပိုင်း အချိန်ကာလအတွင်းမှာသာ နေရောင်ခံပေးပါ။

ဒေါက်တာ နုမြတ်

Credit: The Chic Magazine

3 comments:

စံပယ်ချို said...

နွေရာသီနဲ့ပတ်သက်တဲ့ ကောင်းခြင်းတွေ မျှဝေပေးလို့
ကျေးဇူးပါသီဟရေ
ခုမှသိတော့တယ်

Yin Sue said...

နွေရာသီရဲ့ကောင်းတဲ့အချက်လေးတွေကို ဆေးပညာအမြင်နဲ့ မျှဝေပေးလို့ ကျေးဇူးပါ.....

ချစ်စံအိမ် said...

လာဖတ်သွားပါတယ်....