Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 04, 2012

အခွင့်တော်နှင့် အလိုတော် (ဒေသနာတော်)


ကျွန်တော့ရဲ့ Blog မှာ တနင်္ဂနွေနေ့တိုင်း (ဘုရားသခင် အလိုတော်ရှိမယ်ဆိုရင်) ဆရာတော်ကြီးတွေရဲ့ တရားဟောချက် ဒေသနာတော်တွေကို တင်ပြပေးသွားချင်ပါတယ်။ ယုံကြည်သက်ဝင်သူ ဘာသာဝင်များ အတွက် ပြည်တွင်းမှာပဲ နေနေ၊ ပြည်ပကိုပဲ ရောက်နေနေ အကြောင်းအမျိုးမျိုးကြောင့် ဘုရားကျောင်း မတက်ရောက်နိုင်ခဲ့ရင် ကျွန်တော့ Blog လေးကနေ တရားနာနိုင်အောင်ပါ။ မယုံကြည်သူ အခြားဘာသာဝင်များလည်း လေ့လာဖို့ လွယ်ကူနိုင်မယ်လို့ ထင်ပါတယ်။ ဒေသနာတော်တွေကို ဆရာတော်ကြီးများထံကနေ ကျွန်တော်စွမ်းသလောက် စုစည်းတင်ဆက်ပေးသွားပါ့မယ်။ ကျွန်တော်က ရန်ကုန် ရှစ်မိုင်လမ်းဆုံနားမှာရှိတဲ့ ညီအစ်ကိုများ အသင်းတော်မှာ ဘုရားကျောင်း ပုံမှန်တက်ဖြစ်နေတာမို့ အထူးသဖြင့် အဲဒီအသင်းတော်မှာ လာရောက်ပြီး ဒေသနာတော် ဝေငှကြတဲ့ ဆရာတော်ကြီးတွေရဲ့ တရားဒေသနာတော်တွေကို ပိုပြီး ဖတ်ရှုကြားနာရမှာပါ။ ဒီတစ်ပတ်တော့ ဆရာတော်ကြီး ဒေါက်တာ ဦးတင်မောင်ထွန်း ဝေငှဟောပြောခဲ့တဲ့ “အခွင့်တော် နဲ့ အလိုတော်” ဆိုတဲ့ တရားဒေသနာကို တင်ဆက် ပေးလိုက်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!
 
ဘုရားသခင်သည် ကျွန်ုပ်တို့အား လုပ်သင့်သောအရာ၊ လုပ်စေလိုသောအရာအတွက် အစဉ်ခွန်အားပေးပါသည်။ ဘုရားသခင်၏ အလိုတော်က နှုတ်ကပတ်တော်ကို ယုံကြည်ပြီး အသက်ရှင်ကြဖို့ ဖြစ်ပါတယ်။ နှုတ်ကပတ်တော်ကို ယုံကြည်ပြီး လုပ်ဆောင်ပါက ဘုရားရှင်က သက်သေပေးပါသည်။ နှုတ်ကပတ်တော်ကို ယုံကြည်ပြီးပြုပါက အသက်တာ၌ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဖြစ်သော်လည်း နှုတ်ကပတ်တော်အတိုင်း မပြုဘဲ အခွင့်တော်လမ်း၌ လျှောက်ပါက သင်ခန်းစာ ရမည်ဖြစ်သည်။ ဘုရားသခင်သည် အာဒံနှင့် နီးနီးကပ်ကပ်ထိတွေ့ ရှင်သန်စေပြီးမှ ဧဒင်ဥယျာဉ်ကို ပြုစု စောင့်နေဖို့ရန် မိန့်တော်မူပါသည်။ တာဝန်ပေးခြင်းဖြစ်သော်လည်း အလုပ်လုပ်စေခြင်း မဟုတ်ပါ။ အာဒံသည် နဖူးမှချွေးထွက်ပြီး စားရသည်မဟုတ်၊ သောက်စရာရေရှိသည်။ စားစရာ အစာရှိသည်။ ဧဒင်ဥယျာဉ်ထဲ၌ ပြည့်စုံစွာ ဘုရားသခင်က ပြင်ဆင်ပေးထားပြီး ဖြစ်သည်။ ပြီးမှ သူ့အတွက် အထောက်အမဖြစ်ဖို့ လူမိန်းမကိုလည်း ဖန်ဆင်း၍ အာဒံရှိရာသို့ ခေါ်ဆောင်လာခဲ့ပါသည်။ စားလျှင်သေမည်ဟုလည်း သတိပေးတော်မူပါသည်။ အာဒံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ပါသလား။ မယုံကြည်ပါ။ အာဒံသည် ဘုရားသခင်က မစားနှင့်ဟု မိန့်တော်မူသော အသီးကို စားပါသည်။ ထို့သို့ စားခြင်းမှာ နှုတ်ကပတ်တော်ကို မယုံ၍ ဖြစ်ပါသည်။ အချို့သောသူများက အာဒံနှင့် ဧဝ အပြစ်ထဲ ကျဆင်းသွားခြင်းသည် ဘုရားသခင်၏ အပြစ်မကင်းဟု ဆိုကြသည်။ အာဒံနှင့် ဧဝ အသီးစားမည်မှန်းသိပြီး ဖန်ဆင်းခဲ့၍ ဖြစ်သည်ဟု ဆိုကြပါသည်။ အာဒံနှင့်ဧဝ အသီးမစားမိဖို့ရန် ဘုရားသခင်က ကြိုးနှင့် ချည်ထား၍ ဖြစ်စေ၊ စည်းခတ်ထား၍ ဖြစ်စေ ပြုပါက လူ၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်း၊ ယုံကြည်ခြင်းသက်သေကို တွေ့ရမည် မဟုတ်ပေ။ လွတ်လပ်စွာ ခွင့်ပေးထားခြင်းအားဖြင့် လူ၏ နှုတ်ကပတ်တော်အပေါ်၌ မယုံကြည်ခြင်း၏ သက်သေကို တွေ့ရသည်။ ထိုအရာက အလိုတော် မဟုတ်၊ အခွင့်တော် ဖြစ်ပေသည်။

လောကကြီးထဲ၌ တရားသောအမှုကိုပြု၍ အသက်ရှင်နေကြသူများ ရှိကြသလို၊ မတရားသောအမှုများ ကို ပြု၍ အသက်ရှင်နေကြသူများလည်း ရှိပါသည်။ ထိုနည်းတူ တရားသော စီးပွားကို ရှာနေကြသူများ ရှိသလို၊ မတရား စီးပွားဖြင့် အသက်မွေးနေကြသူများလည်း ရှိကြပါသည်။ ယနေ့ အခြားသူ အဘယ်သို့ရှိရှိ မိမိ အကျိုးစီးပွားဖြစ်ဖို့သာ အလေးထားကြသူများသည့် ခေတ်ဖြစ်သည်။ အချို့သော အားဆေးများ ဈေးကြီးလှသော်လည်း အားဖြစ်စေသော အာနိသင်က ပေးရသော တန်ဖိုးနှင့် မတန်၊ မဆိုစလောက်သော အဟာရသာ ပါသည်။ မတရားစီးပွားရှာကြသူများက မသိနားမလည်သောသူများအပေါ် လှည့်စားပြီး ခေါင်းပုံဖြတ်ကြသည်။ မတရားသောအမှုရှိသမျှသည် အခွင့်တော်လမ်း ဖြစ်ပြီး တရားသောစီးပွား၊ တရားသောအမှုက အလိုတော်လမ်း ဖြစ်သည်။ မည်သည့်လမ်း၌ လျှောက်လိုကြသည်မှာ မိမိတို့ ရွေးရန်ဖြစ်ပါသည်။ တရားသောအမှု၊ မတရားသောအမှုကို မခွဲခြားတတ်ပါက နှုတ်ကပတ်တော်ကို ကြည့်ကြဖို့ ဖြစ်ပါသည်။ သူ့မယားကို မပြစ်မှားနှင့်ဟူသည့် နှုတ်ကပတ်တော်ကို ဆင်ခြင်၍ ယုံပြီး ရှောင်ကြဖို့ဖြစ်သည်။ အချို့က များစွာသော အကျိုးရလာဒ်ကို ကြည့်ပြီး မရှောင်ကြ။ မိမိ ရွေးချယ်လျှောက်လှမ်းသည့်အတိုင်း အကျိုးခံစားရမည်ဖြစ်ပေသည်။ ဘုရားရှင်သည် လူတိုင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားပါသည်။

မေတ္တာသည် မည်သူ့ကိုမျှ အတင်းအကြပ်မလုပ်ပါ။ မေတ္တာသဘောက လွတ်လပ်စွာ ရွေးချယ်ပြီးမှ ချစ်၍ တုန့်ပြန်သည့်အပေါ် အလွန်နှစ်သက်ကျေနပ်အားရတော်မူပါသည်။ အတင်းအကြပ်ပြုပြီးမှ ချစ်ခိုင်းပါက နှလုံးမပါ။ မတတ်သာသည့်အဆုံး နှုတ်မှ ဝန်ခံစကားတော့ ရနိုင်ပါသည်။ စစ်မှန်သော ချစ်ခြင်းနှင့် နှလုံးသားပါသည့် တုန့်ပြန်မှုကို မရနိုင်ပါ။ ဘုရားသခင်က အာဒံအား ငါ့စကား ယုံမှ လုပ်ပါ။ မယုံလည်း နေပေါ့ ဟု ခွင့်ပေးပါသည်။ အာဒံသည် ဘုရား စကားကို မယုံ။ စာတန်စကားကို ယုံ၍ အသီးကိုစားမိပါသည်။ ဘုရားသခင်က သေမည်ဟု ပြောသည်ကို စာတန်က မသေပါဟု ဆိုပါသည်။ အာဒံသည် အသီးကို စားမိပြီး လူ့အမြင်၌ မသေသော်လည်း ဘုရားသခင်နှင့် အဆက်ပြတ်သွား ပါသည်။ ဘုရားသခင်နှင့် အဆက်ပြတ်သွားသည်နှင့် တစ်ဦးကို တစ်ဦး မယုံသင်္ကာဖြစ်လာပြီး အပြစ်တင်လာကြသည်။ အခွင့်တော်၌ ရှင်မိသော သူတို့၏ အသက်တာ၊ အိမ်ထောင်များ၌ ထိုသို့တွေ့နိုင်ပါသည်။ အလိုတော်နှင့် အညီ အသက်ရှင်နေကြသော အိမ်ထောင်များ၌ မညီမညွတ်၊ အပြစ်တင်သံမကြားရသော်လည်း၊ အခွင့်တော်၌ ရှင်နေကြသော အိမ်ထောင်များ၌မူကား အပြစ်တင်သံ၊ ဆူပူငြီးငြူသံများကို အစဉ်ကြားနေရတတ်ပါသည်။ ထိုအခြေအနေများကို ဆင်ခြင်၍ မြင်ပါက နှုတ်ကပတ်တော်မှန်ကြောင်း သက်သေကို တွေ့နိုင်ပါသည်။ အာဒံနှင့် ဧဝ မပြိုလဲခင်က ယဇ်ပူဇော်ကြသည်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ပါ။ ဘုရားသခင်နှင့် အဆက်ပြတ်ပြီး နှစ်ယောက်တည်းအချိန်ကာလရောက်မှ ယဇ်ပူဇော်သည်ကို တွေ့ရသည်။ အာဒံနှင့် ဧဝ ဘုရားနှင့် အဆက်ဖြစ်နေသမျှ ကာလပတ်လုံး ယဇ်ပူဇော်စရာ မလိုပါ။ ယဇ်ပူဇော်ခြင်းသည် ဘုရားနှင့် အဆက်အသွယ်ပြုခြင်း၊ ကိုးကွယ်ခြင်း ဖြစ်ပါသည်။ ထိုသို့ ယဇ်ပူဇော်ရာ၌ အာဗြေလက ဘုရားသခင်ကို အလိုတော်နှင့်အညီ ယုံကြည်ခြင်းဖြင့် ယဇ်ပူဇော်ပါသည်။ အစ်ကိုဖြစ်သူ ကာဣန မူကား မိမိ စိတ်သဘောကျပြုသည်ကို ဘုရားသခင် လက်ခံရမည်ဟုဆိုပြီး နှုတ်ကပတ်တော်အတိုင်း မပြု၊ ယုံကြည်ခြင်းမပါဘဲ ယဇ်ပူဇော်ပါသည်။ ထို့ကြောင့် ယဇ်ပူဇော်မှုပြုကြသည်မှာ တူသော်လည်း အာဗြေလပြုသော ပူဇော်သက္ကာကို ဘုရားသခင် ပမာဏပြု၍ ပြုပြင်ရမည့်အစား ကာဣန သည် အလွန် စိတ်ဆိုး၍ မျက်နှာပျက်သည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ဤအမှုကို ဆင်ခြင်ပါက အလိုတော်ရှိသောပူဇော်ခြင်းနှင့် အလိုတော်မရှိသော ပူဇော်ခြင်းဟူ၍ နှစ်မျိုးရှိသည်ကို တွေ့ရပါသည်။ နှုတ်ကပတ်တော်ကို မယုံဘဲ ဝတ်ပြုကိုးကွယ်နေပါက မှားယွင်းသော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ပေသည်။

စ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင်ခဲ့ကြသည်တကား။” (မာလ ၁:၇) ဣသရေလ လူတို့သည် ဘုရားသခင်ရှေ့တော်သို့ လာ၍ ယဇ်ပူဇော်ကြသော်လည်း ညစ်ညူးသော ယဇ်တို့ကို ပူဇော်လျက်ရှိကြသည်။ ယနေ့ ယုံကြည်သူများလည်း ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းခြင်းယဇ် ပူဇော်ကြသည်။ သို့သော် ညပိုင်း၌ စားပွဲ၊ သောက်ပွဲလေးများဖြင့် ဘုရားရှင် မနှစ်သက်သောပွဲများကိုလည်း ပြုနေကြသည်။ ထိုပွဲက မိမိတို့ စီးပွားအတွက် အကျိုးဖြစ်ဖို့ လူကြီးများကို ဖိတ်၍ ပြုခြင်းဖြစ်နိုင်ပါသည်။ စီးပွားအတွက် အကျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှေ့တော်၌ နှစ်သက်ဖွယ်မဖြစ်ပါ။ ယနေ့ ကျွန်ုပ်တို့ ဘယ်အတွက် ယဇ်ပူဇော်နေကြပါသနည်း။ ယဇ်ပူဇော်ခြင်းကို အများအမြင်၍ ချီးမွမ်းစရာ ဖြစ်သော်လည်း ရှေ့တော်၌ ညစ်ညူးသော ပူဇော်ခြင်း မဖြစ်သင့်ကြပါ။ ဘုရားသခင်အလိုတော်နှင့် ညီသော ယဇ်ပူဇော်ခြင်းက ယုံကြည်ခြင်းအားဖြင့် နှုတ်ကပတ်တော်နှင့် အညီ ပူဇော်ကြဖို့ ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အသက်ရှင်နေမှုသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်နေကြဖို့ လိုပါသည်။ ယနေ့ အသက်ရှင်နေခြင်းသည် ဘုရားသခင်ကြောင့် ဖြစ်ကြောင်း ချီးမွမ်းတတ်ဖို့ လိုပါသည်။ ဘုရားသခင်ကို အသက်တာ၌ ရသွားသောသူက မနေနိုင်ပါ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို တဆင့်ပြန်၍ ကိုယ်တော်ကောင်းမြတ်ကြောင်း ပြောပြကြသည်။ ခင်ပွန်းက ဇနီးသည်ကို၊ သားသမီးက မိဘကို ပြောပြသက်သေခံကြဖို့ဖြစ်သည်။ မိမိ အသက်တာ၌ ကိုယ်တော်ကောင်းမြတ်ကြောင်းကို ခံစားရ၍ အသက်တာ၌ အခက်အခဲ၊ ပြဿနာ နှင့် လိုအပ်မှုရှိပါက ဘုရားသခင်ကို မြည်းစမ်းဆုတောင်းကြည့်ဖို့ ပြောပြနိုင်ပါသည်။ ထိုစကားကို ကြား၍ ကိုယ်တော်ကို မြည်းစမ်းခေါ်ကြည့်ခြင်းဖြင့် သက်သေရသွားပါက ထိုသူများ ကိုယ်တော်ကို ချီးမွမ်းကိုးကွယ်သည့်အခါ နှလုံးသားက ယိုဖိတ်ခြင်းနှင့် စစ်မှန်စွာ ကိုးကွယ် နိုင်ကြမည်ဖြစ်သည်။ ယနေ့ ယုံကြည်သူများ၏ ဝတ်ပြုကိုးကွယ်ခြင်း အသက်တာသည် အဘယ်သို့ ရှိပါသနည်း။ “အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချကြပါသနည်းဟု မေးရာတွင်၊ ထာဝရဘုရား၏ စားပွဲသည် ယုတ်မာ၏ ဟု ဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။” (မာလ ၁:၇) ဣသရေလလူတို့က ဘုရားသခင့် ရှေ့တော်သို့ လာကြသော်လည်း စိတ်နှလုံးမပါ၊ ထုံးတမ်းစဉ်လာအရ ဝတ်ကျေတန်းကျေ သဘောမျိုးဖြင့် လာကြသည်။ ထိုသို့လာရခြင်း၊ ယဇ်ပူဇော်ခြင်းသည်ပင်လျှင် သူတို့အတွက် အလုပ်ရှုပ်စရာတစ်ခုကဲ့ငို့ ခံယူနေကြသည်။


ယနေ့ခေတ်မီတိုးတက်နေသော နိုင်ငံကြီးများ၌ တနင်္ဂနွေနေ့ ဝတ်ပြုကြရာတွင် ဝတ်ပြုစည်းဝေး၌ လူမရှိ။ ဘုရားကျောင်းက ကြီးလှသော်လည်း လာရောက်ဝတ်ပြုကြသူက အနည်းစုသာဖြစ်သည်။ သူတို့အတွက် ဘုရားရှင် ရှေ့တော်သို့ လာပြီး ဝတ်ပြုရခြင်းသည် နှလုံးမပါ။ အနှစ်သာရမရှိသကဲ့သို့ ဖြစ်ကြပြီး တာဝန်ကျေသဘောမျိုး ဖြစ်နေကြသည်။ သူတို့အတွက် ရုပ်ဝတ္ထုနှင့် လောကီကဏ္ဍများက နှလုံးသား၌ နေရာအပြည့်ယူနေကြသည်။ ဘုရားသခင် အတွက် သူတို့၌ အချိန်မရှိ၊ သူတို့သည် အလိုတော်နှင့်အညီ ဝတ်ပြုကိုးကွယ်ခြင်း၏ အနှစ်သာရကို မသိကြပါ။ (ကမ္ဘာ ၁၂) တွင် ဘုရားသခင်သည် အာဗြံကို နာမည်နှင့် ခေါ်ပါသည်။ အာဗြံသည် ဘုရားသခင်၏ ခေါ်သံကိုကြားသည့်အတိုင်း တုံ့ပြန်၍ နှုတ်ကပတ်တော်အတိုင်း မိမိ လူမျိုးများကြားမှ ထွက်လာခဲ့ပါသည်။ ထိုသို့ ထွက်လာခြင်းသည် နှုတ်ကပတ်တော် ကို ယုံကြည်၍ ဖြစ်ပါသည်။ (ကမ္ဘာ ၁၂:၇) တွင် ထိုသို့ ယုံကြည်ခြင်းဖြင့် ထွက်လာခဲ့သော အာဗြံအား ဘုရားသခင်သည် ထင်ရှားပြပြီး ကတိတော်ကို ပေးပါသည်။ ယနေ့ ကျွန်ုပ်တို့ အသက်တာ၌ အလိုတော်ကို သိပြီး လိုက်လာပါက နောက်အလိုတော် တစ်ခုကို ပြမည် ဖြစ်ပါသည်။ ထိုသို့ အလိုတော်တစ်ခုပြီးတစ်ခု လိုက်လာပါက ခံစားရသော သက်သေ များလွန်း၍ မနေနိုင်တော့ပါ။ အာဗြံသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပါသည်။ ဘုရားသခင်သည် အာဗြံအား ယဇ်ပလ္လင်တည်ဖို့ မပြောပါ။ ယနေ့ ယုံကြည်သူတို့အသက်တာ၌ ထိုသို့သော သက်သေများမရှိပါက အသက်တာသည် ခြောက်သွေ့စရာ ကောင်းလှသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း အပြစ်တင်နေကြပြီး ချာလပတ်လည်နေကြမည် ဖြစ်သည်။ အာဗြံအသက်တာ၌ ထိုသက်သေများကို ခံစားနေရာမှ သူနေသော နေရာ၌ အစာခေါင်းပါးခြင်း ဖြစ်ပါသည်။ အသက်တာ၌ ထိုသို့ အခက်အခဲပြဿနာကြုံခြင်းသည် အဓိပ္ပါယ်မဲ့ ရောက်သည်မဟုတ်ပါ။ ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို အသက်တာ၌ ပို၍ ခံစားရရှိဖို့ဖြစ်ပါသည်။ ယနေ့ကျွန်ုပ်တို့အသက်တာ၌ ထိုသို့ အစာခေါင်းပါးခြင်းမျိုး ကြုံပြီး ဒုက္ခရောက်ပါက ဘုရားသခင်ကို ခေါ်မည်လား၊ လောကီနည်းနှင့် မည်သည့်နေရာကို သွားလျှင် ကောင်းမည်နည်းဟု စဉ်းစားမည်လား။

ယနေ့ ထိုသို့စဉ်းစားပြီး သွားကြသူများ အခြေအနေမဟန်ကြ။ ပြန်ပြေးလိုကြသည်။ အာဗြံသည်လည်း ထိုသို့ ကြုံသည့်အခါ ဘုရားကို မခေါ်ဘဲ အဲဂုတ္တုပြည်သို့ ပြေးပါသည်။ ဘုရားသခင်၏ အလိုတော်က ကိုယ်တော်ကို ခေါ်ဖို့ ဖြစ်ပါသည်။ ယနေ့ယုံကြည်သူအများလည်း ကိုယ်တော်ကို ခေါ်ရမည့်အစား အဲဂုတ္တုပြည်သို့ ပြေးလိုကြသည်။ အခွင့်တော်လမ်းသို့ လိုက်မိသည့်အခါ ပြိုလဲသွားပါသည်။ ဘုရားသခင်၏ အလိုတော်က ငါ့ကိုခေါ်လော့ ငါထူးမည် ဟု မိန့်တော်မူပါသည်။ ထိုအလိုတော်၏ အာမခံကြောင့် ကျွန်ုပ်တို့အား ဘုရားသခင်က အခွင့်ပေးခြင်း ဖြစ်ပါသည်။ အာဗြံသည် တစ်ချက်ချော်မိသည့်အခါ ဘုရားသခင်က ပြန်၍ ကယ်ခဲ့ပါသည်။ ထပ်၍ ချော်ပြန်သည် ဘုရားသခင်က ကယ်ခဲ့ပါသည်။ ထပ်မံ၍ ချော်သည့်အခါ ကလေးတစ်ယောက် ရပါသည်။ ထိုသို့ မချော်မီ အာဗြံအား ဘုရားသခင်က သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပါသည်။ ထိုသို့ မိန့်တော်မူသည်ကို အလွဲယူမိ၍ ရသော ကလေးကြောင့် ယနေ့တိုင် ထိုအကျိုးဆိုးက သက်သေထင်နေပါသည်။

(ကမ္ဘာ ၁၇) ရောက်သည့်အခါ ဘုရားသခင်သည် အာဗြဟံအား ကတိတော် ထပ်၍ ပေးပါသည်။ (ကမ္ဘာ ၁၈) တွင် ထာဝရဘုရားသည် အာဗြဟံအား အတွေ့ခံပြီး အိမ်သို့ခေါ် ဖိတ်၍ ဧည့်ဝတ်ပြုခြင်းကိုလည်း ခံယူကြောင်း တွေ့ရသည်။ ဤမျှလောက် ဘုရားသခင်နှင့် နီးကပ်စွာ ထိတွေ့၍ သက်သေများကို ရရှိပြီးနောက် အာဗြဟံ၏ စိတ်နှလုံးက ယိုဖိတ်ပြီး ဘာတောင်းတောင်း ပေးနိုင်သည်အထိ ဖြစ်လာပါသည်။ ထို့ကြောင့် (ကမ္ဘာ ၂၂) တွင် ဘုရားသခင်သည် အာဗြဟံအား တစ်ဦးတည်းသော သားကို တောင်းသည့်အခါ မငြင်းဘဲ ပေးခဲ့ကြောင်း တွေ့ရသည်။ စစ်မှန်သော မိဿဟယနှင့် ဝတ်ပြုခြင်းကို အာဗြဟံ သိရှိသွားပြီဖြစ်သည်။ ထိုအသက်တာ အခြေအနေသို့ ရောက်ဖို့ရန် အာဗြဟံသည် အချိန်များစွာ ပေးရပါသည်။ ယနေ့ယုံကြည်သူများတွင်လည်း အချို့သော ခရစ်ယာန်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သော်လည်း စစ်မှန်သော ဝတ်ပြုခြင်းသဘော သဘာဝကို အနည်းငယ်သာ ရပါသည်။ အချို့သော ခရစ်ယာန်များက မကြာလှသေးသော်လည်း အလိုတော်ကို လိုက်သဖြင့် သက်သေတစ်ခုပြီး တစ်ခုကို တွေ့ကြရပြီး စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အသက်တာနှင့် လျှောက်နေကြသည်ကို တွေ့ရသည်။ ယနေ့ ယုံကြည်သူများအား မိမိဆန္ဒနှင့် ရွေးချယ်အသက်ရှင်ခွင့်ကို ဘုရားသခင်က ပေးထားပါသည်။

ဒုစရိုက်လွန်ကျူးခြင်း၊ စာတန်သွေးဆောင်မှုနောက်ပါခြင်း၊ လဲပြိုခြင်းများကို ဘုရားသခင်က ခွင့်ပြုထားသော်လည်း အလိုတော်မဟုတ်ပါ။ အလိုတော်က ထိုသို့ ဖြစ်နိုင်ခွင့်များ ရှိနေသော်လည်း မပြုကြဘဲ ဖြောင့်မတ်စွာ အသက်ရှင်ခြင်း၊ ယုံကြည်ခြင်းဖြင့် နှုတ်ကပတ်တော် အတိုင်း လျှောက်ခြင်းအားဖြင့် သက်သေများကို ရကြဖို့ ဖြစ်ပါသည်။ ဘုရားကို မသိသော်လည်း နှုတ်ကပတ်တော်အတိုင်း တုံ့ပြန်အသက်ရှင်သောကြောင့် ဘုရားသခင်၏ အတည်ပြုခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးကို (တ ၁၀) တွင် တွေ့ရသည်။ ထိုသူက ကောနေလိ ဖြစ်ပါသည်။ ထိုသူသည် ယုဒ လူမဟုတ်ပါ။ တစ်ပါးအမျိုးသား ဖြစ်ပြီး ရောမ တပ်မှူးတစ်ဦးဖြစ်သည်။ “ထိုသူသည် မိမိ အိမ်တွင် ရှိသမျှသော သူတို့နှင့် တကွ၊ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိသဖြင့် လူတို့အား များစွာသော စွန့်ကြဲခြင်းကို ပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။” (တ ၁၀:၂) ထိုသူသည် ဗိမ္မာန်တော်သို့ မသွား၊ ယဇ်ပူဇော်ခြင်းကို မပြု၊ တရားဇရပ်သို့ပင်မသွားပါ။ သို့သော် နှလုံးသားက နှုတ်ကပတ်တော်ကို သိ၍ ဘုရားကို ကြောက်ရွံ့ခြင်းရှိပြီး များစွာသော စွန့်ကြဲခြင်းကို ပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းသည်ကို တွေ့ရသည်။ ထို့ကြောင့် နှလုံးကို ကြည့်၍ သိမြင်သော ဘုရားသခင်က သူ့အား အတွေ့ခံပါသည်။ ယနေ့ ကျွန်ုပ်တို့သည် မည်သည့်နေရာ၌ ရှိရှိ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း၌ ပါဝင်နေကြသူများ ဖြစ်ဖို့ လိုပါသည်။ နှလုံးသားက ဘုရားသခင်ကို အာရုံပြုပြီး နှုတ်ကပတ်တော်နှင့် အညီ အသက်ရှင် ပါဝင်လိုသော သူအတွက် အခွင့်အရေး ပေးပါသည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိသော လူငယ်လေးအားလည်း သူ၏ ဆန္ဒနှင့်အညီ ပါဝင်လိုသည့်အတိုင်း ပါဝင်ခွင့်ကို ပေးခဲ့ပါသည်။

ဧဝံဂေလိတရား၌ အစဉ်ထိရောက်သော အမှုက အစွမ်းကုန်ပေးကမ်းခြင်း အပိုင်း လိုကောင်းလိုနေနိုင် ပါသည်။ (မဿဲ ၂၆:၆-၁၃) တွင် အတိတ်က ဆိုးဖူးသော မိန်းမသည် ကိုယ်တော်နှင့် ထိတွေ့၍ ပြောင်းလဲသွားပြီးနောက် သူ၌ ရှိသော ဒေနာရိအပြားနှစ်ရာတန်သော ဆီမွှေးကျောက်ဖြူခွက်ကို ခွဲ၍ ကိုယ်တော်အပေါ်၌ လောင်းချပြီး ပူဇော်ပါသည်။ ထိုအမျိုးသမီး၏ ပါဝင်ခြင်းသည် အစွမ်းကုန် ပါဝင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်က ဧဝံဂေလိတရား ကို မြေတပြင်လုံးတွင် ဟောသော အရပ်ရပ်တို့၌ ဤမိန်းမကို အောက်မေ့စရာဖို့ သူပြုသောဤအမှုကို ကြားပြောရလတ္တံ့ဟု မိန့်တော်မူပါသည်။ ထိုအမျိုးသမီး၏ ပေးလှူပါဝင်ခြင်းသည် ကျေးဇူးတင်သော စိတ်နှင့် အစွမ်းကုန် ပါဝင်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် ဤကမ္ဘာမတည်မရှိမီကပသ် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ အသီးသီး ကယ်တင်ခြင်းသို့ ရောက်၍ အလိုတော်ကို သိပြီး စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း အသက်တွှာ ရှင်သန်နိုင်ဖို့ရန် ပြင်ဆင်ပေးထားပြီး ဖြစ်ပါသည်။ (၁ပေ ၁:၈-၂၀) သို့ဖြစ်၍ ကျွန်ုပ်တို့ အသီးသီးသည် မိမိတို့ အသက်တာများကို ဆင်ခြင်သုံးသပ်၍ အခွင့်တော်လမ်း၌ လျှောက်နေမိပါက နောင်တနှင့် လှည့်လာပြီး၊ နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် အလိုတော်လမ်း၌ အသက်ရှင်၍ လျှောက်လှမ်းလျက် စစ်မှန်သော ပူဇော်သက္ကာကို ပြု၍ ဝတ်ပြုကိုးကွယ်ကြဖို့ရန် မေတ္တာနှင့် အသိပေး ဝေငှလိုက်ပါသည်။

2 comments:

ဧဒင်အချစ်ပုံပြင် said...

တရားဒေသနာလေးတွေကိုဝေမျှပေးတဲ့အတွက်ဘုရားသခင်ကောင်းကြီးပေးပါစေ...ဆရာကြီးဦးတင်မောင်ညို၊ဦးမျိုးချစ်တို့တရားတွေလည်းရှိရင်ပြန်လည်ဝေမျှပေးပါအုံး..။

Thiha Lu Lin said...

ဟုတ်... ဆရာကြီး ဦးတင်မောင်ညို ရဲ့ တရားဟောချက်တွေ ရှိတယ်။ ဆရာကြီး ဦးမျိုးချစ် ကတော့ ပြန်စုလိုက်ဦးမယ်။ တခြား ဆရာကြီးတွေရဲ့ တရားဒေသနာတွေလည်း အပတ်စဉ် တင်နိုင်အောင် ကြိုပြီး စုဆောင်းထားပါတယ်။ :) ခွန်အားယူပါဦးနော်။