Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 18, 2012

ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့ (ဒေသနာတော်)


အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယုံကြည်သက်ဝင်သူ ဘာသာဝင်တိုင်း တရားဒေသနာနာယူနိုင်ဖို့ တင်ပြပေးနေခဲ့တဲ့ ဒီတစ်ပတ်ဆိုရင် သုံးပတ် တိုင်တိုင်ရှိပါသည်။ ခုချိန်ထိတိုင်အောင် အပတ်စဉ် ဝေငှနိုင်ဖို့ လမ်းပြပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွမ်းပါသည်။ ဒီတရားဒေသနာတော်တွေကို အကြောင်းကြောင်းကြောင့် ဘုရားရှိခိုးကျောင်း မတက်ရောက်နိုင်တဲ့၊ မိမိ အသင်းတော်တဲ့ ဝေးကွာနေတဲ့ သူတိုင်း ဖတ်ကြားနာနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မယုံကြည်သူများလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ သိက္ခာတော်ရဆရာကြီး ဦးတင်မောင်ညို ဝေငှခဲ့ဖူးတဲ့ “ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့” ဒေသနာတော်ကို တင်ဆက်ပေးချင်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ တည်ဆောက်သူတိုင်းအား သာ၍ ကောင်းကြီးပေးပါစေ။ Amen!


ယနေ့ အသက်ရှင်ခွင့်ရနေခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းကြဖို့လိုပါသည်။ မနက်ဖြန်အသက်ရှင်ရမည်ဟု မည်သူမျှတပ်အပ်သေချာမပြောနိုင်ပါ။ ထိုသို့ မသေချာသော်လည်း သခင်ယေရှုခရစ်တောကို ယုံကြည်သူများက ကောင်းကင်နိုင်ငံတော်သို့ ဝင်ရဖို့ရန် ဗီဇာရပြီးသူများ ဖြစ်ကြပါသည်။ သေချိန် မရောက်သေးသဖြင့် စောင့်နေကြရခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာ၌ ခရစ်တော်ကို ယုံကြည်လက်ခံခြင်းအားဖြင့် ဗီဇာရပြီး ကောင်းကင်နိုင်ငံသွားရဖို့ရန် သေချာနေသော သူများ ဖြစ်ရဖို့ အရေးကြီးပါသည်။

“ထို့နောက် လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သောအခါ” (မဿဲ၊ ၁၉:၁၆)

လူတစ်ယောက်သည် သခင်ယေရှုအနီးသို့ ချဉ်းကပ်ပြီး ကောင်းမြတ်သောဆရာ ထာဝရအသက်ကို ရဖို့ရန် အကျွန်ုပ်သည် အဘယ်သို့သော ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်ပါသည်။ ယနေ့ ထိုသူ၏ မေးခွန်းသည် ကျွန်ုပ်တို့ အယောက်တိုင်း တမလွန်အတွက် အလေးထားဆင်ခြင်ပြီး မေးသင့်သော မေးခွန်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံသို့ သွားဖို့ရန် လူတိုင်းဗီဇာ ရဖို့ မလွယ်ပါ။ သို့သော် ကောင်းကင်နိုင်ငံသွားဖို့ ဗီဇာရဖို့ရန်မှာမူကား အလွန်လွယ်ကူပါသည်။ ထိုဗီဇာရဖို့ ကျွန်ုပ်တို့ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံဖို့ရန်သာ လိုအပ်ပါသည်။

ထာဝရအသက်ကို ရအံ့သောငှာ

အထက် သမ္မာကျမ်းစာ၌ ဖော်ပြထားသော လူတစ်ယောက်ကို အခြားသော ကျမ်းပိုဒ်များ၌ အရာရှိငယ်ဟု ဖော်ပြထားပါသည်။ ထိုသူသည် အရာရှိဖြစ်သလို၊ ကြွယ်ဝသောသူဌေးတစ်ဦး လည်း ဖြစ်ပါတယ်။ ထိုသူက သခင်ယေရှုအား ကောင်းမြတ်သောဆရာဟု ခေါ်သည်ကို ကိုယ်တော်က မိမိအား အဘယ်ကြောင့် ကောင်းမြတ်သည်ဟု ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်း ကသာ ကောင်းမြတ်တော်မူ၏ဟု ပြန်၍ မိန့်တော်မူပါသည်။ ထို့နောက် ဆက်၍ “အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟု မိန့်တော်မူပါသည်။ သခင်ယေရှုထံ၌ ထာဝရအသက်ရလို၍ မေးလျှောက်သောသူစည် ဂျူးလူမျိုးတစ်ဦး ဖြစ်ပါသည်။ ဂျူးလူမျိုးတို့သည် ပညတ်တော်တို့ကို ငယ်သောအရွယ်မှစ၍ လိုက်လျှောက်သောသူများ ဖြစ်ကြသည်။ သခင်ယေရှုသည် ပညတ်တော်တို့ကို စောင့်ရှောက်ပါဟု မိန့်တော်မူသည်ကို ထိုလူငယ်သည် ပြည့်စုံစွာ နားမလည်သဖြင့် အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု ပြန်၍ မေးလျှောက်ပါသည်။

“အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူ့အသက်ကို မသတ်နှင့်၊ သူ့မယားကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ မိဘကို ရိုသေစွာ ပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့် အမျှချစ်လော့ဟု မိန့်တော်မူ၏။” (မဿဲ၊ ၁၉:၁၈-၁၉)

သခင်ယေရှုသည် လူငယ်ပြုရမည့်အမှုများကို ဖော်ပြမိန့်တော်မူသည့်အခါ အကျွန်ုပ်သည် ထိုပညတ် ရှိသမျှကို ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ အဘယ်အကျင့် လိုသေးသနည်းဟု ထပ်၍ မေးလျှောက်ပြန်ပါသည်။

“ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။” (မဿဲ၊ ၁၉:၂၁)

လူငယ်လေး၏ ထပ်မံမေးသောမေးခွန်းအား သခင်ယေရှုက သင်သည် စုံလင်ခြင်းသို့ ရောက်လိုပါက သင်၏ ဥစ္စာများကို ရောင်းပါ။ ပြီးလျှင် ထိုငွေများကို ဆင်းရဲသောသူများအား ပေးဝေပါ။ ထိုသို့ပြုပါက ကောင်းကင်ဘုံ၌ ဘဏ္ဍာကို သိုထားရမည် ဖြစ်သည်။ ထိုသို့ ပြုပြီးမှသာ ငါ့နောက်သို့ လိုက်ပါဟု မိန့်တော်မူပါသည်။ သခင်ယေရှု၏ ထိုစကားက ယနေ့ ကြွယ်ဝချမ်းသာသောသူများအား ရှိသမျှကို ရောင်း၍ ပေးပစ်ဖို့ ပြောနေခြင်း မဟုတ်ပါ။ သခင်ယေရှု အရာရှိငယ်အား သိစေလိုသော အရာက ထိုသို့ မဟုတ်ပါ။

“ထိုလုလင်သည် များစွာသော ဥစ္စာကို ရတတ်သောသူဖြစ်၍ ထိုစကားကို ကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။” (မဿဲ၊ ၁၉:၂၂)

သခင်ယေရှု၏ မိန့်တော်မူသောစကားကို ကြားလျှင် လုလင်ငယ်သည် မိမိဥစ္စာများ ကို ရောင်း၍ ပေးပစ်ရမည်ထင်ပြီး စိတ်ပျက်လက်ပျက်နှင့် ကိုယ်တော်ထံမှ ထွက်သွားပါသည်။ အကြောင်းမှာ ထိုလုလင်သည် များစွာသော ဥစ္စာတို့ကို ရတတ်သောသူဖြစ်သည်သာမက ထိုဥစ္စာတို့ အပေါ်၌ အမှီပြုနေသောသူ ဖြစ်သည်။ သခင်ယေရှုမိန့်တော်မူသည့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော စကားကို ဆင်ခြင်ပါက ကျွန်ုပ်တို့နှင့် စပ်ဆိုင်သောသူသည် အဘယ်သူနည်း။ သင်းအုပ်ဆရာဖြစ်ပါက အသင်းသူ အသင်းသားများက ကိုယ်နှင့်စပ်ဆိုင်သူဖြစ်သလို၊ အခြားဆွေမျိုးသားခြင်းများလည်း ဖြစ်နိုင်ပါသည်။ သခင်ယေရှုမိန့်တော်မူသည့် ကိုယ်နှင့်စပ်ဆိုင်သောသူ က သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် မရသေးသောသူများ ဖြစ်ကြပါသည်။ ကယ်တင်ခြင်း မရသေးသောသူများကို ကယ်တင်ခြင်းအကြောင်း ပြောပါ။ ကိုယ်နှင့် ထိတွေ့နေသောသူများ ခရစ်တော်ကို ရဖို့ အဖိုးအခပေးဖို့၊ မေတ္တာပေးဖို့ ပြောနေခြင်း ဖြစ်ပါသည်။ သို့ပြုပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု အရာရှိငယ်အား ခရစ်တော်က မိန့်တော်မူခြင်း ဖြစ်ပါသည်။ လုလင်ငယ်သည် ရာထူးနှင့် ငွေကြေးနှင့် ကြွယ်ဝပြည့်စုံသူဖြစ်သည်။ သူ့အား ထိုအရာ အားလုံးတို့ကို ဖြုတ်ပြီး ငါ့နောက် လိုက်ဟု ပြောသဖြင့် အရာရှိငယ်အတွက် ခက်ခဲနေခြင်း ဖြစ်ပါသည်။ သခင်ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူသည့်အခါ သူတို့သည် အသက်မွေးသည့် ပိုက်ကွန်၊ လှေတို့ကို စွန့်ခဲ့ပြီး ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြပါသည်။ ကျမ်းတစ်ချက်၌ ကိုယ်တော်က ငါ့နောက်သို့ လိုက်လိုသူသည် မိမိလက်ဝါးကားတိုင်ကို ထမ်း၍ လိုက်ရမည်ဟု မိန့်တော်မူပါသည်။ ဆိုလိုသည်မှာ လက်ဝါးကားတိုင် ထမ်းသောသူသည် မိမိကိုယ် မိမိ သေလူ ဟု သိမှတ် ခံယူထားသူဖြစ်သည်။ သခင်ယေရှုသည် ကရာနီကုန်းပေါ်သို့ လက်ဝါးကားတိုင်ထမ်း၍ တက်လာချိန်တွင် တောင်ပေါ်ရောက်သည့်အခါ ထိုကားတိုင်၌ ရိုက်ထားခံပြီး သေရမည်ကို သိပြီး ဖြစ်ပါသည်။ ကားတိုင်ထမ်း၍ နောက်လိုက်ခြင်းဟူသည် မိမိသည် သေလူဖြစ်သည်၊ လောကနှင့် ဘာမျှမဆိုင်တော့ဟု မှတ်ယူထား၍ ရှင်သန်ခြင်း ဖြစ်သည်။ လုလင်ငယ်က သခင်ယေရှုစကားတော်ကို ကြားသည့်အခါ စိတ်ပျက်လက်ပျက်နှင့် အထံတော်မှ ထွက်သွားပါသည်။ အကြောင်းမှာ ထိုလုလင်ငယ်သည် မိမိ ကြွယ်ဝမှုများကို အလေးဂရုပြုအာရုံစိုက် အသက်ရှင်နေသူဖြစ်၍ ဖြစ်ပါသည်။

ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏

“ယေရှုကလည်း ငါအမှန်ဆိုသည်ကား ငွေရတက်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နှဖားကို လျှိုလွယ်၏။ ငွေရတက်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။” (မဿဲ၊ ၁၉:  ၂၃-၂၄)

လုလင်ငယ်သည် သခင်ယေရှုထံတော်မှ ထွက်သွားသည့်အခါ ကိုယ်တော်က လောက၌ ငွေကြေး ဥစ္စာကြွယ်ဝသောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရဖို့ရန် ခက်ခဲသည်ဟု မိန့်တော်မူပါသည်။ ဝင်ခဲသည်ဟု မိန့်တော်မူခြင်းမှာ မဝင်နိုင်ဟု ဆိုခြင်းမဟုတ်ပါ။ ထိုအကြောင်းကို သခင်ယေရှုက ဥပမာနှင့် ယှဉ်၍ ရှင်းပြပါသည်။ ကုလားအုပ်တစ်ကောင်က အပ်နှဖားပေါက်ကို လျှိုဝင်ဖို့ လွယ်ကောင်း လွယ်နိုင်သော်လည်း ငွေရတတ်သောသူက ကောင်းကင်နိုင်ငံဝင်နိုင်ဖို့ မလွယ်ပါ။ အကြောင်းမှာ မိမိက ရာထူး၊ ငွေကြေးနှင့် ပြည့်စုံနေပြီ၊ လောက၌ ဘာမျှမလိုဟု မိမိကိုယ် မိမိ ထင်မှတ်ယူနေသောကြောင့်ပါ။ သခင်ယေရှု ထိုသို့ မိန့်တော်မူသောစကားကို တပည့်တော်တို့ ကြားလျှင် အလွန်မိန်းမော တွေဝေခြင်း ရှိကြပြီး၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း။ အကျွန်ုပ်တို့ ရှိသမျှသည် ကိုယ်တော်ခေါ်သောအခါ ရှိသမျှကို စွန့်၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထို့အတွက် ကျွန်ုပ်တို့သည် အဘယ်အကျိုးကို ရကြပါမည်နည်းဟု မေးလျှောက်ကြပါသည်။

ထိုအခါ ကိုယ်တော်က အလုံးစုံတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်သောသင်တို့သည် တစ်ဆယ့်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးတို့ကို စစ်ကြောစီရင်ရကြမည်ဟု မိန့်တော်မူပါသည်။ သခင်ယေရှု မိန့်တော်မူသည့် အပ်နှဖားပေါက်အကြောင်းကိုလည်း ပို၍ သဘောပေါက်ဖို့ရန် ရှင်းပြလိုပါသည်။ ယေရုရှလင်မြို့သည် ပတ်ပတ်လည် အုတ်ရိုးနှင့် ကာထားသော မြို့ ဖြစ်ပြီး ထိုအုပ်ရိုးအတွင်း၌ နောက်ထပ် အုတ်ရိုးတစ်ထပ်ရှိသည်။ မြို့ရိုးဝင်ပေါက်က လေးထောင့်မဟုတ်။ ထိုဝင်ပေါက်များထဲမှ တစ်ပေါက်ကို အပ်နှဖားပေါက်ဟု အမည်ပေးထားသည်။ ထိုအပ်နှဖားပေါက်မှ ဝင်လိုပါက အောက်လျှိုးနှိမ့်ချပြီးမှ ဝင်ရသည်။ သူဌေး သူကြွယ်များ ကုလားအုပ်ပေါ်၌ ထိုင်လျက်၊ ပစ္စည်းများလည်း တင်ဆောင်လာလျှင် ထိုအပ်နှဖားပေါက်ရောက်ပါက လူလည်း ကုလားအုပ်ပေါ်က ဆင်းရသလို၊ ပစ္စည်းများကိုလည်း ချပြီးမှ ကုလားအုပ်ကလည်း ဒူးကို ကွေးပြီး ခေါင်းကို နှိမ့်ပြီးမှ ဝင်၍ရသည်။ ကုလားအုပ်ပေါ်မှ မဆင်းဘဲ ထိုင်လျက် နှင့် ခေါင်းမော့ ရင်ကော့ပြီး ဝင်၍ မရပါ။ အဓိပ္ပာယ်က မာန်မာနနှင့် ခေါင်းမော့ပြီး ဟန်ပန် တစ်ခွဲသားနှင့် ဝင်ဖို့ မဟုတ်၊ နူးနူးညွတ်ညွတ်နှင့် နှိမ့်နှိမ့်ချချသဘောမျိုးဖြင့် ဝင်မှရသည် ဟူသော သဘော ဖြစ်ပါသည်။ ထို့ကြောင့် ကုလားအုပ်သည် ထိုအပ်နှဖားပေါက်ကို ဝင်ဖို့ လွယ်သော်လည်း ငွေရှိသောသူ၊ အရိုက်အရာရှိသောသူသည် ထိုအရာတို့ကြောင့် မောက်မာ ဝါကြွားပြီး မိမိ၌ ဘာမျှမလိုဟု ထင်၍ ထိုအရာတို့အပေါ်၌သာ အသက်တာကို အမှီပြုထားပါက ကောင်းကင်နိုင်ငံတော်သို့ ဝင်ဖို့ ခက်လှပေသည်။ ယနေ့ သခင်ယေရှုခရစ်ကို လက်ခံ ယုံကြည်သည့်အခါ စစ်မှန်သော နောင်တနှလုံးသားနှင့် မိမိသည် ဘာမျှမဟုတ်ပါ။ မိမိ၏ အစွမ်း၊ ကြိုးစားအားထုတ်မှုနှင့် ကောင်းကင်နိုင်ငံသို့ မရောက်နိုင်ကြောင်းကို သိပြီး နှိမ့်ချသောသဘောနှင့် တိုးဝင်မှသာ ဘုရားသခင်က လက်ခံပြီး ကယ်တင်ခြင်းသို့ ရောက်နိုင်မည် ဖြစ်ပေသည်။

ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်

သခင်ယေရှု ထံတော်သို့ လာသော လုလင်ငယ်သည် ထာဝရအသက်ကို ရလိုသော်လည်း မိမိနည်းလမ်းနှင့် မိမိလုပ်ဆောင်မှုနှင့်သာ ရလိုသူ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုအား အဘယ်သို့ ပြုရမည်နည်းဟု မေးခြင်းဖြစ်ပါသည်။ သို့သော် သူသည် ငွေကြေးစည်းစိမ်ကြွယ်ဝမှုကို မစွန့်နိုင်ပါ။ ကိုယ်တော်ပြောသော နည်းလမ်းအတိုင်းလည်း မလုပ်ဆောင်နိုင်ပါ။ ထိုသို့ဆိုလျှင် လူသည် လောက၌ အသက်ရှင်ရာ၌ ငွေမရှာရ၊ ကြွယ်ဝမှုမရှိရဟု ဆိုလိုပါသလား။ မဟုတ်ပါ။ ကျွန်ုပ်တို့သည် လောက၌ အသက်ရှင်ရာတွင် ငွေလိုအပ်သည်ကို ကိုယ်တော်က သိတော်မူပါသည်။ ငွေမရှာရဟု ကိုယ်တော်က မပြောပါ။ ငွေကို မတပ်မက်ဖို့ရန်သာ ကိုယ်တော်က သတိပေးနေခြင်း ဖြစ်ပါသည်။ ငွေကို တပ်မက်မိသောသူတို့သည် အပြစ်က နောက်ဆက်တွဲ လိုက်လာပါသည်။

“အကြောင်းမူကား၊ ငွေကို တပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (၁တိ၊ ၆:၁၀)

သမ္မာကျမ်းစာက ငွေကို တပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့၏ မူလအမြစ် ဖြစ်ကြောင်း သတိပေးထားပါသည်။ ငွေကို ရလို၍ တပ်မက်စိတ်ကြောင့် လူတို့သည် မပြုသင့်သောအမှုကို ပြုမိကြသည်။ ထို့နောက် ငွေရှိလာသည့်အခါ၌လည်း မောက်မာလာတတ်သည်။ ဆင်းရဲနွမ်းပါေးသာသူများ၊ အဝတ်အစား နွမ်းနွမ်းပါးပါးနှင့် လာသောသူများကို တွေ့ပါက အထင်သေးတတ်သည်။ သင်္ကာမကင်း ဖြစ်တတ်သည်။ အပေါင်းအသင်း မလုပ်လို၊ နှိမ့်ချပြီးဆက်ဆံလိုကြသည်။ သမ္မာကျမ်းစာ၌ ဖော်ပြခြင်းခံရသော သူဌေးလေးသည်လည်း သူ၏ ကြွယ်ဝမှုတို့က သူ့ဘုရားဖြစ်နေသည်။ ထိုအရာများကို မစွန့်လွှတ်နိုင်၊ ထို့ကြောင့် သူရှေ့၌ ကယ်တင်ရှင် ရှိပါလျက် ထိုအရှင်ကို လက်မခံနိုင်၊ ထိုအရှင်၏ စကားကို နားမထောင်နိုင်ဘဲ ရှိနေပါသည်။ ထိုသို့ဆို၍ ကြွယ်ဝချမ်းသာခြင်းကို မကောင်းဟု ဆိုနေခြင်း မဟုတ်ပါ။ ကြွယ်ဝချမ်းသာခြင်းသည်လည်း ဘုရားသခင်၏ ကောင်းကြီးဖြစ်ပါသည်။ ထို့အပြင် ကြွယ်ဝခြင်းကြောင့် အခြားသူများကို ကူညီ မစနိုင်သည်။ ဆင်းရဲနွမ်းပါးသူများကို မေတ္တာပြပေးကမ်းနိုင်သည်။ ကြွယ်ဝမှုက ကျွန်ုပ်တို့၏ ဘုရား ဖြစ်မသွားဖို့ အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လောကနှင့်ဆိုင်သည့် ကြွယ်ဝမှု စည်းစိမ်များ၊ ဂုဏ်ဒြပ်များကို အမှီမပြု၊ မကိုးကွယ်ဘဲ ဘုရားရှင်ရှေ့တော်သို့ လာကြသည့်အခါ ထိုအရာအားလုံးတို့ကို ချထားပြီး နှုတ်ကပတ်တော်ကို နှလုံးသွင်းခံယူကြဖို့ လိုပါသည်။ နှုတ်ကပတ်တော်ကို ကြားနာရသည့်အခါ၌ လည်း ဆင်ခြေမပေးဘဲ၊ ဘုရားရှင်၏ စကားဖြစ်ကြောင်းကို သိပြီး မိမိတို့ အသက်တာ၌ ပြင်ဆင်ဖို့ရန် ရှိသည်များကို ပြင်ဆင်ကြဖို့ လိုပါသည်။ ခရစ်တော်ကို အသက်တာ၌ လက်မခံရသေးပါကလည်း ကိုယ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းအားဖြင့် ကောင်းကင်နိုင်ငံဝင်ခွင့် ဗီဇာရထားသူများဖြစ်လျက် နေ့စဉ်အငက်တာ၌ မာန်မာနသဘောမရှိဘဲ ဘုရားသခင်နေရာ၌ မည်သည့် အရာကိုမျှ အစားမထိုးဘဲ ကိုယ်တော်ကိုသာ ခိုလှုံကိုးစား နာခံလျက် အသက်ရှင်ကြဖို့ရန် မေတ္တာနှင့် အသိပေးဝေငှ လိုက်ရပါသည်။

0 comments: