Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 18, 2012

စုံတွဲတွေ ဘာကြောင့် စကားများကြသလဲ


စုံတွဲလို့ဆိုလိုက်တာနဲ့ သင့်ပတ်ဝန်းကျင်က အမျိုးသားနဲ့ အမျိုးသမီးတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ သူငယ်ချင်းစုံတွဲတွေ၊ သမီးရည်းစားစုံတွဲတွေ၊ လင်မယားစုံတွဲတွေစတဲ့ လူမှုဆက်ဆံရေးနယ်ပယ်ထဲက လူတွေအားလုံး  ပါဝင်နေကြပါတယ်။ စုံတွဲတွေ စကားများ ရန်ဖြစ်ကြရတဲ့ အဓိကပြဿနာကတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်တာ၊ နားလည်မှုမရှိတာနဲ့ နားလည်မှုလွဲမှားနေတာတွေကြောင့်ပဲ အဓိက ပြဿနာပါ။

လူတစ်ယောက်ကို ချစ်ရတာ ပင်ပန်းတယ်ဆိုရင်တောင် အဲ့ဒီပင်ပန်းမှုတွေကိုပဲ ကျွန်တော်တို့လို လူသားတွေက နှစ်သက်၊ မက်မောနေတတ်ကြတာပါ။ ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ အနစ်နာခံခြင်း ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ၊ လူတစ်ဦးချင်းရဲ့ သူတို့စိတ်ထဲက ခံစားမှုနဲ့ ရောင့်ရဲ တင်းတိမ်တတ်မှုအပေါ်မှာ မူတည်ပြီး အချစ်ဆိုတာကို ခေါင်းစဉ်တပ်ကြပါတယ်။ တကယ်သိသင့်တာက ကိုယ်က သူများကို တကယ်ချစ်တာလား၊ ကိုယ့်ကိုကိုယ် ချစ်နေတာလားဆိုတာကို သိဖို့ပါပဲ။ နောက်တစ်ခုက အပြုသဘောဆောင်တဲ့အမြင်နဲ့ နားလည်ပေးနိုင်မှုပါပဲ။ ကမ္ဘာပေါ်မှာ စကားမများ၊ ရန်မဖြစ်ဘူးတဲ့ စုံတွဲတွေ မရှိသလောက် ရှားပါတယ်။ အနည်းဆုံးတော့ စိတ်ကောက်၊ စိတ်အခန့်မသင့် ဖြစ်ကြမှာပါပဲ။ ဒါတွေ ဘာကြောင့်လဲ၊ ဘယ်လို ဖြေရှင်းမလဲ။ အဓိက အကြောင်းရင်းကို သိရင် ဖြေရှင်းရ လွယ်ကူပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး စိတ်သဘောထားနဲ့ ခံယူချက်တွေ မတူညီနိုင်တာကြောင့် ဖြစ်တတ်တဲ့ သဘောလေးတွေနဲ့ တွေးဆကြရအောင်နော်။


ဘာကြောင့်ချစ်တာလဲ
ဒါက အဓိကပါ။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြပြီဆိုရင် ဘာကြောင့်ချစ်တာလဲဆိုတဲ့ မေးခွန်းရှိပေမယ့် အဖြေကတော့ ခက်ခဲနေတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးတော့ ရှိနိုင်ပါတယ်။ ချစ်ဖို့ကောင်းလို့၊ သူ့ပုံစံကို ချစ်လို့၊ သံယောဇဉ်ရှိလို့ စသဖြင့်ပေါ့။ အကြောင်းရင်းတစ်ခုခုကို အခြေခံပြီး ချစ်တာဆိုရင်တော့ တည်မြဲဖို့ရာခိုင်နှုန်း နည်းသွားတတ်ပါတယ်။ ဥပမာ - သူက ချောလို့၊ ချမ်းသာလို့၊ ဂုဏ်ရှိလို့ စတာတွေက ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးထဲမှာ ကြာရှည် မတည်တံ့နိုင်တာကြောင့် ဒါတွေ ပျက်သုဉ်းသွားရင် သင့်အချစ်တွေ ပျက်စီးသွားမှာလား။ အပေါ်ယံ အလှတရားတွေကိုပဲ ချစ်နေမယ်ဆိုရင်တော့ တကယ်ပေါင်းသင်းဆက်ဆံရမယ့် ဘဝထဲမှာ ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်ဘာကြောင့်ချစ်သလဲဆိုတာ အရေးကြီးပါတယ်။

သင်ချစ်တဲ့အချက်တွေက ပျောက်ပျက်သွားတတ်တဲ့အရာတွေဆိုရင် ဥပမာ - သူ့အလှအပ၊ ဆံပင်ရှည်တာ၊ အသားဖြူတာတွေဟာ ပျောက်ပျက်သွားတတ်သလိုမတည်မြဲနိုင်တဲ့ အရာတွေပါ။ ဒါတွေ မရှိတော့ လက်တွေ့ဘဝထဲမှာ ဒါတွေထက် ပိုအရေးကြီးတာတွေ များနေတယ်ဆိုတာ အချိန်နောက်ကျမှ သိရင်တော့ စုံတွဲတွေစကားများ ရန်ဖြစ်တယ်ဆိုတာ မဆန်းတော့ပါဘူး။

နီးစပ်မှု
အနေနီးစပ်မှုကြောင့် ချစ်သွားတယ်ဆိုတာ မယုံမရှိပါနဲ့။ ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာရှည်တည်တံ့တတ်ပြီး ခိုင်မြဲတတ်ကြပါတယ်။ စကားများ၊ စိတ်ကောက်တာကလွဲရင် အကြီးအကျယ် ရန်ဖြစ်တာတော့ နည်းတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစောကတည်းက အနေနီးနေတဲ့သူတို့ နှစ်ယောက်မှာ တစ်ယောက်ရဲ့အကျင့်နဲ့စရိုက်ကို ကျန်တစ်ယောက်က သိပြီးသား ဖြစ်နေလို့ပါ။ ဒါ့အပြင် ဒီလိုအကျင့်တွေကိုလည်း လက်ခံနိုင်ပြီးသား ဖြစ်နေတာကြောင့် ထွေထွေ ထူးထူး ညှိနှိုင်းဖို့လည်း မလိုပါဘူး။ အဝေးတစ်နေရာမှာ ရောက်နေတဲ့ ချစ်သူတွေအတွက်လည်း နီးစပ်မှု ဆိုတာ လိုအပ်တာပါပဲ။ စာနဲ့ဆက်သွယ်လို့ရရင် စာ၊ ဖုန်းနဲ့ ဆက်သွယ်လို့ရရင် ဖုန်းနဲ့ နေ့စဉ်မပျက်မကွယ် ဆက်သွယ်နေမယ်ဆိုရင် ဒီနီးစပ်မှုက ဘယ်လိုမှ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။ ဒါကလည်း ဆက်သွယ်ချင်တဲ့၊ သတိရတဲ့စိတ် လိုအပ်ပါတယ်။ နီးစပ်မှုဟာ လူတစ်ယောက်ကို ချစ်တတ်လာအောင်၊ သတိရနေအောင် လွမ်းနေအောင် ဖန်တီးနိုင်တာကြောင့် ဒီအချက်ကိုတော့ မေ့ထားလို့မရပါဘူး။

ပွင့်ပွင့်လင်းလင်းရှိပါစေ
သံသယဆိုတာ စုံတွဲတွေကြားထဲက အကြီးမားဆုံးရန်သူပါ။ အဖြေမရှိတဲ့ သံသယဟာ အမှားတွေဘက်ကိုသာ ဦးတည်နေတတ်ပါတယ်။ ဒီလိုမှားယွင်းတဲ့ သံသယတွေကြောင့် ကိုယ့်ဇနီး၊ ကိုယ့်လင်သားတွေကို သတ်ဖြတ်တဲ့အထိ မှားယွင်းမိတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လို အကြောင်းအရာ မဆို ပွင့်လင်းဖို့ လိုပါတယ်။ စိတ်ထဲမှာ ရှိနေတာကို အေးဆေးတည်ငြိမ်အောင် စိတ်ကိုထားပြီး၊ ကိုယ့်အထင်ကို ပြောပြပါ။ ကိုယ်က အေးအေးဆေးဆေးမသိလို့၊ ကိုယ်ခံစားနေရတယ်ဆိုတာကို မေးပြီး တစ်ဘက်က ပြောပြတာကို နားထောင်ပါ။ ကိုယ်နဲ့ တွဲနေတဲ့သူ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းရဲ့စကားဟာ မှန် မမှန်ဆိုတာ ကာယကံရှင်ကိုယ်တိုင်သာ အသိဆုံးပါ။ ကိုယ့်ထင်မြင်ယူဆချက်က မှားသွားရင်လည်း သူ့ကို ပြန်ပြီးတောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ဒါဟာ ရှက်စရာ၊ သိမ်ငယ်စရာ မဟုတ်ပါဘူး။ ကိုယ့်ထင်မြင်ချက်နဲ့ သံသယက မှားနေတယ်ဆိုရင် သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုတာကိုလည်း ကိုယ့်ဘက်က ပြန်လည်တွက်ဆဖို့ လိုပါတယ်။ ပွင့်လင်းမှုမရှိတဲ့ဆက်ဆံရေးကြောင့် နောင်တတွေလည်း ရှိလာနိုင်ပါတယ်။ အဝေးတစ်နေရာရောက်နေတဲ့ချစ်သူကောင်လေးကို တခြားတစ်ယောက်နဲ့ အထင်လွဲပြီး အဆက်အသွယ်ဖြတ်၊ ပွင့်ပွင့်လင်းလင်းမပြောဘဲ၊ သူလည်း တစ်ယောက်တွဲတာ ငါလည်း နောက်တစ်ယောက် ရပြီလို့ပြော ဒီတော့ နှစ်ယောက်စလုံး တကယ်ထင်ပြီး အဆက်အသွယ် ပြန်မလုပ်။ ဒီတော့ အဲဒီစိတ်နဲ့ ကောင်မလေးက ဆုံးပါးသွားခဲ့တယ်။ အဝေးတစ်နေရာက ကောင်လေးကတော့ မသိရှာဘူးပေါ့။ ဒါဟာ အချိန်လွန်မှရကြတဲ့ နောင်တတွေပါပဲ။ ဒါကြောင့် ဘယ်ကိစ္စမဆို ပွင့်လင်းစွာ တိုင်ပင်၊ ပြောဆိုဆက်ဆံတာက စုံတွဲတွေကြားမှာ စကားများရန်ဖြစ်မှု မဖြစ်ဖို့ အကောင်းဆုံး ဖြေရှင်းမှုပါ။

အလျှော့ပေးပါ
အကြောင်းရင်းတစ်စုံတစ်ရာကြောင့် စကားများရန်ဖြစ်ကြပြီဆိုရင် သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း နဲ့ အော်ဟစ် ပြောဆိုနေမယ့်အစား စိတ်ပြေလက်ပျောက် တစ်နေရာကို ထွက်သွားလိုက်ပြီး အသက်ကို ပုံမှန်လေး ရှူပြီး စိတ်ကို ဖြေလျှော့လိုက်ပါ။ စိတ်ပြေသွားမှ စကားကို အေးအေးဆေးဆေး ပြန်ပြောပြီး အမှားအမှန်ကို ပြန်လည်သုံးသပ်ပါ။ စိတ်တိုနေတဲ့ အချိန်ဟာ အမှားအများဆုံးလုပ်မိနိုင်ပါတယ်။

မှန်ကန်စွာရွေးချယ်ပါ
တစ်ဦးနဲ့ တစ်ဦး ပေါင်းသင်းကြရာမှာ နှစ်ဖက်စလုံးရဲ့ ပေါင်းသင်းချင်တဲ့စိတ်ဆန္ဒလည်း အရေးကြီးပါတယ်။ တစ်ဖက်သတ်ဆန်တဲ့ ပေါင်းသင်းဆက်ဆံရေးဟာ စကားများ ရန်ဖြစ်ခြင်းရဲ့ လမ်းစတွေပါပဲ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူစွာ လက်ခံနားလည်နိုင်ဖို့တော့ အတူ လိုအပ်ပြီး ရွေးချယ်တတ်ဖို့ လိုပါတယ်။

အပြုသဘောဆောင်ပါ
အပြုသဘောဆောင်တယ်ဆိုတာ အကောင်းမြင်တဲ့သဘောပါ။ အမြဲတမ်းအဆိုးမြင်တတ်တဲ့သူဟာ မိတ်ဆွေ၊ သူငယ်ချင်းနဲ့ လုပ်ငန်းခွင်ထဲမှာပါ အဆင်မပြေနိုင်ပါဘူး။ အမြဲတမ်းစိတ်ဖိစီးမှုများနေတတ်တာမို့ လူမှုဆက်ဆံရေးမှာပါ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဘက်က များများတွေးပါ။

လိုက်လျောညီထွေ ဖြစ်ပါစေ
နေ့စဉ် နွေးထွေးတဲ့မိသားစုကို ဖန်တီးပြီး လိုက်လျောညီထွေနေတတ်ဖို့တော့ လိုပါတယ်။ အိမ်မှာ မိသားစု စုံညီ ဒါမှမဟုတ် ဇနီးမောင်နှံအတူ မနက်စာနဲ့ညစာကို လက်စုံစားပါ။ ထမင်းစားပြီးချိန် အိမ်ခြံထဲမှာ လမ်းလျှောက်ရင်း စကားပြောပါ။ တီဗီရုပ်ရှင်အတူ ကြည့်ပါ။ အားလပ်ရက်တွေမှာ ဟိုးအရင်ကအတိုင်း အပြင်လျှောက်လည်တာမျိုး၊ ပန်းခြံထဲလမ်းလျှောက်တာမျိုး၊ ရုပ်ရှင်သွားကြည့်တာမျိုးတွေ ပြုလုပ်ပြီး ချစ်စကားတွေ ပြောပါ။ ဒါဟာ တစ်ဦးနဲ့တစ်ဦး ပိုပြီးခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်နိုင်ပါတယ်။

မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့စကားများရန်ဖြစ်တာ မဖြစ်အောင်တော့ လုပ်ငန်းခွင်ဖိစီးမှုကင်းပြီး စိတ်ကြည်လင်နေစေဖို့ လိုပါတယ်။ အလုပ်တွေကို ဝေမျှလုပ်ဆောင်ပါ။ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရင်း အလုပ်ဖိစီးမှုတွေကြောင့် သင့်ကို ပိုပြီး ပင်ပန်းစေပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကို ရင်ဖွင့်တိုင်ပင်ပြီး အကူအညီယူပါ။ ဒါဟာ သင်က တစ်ဖက်သူအပေါ် ဘယ်လောက် အလေးထားတယ်ဆိုတာကို ပြသရာ ရောက်ပြီး ခင်မင်မှု ပိုမို တိုးပွားစေပါတယ်။ လူတိုင်း ချစ်ခင်နှစ်သက်ပြီး စကားများရန်ဖြစ်ခြင်း ကင်းဝေးကြပါစေ။

သဲသဲ

Credit: The Chic Magazine

2 comments:

Yin Sue said...

ကိုသီဟရေ......စုံတွဲတွေ စကားများတဲ့ အခြေခံ အချက်လေးတွေဖတ်သွားပါတယ်...ဒီအချက်လေးတွေဟာ.လူတိုင်းသိသလိုလိုနဲ့ မလုပ်မိတာလေးတွေပါ.....ဒီအချက်လေးတွေကို ဂရုတစိုက်လိုက်ပြီး လုပ်ဆောင်မယ်ဆိုရင် အမှားလည်းကင်းပြီး သာယာတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေလည်း တည်ဆောက်နိုင်မယ်လို့ထင်ပါတယ်.....အခုလို အချက်လေးတွေထုတ်ပြီး ရေးသားပေးလို့ မှတ်သားရတာလွယ်ပြီး ဖတ်ရတာလည်း ပိုအဆင်ပြေသွားပါတယ်.....ကျေးဇူးပါ.....

စံပယ်ချို said...

သေချာဖတ်ခဲ့တယ်နော် ကိုယ်ကရွှေးပြီးသွားလဲ အပျိုကြီး
သူငယ်ချင်းတွေအတွက်လေ
ခင်မင်တဲ့ sis jasmine