Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 25, 2012

ဘုရားသခင်၌ မှီခို၍ လျှောက်လှမ်းခြင်း (ဒေသနာတော်)


တနင်္ဂနွေနေ့တိုင်း ကျွန်တော့ရဲ့ Blog စာမျက်နှာပေါ်ကနေ ဆရာတော်ကြီးတွေရဲ့ ဒေသနာတော်တွေကို မျှဝေခွင့်ရတာ ခုဆိုရင် လေးပတ်တိုင်တိုင်ရှိခဲ့ပါပြီ။ မျှဝေခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း သလို ထပ်မံလို့လည်း မျှဝေခွင့် ရပါစေလို့ ဆုတောင်းပါတယ်။ အပတ်စဉ် တင်ပြပေးနေတဲ့ ဒေသနာတွေကို ရပ်နီးရပ်ဝေးက ယုံကြည်သူမိတ်ဆွေများ အကြောင်းအမျိုးမျိုးကြောင့် ဘုရားကျောင်း မတက်နိုင်ခဲ့ရင် နာယူနိုင်အောင်နဲ့ မယုံကြည်သူမိတ်ဆွေများလည်း လေ့လာခွင့်ရအောင် ရည်ရွယ်ပြီး မျှဝေပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာတော်ကြီး ဦးညွှန့်လှ ဝေငှဟောပြောခဲ့တဲ့ “ဘုရားသခင်၌ မှီခို၍ လျှောက်လှမ်းခြင်း” ဒေသနာတော်ကို မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြားနာသူတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!
 

ယုံကြည်သူအယောက်တိုင်းအတွက် ယနေ့သည် အထူးအရေးကြီးပါသည်။ နက်ဖြန်နေ့ကို အမှီပြု၍ ဝါကြွားခြင်း မရှိဖို့၊ ဘုရားသခင် သတိပေးထားပါသည်။ အကြောင်းမှာ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မသိနိုင်၍ ဖြစ်သည်။

“ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတ်ာမူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၂:၂)

ယုံကြည်ခြင်းကို အစအဦး စီရင်သောသူသည် ယေရှုခရစ်တော် ဖြစ်ပါသည်။ ထို့အတူ စုံလင်ခြင်း ဖြစ်စေတ်ာမူသော အရှင်သည်လည်း ယေရှုခရစ်တော်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ တော်၍၊ ကောင်း၍၊ ကြိုးစားအားထုတ်၍ မဟုတ်၊ ကြွယ်ဝ၍ မဟုတ်ပါ။ ယေရှုခရစ်အားဖြင့် စုံလင်သောသူများ ဖြစ်သွားကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသောအရာများကို အာရုံပြုနေကြဖို့ မဟုတ်ဘဲ၊ ယေရှုခရ်းကိုသာ စေ့စေ့ကြည့် မျှော်ကြဖို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မည်သူ မည်ဝါဖြစ်သည်ဆိုခြင်းက အရေးမကြီးပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးဖြစ်နေဖို့ကသာ အရေးကြီးပါသည်။

ကျွန်ုပ်တို့ အသီးသီးသည် နေ့စဉ်အသက်တာ၌ သခင်ယေရှုကို စေ့စေ့ကြည့်လျက် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနေသော သူများဖြစ်ကြဖို့ ဘုရားသခင်အလိုတော်ရှိပါသည်။ နက်ဖြန်နေ့၌ ကျွန်ုပ်တို့ မည်သို့ ဖြစ်မည်ကို မသိကြ၍ ယနေ့ဖြစ်တည်ခံစားနေရသော အခြေအနေအတွက် ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် အသက်ရှင်ကြဖို့ လိုပါသည်။ ကျွန်ုပ်တို့ အသက်တာ၌ ဘုရားသခင် မရှိပါက လောကအရာအားလုံး ရှိနေသော်လည်း ဘာမျှ မရှိသကဲ့သို့ ဖြစ်ပါသည်။ ကျွန်ုပ်တို့အသက်တာ၌ သခင်ယေရှု ရှိနေပါက လောကအရာ ဘာမျှ မရှိလျှင်လည်း အားလုံးရှိနေသကဲ့သို့ ဖြစ်ကြပါသည်။ ထို့ကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျက်ရှိကြသည်ဖြစ်၍” (ဟေဗြဲ ၁၂:၁) ကျွန်ုပ်တို့သည် အသက်တာ၌ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပါက ကိုယ်တော် ကောင်းမြတ်ကြောင်း ခံစားရသော အတွေ့အကြုံ (သက်သေ) များစွာ ရှိကြမည်ဖြစ်သည်။ နေမကောင်းရာမှ ကျန်းမာလာခြင်း၊ အလုပ်မရှိရာမှ အလုပ်ရရှိခြင်း၊ အကြွေးကျေသွားခြင်းသည် ဘုရားသခင်ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့ ခံစားကြရသော သက်သေများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်က “အားယူ၍ ရဲရင့်ခြင်းရှိလော့” (ယောရှု ၁:၉) ဟု မိန့်တော်မူသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌ ရဲရင့်စွာ ရပ်တည်ဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် မကြောက်ဖို့၊ စိတ်မပျက်ဖို့ လိုပါသည်။ အကြောင်းမှာ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ဘုရားသခင်၏ စကားတည်မည် ဟု ကတိတော် ရှိသောကြောင့် ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ယုံကြည်သူများအား ပြန်၍ ချီဆောင်ဖို့ရန် တဖန်ပြန်၍ ကြွလာမည်ဟု ကတိတော်ထားပါသည်။

ထိုကတိတော်စကားကို သခင်ယေရှုသည် အမှန်ပင် ပြည့်စုံစေမည်ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြောက်တတ်သော စိတ်သဘောကို မပေးပါ။ တန်ခိုးပါသော စိတ်၊ ချစ်တတ်သော စိတ် ကို ပေးထားသည် ဖြစ်၍ ရှက်ကြောက်ခြင်းမရှိကြဖို့၊ အားယူ၍ ရဲရင့်ခြင်းရှိကြဖို့ ဖြစ်ပါသည်။ “ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသောကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်းကို ခံရကြမည်ကို ငါသိ၏။” (ဆာ ၅၆:၉) ဘုရားသခင် ကျွန်ုပ်တို့ဘက်၌ ရှိပါက မည်သည့်အရာကမျှ ကျွန်ုပ်တို့ တစ်ဘက်၌ ရှိမနေနိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာအား နှောင့်ယှက်၍ ကျဆုံးစေမည့်အရာအားလုံးကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပစ်နိုင်သောအရှင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၌ ငွေသန်းပေါင်းများစွာ ရှိနေသည်ထက် သခင်ယေရှု ရှိနေဖို့သာ လိုပါသည်။ ကျွန်ုပ်ဘက်၌ သခင်ယေရှု ရှိနေသော အသက်တာသည် အောင်မြင်သော အသက်တာဖြစ်ပါသည်။ လောက၌ အောင်မြင်စွာ ရပ်တည်နိုင်ခြင်းသည် ကျွန်ုပ်တို့ဘက်၌ သခင်ယေရှု ရှိနေသောကြောင့်သာ ဖြစ်ပါသည်။ ဘုရားသခင် ကျွန်ုပ်တို့ဘက်၌ ရှိနေပါက ကျွန်ုပ်တို့၌ အရည်အချင်းမလိုပါ။ ဘုရားသခင် ရှိနေခြင်းသည် ကျွန်ုပ်တို့အတွက် တန်ခိုး ဖြစ်သည်။ အောင်မြင်ခြင်း ဖြစ်သည်။ ဝမ်းမြောက်ခြင်းဖြစ်သည်။ (တရား ၆:၁၁-၂၄) တွင် ဂိဒေါင်အမည်ရှိသော လူတစ်ယောက်ကို တွေ့ရသည်။ “တဖန်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်လာ၍၊ သြဖရရွာမှာ အဗျေဇာ အမျိုးသား ယောရှုပိုင်သော သပိတ်ပင်အောက်၌ ထိုင်လေ၏။ ယောရှုသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှာ၊ စပျစ်သီးနယ်ရာ တန်ဆာ အနားမှာ စပါးကို နယ်လျက်နေ၏။” (တရား ၆:၁၁) ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂိဒေါင်ထံသို့ ရောက်လာပါသည်။ ထိုအချိန်တွင် ဂိဒေါင်သည် မိဒျန်လူတို့ မတွေ့စေခြင်းငှာ စပျစ်သီးနယ်ရာ တန်ဆာအနီး၌ စပါးနယ်နေပါသည်။ ဂိဒေါင်၏ အသက်တာကို ကြည့်ပါက ဂိဒေါင်သည် ကြောက်တတ်သောသူ၊ သူရဲဘောကြောင်သောသူ ဟု ဆိုရမည်ဖြစ်သည်။ “ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား၍ ခွန်အားကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိ၏ ဟုဆိုလျှင်” (တရား ၆:၁၂) အစပထမ၌ ဂိဒေါင်သည် ကောင်းကင်တမန်ကို မတွေ့ပါ။ ကောင်းကင်တမန်က ကိုယ်ထင်ရှားပြမှသာ ဂိဒေါင်တွေ့သွားပါသည်။

ယနေ့ ကျွန်ုပ်တို့အနီး၌လည်း ကောင်းကင်တမန်များ ရှိနေပါသည်။ ကိုယ်ထင်ရှား မပြ၍သာ ကျွန်ုပ်တို့ မမြင်ရခြင်းဖြစ်သည်။ ကောင်းကင်တမန်က ဂိဒေါင်အား ခွန်အားကြီးသော အချင်းသူရဲ ဟု ဆိုပါသည်။ ကြောက်တတ်သော၊ သူရဲဘောကြောင်သောသူကို အဘယ်ကြောင့်ထိုသို့ ဆိုရပါသနည်း။ ကြိုတင်၍ ဖြစ်လာမည့်အရာကို နိမိတ်ဖတ်ပြောဆိုနေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အသီးသီးသည်လည်း လူ့အမြင်၌ အဘယ်သို့ရှိနေပါစေ၊ ဘုရားသခင် ရှေ့တော်၌ ဂိဒေါင်ကဲ့သို့ အားကြီးသောအချင်းသူရဲကဲ့သို့ ဘုရားသခင် ဖြစ်စေနိုင်ပါသည်။ ကောင်းကင်တမန်က ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူသည်ဟုဆိုလျှင် ဂိဒေါင်က အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်မဟုတ်လောဟု အကျွန်ုပ်တို့ အဘများ ပြောသည့်အတိုင်း ပြုတော်မူသောအံ့သြဖွယ် အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်၍ မိဒျန်လူတို့ လက်သို့ အပ်တော်မူပြီတကားဟု ဆိုပါသည်။ (တရား ၆:၁၃) လူသည် ဒုက္ခကြုံလာရသည့်အခါ အပြစ်တင်ဖို့သာ စဉ်းစားကြသည်။
ဘုရားသခင်သည် စိတ်ရှည်သောဘုရား၊ သည်းခံသောဘုရား၊ ဂရုဏာကြွယ်ဝသောဘုရား ဖြစ်ပါသည်။ ဂိဒေါင်သည် ထိုသို့ ဘုရားသခင်၏ ကောင်းကင်တမန်အား ဆိုလျှင် “ထာဝရဘုရားသည် သင့်ကို ကြည့်ရှု၍ ယခု သင်ရသော တန်ခိုးကို အမှီပြုလျက်သွားလော့။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နှုတ်လိမ့်မည်။” (တရား ၆:၁၄) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကြည့်ရှုနေတော်မူပါသည်။ ထိုသို့ကြည့်ရှုရာ၌ အပြင်ပန်းသဏ္ဍာန် မျက်နှာကို ကြည့်သည်မဟုတ်ပါ။ စိတ်နှလုံးကို ကြည့်ရှုတော်မူသော အရှင်ဖြစ်ပါသည်။ ဂိဒေါင်ရသော တန်ခိုးကား အဘယ်နည်း။ ဘုရားသခင် သူနှင့်အတူပါရှိခြင်း ဖြစ်ပါသည်။ ဘုရားသခင် ကျွန်ုပ်တို့နှင့် အတူရှိပါက ကျွန်ုပ်တို့၌ တန်ခိုးရှိပါသည်။ ကျွန်ုပ်တို့ဘက်၌ ဘုရားသခင် အတူရှိသည် မှန်ပါက ကျွန်ုပ်တို့သည် မည်သည့်အမှုကိုမျှ ကြောက်စရာမရှိပါ။ ယုံကြည်သူမှန်ပါက ဖျားနာနေသောသူတွေ့လျှင် သူ့အပေါ်၌ လက်တင်ဆုတောင်းပေးပါ။ ဆရာခေါ်စရာမလိုပါ။ ယုံကြည်သူမှန်လျှင် ယုံကြည်ခြင်းဖြင့် ပြုသောအမှု၌ ဘုရားသခင်က သက်သေထူမည်ဖြစ်ပါသည်။ “ဂိဒေါင်ကလည်း၊ အို သခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေ အမျိုးသည် မနာရှေအမျိုး၌ သာ၍ ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသောသူ ဖြစ်ပါ၏ ဟု လျှောက်လျှင်၊ ထာဝရဘုရားက အကယ်စင်စစ် ငါသည် သင်နှင့်အတူ ရှိသဖြင့်၊ သင်သည် လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။” (တရား ၆:၁၅-၁၆) ကျွန်ုပ်တို့သည် လူအများထဲ၌ အယုတ်ဆုံးသောသူ၊ အညံ့ဆုံးသောသူ ဖြစ်ပါစေ၊ ဂိဒေါင်ကဲ့သို့ ကျွန်ုပ်တို့ဘက်၌ ဘုရားသခင်အတူပါရှိပါက ဘုရားသခင်၏ ကောင်းကြီးခံစားရပြီး ဘုရားသခင် အသုံးပြုခြင်း ခံရသောသူ ဖြစ်နိုင်ပါသည်။

ဆာလံဆရာကြီး ပြောသကဲ့သို့ ဘုရားသခင်ကျွန်ုပ်တို့ဘက်၌ နေတော်မူသည့်အခါ ကျွန်ုပ်တို့ အော်ဟစ်သော အခါ၌ ရန်သူတို့သည် လှန်ခြင်းကို ခံရ၍ ဆုံးရှုံးကြပြီး ကျွန်ုပ်တို့က အောင်မြင်ခြင်းရကြမည် ဖြစ်သည်။ ကျွန်ုပ်တို့၌ ပြဿနာ၊ အခက်အခဲအမျိုးမျိုး ရှိကြပါသည်။ သို့သော် ထိုပြဿနာ အခက်အခဲအမျိုးမျိုးထဲမှ ထာဝရဘုရားကို အော်ဟစ်ကြသည့်အခါ ဘုရားသခင်သည် ထိုအခြေအနေအမျိုးမျိုးထဲမှ ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောဘုရား ဖြစ်ပါသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူသော ဘုရားဖြစ်၍ ဖြစ်ပါသည်။ (ဖိ ၄:၁၉) တွင် “ငါ၏ ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည့်အတိုင်း၊ သင်တို့အလိုရှိသမျှ တို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” ဟု ဖော်ပြထားသလို (ဖိ ၄:၁၃) တွင်လည်း “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် မည်သည့်အရာကို လိုအပ်ပါစေ၊ ထိုလိုအပ်မှုပြည့်စုံစေဖို့ ဘုရားရှင် မ စ ချပေးနိုင်ပါသည်။ ထိုနည်းတူ အဘယ်အမှုကို ပြုရပါစေ၊ ဘုရားသခင်၏ မစမှုအားဖြင့် ကျွန်ုပ်တို့ ပြုနိုင်ကြမည်ဖြစ်ပါသည်။ ခရစ်တော်ရှိသောသူသည် အောင်မြင်သောသူ၊ ကြွယ်ဝသောသူ၊ ဝမ်းမြောက်သောသူ၊ ရွှင်လန်းသောသူ ဖြစ်ပါသည်။ ခရစ်တော်၌ ရှိသောသူသည် စိတ်ပျက်စရာမရှိ၊ ဝမ်းနည်းကြေကွဲနေစရာ အကြောင်းမရှိပါ။  

“ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။” (ဆာ ၅၆:၁၀) ကျွန်ုပ်တို့သည် ထာဝရဘုရားကို အမှီပြုဝါကြွားဖို့ လိုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ယနေ့အထိ မှန်ကန်ပြည့်စုံလျက် ရှိပါသည်။ ခေတ်မမီတော့၊ ရက်လွန်သွားပြီ၊ အမှီပြု၍ မရတော့ဟူ၍ မရှိပါ။ နှုတ်ကပတ်တော်က “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့၊ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့” (မဿဲ ၆:၃၃) ဟု မိန့်တော်မူသည့်အတိုင်း၊ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစားထားသောသူတိုင်း၌ လိုအပ်သမျှသော အရာတို့ကို ဘုရားသခင်က ပြည့်စုံစေမည် ဖြစ်ပါသည်။ နှုတ်ကပတ်တော်သည် လူအမျိုးမျိုးတို့၏ အသက်တာကို ပြောင်းလဲစေနိုင်ပါသည်။ လူသားစားသော လူရိုင်းများကိုလည်း နှုတ်ကပတ်တော်က ပြောင်းလဲစေပါသည်။ နှုတ်ကပတ်တော်၌ အသက်ရှိပါသည်။ (ယော ၁:၁၄)။

“ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်၊ ခွန်အားကြီး သောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်၊ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်၊ ဝါကြွားသောသူ မည်သည်ကား ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုသော ထာဝရဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကို သိနားလည်ခြင်း၌ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၉:၂၃-၂၄)

ကျွန်ုပ်တို့သည် မိမိတို့၏ ပညာရှိခြင်း၊ ခွန်အားကြီးခြင်း၊ ဥစ္စာကြွယ်ဝခြင်း အပေါ်၌ ဝါကြွားဖို့ ဘုရားသခင် အလိုတော် မရှိပါ။ ဘုရားသည် မေတ္တာရှိခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်း ရှိသော ဘုရားဖြစ်သည်ဟူသော ဘုရားသခင်ကို ကျွန်ုပ်တို့ သိကျွမ်းခြင်းအပေါ်၌သာ ဝါကြွားကြဖို့ ဖြစ်ပါသည်။ ထိုသို့သော ဝါကြွားခြင်းကိုသာ ဘုရားသခင် နှစ်သက်တော်မူပါသည်။

ကျွန်ုပ်တို့သည် တွေ့သောသူတိုင်းကို ကျွန်ုပ်တို့ဘုရားသခင်သည် အသက်ရှင်သောဘုရား၊ အရာခပ်သိမ်းကို တက်နိုင်သောဘုရား၊ ယခုဘဝ နောင်ဘဝ အာမခံချက်ကို ပေးနိုင်သော ဘုရား ဖြစ်ကြောင်း ပြောပါ။ ကျွန်ုပ်တို့သည် ကျမ်းစာကို ကျက်မှတ်ပြီး အလွတ်ရွတ်ဆိုနိုင်ရုံမျှဖြင့် မပြီးပါ။ ဘုရားသခင်ကို အမှီပြု ခိုလှုံနေသောသူများဖြစ်ဖို့ ဘုရားသခင် အလိုတော် ရှိပါသည်။

“ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိပါ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။” (ဆာ ၅၆:၁၁)

ယနေ့လောကကြီးထဲ၌ လူအများက လူလူချင်းကို အမှီပြုနေကြသည်။ လူကို အမှီပြုခြင်းသည် အချည်းနှီးဖြစ်ပါသည်။ ထို့ကြောင့် ဆာလံဆရာကြီးက “ထာဝရဘုရား၌ ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက် သာ၍ ကောင်း၏၊ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ ကောင်း၏။” (ဆာ ၁၁၈:၈-၉) ဘုရားသခင်ကို ခိုလှုံကိုးစားပါက ကျွန်ုပ်တို့ အသက်တာ၌ လိုအပ်သမျှ ပြည့်စုံရုံမျှမက ခွက်ဖလားလျှံသည့်တိုင် ဘုရား၏ မစကောင်းကြီးပေးမှုကို ခံစားရမည် ဖြစ်ပါသည်။ မည်သို့သော အခက်အခဲကို ကြုံရပါစေ၊ ဘုရားသခင်ကိုသာ အမှီပြု ကိုးစားပါ။ ဘုရားသခင်အားဖြင့် ထိုအခက်အခဲ ရှိသမျှကို ကောင်းမွန်စွာ ကျော်လွှားသွားနိုင်မည် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ မည်သူ့ကို ကြည့်ရှုနေကြပါသနည်း။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော ယေရှုခရစ်တော်ကို စေ့စေ့ကြည့်ရှုကြဖို့ လိုပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို စေ့စေ့ကြည့်နေပါက ခရစ်တော်၏ ကောင်းမြတ်ခြင်းကို တွေ့ရမည်ဖြစ်သည်။

ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်၊ ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ ဘုရားသခင်၏ လက်ျာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂)

ကျွန်ုပ်တို့ ယုံကြည်သူများသည် အနာဂတ်ကို ကြည့်ပြီး အသက်ရှင်နေကြသောသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်သူ အသက်တာက လက်ဝါးကပ်တိုင်မှ အစပြုပါသည်။ ကျွန်ုပ်တို့၏ ပန်းတိုင်က ဘုန်းတော် ထင်ရှားဖို့ ဖြစ်ပါသည်။ သခင်ယေရှုသည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း၊ အကြောင်းကြောင့် ရှက်ကြောက်သောအရာကို ပမာဏ မပြုဘဲ လက်ဝါးကပ်တိုင်၌ ခံခဲ့ပါသည်။ မသိသောသူအများက သခင်ယေရှုလက်ဝါးကပ်တိုင်၌ ခံခြင်းကို အပြစ်ရှိသော သူခိုး၊ ဓါးပြ တစ်ဦးအပြစ်ဒါဏ်ခံရသည်ဟု ထင်မှတ်ကြသည်။ လူတို့က ထိုသို့ ထင်ကြမည်ကို သိပါလျက်နှင့် ထိုသို့ ထင်မှတ်ခံရမည့် ရှက်ကြောက်စရာအမှုကို ပမာဏမပြုဘဲ ကားတိုင်ထက်၌ အသေခံခဲ့ပြီးမှ ရှင်ပြန်ထမြောက်တော်မူ၍ ခမည်းတော်ဘုရား၏ လက်ျာဘက်၌ ထိုင်နေတော်မူပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နည်းတူ ရှေ့၌ထားသော ဝမ်းမြောက်စရာ အကြောင်းကြောင့် ယခုကြုံတွေ့ရသော ရှက်ကြောက်စရာအမှု၊ အခက်အခဲပြဿနာများကို ပမာဏမပြုဘဲ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေခြင်းအလို့ငှာ ဘုရားသခင်ကို အမှီပြုခိုလှုံလျက် အသက်ရှင်ကြဖို့ရန် မေတ္တာနှင့် အသိပေး ဝေငှ လိုက်ပါသည်။

0 comments: