Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, March 05, 2012

ဒီနေ့တွေးတဲ့ အတွေးတစ်စ



ဒီနေ့ ထူးထူးခြားခြားလေး ခါတိုင်း ဖတ်နေကျမဟုတ်တဲ့ The Myanmar Times (English Version) သတင်းစာစောင်လေးကို ကောက်ကိုင်ဖြစ်သွားတယ်။ ဒီနေ့ ကျွန်တော် ပို့စရာကြီးတဲ့ email တွေ များနေတာရယ်။ အဲဒီ email တွေနဲ့ တွဲပို့ရမယ့် file size တွေ အားလုံးက ကြီးမားနေတာရယ်ကြောင့် ကျွန်တော့ရုံးက (အင်း... ရုံးကပဲထားပါတော့) ကွန်နက်ရှင်အမြန်နှုန်း တော်တော်လေး ကျနေတာမို့ စိတ်မရှည်လည်း ရှည်အောင် အတင်းဆန့်ပြီး ပို့နေပါတယ်။ အသက်တောင် ဝဝ မရှုရဲဘူး။ တင်နေတဲ့ ဖိုင်တွဲလေး ပြုတ်ကျသွားမှာစိုးလို့။ ဒါနဲ့ပဲ အားအားရှိ ဘေးမှာရှိတဲ့ ဂျာနယ်ကောက်ကိုင်လိုက်တော့ အင်္ဂလိပ်လိုရေးထားတဲ့ မြန်မာတိုင်းမ် ဖြစ်နေတယ်။ အနားမှာလဲ ဒါပဲရှိတာမို့ ဒါလေးပဲ ဖတ်ဖြစ်လိုက်တာမှာ တွေ့လိုက်ရတဲ့ သတင်းက ကျွန်တော့ကို ဆွဲဆောင်သွားတယ်လို့ ဆိုရမလားဘဲ။


မကြာသေးခင်က သံတွဲလေယာဉ်ကွင်းမှာ အဲကမ္ဘောဇလေယာဉ် ဝမ်းဗိုက်နဲ့ ဆင်းခဲ့ရတဲ့ သတင်း။ အဲဒီ သတင်းကို facebook ပေါ်ကနေရော၊ ဂျာနယ်တွေကနေပါ ဟိုတစ်စ ဒီတစ်စ ဖတ်ထားမိပြီးပေမယ့် ဒီတစ်ခါမှ ထဲထဲဝင်ဝင် ဖတ်ဖြစ်တယ်လို့ ဆိုပါရစေ။ ရန်ကုန် - ညောင်ဦး - ဟဲဟိုး - သံတွဲ - ရန်ကုန် ပြေးဆွဲနေတဲ့ ဒီလေယာဉ် က ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀) နာရီခွဲခန့်မှာ သံတွဲလေဆိပ်ကို ဆင်းပါတယ်။ သံတွဲလေဆိပ်အဆင်းမှာ ရှေ့ဘီး (နှာခေါင်းဘီး) ချမရလို့ (ဟိုက်ဒရောလစ် ပြဿနာလို့ ဆိုကြသလို၊ အချို့ဂျာနယ်တွေမှာလည်း ကျိုးသွားတယ်လို့ ပြောပါတယ်) ဝမ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ခရီးသည် ၅၅ ဦးခန့် စီးနင်းလိုက်ပါလာပြီး ၁၉ ဦးခန့်ပဲ ပြည်တွင်းခရီးသွားတွေ လို့ ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် အရမ်းစိတ်ပူသွားပါတယ်။ ကိုယ့်နိုင်ငံက ခုမှ စပြီး ပြည်ပခရီးသွားတွေနဲ့ စည်ပင်လာစ ရှိသေးတယ်။ ခုခရီးစဉ်မှာပဲကြည့်ဦး လေယာဉ်စီး ခရီးသည်တွေရဲ့ ၃ ပုံ ၂ ပုံလောက်က ပြည်ပ ခရီးသွားချည်းပဲ ဆိုတော့ သူတို့အမြင်မှာ ကျွန်တော်တို့နိုင်ငံအပေါ် အထင်သေးသွားလေမလားပေါ့။

တစ်ဖက်ကတွေးတော့လည်း ဒီလို လေယာဉ်ပျက်တာမျိုးက ဘယ်နိုင်ငံ ဘယ်ဒေသမဆို ဖြစ်နိုင်တာပဲလေ။ ကိုယ်ကြိုမှန်းဆနိုင်တဲ့အရာမျိုးမှ မဟုတ်တာလို့ တရားသဘောလေး ဖက်ကြည့်တော့ ဖြေသာသွားပါတယ်။ ခရီးသည်တွေရော၊ လိုက်ပါတဲ့ ဝန်ထမ်းတွေပါ အထိအခိုက်မရှိဘူးဆိုတာကိုပဲ ဝမ်းသာရမှာပါ။ သို့ပေမယ့်လည်း ဆက်ဖတ်လိုက်ရတဲ့ သတင်းကတော့ နိုင်ငံခြားသားတွေရဲ့ အမြင်မှာ ကိုယ့်နိုင်ငံအတွက် မကောင်းပါလားလို့ တွေ့လိုက်ရပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလို ဖြစ်ပျက်တာကို သူတို့ကို လေယာဉ်က ဝန်ထမ်းတွေ ဂရုမစိုက်ကြဘူး။ လေယာဉ်ဝန်ထမ်းတွေက အေးအေးလူလူ ကမ်းခြေမှာအပန်းဖြေဖို့ ဟိုတယ်တွေဆီထွက်သွားကြတယ်ဆိုပဲ။ တစ်ဖက်ကလည်း လေယာဉ်ဝန်ထမ်းတွေ အနေနဲ့ သူတို့တာဝန်ကို အစွမ်းကုန်ကျေလိုက်ရလို့ အနားယူတာနေမယ်လို့တော့ ဖြေတွေးမိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးသည်တွေကို ဂရုစိုက်ရမှာက လေယာဉ်က တာဝန်ရှိဝန်ထမ်းတွေ ပါပဲလို့တော့ နောက်ဆုံးအဖြေထွက်ပါတယ်။ ကိုယ်ကလည်း ဖြစ်ပျက်တဲ့နေရာမှာ ရှိနေတာ မဟုတ်ရယ်တော့ သတင်းစာစောင်တွေက ရေးသားချက် မှန်၏။ မမှန်၏။ ဆိုတာကလည်း ဝေဖန်ပိုင်းခြားရ ခက်ပါတယ်။ အချို့သတင်းတွေမှာတော့ နောက်ထပ်လေယာဉ်တစ်စီးနဲ့ လာခေါ်တယ်လို့ ဖတ်မိပါတယ်။ လေယာဉ်မစီးရဲတော့လို့ ကားနဲ့ ပြန်လာကြတယ်ဆိုတဲ့ နိုင်ငံခြားသားတွေရဲ့ အဖြစ်ကိုတော့ ဖတ်ရင်း ပြုံးမိပါတယ်။ ကျွန်တော်ဆိုလည်း ဒီလိုပဲလုပ်ဖြစ်မယ်ထင်ပါတယ်။

သတင်းတစ်ခုလုံးကို ဖတ်ပြီးချိန်မှာတော့ ကျွန်တော့ကို ဟက်ဟက်ပက်ပက် ရယ်မောစေတဲ့အကြောင်းက အဲဒီ မြန်မာတိုင်းမ် ကနေ ခရီးသည်နိုင်ငံခြားသားတစ်ယောက်ကို အင်တာဗျူးထားတဲ့စကားလေးပါပဲ။ သူ့အဖြေကြောင့် ဒီနေ့ တော်တော်လေး ရယ်လိုက်ရပါတယ်။ 
"Now I know well that Air KBZ - Flying Beyond Expectations." တဲ့။

ဒီနေ့တွေးတဲ့ အတွေးတစ်စ ကတော့ ကျွန်တော့ကို ရယ်မောစေလိုက်တာပါပဲဗျာ။

သီဟလုလင်

4 comments:

စန္ဒကူး said...

"expect more to get more towards beyond this life" :D lol

စံပယ်ချို said...

ကျေးဇူးပါသီဟရေ
ရယ်တော့မရယ်မိပါဘူး ပြုံးမိတယ်

အောင်အောင် said...

ဖတ်သွားတယ်ဗျာ..

ချစ်စံအိမ် said...

ရယ်ပါနဲ့သီဟရယ်ဖြတ်တတ်တယ်လေ