Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 03, 2012

ခွင့်လွှတ်ခြင်းအကြောင်း ပုံဥပမာ


ခရစ်ယာန် ဘာသာဝင် တစ်ယောက်ဖြစ်တဲ့ ကျွန်တော့ အတွက် ဒီနှစ်ပိုင်းတွေမှာ ဘာသာရေးကို ပိုပြီး အာရုံထားလုပ်ဖြစ်လာတယ်လို့ ဝန်ခံချင်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော် ဘာသာရေးကို အာရုံ ပိုစိတ်ဖြစ်ဖို့ ဖြစ်လာတာကိုလည်း ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။ ဟိုးအရင်ကလို ဆိုး ပေ တေ လေ မနေတော့ဘဲ၊ စိတ်တည်တည်ငြိမ်ငြိမ် ရှိလာတာကိုလည်း ကျေနပ်မိပါတယ်။ ဘာသာတရားဟာ လူ့စိတ်ကို အများကြီး ပြည့်စုံရင့်ကျက်သွားစေသလိုပါပဲ။ အရင်က ထစ်ခနဲဆို စိတ်တိုလွယ်တဲ့ ကျွန်တော်က ခွင့်လွှတ်ခြင်း ဆိုတာကိုလည်း သင်ယူလေ့လာဖြစ်လာပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ ကျွန်တော့အမြင်တော့ လူ့အသိုင်းအဝိုင်း၊ လူ့လောကမှာ နေထိုင်နေရသရွေ့ လုပ်ဆောင်အသင့်ဆုံး အရာတစ်ခုပါ။ လူတစ်ဦးနဲ့ တစ်ဦး မတူတာတွေ ညှိယူနိုင်ဖို့ ခွင့်လွှတ်ခြင်းတရားကို လက်ကိုင်ထားကြရမှာကိုး။ ဒါကြောင့်လည်း ဘာသာရေးနဲ့ ပတ်သက်လို့ သီးသီးသန့်သန့်လေး မဖော်ပြဘူးခဲ့တဲ့ ကျွန်တော့ Blog မှာ ဘာသာရေး ဆောင်းပါးလေးတစ်ခုကို တင်ဖြစ်လိုက်ပါတယ်။


သခင်ယေရှု သွန်သင်တဲ့ ထင်ရှားလှသော “ပျောက်သောသား” ပုံဥပမာမှာ ခွင့်လွှတ်ခြင်းအကြောင်းနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းပြီး လှပတဲ့ အမြင်ရှုထောင့်နဲ့ ခံစားနားလည်နိုင်ပါတယ်။ (အသေးစိတ် - ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁၅ အခန်းငယ် ၁၁ မှ ၃၁ တွင် ဖတ်ရှုနိုင်)

နောင်တနှလုံးသားရှိခြင်း။    ။ ပျောက်သောသားဟာ အသိတရားဝင်လာတဲ့အခါ စိတ်နှလုံးကြေကွဲပြီး စိတ်မှာနောင်တရကာ ဖခင်ထံ ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ နောင်တဆိုတာ စိတ်နှလုံးကျိုးပဲ့လို့ ဘဝဦးတည်ချက်ကို ပြောင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲတာကို အောက်ပါအချက်များအားဖြင့် သိနိုင်ပါတယ်။

  • ဘဝကို ပြန်လည် ပြုပြင်တည်ဆောက်ဖို့ တောင့်တလိုလားတယ်။ ဒုစရိုက်မှာ နစ်မွန်းနေသူအဖို့ သူ့ရဲ့ လက်ရှိဘဝထက် ပိုကောင်းတဲ့ဘဝကို တောင့်တတယ်။ အဲဒီဘဝကို ပြန်လည် တည်ဆောက်ဖို့ အိမ်ကို ပြန်လိုတဲ့ ဆန္ဒဖြစ်ပေါ်ခဲ့တယ်။ (လုကာ ၁၅:၁၆)
  • နှိမ့်ချပြီး အပြစ်ကို ဝန်ခံတယ်။ ဘုရားသခင်နဲ့ အခြားသူများက သူ့အပေါ်ထားတဲ့ (လုကာ ၁၅:၁၈-၁၉) မေတ္တာစေတနာကို စော်ကားမိပြီး အတ္တဆန်ခဲ့တဲ့ သူ့အပြစ်ကို စိတ်ရင်းမှန်နဲ့ ဝန်ခံခဲ့တယ်။
  • သူ့ကို သနားဖို့ တောင်းပန်တယ်။ မိသားစုမှာ သူ့ရဲ့ မူလအရိုက်အရာ အခွင့်အရေးများ ပြန်ရဖို့ မတောင်းဆို၊ ကျွန်အဖြစ်အစေခံပါမယ်လို့ (လုကာ ၁၅:၂၁) သူနဲ့ ဘာမှ မထိုက်တန်ကြောင်း သိမှတ်ပြီး သူ့အပေါ် သနားခြင်းရှိဖို့ တောင်းပန်ခဲ့တယ်။

ခွင့်လွှတ်တဲ့နှလုံးသားရှိခြင်း။     ။ ပုံဥပမာမှာ ပါတဲ့ ဖခင်က မမျှော်လင့် မထင်မှတ်နိုင်လောက်အောင် ခွင့်လွှတ်တဲ့ ဘုရားသခင်ရဲ့ နှလုံးသားကို ကိုယ်စားပြု ဖော်ပြတယ်။ ဒီခွင့်လွှတ်ခြင်းကို အောက်ပါ အချက်အလက်များအားဖြင့် နားလည်သိနိုင်တယ်။

  • မျှော်လင့်စောင့်စားတယ်။ သားက နောင်တရပြီး အိမ်ပြန်လာကာ သူ့အရိပ်ပြန်ခိုမယ်လို့ ဖခင် မျှော်လင့်တယ်။ ဒီမျှော်လင့်ချက်ကို အားမလျှော့၊ ဆုတောင်းပြီး စောင့်စားတယ်။ သားပြန်လာမယ့်နေ့ကို စိတ်အားကြီးစွာနဲ့ စောင့်ဆိုင်းတယ်။ သားပြန်လာတဲ့နေ့မှာ သားရဲ့ ပုံရိပ်ကို အဝေးကနေရှိနေတုန်းမှာပဲ သိရှိ မှတ်မိတယ်။ (လုကာ ၁၅:၂၀) ဖခင်ရဲ့ နှလုံးသားမှာ ပြန်လည် ပြုပြင်ငြိမ်ဝပ်ပေးဖို့ မျှော်လင့်ချက်နဲ့ တောင့်တမှုများ ဘယ်သောအခါမှ ငြိမ်းမသွားပါ။
  • ရဲရင့်သောချစ်ခြင်း ရှိတယ်။ ဖခင်က နှိမ့်ချတဲ့ သဘောထားရှိတယ်။ အဲဒီခေတ်က ဓလေ့ထုံးစံအတိုင်း သားက မြေကြီးမှာ မျက်နှာအပ် ဦးတိုက်ပြီး တောင်းပန်လာမှုကို အဖြစ်မခံ။ မေတ္တာချစ်ခြင်းက လွှမ်းမိုးအောင်နိုင်လို့ အလိုလို သားဆီ အပြေးရောက်သွားပြီး ပွေ့ဖက်လိုက်တယ် (လုကာ ၁၅:၂၀)။ ကရုဏာသက်ကာ ကျေးဇူးပြုတယ်။ သားရဲ့ နှလုံးသားက နောင်တစိတ်ကို ဖခင်က ကောင်းကောင်းသိတယ်။ သားကို ဝမ်းမြောက်စွာ ခွင့်လွှတ်လိုက်ပြီး (မကြားစဖူး ကြုံဖူးမှသိ) သားအရာကို ပြန်အပ်နှင်းတယ် (လုကာ ၁၅:၂၂)။
  • နောင်တစိတ်ကို ဂုဏ်ပြုတယ်။ သားပြန်လာတာကို ဖခင်က ပွဲခံဖို့ စီစဉ်တယ်။ သားအဖချင်း ကွဲကွာကာ သေခြင်းကို ဦးတည်နေရာကနေ ပြန်လှည့်ကာ အခု ဖခင်နဲ့ ရန်ငြိမ်းလို့ အသက်ရှင်စေလေပြီ မဟုတ်လား။

ခွင့်မလွှတ်နိုင်တဲ့ နှလုံးသား။    ။ (ဒီပုံဥပမာကို နားထောင်နေတဲ့ ဖာရိရှဲများကို ကိုယ်စားပြုတဲ့) သားကြီးမှာ ခေါင်းမာစွာနဲ့ ညီငယ်ကို ခွင့်လွှတ်ဖို့ ငြင်းဆန်တယ်။

  • ဇက်ခိုင်မာတဲ့ သဘောရှိတယ်။ မိုက်မဲတဲ့ ညီငယ်ကို ပြန်လက်ခံပြုပြင်တည်ဆောက်ပေးဖို့ အစ်ကိုကြီးက ဆန္ဒမရှိ၊ မစဉ်းစားလိုပါ။ ညီငယ်အပေါ် စိမ်းကားလျစ်လျူသင့်တယ်လို့သာ တထစ်ချ တွေးတယ်။ ဒါကြောင့် ဖခင်က ဒီလို အရှက်ခွဲတဲ့သားနဲ့ ဆက်ဆံပတ်သက်လိုခြင်းအပေါ် သူ ဒေါသ ထွက်ရတယ် (လုကာ ၁၅:၂၈)။
  • ဒါဏ်ပေးခြင်းကိုသာ မြင်လိုတယ်။ သားကြီးရဲ့ အာရုံက ညီငယ်ရဲ့ နှလုံးသား ပြောင်းလဲခြင်းထက် သူပြုခဲ့သမျှ အတွက် အပြစ်ဒါဏ်ပေးဖို့ပဲ စိတ်ရောက်နေတယ်။ သူ့မှာ ကရုဏာမရှိ၊ ညီငယ်နဲ့ ပြန်လည်သင့်မြတ်လိုစိတ် မရှိဘူး (လုကာ ၁၅:၂၈)/
  • မောက်မာစိတ်နဲ့ ညီကို မေတ္တာပြဖို့ ငြင်းပယ်တယ်။ ဒါနဲ့ သားကြီးဟာ အဖေနဲ့ရော၊ ညီငယ်နဲ့ပါ အဆက်အဆံ ဖြတ်တောက်လိုက်တယ်။ သူ့အတ္တစိတ်နဲ့ မွှန်နေလို့ ဝမ်းမြောက်ပျော်ရွှင်ရမယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ပြန်လည် ငြိမ်ဝပ်စေပြီး ပြုပြင်တည်ဆောက်ပေးလိုတဲ့ ဖခင်ကြီးရဲ့ မေတ္တာနှလုံးသားကို သားကြီး မသိ၊ မခံစားခဲ့ရပါ။ မဖြစ်သင့်၊ မတရားလို့ပဲ ခံစားရကာ မိမိ မှန်တယ်ဆိုတဲ့ တထစ်ချ ခိုင်မာမှုနဲ့ သားကြီး က ရှောင်ခဲ့တယ်။ သူ့အပြုအမူက ညီငယ်ရဲ့ လုပ်ရပ် အပြုအမူနည်းတူ သူနဲ့ သူ့အဖေကြား နာကျင်မှု၊ ကွဲကွာမှုကိုပဲ ဖြစ်စေကြောင်း သူ သဘော မပေါက်ခဲ့ဘူး။

ခွင့်မလွှတ်ခြင်းဟာ ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းရေတွင်းက ကျေးဇူး ကရုဏာစမ်းရေကို မသောက်သုံးခဲ့ရတဲ့ မနာခံ အာခံတဲ့ ခေါင်းမာသော နှလုံးသားဖြစ်ကြောင်း ဖော်ပြနေပါတယ် (လုကာ ၇:၄၇)။

မိမိကို ဒုက္ခအန္တရာယ်ပေးသူကို ခွင့်မလွှတ်လိုခြင်းဟာ မိမိကို ဘုရားသခင်က အဘယ်မျှလောက် ချစ်တယ်ဆိုတာကို နားမလည်သေးကြောင်း ဖော်ပြနေတာပါ။ ဒီအချက်နဲ့ ပတ်သက်လို့ ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် အခန်းကြီး (၁) မှာ ရှင်ပေတရုက ကျွန်တော်တို့ကို သတိပေးထားပါတယ်။ ဘုရားဝတ်မှာ မွေ့လျော်ခြင်း၊ ညီအစ်ကို စုံမက်ခြင်း၊ ချစ်ခြင်းမေတ္တာစသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သွားတဲ့ ကျေးဇူးတော်နဲ့ဆိုင်တဲ့ အဓိကအချက် (၇) ချက်ကို ဖော်ပြပြီးတဲ့နောက် “အကြောင်းမူကား ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင် ငါတို့သခင် ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာ လည်းကောင်း၊ ပြုပြင်တတ်ကြ၏။ ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ့်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။” (၂ပေ ၁:၈-၉) ဟု တစ်ဆက်တည်း ဖော်ပြထားပါတယ်။

ဒီလိုချစ်နိုင်အောင်၊ ခွင့်လွှတ်နိုင်အောင် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို ဦးစွာ ခံယူအစပြုရပါမယ်။ ကဲ ဒီပထမဆုံးအဆင့်ကိုပဲ အစပြု လုပ်ဆောင်ပြီးပါပြီလား။

Adapted from When Forgiveness Seems Impossible

0 comments: