Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 04, 2012

ခံစားမိသော တေးစုများ




ကျွန်တော် ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက မြန်မာသီချင်းလေးတွေပဲ အများဆုံး နားထောင်ဖြစ်ခဲ့တယ်။ အကြောင်းက မြန်မာစာသားလေးတွေနဲ့မို့ ကိုယ့်စိတ်ကူးထဲမှာ လွမ်းချင်ဆွေးချင် ချစ်ချင်ပျော်ချင် နေရင် ထိထိမိမိ ရှိတယ်ယူဆလို့ပါ။ တော်တော်ကြာပြီ အင်္ဂလိပ်သီချင်းတွေ နားမထောင်ဖြစ်တာ။ လစဉ် ရေးနေရတဲ့ မဂ္ဂဇင်းကဏ္ဍလေးအတွက်တော့ မဖြစ်မနေ နားထောင်ရတာကလွဲရင် သိပ် နားထဲ အဝင်ကြီး မဖြစ်ခဲ့ဘူး။ ဟိုးအရင်ကတော့ ကျွန်တော် နိုင်ငံခြားတေးလေးတွေကို မက်မက်စက်စက် နားထောင်ဖြစ်ခဲ့ဖူးပါတယ်။ ကိုယ်တာဝန်ယူရတဲ့ ရေဒီယိုအစီအစဉ်ကိုက နိုင်ငံခြားသီချင်းတွေ လွှင့်ပေးရတဲ့ အစီအစဉ်ကိုး။ သိပ်နားမထောင်ဖြစ်တော့တဲ့နောက်ပိုင်းမှာ ပြန်နားထောင်ဖြစ်ခဲ့တဲ့ တေးစုလေးနှစ်ခုက ကျွန်တော့ကို အင်္ဂလိပ်သီချင်းတွေ ပြန်နားထောင်ချင်လာအောင် ဆွဲဆောင်နေပြန်တော့ ဒီတလော အင်္ဂလိပ်သီချင်းတွေ နားထောင်၊ စာသားအကြောင်းအရာတွေ ခံစားနဲ့ ကျွန်တော့ရဲ့ သာမန်ဘဝလေးက အသက်ဝင်လာပြန်ပါတယ်။ ကျွန်တော် ခံစားနားဆင်ရသမျှကို ကျွန်တော့ Blog လေးကနေလည်း ထပ်တူ မျှဝေခံစားချင်မိတာနဲ့ပဲ တင်ပြလိုက်ပါတယ်ဗျာ။


Have It All (Jesse McCartney)
လူငယ်အမျိုးသားတေးသံရှင် Jesse McCartney ရဲ့ စတုတ္ထမြောက်တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကြီးပါ။ Jesse McCartney ကို ကလေးအရွယ်တေးသံရှင်ဘဝကတည်းက အားပေးနှစ်သက်ခဲ့ကြတဲ့ ပရိတ်သတ်တွေ ခိုင်ခိုင်မာမာရှိပြီးသားပါ။ ဒီတေးအယ်လ်ဘမ်မှာတော့ ပိုပြီး ရင့်ကျက်တည်ငြိမ်လာတဲ့ ဆိုဟန်နဲ့ ခံစားချက် စာသားတွေကို ပီပီပြင်ပြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ သီချင်းအများစုကတော့ နားဆင်သူလူငယ်ပိုင်းကို ပစ်မှတ်ထားတဲ့ Pop နဲ့ R&B သီချင်းပုံစံတွေပါ။ သီချင်းစုစုပေါင်း (၁၁) ပုဒ် ပါဝင်ပြီး တေးအယ်လ်ဘမ် ခေါင်းစီး သီချင်းကိုတော့ (၉) ပုဒ်မြောက်သီချင်းအဖြစ် နားဆင်ကြရမှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ သီချင်းတိုင်းနီးပါးလည်း ကိုယ်တိုင်ပါဝင်ရေးသားထားတာမို့ တေးသံရှင် ရဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ပါရမီကိုလည်း ခံစားရဦးမှာပါ။ ဒီတေးအယ်လ်ဘမ်ထဲက I Don't Normally Do This သီချင်းကိုတော့ တေးသံရှင် Tyga က ပါဝင်ကူညီ သီဆိုပေးထားပါတယ်။ ဒီတေးအယ်လ်ဘမ်မှာ ပထမဆုံး ကြားရမယ့် Shake သီချင်းကတော့ မြူးကြွနေတဲ့ Pop သီချင်းကောင်းလေးဖြစ်ပြီး Single အနေနဲ့လည်း ထုတ်ဝေပြီးသားမို့ ပရိတ်သတ် အကြိုက်တွေ့ထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ သီချင်းတွေထဲက I Think She Likes Me ကိုလည်း လူငယ်ပရိတ်သတ်တွေ နှစ်သက်ကြသလို ဂီတရုပ်သံတွေကနေလည်း ထုတ်လွှင့်လို့ အောင်မြင်မှု ရနေပါတယ်။ ရုပ်ရည်ချောမောပြီး ငယ်ရွယ်တဲ့ အဆိုတော်တွေ ကမ္ဘာမှာ နာမည်ရနေချိန်မို့ ရုပ်ရှိပြီး အဆိုကောင်းတဲ့ Jesse McCartney ရဲ့ စတုတ္ထမြောက်တေးအယ်လ်ဘမ်ကလည်း ဘယ်အတိုင်းအတာထိ အောင်မြင်မှုရမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။

Have It All (JESSE McCARTNEY) Album Mini-Info
ဂီတအမျိုးအစား
Pop, R&B
လူကြိုက်များသည့်သီချင်းများ
1. Shake
2. I Think She Likes Me
3. Tonight Is Your Night



Up All Night (One Direction)
Boyband တွေ ခေတ်ကုန်သွားပြီလို့ ပြောနေကြတဲ့သူတွေကိုတော့ ဒီ One Direction အဖွဲ့က လုံးဝ မဟုတ်သေးဘူးလို့ အပြတ်ငြင်းဆိုလိုက်နိုင်ပါပြီ။ Boyband အသစ်တစ်ခုဖြစ်တဲ့ One Direction အဖွဲ့ဟာ ငယ်ရွယ်ချောမောတဲ့ အမျိုးသားလေး (၅) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ခုထွက်ရှိထားတဲ့ ပွဲဦးထွက် တေးအယ်လ်ဘမ်ကိုတော့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပြီး၊ သူတို့ရဲ့ လန်းဆန်းတက်ကြွတဲ့သွင်ပြင်လေးတွေနဲ့ What Makes You Beautiful သီချင်းကို ဂီတရုပ်သံတွေကနေ လွှင့်ထုတ်လိုက်ချိန်မှာတော့ တစ်ကမ္ဘာလုံးက မိန်းမငယ်လေးတွေရဲ့ အသည်းစွဲဖြစ် သွားတယ်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့ တေးအယ်လ်ဘမ်ထဲမှာလည်း သီချင်းကောင်းလေးများစွာ ပါဝင်ထားတဲ့ အပြင် သီချင်းနားဆင်ရ အားပါးတရရှိအောင် သီချင်းစုစုပေါင်း (၁၃) ပုဒ် ထည့်သွင်းပေးထား ပါတယ်။ သီချင်းအားလုံးကလည်း မြူးကြွနေတဲ့ ခုန်ပေါက်ချင်စရာ သီချင်းလေးတွေပါ။ Pop နဲ့ Pop Rock လေးတွေမို့ ခုလိုချိန်မှာ အပန်းဖြေခရီးထွက်မယ်ဆိုရင် ကားလေးပေါ်မှာ ဖွင့်နားထောင်လို့ တက်ကြွလန်းဆန်းသွားစေမှာ အသေအချာပါပဲ။ ကမ်းခြေမှာ ပင်လယ်ကို ကြည့်ရင်း သီချင်းတွေ ခံစားမယ်ဆိုရင်လည်း ပြည့်စုံလိုက်ဖက်လွန်းနေပြန်ပါတယ်။ Boyband တစ်ခေတ်ကို ပြန်လည် ယူဆောင်လာပေးတဲ့ ဒီလူငယ်အမျိုးသားအဖွဲ့ရဲ့ သီချင်းကောင်းလေးတွေကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝကို ပေါ့ပါးလန်းဆန်းစွာ အားသစ်တွေ ထပ်လောင်း ခံစားကြည့်နိုင်ဖို့ သိပ်သေချာတဲ့ သီချင်းလေးတွေပါတဲ့ တေးအယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။

Up All Night (ONE DIRECTION) Album Mini-Info
ဂီတအမျိုးအစား
Pop, Pop-rock, Dance-pop, Teen-pop
လူကြိုက်များသည့်သီချင်းများ
1. What Makes You Beautiful
2. Gotta Be You
3. One Thing



သီဟလုလင်

0 comments: