Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 10, 2012

သာသနာလုပ်ငန်းများနဲ့ Word of Hope (L.H.M)



Word of Hope အဖွဲ့အကြောင်းကို ကျွန်တော် ကြားဖူးခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်မှပါ။ အဲဒီအချိန်က ကျွန်တော့မှာ အဘက်ဘက် အရာရာမှာ စိတ်ပျက်စရာ၊ စိတ်ဓါတ်ကျစရာတွေ ကြုံနေခဲ့ရတဲ့ အချိန်လောက်ကပေါ့။ ကျွန်တော့ အဒေါ်တစ်ယောက်က နယ်မှာ တာဝန်ကျနေရာကနေ ရန်ကုန်ကို အစည်းအဝေးကိစ္စ ခဏလာတော့၊ တစ်ရက် အပြန်မှာ သတင်းလွှာလေး တစ်စောင်ပါလာပြီး ကျွန်တော် ဖတ်ဖို့လာပေးပါတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ စိတ်ဓါတ်ကျစရာတွေကို ဘာသာရေးလေးအကူအညီနဲ့ ထူထောင်နေချိန်မို့ အဲဒီ သတင်းလွှာလေးကို မြင်တော့ စိတ်လိုလက်ရ ဖတ်ကြည့်မိတယ်။ “သန့်ရှင်းသူ” (The Saint) သတင်းလွှာလေးက ကျွန်တော့ကို ဘာသာရေးနဲ့ ပတ်သက်လို့ ပိုပြီး ခွန်အားဖြည့်ပေးပါတယ်။ သတင်းလွှာလေးထဲမှာပါတဲ့ Word of Hope လိပ်စာလေးကို မှတ်ထားပြီး အဲဒီကို တစ်နေ့တော့ သွားပြီး ဓမ္မစာအုပ်တွေ ဝယ်ဖတ်ဦးမယ်လို့ တေးထားလိုက်ဖူးပါတယ်။


တစ်နေ့ အကြောင်းတိုက်ဆိုင်ချင်တော့ ကျွန်တော့လိုပဲ ခံစားချက်ချင်းတူတဲ့ သူငယ်ချင်း ပွင့်မွန်နဲ့ စကားတွေ ပြောဖြစ်ရင်း မြို့ထဲလမ်းကြုံနေတာမို့ မျှော်လင့်ရာ သမ္မာတရား (Word of Hope, L.H.M) အမှတ် (၂၆၃)၊ မဟာဗန္ဓုလလမ်း၊ မြန်မာဝိုင်အမ်စီအေ မြေညီထပ် (ယာအစွန်)၊ ဗိုလ်တထောင်မြို့နယ်။ ရန်ကုန်။ ရှိရာကို ဆိုက်ဆိုက်ကြီးရောက်သွားဖြစ်ပါတယ်။ ရန်ကုန် ဝိုင်အမ်စီအေ မြေညီထပ်က မကျဉ်းမကျယ်နေရာလေးမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ Word of Hope မှာ ရွေးချယ်စရာ ဓမ္မစာအုပ်တွေက သိပ်များများစားစား မရှိလှပေမယ့် ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေကိုတော့ လွယ်လင့်တကူ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဓမ္မတေးသီချင်း အခွေတွေကိုတော့ တိတ်ခွေကနေ ဒီဗီဒီ အထိ အရုပ်အသံ အစုံကို ဝယ်ယူနိုင်ပါတယ်။ ဓမ္မသီချင်းစာအုပ်တွေလည်း ဝယ်ယူနိုင်တာ တွေ့ရပြီးတော့ အချို့ဓမ္မစာအုပ်တွေကို အခမဲ့ တောင်းယူနိုင်ပါသေးတယ်။ အဲဒီနေ့ကတော့ အလကားရတာတွေရော၊ ဝယ်တာတွေရောနဲ့ အပြန်မှာ စာအုပ်နဲ့ အခွေတွေ တော်တော်များများ ပါလာပါတယ်။ ဓမ္မစာပေးစာယူ အမေးအဖြေစာအုပ်လေးတွေကိုပါ တခုတ်တရ ယူလာပြီး စာပေးစာယူသင်တန်းလေးပါ တက်လိုက်ပါသေးတယ်။

ဒီ မျှော်လင့်ရာ သမ္မာတရား (Word of Hope) ဟာ ဓမ္မစာပေတွေ ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ လုပ်ငန်း သက်သက် မဟုတ်ပါဘူး။ ဒီအဖွဲ့မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုလုပ်ငန်းတွေ အစုံရှိပါတယ်။ ဓမ္မမီဒီယာရပ်ဝန်း ဆိုရင် ပိုပြည့်စုံမယ်ထင်ပါတယ်။ ဒီအဖွဲ့ဟာ လေလှိုင်းသံ အမှုတော်လုပ်ငန်း (ရေဒီယို)၊ ဗွီဒီယိုဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်ဖြန့်ချိခြင်းလုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း၊ ဓမ္မတေးသီချင်းများ စီစဉ်ထုတ်လုပ်ဖြန့်ချိခြင်းလုပ်ငန်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းဆိုင်ရာ ဧဝံဂေလိအလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်း၊ လက်ထိုးရုပ်ပြသခြင်းလုပ်ငန်း၊ သမ္မာကျမ်းစာ စာပေးစာယူ သင်ခန်းစာများနဲ့ သခင်ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်းများဝေငှခြင်း လုပ်ငန်းတွေကို ရွက်ဆောင်နေတဲ့ အဖွဲ့ပါ။ Word of Hope ကို အတိုကောက်တော့ WOH လို့ ခေါ်ဆိုရေးပြောကြပါတယ်။

WOH အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေကတော့ -
  • မီဒီယာအားဖြင့် ဧဝံဂေလိသတင်းစကားကို ဝေငှရန်။
  • အသက်တာ ပြောင်းလဲလာသူများအား အသင်းတော်များသို့ ဆက်သွယ်ပို့ဆောင်ပေးရန်။
  • ဒေသခံအသင်းတော်များရဲ့ ဧဝံဂေလိလုပ်ငန်းများကို မီဒီယာအားဖြင့် အထောက်အကူပြုရန်။
စတာတွေပဲ ဖြစ်ပါတယ်။ မီဒီယာဆိုတဲ့ နေရာမှာ စောစောက ကျွန်တော် ရေးပြသွားတဲ့ လုပ်ငန်းတွေ ပါတာပေါ့။ သာသနာတော်အတွက် အဓိက ဆောင်ရွက်တယ်ဆိုပေလည်း လူမှုရေးလုပ်ငန်းလေးတွေလည်း ပါဝင်ပါတယ်။ မကြာခဏလည်း ကလေးဆေးရုံတွေမှာ မကျန်းမာတဲ့ကလေးငယ်တွေအတွက် လက်ထိုးရုပ်သေး ပြဇာတ်လေးတွေနဲ့ လှည့်လည် အသုံးတော်ခံမြဲပါ။ မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျားမကျန် သွားလာအမှုတော်ဆောင်ရွက်နေကြသူများပဲ ဖြစ်ပါတယ်။

WOH ကို အဓိက မောင်းနှင်ပဲ့ပြင်နေတဲ့ သာသနာ့အကျိုးဆောင်အဖွဲ့ဝင်တွေကတော့ -
(၁) Rev. Jenson Rajan Andrews
(၂) Rev. ဦးစောမြမင်းလွင်
(၃) Rev. ဦးစောထွန်းထွန်းလင်း
(၄) Rev. ဦးမြတ်ဆန်း
(၅) ဆရာ ဦးစောပီတာအေး
(၆) ဆရာမကြီး ဒေါ်လှရီ
(၇) ဦးမြင့်ထွန်း
(၈) ဦးစောအောင်ဒူး
တို့ပဲ ဖြစ်ပါတယ်။

Word of Hope ရဲ့ လေလှိုင်းသံအမှုတော်လုပ်ငန်းဖြစ်တဲ့ ရေဒီယိုအသံလွှင့်ခြင်းကို လှိုင်းတိုမီတာ ၂၂ မီတာ၊ ၁၃၇၆၅ KHz ကနေ ဖမ်းယူနားဆင်နိုင်ပြီး မျှော်လင့်စရာ လူငယ့်ကမ္ဘာ ကဏ္ဍကောင်းတွေကို အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ အထိ ညစဉ် (၇:၀၀ မှ ၇:၁၅) နာရီအတွင်း ထုတ်လွှင့်နေပြီး အစီအစဉ်တွေဟာ ခရစ်ယာန်လူငယ်တွေကြားမှာလည်း အောင်မြင်မှုရနေပါတယ်။

သိပ်များများစားစား မဟုတ်ပေမယ့် လှူနိုင်သလောက်လေးပေါ့
ဓမ္မအမှုတော်ဆောင်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ရာမှာ လိုအပ်နေတဲ့ အလှူငွေအတွက်လည်း အမြဲ ဆက်ကပ်ဆောင်ရွက်နေတဲ့ အဖွဲ့မို့ ကျွန်တော်ကတော့ ကိုယ့်မှာ ပိုငွေလေး ရှိလာရင် ဓမ္မအမှုတော်မှာ ပါဝင်နိုင်ဖို့ Word Of Hope ကို သွားရောက်ပေးလှူလေ့ရှိပါတယ်။ ဒီအလှူငွေတွေကို အခမဲ့ပေးဝေနေတဲ့ ဓမ္မစာအုပ်တွေ ရိုက်နှိပ်ထုတ်ဝေဖြန့်ဖြူးရာမှာ အသုံးပြုနေတာမို့ ကျွန်တော့လို စာပေရေးသားရာမှာ ဝါသနာထုံတဲ့သူအတွက် ပိုပြီး အားပေးမိတယ်ဆိုတာ ဝန်ခံပါရစေ။ အလှူငွေတွေကိုလည်း လူကိုယ်တိုင် ဒါမှမဟုတ် စာတိုက်ကတဆင့် ဒါမှမဟုတ် ဘဏ်ငွေလွှဲစနစ် စသဖြင့် အမျိုးမျိုး လက်ခံပေးနေလို့ အလှူငွေ ထည့်ဝင်လှူဒါန်းရတာလည်း အဆင်ပြေပါတယ်။

သိပ်မကြာသေးခင်ကပဲ ကျွန်တော် ထပ်မံပါဝင်လှူဒါန်းဖြစ်ခဲ့တဲ့ ဒီ ဓမ္မအမှုတော်ဆောင်အဖွဲ့ ကို အခြားသော အနယ်နယ်အရပ်ရပ်က စာဖတ်သူတွေလည်း ပါဝင်လှူဒါန်းချင်တဲ့ သဒ္ဒါတရားဖြစ်ပေါ်လာရင် လှူဒါန်းနိုင်အောင်လို့ ဒီစာလေးကနေ တဆင့်လည်း ဆော်သြလိုက်ချင်ပါတယ်။ ဆက်သွယ် လှူဒါန်းမယ်ဆိုရင်တော့ လိပ်စာက -

မျှော်လင့်ရာ သမ္မာတရား (Word of Hope, L.H.M)
အမှတ် (၂၆၃)၊ မဟာဗန္ဓုလလမ်း၊ မြန်မာဝိုင်အမ်စီအေ၊ မြေညီထပ် (ယာအစွန်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။ စာတိုက်သေတ္တာအမှတ် (၁၃၀၀)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။ ဖုန်း - ၉၅ - ၀၁ - ၂၉၈၅၁၁ ကို ဆက်သွယ်နိုင်သလို email ဖြစ်တဲ့ wohlhm.99@gmail.com နဲ့ website ဖြစ်တဲ့ www.hopemyanmar.com တို့ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

အခမဲ့ဝေငှနေတဲ့ ဓမ္မစာစောင်တွေနဲ့ ဓမ္မစာအုပ်ငယ်တွေကိုလည်း ဒီလိပ်စာနဲ့ပဲ ဆက်သွယ်တောင်းခံနိုင်ပါတယ်လို့ မေတ္တာတရားနဲ့ သတင်းလေး ဝေငှပေးလိုက်ပါရစေ။

သီဟလုလင်

0 comments: