Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 04, 2012

ဂန္ထဝင်မြောက် ရည်းစားစာများ


လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ လွတ်ကင်းသူ မရှိနိုင်ပါဘူး။ အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်၊ သဘောထားတွေ မတူညီပေမယ့် လူတိုင်းမှာ ချစ်တတ်တဲ့ နှလုံးသား ရှိကြပါတယ်။ ချစ်ခြင်းမေတ္တာဟာ လူတွေရဲ့ စိတ်ကို နူးညံ့စေတယ်ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ ရက်စက်ခက်ထန် သူ ဖြစ်ပေမယ့် ချစ်သူနဲ့တွေ့ရင်တော့ နူးညံ့ကြင်နာတတ်စမြဲပါပဲ။ ဒါကြောင့် "Love makes people a poet" ဆိုတဲ့ စာဆိုတောင် ရှိပါတယ်။ အခုဖော်ပြပေးမှာက ကမ္ဘာကျော် သူရဲကောင်းတွေ၊ ဂီတပညာရှင်တွေရဲ့ သူတို့ရဲ့ ချစ်သူဇနီးတွေထံကို အောက်မေ့တသ ရေးသားထားတဲ့ စာတွေပါ။ ဒါကြောင့် ဂန္ထဝင်မြောက် ရည်းစားစာတွေလို့ ဆိုပါရစေ။


1 Beethoven

ဒီစာကတော့ ကမ္ဘာကျော်ဂီတပညာရှင်ကြီး ဘီသိုဗင် ရေးသားထားတဲ့ စာပါ။ စာမှာပါတဲ့ ခုနှစ်အရ July 6, 1806 လို့ သိရပါတယ်။ ဒါကြောင့် ဒီစာဟာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ စန္ဒရားပညာရှင် ဘီသိုဗင်ဟာ အသက် ၂၅ နှစ်ခန့်မှာ အတော့်ကို အောင်မြင်လာပြီး အသက် ၃၀ အရွယ်ခန့်မှာ နားထိုင်းစ ပြုလာခဲ့ပါတယ်။ ဂီတပညာရှင်အတွက် နားမကြားခြင်းဟာ အတော်ကို ဆိုးရွားတဲ့ အတွက် စိတ်ဓါတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။ ချစ်သူ ရည်းစားတွေ ရှိခဲ့ပေမယ့် ဘီသိုဗင်ဟာ အိမ်ထောင် မပြုခဲ့ပါဘူး။ ဘီသိုဗင်ဟာ နားအကြားအာရုံ မကောင်းပေမယ့် နားမကောင်းတဲ့ ကြားက ဖန်တီးခဲ့တဲ့ Moonlight Sonata, The Emperor Concerto တို့လို ကမ္ဘာကျော်တေးသွားတွေကို ဖန်တီးခဲ့သူပါ။ အခု ဒီစာကတော့ ဘီသိုဗင်ဟာ သူ့ရဲ့ ချစ်သူ တစ်ယောက်ယောက်ထံ ရေးထားတာ ဖြစ်ပါတယ်။ ရေးသားပေးပို့ခံရသူနာမည်ကိုတော့ တပ်မထားပါဘူး။

ကိုယ် ဘယ်နေရာကိုပဲ ရောက်နေနေ အတွေးထဲမှာ မင်းပဲ စိုးမိုးနေတော့တယ်။ ကိုယ်အခု မင်းနဲ့ ကိုယ့်ဘဝ အတွက် တစ်သက်တာ အတူတကွနေထိုင်သွားနိုင်ဖို့ စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်။ ဘဝဆိုတာ ဘာလဲကွာ။ အဲဒီမေးခွန်းကို အကြိမ်ကြိမ်မေးနေမိတယ်။ ဘာလို့ ဒီလိုမေးနေရလည်းဆိုတော့ မင်းမရှိလို့ဘဲပေါ့။ မင်းမရှိရင် ဘဝက ဘာများအဓိပ္ပာယ်ရှိတော့မှာလဲ။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် နှလုံးသားရေးကိစ္စမှာ လူပီပီသသ နာကျင်ခံစားနေရတယ်။ ကိုယ့်ကို အရင်ကထက် ပိုချစ်ပါကွာ။ ကိုယ်ကတော့ မင်းချစ်တာထက် ပိုချစ်မှာပါ။ ပြီးတော့ မင်းစိတ်ထဲမှာ ရှိတဲ့ အဆိုးအကောင်းတွေလည်း မဖုံးကွယ်ဘဲ ကိုယ့်ကို အသိပေးတိုင်ပင်ပါဦးကွာ။ ဒါပါပဲ အချစ်ရေ။ ကောင်းသော ညပါ။ ကိုယ် အခုပဲ ရေချိုးပြီး ညအိပ်ရာဝင်တော့မယ်။ အို... ဘုရားသခင်... ဘယ်အချိန်ထိ ဝေးကွာနေရမှာလဲ။ ဘယ်တော့များမှ နီးစပ်ရမှာပါလိမ့်။

2 King Henry IV

ဒီစာကတော့ ထင်ရှားတဲ့ သူရဲကောင်းတစ်ဦးဖြစ်သူ King Henry IV ရဲ့ စာလွှာပါ။ Henry ဟာ Margaret of Valois နဲ့ အိမ်ထောင်ပြုခဲ့ပေမယ့် သာယာတဲ့ အိမ်ထောင်ရေး မဟုတ်ခဲ့ပါဘူး။ အခုဖော်ပြမယ့် စာလွှာက သူရဲ့ ဒုတိယမြောက်ဇနီးဖြစ်သူ Gabrielle d' Estres ထံပေးပိုးထားတဲ့ စာလွှာပါ။ တိုက်ပွဲမှာ ပြတ်သားရဲရင့်သူ တစ်ဦး ဖြစ်ပေမယ့် နှလုံးသားရေးရာမှာတော့ နူးညံ့လွန်းတာတွေ့ရပါတယ်။

ဒီနေ့အဖို့တော့ တစ်နေ့လုံး မင်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ကြားရလိမ့်နိုးနိုးနဲ့ မျှော်နေမိတာပါပဲ။ အချိန်တွေကိုလည်း ရေတွက်နေမိတယ်။ ဘာလို့ မင်းရဲ့ သတင်းလေးတောင် မကြားရသလဲလို့လည်း စိတ်ထဲမှာ မကျေမနပ်ဖြစ်မိတယ်။ ဒီနေ့ပဲ၊ နောက်နေ့တွေမှာတော့ ကိုယ့်အလုပ်ထဲမှာပဲ စိတ်ပြန်နှစ်ထားလိုက်ပါတယ်။ ထုံးစံအတိုင်း အခြွေအရံတွေကို လုပ်ခိုင်းတာ၊ ရန်သူတွေကို တိုက်ခိုက် ဖမ်းဆီးတာပဲပေါ့။ ကိုယ်ကတော့ ကိုယ်တို့အချစ်ဟာ တည်တံ့ခိုင်မြဲနေလိမ့်မယ်လို့ပဲ ယုံကြည်တယ်။ ကိုယ်တို့ တစ်ဦးကို တစ်ဦး အရမ်း ပြင်းပြစွာချစ်ဖို့ ကိုယ်တော့ ဆန္ဒမရှိဘူး။ ဘာလို့လဲဆိုတော့ ပူလောင်ပြင်းပြတဲ့အချစ်ဟာ အချိန်ခဏအတွင်းမှာပဲ ယိုယွင်းပျက်စီးနိုင်တယ်လေ။ ကိုယ်ကတော့ စာတွေရေးတိုင်း ကိုယ်ရှိရာကို လိုက်လာဖို့ တဖွဖွမှာနေခဲ့တာပဲ။ လိုက်လာခဲ့ပါလား အချစ်ရယ်။ မင်းကို တွေ့ချင်တဲ့ဆန္ဒက နေ့စဉ်နဲ့ အမျှပါပဲ။ မိုင်ပေါင်းများစွာ ဝေးကွာနေရတော့ ပိုအောက်မေ့မိပါတယ်။ ကိုယ်ပို့ပေးလိုက်တဲ့ လိမ္မော်ရောင် ပန်းပွင့်တွေနဲ့ ပန်းစည်းလေး သဘောကျရဲ့လား။ ဘုရားသခင် ကောင်းချီးပေးပါစေ။ ကိုယ် ထမင်းစားတော့မယ်။ စိတ်ကူးနဲ့ မင်းရဲ့ ခြေဖဝါးလေးကို အကြိမ်ပေါင်းများစွာ နမ်းရှိုက်နေမိပါတယ်။

3 Vincent Van Gogh

ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး ဗင်းဆင့်ဗန်ဂိုး ရဲ့ မေတ္တာစာလွှာပါ။ ကမ္ဘာကျော်ပန်းချီကားပေါင်းများစွာ ကို ရေးဆွဲခဲ့တဲ့သူဖြစ်ပြီး သူ ကွယ်လွန်ချိန်မှာ ဗင်းဆင့်ဗန်းဂိုး တမ်းချင်းတွေကို ကမ္ဘာအနှံ့မှာ တွေ့ရပါတယ်။ ဗန်ဂိုးဟာ ကလေးတစ်ယောက်မိခင် မုဆိုးမတစ်ဦးဖြစ်တဲ့ Kee ထံကို ရေးသားထားတဲ့စာပါ။ Kee ဟာ ဗန်ဂိုးရဲ့ ချစ်ခွင့်ပန်ခြင်းကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပေမယ့် ဇွဲမလျော့ကြောင်း ရေးသားထားတာပါ။ ချစ်ခြင်းမှာ ပျိုခြင်း၊ အိုခြင်း အရေးမပါဘူးလို့ သက်သေပြတဲ့ ဗန်ဂိုးပါ။

လောကကြီးက ကိုယ့်အပေါ်မှာ သိပ်သနားကြင်နာတာပဲ။ ကိုယ်ကတော့ ကိုယ့်အချစ်အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်နေမိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝနဲ့ ကိုယ့်အချစ်ဟာ တစ်ထပ်တည်းကျနေတာကြောင့်ပါ။ ကိုယ် ဒီလို ဝမ်းသာနေပေမယ့် မင်းကတော့ “မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီး ငြင်းဆန်နေတုန်းပဲလား။ ကိုယ် မင်းကို အသေအချာ ထပ်ပြောချင်တာက အေးခဲနေတဲ့ ရေခဲတုံးတောင် အချိန်တန်ရင် အရည်ပျော်ကျရစမြဲပဲ မဟုတ်လား။ အချိန်ကာလ ဘယ်လောက်ပဲ ကြာပါစေ ကိုယ်စောင့်ပါ့မယ်။

4 Mozart

ဒီစာကတော့ ကမ္ဘာကျော် တေးရေးဆရာ ဂီတပညာရှင် မိုးဇက် က သူ့ရဲ့ ချစ်ဇနီးထံကို ရေးပို့ခဲ့တဲ့ စာပါ။ ဂီတပညာရှင် ဘီသိုဗင်ဟာ မိုးဇက်ဆီမှာ ပညာလေ့လာ ဆည်းပူးခဲ့ပါတယ်။ စာရဲ့ ရက်စွဲမှာတော့ ၁၆၊ ဧပြီ၊ ၁၇၈၉ လို့ ပါရှိတာကြောင့် နှစ်ပေါင်း ၂၀၀ ကျော်ခန့်က စာပါ။ ကာလအတော်ကြာခဲ့ပြီမို့ စာ တစ်စောင်လုံး အပြည့်အဝ မရှိတော့ပါဘူး။ ရှာဖွေ တွေ့ရှိသမျှကို ဖော်ပြလိုက်ပါတယ်။ အဝေးတစ်နေရာဆီ ခွဲခွာနေရတဲ့ အတွက် လွမ်းဆွတ်မှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရေးထားတဲ့ စာလွှာပါ။

ချစ်ဇနီးရေ
ကိုယ်တောင်းဆိုချင်တာတွေကို နံပါတ်စဉ်တွေနဲ့ ရေးလိုက်ပါတယ်။
(၁) ဦးစားပေးအနေနဲ့ မှာချင်တာက မင်းကို စိတ်ဓါတ်မကျစေချင်ဘူး။ စိတ်ပူပန်မနေစေချင်ဘူးကွယ်။ တက်တက်ကြွကြွနဲ့ ပျော်ရွှင်နေစေဖို့ မျှော်လင့်တယ်။
(၂) မင်းရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်စေချင်တာပါပဲ။ အထူးသဖြင့် ခုလို ဆောင်းရာသီမှာတိုက်တဲ့ လေတွေက အန္တရာယ်များတော့ ပိုဂရုစိုက်ပါ။
(၃) အပြင်ကို တစ်ယောက်တည်း မသွားနဲ့ အချစ်ရေ။ မဖြစ်မနေသွားစရာရှိမှသွား၊ သွားရင်လည်း သေချာ ဂရုစိုက်ဖို့မှာချင်တယ်။
(၄) နောက်ဆုံးမှာချင်တာကတော့ ကိုယ့်ဆီ ဒီထက်ပိုပြီး စာပို့ပါဦး။ စာရေးတဲ့အခါလည်း မင်းအကြောင်းတွေ မင်းဘာတွေ လုပ်နေတယ်၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတာ အသေးစိတ်ရေးစေချင်တာပါပဲ။ ကိုယ်မရှိဘဲ ဘဝမှာ မင်းဘယ်လို ရပ်တည်နေလဲ သိပ်စိတ်ပူမိတယ်။

ဂန္ထဝင်မြောက်ရည်းစားစာတွေထဲက ရှာဖွေ တွေ့ရှိသမျှ ကောင်းနိုးရာရာတွေကို ဖော်ပြလိုက်ပါတယ်။ အားလုံးပဲ အချစ်နဲ့ ဘဝ တစ်ထပ်တည်း ကျနိုင်ကြပါစေ။

Sixty

Credit: The Chic Magazine

5 comments:

Lps said...

လေ့လာခဲ့ပါတယ်ဗျာ
ခင်မင်လေးစားလျှက် (လွမ်း)

အောင်အောင် said...

နပိုလီယန်ရဲ့ ရီးစားစာလေးလည်းဖော်ပြပေးပါလားအကိုရေ..

စံပယ်ချို said...

ဒီစာတွေကိုအမှီပြုပြီးကဗျာရေးရမယ်ထင်တယ်
ခင်မင်တဲ့ sis jasmine

Yin Sue said...

ဖတ်ဖူးအောင်တင်ပေးလို့ ကျေးဇူးဗျို့....

အလင်းသစ် said...

သူတို့တွေလည်း တစ်ချိန်က အလွန်နုရွလှပတဲ့ ရည်းစားစာလေးတွေ ရေးခဲ့ကြသကိုး.. :P