တမြည့်မြည့် လောင်ကျွမ်း
တတိတိ တိုက်စား
ငါ့ရင်ကမ်းပါး ပြိုချင်တိုင်းပြိုနေ
ဒီထက် နာကျင်တာတောင်
ဒီလောက် နာကျင်မယ် မထင်ဘူး။
အချစ်ဆုံးသောသူ နှင်းအပ်ခဲ့တဲ့
ဝေဒနာဆုလာဘ်တွေကို
ပွေ့ပိုက်ပြီး အိမ်ပြန်ခဲ့ရတဲ့ကောင်။
မိုးမလွတ်တဲ့ ဒဏ်ရာတွေက
အလဲလဲ အပြိုပြိုနဲ့ ရွှဲရွှဲစိုတယ်။
မျှော်လင့်ခြင်းတွေ အဆုပ်လိုက်ပွင့်ပြပြီး
သစ်ရွက်စိမ်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေတယ်။
အခုတော့
မစိုက်ဘဲ ရှင်တဲ့အလွမ်းတွေကလည်း
တစ်တောလုံးဝေတယ်။
အရှိန်အဟုန်ပြင်းတဲ့ အတောင်ပံခတ်သံတွေ
မကြားရတော့ဘူး။
အယောင်ယောင် အမှားမှား
ဆောင်ဓားတစ်ချောင်းဟာ ကလောင်သွားဖြစ်ရုံမှ လွဲလို့။
အရေးနိမ့်သူ ရပ်ဝန်းမှာ
နေရာစိမ့်စိမ့် မိုးစွေတယ်။
အတိတ်က ရောင်စုံဓာတ်ပုံလေးတွေလည်း
မိုးရေထဲစုတ်ပြဲ။
အချစ်ဟာ
ဓားဝှက်ထားတဲ့ ပန်းသီးတစ်လုံးသာ ဖြစ်ခဲ့တယ်။
သော်ကမင်းခေါင် (ညောင်လေးပင်)
Credit: Yati Magazine
2 comments:
ဟုတ်တယ် အလွမ်းပင်တွေက မစိုက်လဲရှင်တယ်နော်
ကဗျာလေးလာရောက်ခံစားသွားပါတယ်
Post a Comment